အခန်း (၇၉၆)
Vol. 57 Ch. 796
ဟန်မူယဲ့က ညင်သာစွာသက်ပြင်းချလိုက်ပြီး ဓားအလင်းအဖြစ် ပြောင်းလဲ၍ အာကာသထဲတွင် ပျံသန်းနေသည်။
သူက ဓမ္မစင်မြင့်ကို ချိုးဖောက်နိုင်ခဲ့သော်လည်း ပြိုင်ဘက်ကင်းပါရမီနှင့် အလားအလာကိုသာ ထုတ်ပြနိုင်သည်။
သူက အဆုံးမဲ့နတ်ဘုရားဘုရင်ကို အပြည့်အဝ အနိုင်ရမည်ဟု မပြောနိုင်သေးပေ။
အဆုံးမဲ့ပင်လယ်၏စွမ်းအားသည် အလွန်လေးနက်သည်။
ဓမ္မစင်မြင့်ပေါ်လာသောအကြောင်းသည် ကျင့်ကြံခြင်းလောကထဲတွင် အချိန်ကြာမြင့်စွာ ပျံ့နှံ့နေခဲ့သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စင်မြင့်၏သတင်းကို ဆယ်နှစ်ကျော်ကြာအောင် စောင့်ဆိုင်းနေကြသည်။
ဟန်မူယဲ့နှင့်ပတ်သတ်သော သံသယများသည် ပျောက်ကွယ်သွားပြီဖြစ်သည်။
လွန်ခဲ့သောဆယ်နှစ်တွင် ဓမ္မစင်မြင့်၏ အဖြစ်အပျက်များအားလုံးသည် ကျင့်ကြံခြင်းလောကထဲတွင် လျင်မြန်စွာ ပျံ့နှံ့နေခဲ့သည်။
ဟန်မူယဲ့က သိုးငါးကောင်စံအိမ်ကို ထိန်းချုပ်ထားသောကြောင့် လူထုအမြင်ကို စိတ်ကြိုက်ပြောင်းလဲနိုင်သည်။
လောကတွင်ရှိသော ဓားကျင့်ကြံသူများအားလုံးသည် ဓမ္မစင်မြင့် ချိုးဖောက်ခံရမည့်အချိန်ကို စောင့်နေကြသည်။
တိုက်ပွဲစင်မြင့်၏ အကြောင်းအရာများသည် တိုက်ရိုက်ထုတ်လွှင့်မှုနှင့် တူညီစွာ ကျင့်ကြံခြင်းလောကထဲတွင် ပေါ်ထွက်လာခဲ့သည်။
ရက်အနည်းငယ်တိုင်းတွင် ဂိုဏ်းအသီးသီးမှ အကြီးအကဲများ၏ လုပ်ဆောင်ချက်ကို ကြားသိနိုင်သည်။ အထင်ကြီးလောက်သော အောင်မြင်မှုများနှင့် ကျွမ်းကျင်သူများသည် ကျင့်ကြံခြင်းလောက၏ စကားဝိုင်းခေါင်းစဉ်တစ်ခု ဖြစ်လာကြသည်။
ဓမ္မစင်မြင့်၏ တိုက်ပွဲများအရ အဆင့်သတ်မှတ်ချက်သည်လည်း ပြောင်းလဲသွားခဲ့သည်။
အဓိကဂိုဏ်းများကြားတွင် ဓမ္မစင်မြင့်၏ အဆင့်သတ်မှတ်ချက်ကြောင့် အမျိုးမျိုးသော လျှို့ဝှက်တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် လွန်ခဲ့သော သုံးနှစ်တွင် အဆင့်သတ်မှတ်ချက်များအားလုံးသည် တည်ငြိမ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော သုံးနှစ်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ အမတ်ချုပ်ကြီးဟန်နှင့် အဆုံးမဲ့နတ်ဘုရားဘုရင်တို့၏ ယှဉ်ပြိုင်မှုသည် ရပ်တန့်သွားခဲ့သည်။
ဟန်မူယဲ့သည် ဓမ္မစင်မြင့်၏ နောက်ဆုံးတိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်သွားခဲ့သည်။
ကျင့်ကြံခြင်းလောကတွင်ရှိသော လူတိုင်းနီးပါးသည် နောက်ဆုံးစင်မြင့်အား ချိုးဖျက်နိုင်မည့်အချိန်ကို စောင့်နေကြသည်။
ထိုစောင့်ဆိုင်းမှုသည် သုံးနှစ်ကြာသွားခဲ့သည်။
“အစ်ကိုဟန်က တကယ်သန်မာတာပဲ။ နောက်ဆုံးအချီကိုတောင် ကျော်ဖြတ်နိုင်တယ်”
ဆေးတောင်ကြား၏ ခြံဝိုင်းလေးထဲတွင် မူဝမ်က ဟန်မူယဲ့၏လည်ပင်းကို လက်ချိတ်ထားပြီး အသက်ပြင်းပြင်းရှူနေရသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး တီးတိုးပြောသည်။
“အဲဒါဆိုရင် နောက်တစ်ခေါက် ထပ်လုပ်ကြမလား”
....
ဓမ္မစင်မြင့်၏ နောက်ဆုံးတိုက်ပွဲသတင်းသည် ပေါ်ထွက်လာပြီး ဟန်မူယဲ့က ခန့်မှန်းထားသည်ထက် ရက်အနည်းငယ်ခန့်နောက်ကျ၍ ပြန်ရောက်လာခဲ့သည်။
အာကာသထဲတွင် သူ့ထက် ပိုမိုလျင်မြန်စွာပျံသန်းနိုင်သောလူများ သိပ်မရှိလောက်ပေ။
သူက ဆေးတောင်ကြား၏ ခြံဝိုင်းထဲတွင် လွတ်လပ်စွာ အနားယူနေခဲ့သည်။
ဓမ္မစင်မြင့်နှင့် ကျွမ်းကျင်သူများ စုဝေးနေသောသတင်းသည် ကျင့်ကြံခြင်းလောကကို စိတ်လှုပ်ရှားသွားစေခဲ့သည်။
‘စင်မြင့်က ဘယ်မှာလဲ’
‘ဓမ္မစင်မြင့်ကို ဘယ်လိုသွားရမလဲ’
‘ဓမ္မစင်မြင့်ပေါ်ကိုတက်ဖို့ ဘာတွေလိုအပ်လဲ’
မရေမတွက်နိုင်သောလူများသည် တက်ကြွနေပြီး နေရာတိုင်းတွင် စုံစမ်းနေကြသည်။
ဓမ္မစင်မြင့်၏ ဒဏ္ဍာရီသည် အချိန်ကြာမြင့်စွာ ပျံ့နှံ့နေခဲ့သည်။ အတားအဆီးနှင့် ကြုံတွေ့နေရသော ကျင့်ကြံသူများသည် ဓမ္မစင်မြင့်ကို အဆင့်ချိုးဖောက်နိုင်သည့် တော်ဝင်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
လူအများအပြားသည် ဓမ္မစင်မြင့်ပေါ်သို့ တက်လှမ်းနိုင်ရန်အတွက် အရာအားလုံးကို စွန့်လွှတ်နိုင်ကြသည်။
ထိုအလိုဆန္ဒသည် စွဲလမ်းမှုအဖြစ် လျင်မြန်စွာ ပြောင်းလဲလာသည်။
“အမတ်ချုပ်ကြီးဟန်၊ ကျွန်တော်တို့က ဓမ္မစင်မြင့်ကို ပိတ်ထားတာထက် ဖွင့်လိုက်တာက ပိုမကောင်းဘူးလား။ နှစ်တစ်ရာပြည့်အောင်မစောင့်ဘဲ ကြိုဖွင့်သင့်တယ်”
သင်္ဘောပျံနှင့် ပြန်ရောက်လာသော ရှုဝေက ဟန်မူယဲ့နှင့် ပထမဆုံးတွေ့သောအခါတွင် ဓမ္မစင်မြင့်ကို ဖွင့်ရန်အတွက် တောင်းဆိုလိုက်သည်။
သူက ဓမ္မစင်မြင့်ကို စိတ်ဝင်စားမှုမရှိသော ကျင့်ကြံသူအနည်းငယ်ထဲမှ တစ်ယောက် ဖြစ်နိုင်သည်။
သူက ကိုယ်ပိုင်ကျင့်ကြံခြင်းဉာဏ်အလင်းပေါ်တွင် အလွန်ယုံကြည်ချက်ရှိပြီး လွန်ခဲ့သောဆယ်စုနှစ်တွင် ဓမ္မစင်မြင့်ပေါ်သို့ ခြေမချခဲ့ပေ.
ထို့ကြောင့် သူက တခြားလူများထက် ပိုမိုရှင်းလင်းစွာ မြင်နိုင်ပြီး ယခုအချိန်တွင် တောင်းဆိုချက်ကို ပြုလုပ်ခဲ့သည်။
“နတ်ဘုရားခုံရုံး မပျက်စီးခင်မှာ ဓမ္မစင်မြင့်ကို နှစ်တစ်ရာမှာတစ်ကြိမ်ပဲ ဖွင့်တယ်။ ဖွင့်ပွဲတိုင်းက အရမ်းခမ်းနားတယ်”
သွမ်ချန်ကျီက အတိတ်ကို သတိရနေသော မျက်နှာထားဖြင့် ညင်သာစွာ ပြောသည်။
“ဒါပေမဲ့ ဓမ္မစင်မြင့်ပေါ်ကို တက်ရောက်ခွင့်ရှိတဲ့လူတွေအားလုံးက အနည်းဆုံး တာအိုဘိုးဘေးအဆင့်မှာ ရှိနေကြတယ်”
‘တာအိုဘိုးဘေးတဲ့လား’
လက်ရှိကျင့်ကြံခြင်းလောကတွင် တာအိုဘိုးဘေးမည်မျှ ရှိနေကြသနည်း။
ယခုအချိန်၌ ဓမ္မစင်မြင့်တွင်တိုက်ခိုက်နေသော လူအများစုသည် သူတော်စင်များ ဖြစ်ကြသည်။ တာအိုဘိုးဘေးနှင့် နတ်ဘုရားဘုရင်များသည် အနည်းငယ်သာ ရှိကြသည်။
“ဓမ္မစင်မြင့်ပေါ်ကို တက်လှမ်းဖို့အတွက် နတ်ဘုရားခုံရုံးရဲ့ မျိုးဆက်တွေနဲ့ အရာရှိတွေက ဘယ်လိုအရာမျိုးကို လိုအပ်ခဲ့တာလဲ”
ဟန်မူယဲ့က ကောင်းရှောင်ရွှမ်ကို ကြည့်သည်။
ကောင်းရှောင်ရွှမ်သည် နတ်ဘုရားခုံရုံး၏ အရာရှိချုပ်တစ်ဦးဖြစ်သည်။ သူက ကိစ္စရပ်တိုင်းကို ရှင်းလင်းစွာနားလည်သည်။
“ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး”
ကောင်းရှောင်ရွှမ်က ပြောသည်။
‘အရမ်းဈေးချိုတာပဲ’
ဟန်မူယဲ့က တွေးလိုက်သည်။
သို့သော် အားလုံးသည် အင်အားစုတစ်ခုတည်း ဖြစ်သောကြောင့် ဈေးမြှင့်ထားရန် မဖြစ်နိုင်ပေ။
“ဒါက အရမ်းဈေးကြီးမနေဘူးလား”
ရှုဝေက မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။
ရှေးခေတ်အချိန်တွင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးဆယ်တုံးသည် သိပ်မများနိုင်ပေ။
သို့သော် ယခုအချိန်တွင် ကျင့်ကြံခြင်းလောက၏ လူအနည်းငယ်ကသာ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများကို ပိုင်ဆိုင်နိုင်ကြသည်။
“အဲဒါဆိုရင် ဈေးနှုန်းကို ဆယ်ဆလျော့လိုက်မယ်”
“ဒါပေမဲ့ စည်းကမ်းသတ်မှတ်ထားရမယ်”
ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများဖြင့် ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းကို ကြည့်သည်။
သိုးငါးကောင်စံအိမ်၏ အကြီးအကဲများက ပျော်ရွှင်နေသောမျက်နှာထားဖြင့် သူ့ကို ကြည့်လိုက်ကြသည်။
ဟန်မူယဲ့၏ ပိုက်ဆံရှာဖွေခြင်းနည်းလမ်းများသည် သိုးငါးကောင်စံအိမ်သို့ ရောက်သွားကြသည်။
သိုးငါးကောင်စံအိမ်၏ လူများအတွက် ငွေရှာနိုင်ခြင်းသည် ဦးစားပေးမဟုတ်ပေ။
ကြွယ်ဝမှုနှင့် ဟန်မူယဲ့၏ ယုံကြည်ချက်ကို ရရှိခြင်းသည် ဦးစားပေးဖြစ်သည်။
“တိုက်ပွဲစင်မြင့်သုံးထောင်ကို ဖွင့်ထားမယ်။ ကျင့်ကြံခြင်းလောကမှာရှိတဲ့ လူတိုင်းက တိုက်ပွဲစင်မြင့်ပေါ်ကို ဝင်ရောက်နိုင်တယ်”
“တိုက်ပွဲစင်မြင့်ကို ဝင်ရောက်တဲ့အချိန်တိုင်းမှာ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံး ဒါမှမဟုတ် တန်ဖိုးတူတဲ့ ရတနာတစ်ခုကို ပေးရမယ်”
“ကောင်းကင်အဆင့်ရဲ့အောက်မှာရှိတဲ့ ကျင့်ကြံသူတွေက စင်မြင့်ပေါ်ကိုတက်ဖို့ အခွင့်အရေးတစ်ကြိမ် ရမယ်”
“ကောင်းကင်အဆင့် ကျင့်ကြံသူတွေက အခွင့်အရေးသုံးကြိမ် ရမယ်”
“သူတော်စင်တစ်ဝက်အဆင့်ကနေစပြီး ကန့်သတ်ချက်မရှိတော့ဘူး။ ဒါပေမဲ့ တိုက်ပွဲစင်မြင့်ကို နောက်တစ်ကြိမ်ဝင်ရောက်ဖို့ ဆယ်နှစ်စောင့်ရမယ်”
ဟန်မူယဲ့က အချက်အလက်များကို တစ်ခုချင်းစီ ရှင်းပြလိုက်သည်။
လူတိုင်းက လျင်မြန်စွာ မှတ်သားထားလိုက်ကြသည်။ သိုးငါးကောင်စံအိမ်၏ အကြီးအကဲများက စကားတစ်ခွန်းမှ လွတ်မသွားရဲပေ။
ထို့နောက် ဟန်မူယဲ့က သွမ်ချန်ကျီကို ကြည့်သည်။
“အကြီးအကဲ၊ သစ်သားနစ်မြုပ်ချောက်နက်ကို ဦးတည်ထားတဲ့ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို သုံးနိုင်ပြီလား”
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ ....
လွန်ခဲ့သောဆယ်စုနှစ်တွင် သွမ်ချန်ကျီက တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ၏ များပြားလှသောလမ်းကြောင်းများကို စစ်ဆေးခဲ့သည်။
ဟွမ်ကျစ်ဟူခေါင်းဆောင်သော ဓားကျင့်ကြံသူများနှင့် ဆေးတောင်ကြားမှ တာဝန်လက်ခံထားသော ကျင့်ကြံသူများသည် ထိုလမ်းကြောင်းများကို သေချာစူးစမ်းခဲ့ကြသည်။
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ၏ မြေပုံကို မှတ်သားပြီး လမ်းကြောင်းများကို စစ်ဆေးရန်အတွက် အလွန်အားထုတ်ခဲ့ရသည်။
ကံကောင်းစွာဖြင့် ကမ္ဘာများကိုသိမ်းပိုက်၍ အရင်းအမြစ်များကို ပြန်ယူနိုင်ခဲ့သောကြောင့် ကုန်ကျစရိတ်တချို့ သက်သာသွားသည်။
“သစ်သားနစ်မြုပ်ချောက်နက်ရဲ့ တည်နေရာက ရှေးခေတ်နတ်ဘုရားခုံရုံးရဲ့ နယ်စပ်မှာ တည်ရှိနေပါတယ်။ အဲဒီနေရာနဲ့ ဆက်သွယ်ထားတဲ့ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ ဆယ်ကိုးခုရှိပေမဲ့ အခုအချိန်မှာတော့ ငါးခုကိုပဲ အသုံးပြုနိုင်ပါတယ်”
သွမ်ချန်ကျီက လက်ကိုဝှေ့ယမ်းလိုက်ပြီး အလင်းလွှာကို ဖန်တီးသည်။
ထိုအရာသည် အနန္တကမ္ဘာဝင်္ကပါနှင့် ဆက်သွယ်ထားသော လမ်းကြောင်းမြေပုံ ဖြစ်သည်။
သူက လက်ချောင်းများကို ညင်သာစွာလှုပ်ရှားလိုက်ပြီး တခြားလမ်းကြောင်းများကို ဖယ်ရှား၍ မျဉ်းကြောင်းငါးခုကိုသာ ချန်ထားခဲ့သည်။
“အဲဒီဝင်္ကပါငါးခုက တည်နေရာ ၃၆၀ကို တိုက်ရိုက်ဦးတည်ထားတယ်။ တစ်ဆင့်ခံပြီးသွားရမယ့် နေရာတွေကိုပါ ထည့်တွက်လိုက်ရင် ကျင့်ကြံခြင်းလောကရဲ့ တစ်ဝက်ကျော်နဲ့ ဆက်သွယ်နိုင်တယ်”
တိုက်ရိုက်သွားနိုင်လျှင် စွမ်းအင်ကုန်ကျမှု သက်သာသည်။
တစ်ဆင့်ခံပြီး သွားရမည်ဆိုလျှင် စွမ်းအင်ကုန်ကျမှု နှစ်ဆများသည်။
အနန္တကမ္ဘာဝင်္ကပါကို ပြန်လည်အသက်မသွင်းရသေးပေ။ အနန္တကမ္ဘာခန်းဆောင်ကိုလည်း မပြုပြင်ရသေးပေ။ သွမ်ချန်ကျီအတွက် စွမ်းအင်ကုန်ဆုံးမှုတိုင်းသည် အလွန်နာကျင်ရသည်။
“တာအိုတန်ခိုးရှင်ယွီလင်၊ သစ်သားနစ်မြုပ်ချောက်နက်နဲ့ ဆက်သွယ်နေတဲ့ နေရာတွေအတွက် တည်နေရာရွှေ့ပြောင်းရင် ကျင်သင့်မယ့်ကုန်ကျစရိတ်ကို အကြီးအကဲသွမ်နဲ့အတူ တွက်ချက်ကြည့်လိုက်ပါ”
ဟန်မူယဲ့က သိုးငါးကောင်စံအိမ်၏ အကြီးအကဲတစ်ယောက်ကို ပြောလိုက်သည်။
တာအိုတန်ခိုးရှင်ယွီလင်က ကျေနပ်နေသောမျက်နှာထားဖြင့် လျင်မြန်စွာဦးညွတ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ သွမ်ချန်ကျီကို ကြည့်သည်။
ယခင်က နတ်ဘုရားခုံရုံးသည် ကမ္ဘာအသီးသီးနှင့် ဆက်သွယ်နိုင်ရန် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများကို ဖွင့်လှစ်ခဲ့သည်။ သင့်တော်သောအထောက်အထားရှိလျှင် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများ အားလုံးကို အလကားအသုံးပြုနိုင်သည်။
တစ်ခါတလေတွင် စစ်သည်တစ်သန်းအတွက် တည်နေရာရွှေ့ပြောင်းရန် ကုန်ကျစရိတ်များပြားလှသည်။
တာအိုတန်ခိုးရှင်ယွီလင်က သွမ်ချန်ကျီ၏ဘေးသို့ ရောက်သွားပြီး တီးတိုးဆွေးနွေးနေကြသည်။ တာအိုတန်ခိုးရှင်ယွီလင်က မကြာခဏဆိုသလိုပင် လက်ဟန်များပြုလုပ်နေသည်။
သွမ်ချန်ကျီက တင်းမာသောအကြည့်ဖြင့် စကားပြောနေသည်။
ခဏအကြာတွင် တာအိုတန်ခိုးရှင်ယွီလင်က တည်နေရာရွှေ့ပြောင်းခြင်းအတွက် ဈေးနှုန်းတစ်ခုကို သတ်မှတ်နိုင်ခဲ့သည်။
အနီးဆုံးအကွာအဝေးအတွက် ဝိညာဉ်ကျောက်တုံးသုံးသောင်းဖြစ်ပြီး အဝေးဆုံးနေရာအတွက် ဝိညာဉ်ကျောက်တုံး ဆယ်နှစ်သိန်းဖြစ်သည်။ အကွာအဝေးအရ ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ထားခဲ့သည်။
သွမ်ချန်ကျီက တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ၏ စွမ်းအင်ကုန်ကျမှုကို တွက်ချက်ကြည့်ပြီး ဈေးနှုန်းနှစ်ဆတိုးလိုက်သည်။
“ဒီလိုမျိုး ပိုက်ဆံရှာနိုင်မယ်ဆိုတာကို သိခဲ့ရင် အရှင်မင်းကြီးကို ဝင်္ကပါစောစောဖွင့်ဖို့ ပြောခဲ့မိမှာပဲ”
သွမ်ချန်ကျီက နောင်တများဖြင့် ပြောသည်။
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို စောစီးစွာဖွင့်လှစ်ပြီး အမြတ်ရလာသော ဝိညာဉ်ကျောက်တုံးများဖြင့် အနန္တကမ္ဘာခန်းဆောင်ကို ပြုပြင်နိုင်လိမ့်မည်။ သို့သော် ဆယ်စုနှစ်တစ်ခုကြာအောင် အချိန်ဖြုန်းမိခဲ့သည်။
“အကြီးအကဲ၊ အပိုဝင်ငွေရှာဖို့ စိတ်ဝင်စားလား”
တာအိုတန်ခိုးရှင်ယွီလင်က ပြုံးလိုက်ပြီး လက်ချောင်းများဖြင့် တွက်ချက်ကြည့်နေသည်။
“မိုင်တစ်သန်း တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါအတွက် ဝိညာဉ်ကျောက်တုံး ဆယ်သန်း”
“မိုင်ဆယ်သန်း တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါအတွက် ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်”
“မိုင်သန်းတစ်ထောင် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါအတွက် စိတ်ကြိုက်ဈေးပြောနိုင်တယ်”