← Chapters

အခန်း (၇၉၈)

Vol. 57 Ch. 798

အခန်း (၇၉၈)

Vol. 57 Ch. 798

သူက တိုက်ကွက်တစ်ခုဖြင့် ချီစွမ်းအင်အလင်းကို ဖျက်ဆီးလိုက်ပြီး တစ်ဖက်မိန်းကလေးကို ကြောင်အသွားစေခဲ့သည်။

“နင်၊ နင် ....”

“ကျန်းယုချန်၊ ညီမမူကို အနိုင်ကျင့်နေတာက ဘာသဘောလဲ”

အဝေးတစ်နေရာမှ အော်သံတစ်ခုထွက်ပေါ်လာပြီး ပိုးသားဝတ်စုံနှင့် လူငယ်တစ်ယောက်သည် ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။

လူငယ်သည် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါနှင့် မောက်မာမှုကို ဖော်ပြနေပြီး ကျန်းယုချန်ကို ကြည့်လိုက်သည်။

ကျန်းယုချန်က လူငယ်ကို ကြည့်လိုက်ပြီး မူကျင်းကျီကို ဆက်ကြည့်သည်။

မူကျင်းကျီက ရှက်သွားသည်။

“ကျန်းယုချန်၊ သမင်ဖြူတောင်တန်းကျောင်းတော်ရဲ့ တောင်သခင်ပြောခဲ့တဲ့အတိုင်း မိန်းမလှလေးနဲ့ လူကြီးလူကောင်းက အတူတကွ ရှိသင့်တယ်။ ညီမမူက မင်းနဲ့ စေ့စပ်ထားတယ်ဆိုရင်တောင် အဲဒါက အကြီးအကဲတွေရဲ့ သဘောတူညီမှုတစ်ခုပဲ။ ငါ ကျန့်ခယ်ရွှမ်းက ....”

“ဘုန်း”

ဓားတစ်လက်သည် လောင်ကျွမ်းနေသော နေမင်းနှင့်တူသည့် မီးတောက်များကို သယ်ဆောင်ထားပြီး ဆင်းသက်လာခဲ့သည်။ ထိုဓားချက်သည် ကျန့်ခယ်ရွှမ်းဟုခေါ်သော လူငယ်ကို နှစ်ပိုင်းဖြတ်ပြီး ပြာကျသွားစေခဲ့သည်။

ကျန်းယုချန်က ဓားကို ဖြည်းဖြည်းချင်းသိမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

သူက မျက်နှာဖြူဖျော့နေသော မူကျင်းကျီကို ကြည့်လိုက်ပြီး ဂရုမစိုက်စွာပြောသည်။

“အံ့ဖွယ်ကိုးပါးတောင်နဲ့ မူရှန်မြို့ရဲ့ လက်ထပ်ပွဲသဘောတူညီချက်က ဓားအင်မော်တယ်ဖြစ်တဲ့ အမတ်ချုပ်ကြီးဟန်နဲ့ နတ်မိမယ်မူဝမ်တို့ရဲ့ ဇာတ်လမ်းကြောင့် ဖြစ်ပေါ်လာခဲ့တာပဲ”

“ငါတို့ အံ့ဖွယ်ကိုးပါးတောင်က အဆုံးမှာတော့ ဓားဂိုဏ်းတစ်ခု ဖြတ်နေတုန်းပဲ။ ဆေးလုံးသန့်စင်နေတာထက် ဓားနဲ့ခုတ်ချလိုက်တာက ပိုကျေနပ်စရာကောင်းတယ်”

ကျန်းယုချန်က စကားပြောလိုက်ပြီး တစ်ဖက်သို့လှည့်၍ ခြေလှမ်းကျဲကြီးများနှင့် ထွက်သွားသည်။

အံ့ဖွယ်ကိုးပါးတောင်၏ တခြားတပည့်များကလည်း လျင်မြန်စွာလိုက်သွားကြသည်။

အံ့ဖွယ်ကိုးပါးတောင်သည် ဓားဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ မူရှန်မြို့တွင်ရှိသော လူအများအပြားသည် ထိုအချက်ကို မေ့နေကြသည်။

ဟန်မူယဲ့က မူရှန်မြို့တွင် ဓားဆွဲထုတ်ပြီး အာခီမီတော်ဝင်နယ်မြေ၏ ဒဏ္ဍာရီကို ချိုးဖျက်ခဲ့သလိုပင် ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဆေးစံအိမ်၏ရှေ့တွင် သက်ပြင်းချသံများကို ကြားနိုင်သည်။ သို့သော် မည်သူကမှ စကားမပြောရဲကြပေ။

မူမိသားစု၏ မျိုးဆက်သစ်များသည် မျက်နှာပျက်နေသော်လည်း မူကျင်းကျီကို တီးတိုးပြောရန်သာ တတ်နိုင်ကြသည်။ ထို့နောက် မျက်ရည်ဝဲနေသော မိန်းကလေးကို ဆွဲခေါ်သွားကြသည်။

မူဝမ်က မျက်မှောင်ကြုတ်သည်။

မူရှန်မြို့၏ မူမိသားစုသည် သူမနှင့် သွေးမျိုးဆက်မတူသော်လည်း သူမ နေထိုင်ခဲ့သောနေရာ ဖြစ်သည်။ ထို့ကြောင့် ဆက်သွယ်မှုတစ်ခု ရှိနေဆဲဖြစ်သည်။

“အကြီးအကဲစုလျန့်နဲ့ သွားတွေ့ကြရအောင်”

ဟန်မူယဲ့က ရှေ့တွင်ရှိနေသော အံ့ဖွယ်ကိုးပါးဆေးစံအိမ်ကို ညွှန်ပြသည်။

အံ့ဖွယ်ကိုးပါးတောင်မှ အာခီမီခန်းဆောင်၏ အကြီးအကဲစုလျန့်သည် ဟန်မူယဲ့နှင့်မူဝမ်ကို ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။

အကြီးအကဲစုလျန့်က ဤနေရာတွင်ရှိနေကြောင်း ကြားလိုက်ရသောအခါတွင် မူဝမ်က ပျော်ရွှင်သွားသည်။

သူတို့က စံအိမ်ထဲသို့ ဝင်သွားသောအခါ စံအိမ်၏ အလှဆင်ပစ္စည်းများသည် အလယ်ပိုင်းကုန်းမြေနှင့် ယှဉ်နိုင်သည်။

ဆေးလုံးအမျိုးမျိုးကို ဝိညာဉ်ကျောက်တုံးသောင်းချီ၍ လွယ်ကူစွာ ဈေးနှုန်းကပ်ထားသည်။

ချီစွမ်းအင်ဖြင့် လွှမ်းခြုံထားပြီး ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်တန်သော ဆေးလုံးများကိုလည်း မြင်နိုင်သည်။

“တာအိုရောင်းရင်း၊ ဘာကိုအလိုရှိပါသလဲ”

အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် တာအိုတန်ခိုးရှင်က လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဟန်မူယဲ့နှင့် မူဝမ်ကို ကြိုဆိုလိုက်သည်။

ဟန်မူယဲ့နှင့်မူဝမ်က ချီစွမ်းအင်တချို့ကိုသာ ထုတ်ဖော်ထားကြသည်။ သူတို့ထုတ်ပြထားသော ကျင့်ကြံဆင့်သည် မြင့်မားမှုမရှိပေ။ ထို့အပြင် သူတို့က ငယ်ရွယ်ပုံပေါ်သည်။ ကမ္ဘာမြေအဆင့်သို့ရောက်နေသော ကျင့်ကြံသူက သူတို့ကို တာအိုရောင်းရင်းဟု ခေါ်လိုက်သည့်အတွက် အလွန်မြှောက်ပင့်ရာကျနေသည်။

“အကြီးအကဲစုလျန့်နဲ့ တွေ့ချင်လို့ပါ”

ဟန်မူယဲ့က တာအိုတန်ခိုးရှင်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

တာအိုတန်ခိုးရှင်က ကြောင်အသွားပြီး ပြောသည်။

“ဆေးလုံးသန့်စင်ဖို့အတွက်လား။ ကြိုတင်ချိန်းဆိုထားတာ ရှိပါသလား”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူသည်။

“မိတ်ဆွေဟောင်းတစ်ယောက် အလည်လာတယ်လို့ အကြီးအကဲစုလျန့်ကို ပြောပေးပါ”

ကျောက်စိမ်းပြားတွင် အံ့ဖွယ်ကိုးပါးတောင်မှ ဓားစံအိမ်၏အမှတ်အသားရှိပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်။

တာအိုတန်ခိုးရှင်က ကျောက်စိမ်းပြားကို ယူလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ အပေါ်ထပ်သို့ တက်သွားသည်။

ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် အဆက်အသွယ်ပြတ်နေသောကြောင့် အဆင့်နိမ့်ကျင့်ကြံသူအများအပြားသည် သူ့ကို မသိကြတော့ပေ။

ထိုတာအိုတန်ခိုးရှင်သည် အံ့ဖွယ်ကိုးပါးတောင်မှ မဟုတ်ပေ။ သို့သော် သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ်ကိုပင် မမှတ်မိခဲ့ပေ။

ထိုတာအိုတန်ခိုးရှင်က ဟန်မူယဲ့၏ပုံတူကို မြင်ဖူးလိမ့်မည်။ သို့သော် သူ့ရှေ့တွင်ရပ်နေလိမ့်မည်ဟု ထင်မှတ်မထားခြင်း ဖြစ်နိုင်သည်။

ခဏအကြာတွင် ပုံရိပ်တစ်ခု ဆင်းသက်လာသည်။

ဆေးလုံးချီများ ရစ်သိုင်းနေပြီး အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲစုလျန့်သည် အံ့အားသင့်နေသော မျက်နှာထားဖြင့် ဟန်မူယဲ့နှင့်မူဝမ်ကို ကြည့်သည်။

“တကယ်ကို နင်တို့ပဲ ....”

သူမက မူဝမ်၏လက်ကို ကိုင်လိုက်ပြီး နောင်တရနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“အကြီးအကဲက ဆေးလုံးတွေ သန့်စင်နေတာလား”

ဟန်မူယဲ့က အပေါ်ထပ်ကို မော့ကြည့်သည်။

အကြီးအကဲစုလျန့်က ခေါင်းညိတ်လိုက်သောအချိန်တွင် ဟန်မူယဲ့က ဆက်ပြောသည်။

“အကြီးအကဲရဲ့တပည့်က မီးပြင်းဖိုကို မထိန်းချုပ်နိုင်တော့ဘူး။ မီးပြင်းဖိုက ပေါက်ကွဲတော့မယ်”

အကြီးအကဲစုလျန့်၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။

“ဘုန်း”

ဆေးလုံးပေါက်ကွဲသံသည် အပေါ်ထပ်မှ ထွက်ပေါ်လာခဲ့သည်။ မီးလောင်သွားသော ညှော်နံ့ကိုလည်း ရနေသည်။

မူဝမ်က ပါးစပ်ကို လက်ဖြင့်အုပ်လိုက်ပြီး တခစ်ခစ်ရယ်သည်။

အကြီးအကဲစုလျန့်က သူမကိုကြည့်လိုက်ပြီး ပြုံးသည်။

“ကောင်မလေး၊ နင်က ငါ့ကို ရယ်နေတယ်ပေါ့လေ။ အဲဒီဆေးလုံးအတွက် ငါ့ကို အလျော်ပေးတော့”

အကြီးအကဲစုလျန့်၏ ကောင်မလေးဟုခေါ်သံကြောင့် မူဝမ်က ရင်းနှီးမှုကို ခံစားလိုက်ရသည်။

မူဝမ်က အံ့ဖွယ်ကိုးပါးတောင်၏ အာခီမီခန်းဆောင်၌ ကျင့်ကြံနေသောအချိန်တွင် အကြီးအကဲစုလျန့်က သူမကို ထိုသို့ ခေါ်ဆိုခဲ့သည်။

“ဟုတ်ပြီလေ။ ကျွန်မက အကြီးအကဲကို အလျော်ပေးပါ့မယ်”

မူဝမ်က ပြုံးလိုက်ပြီး အကြီးအကဲစုလျန့်နှင့်အတူ ပေါ်ထပ်သို့ တက်သွားသည်။

ဟန်မူယဲ့က မေ့လျော့ခံရပြီး နောက်မှလိုက်လာသည်။

ဓမ္မစင်မြင့်ကို ချိုးဖျက်ခဲ့သောလူ၊ ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် အထက်ဘုံကို တုန်ခါသွားစေနိုင်သောလူသည် လှေကားထစ်ပေါ်တွင် တိတ်ဆိတ်စွာ လျှောက်လှမ်းလာရသည်။

အပေါ်ထပ်သို့ ရောက်လာသောအခါတွင် တပည့်တချို့က ပေါက်ကွဲသွားသော မီးပြင်းဖိုကို သန့်ရှင်းရေးလုပ်ပြီး ရှုပ်ပွနေသော ဝိညာဉ်ဆေးပင်များကို စုစည်းနေကြသည်။

အကြီးအကဲစုလျန့်က မူဝမ်နှင့် ဟန်မူယဲ့တို့ကို ခေါ်ဆောင်လာသောကြောင့် တပည့်များက ပျာယာခတ်သွားကြသည်။

“ကျန်းယုချန်၊ ဒီကိုလာအုံး”

အကြီးအကဲစုလျန့်က လက်မြှောက်ပြီး လှမ်းခေါ်သည်။

ကြမ်းပြင်တွင်ငုံ့၍ ဆေးလုံးများကို သန့်ရှင်းရေးလုပ်နေသော ကျန်းယုချန်၏ အဖြူရောင်ဝတ်စုံပေါ်တွင် မီးခိုးရောင်ဆေးရည်တချို့ ကပ်ငြိနေသည်။ သူက မတ်တပ်ရပ်လိုက်ပြီး အကြီးအကဲစုလျန့်၏ဘေးတွင် ရပ်နေသော မူဝမ်ကို မြင်ရသောအခါ တစ်ကိုယ်လုံး ရပ်တန့်သွားခဲ့သည်။

သူက တစ်ဖက်သို့လှည့်ပြီး လှေကားထစ်မှ တက်လာသောဟန်မူယဲ့ကို ထပ်မြင်လိုက်ရသောအခါတွင် မျက်လုံးပြူးပြီး တစ်ကိုယ်လုံး တုန်ခါသွားခဲ့သည်။

မူဝမ်က အသာအယာပြုံးလိုက်ပြီး ကျန်းယုချန်ကို ကြည့်သည်။

“ငါတို့ကို မှတ်မိတာလား”

ကျန်းယုချန်က ရှက်သွားပြီး ထပ်ကာတလဲလဲ ခေါင်းညိတ်သည်။

သူက စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံးတုန်ခါနေပြီး စကားမပြောနိုင်တော့ပေ။

“အဲဒီဓားချက်က မဆိုးဘူး”

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး အစိမ်းရောင်နှင့် အနီရောင်ရောနေသော ဓားတစ်လက်ကို ထုတ်ပေးသည်။

ထိုဓားသည် ရှည်လျားပြီး သွယ်လျသည့်အပြင် မီးစွမ်းအင်တချို့လည်း ရှိနေသည်။

“မင်းရဲ့ လေနဲ့မီးစွမ်းအားက အခုထိ မပေါင်းစပ်သေးဘူး။ အခြေခိုင်အောင်လုပ်ဖို့ လိုသေးတယ်”

ဟန်မူယဲ့က ဓားရှည်ကို ပစ်ပေးလိုက်သည်။ ကျန်းယုချန်က အလိုလျောက် ဖမ်းယူသည်။

မူဝမ်က ပြုံးလိုက်ပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ပေးသည်။

“ငါက ဂိုဏ်းတူအစ်မကိုမတွေ့ရတာ အတော်ကြာနေပြီ”

“ဒီဆေးလုံးတွေကို နှုတ်ဆက်လက်ဆောင်အဖြစ် ယူထားလိုက်ပါ”

မူဝမ်က စကားပြောလိုက်ပြီး အကြီးအကဲစုလျန့်ကို လှည့်ကြည့်သည်။

“ကျွန်မက အကြီးအကဲအတွက် ဆေးလုံးသန့်စင်ပေးမယ်”

အကြီးအကဲစုလျန့်က ပြုံးလိုက်ပြီး ငြင်းတော့မည့်အချိန်တွင် မူဝမ်က ဆက်ပြောသည်။

“ကျွန်မက ဒီကျောက်စိမ်းဆေးလုံးနဲ့ပတ်သတ်ပြီး ဉာဏ်အလင်းတချို့ ရထားတယ်”

ပေါက်ကွဲသွားသောဆေးလုံးများသည် ကျောက်စိမ်းဆေးလုံး ဖြစ်သည်။

အကြီးအကဲစုလျန့်က ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့နှင့်မူဝမ်ကို အသံလုံခန်းသို့ ခေါ်ဆောင်သွားသည်။

ခန်းဆောင်ထဲတွင် တပည့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ဂိုဏ်းတူမောင်လေးကျန်း၊ အဲဒီနှစ်ယောက်ကို ရင်းနှီးတယ်လို့ ခံစားရပေမဲ့ သေချာမမှတ်မိဘူးဖြစ်နေတယ်။ မောင်လေးကျန်းက သူတို့ကို သိလား”

အဖြူရောင်အတွင်းစည်းတပည့်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ကျန်းယုချန်း၏အနားသို့ တိုးလာပြီး ညင်သာစွာမေးသည်။

တခြားလူများကလည်း သူ့ကို ကြည့်လိုက်ကြသည်။

အံ့ဖွယ်ကိုးပါးတောင်တွင် ကျန်းယုချန်၏ အဆင့်အတန်းသည် ထူးခြားသည်။

ထိုအချိန်တွင် ဓားတစ်လက်နှင့် ကျောက်စိမ်းပုလင်းကို ကိုင်ထားသော ကျန်းယုချန်က သတိပြန်ဝင်လာပြီး ပျော်ရွှင်သွားသည်။

ဒဏ္ဍာရီလာအကြီးအကဲနှစ်ယောက်သည် ပြန်ရောက်လာပြီး သူ့ကို လက်ဆောင်များပေးသွားခဲ့သည်။

ကျန်းယုချန်က ချီစွမ်းအင်ကို ဓားရှည်ထဲသို့ ထည့်သွင်းလိုက်ပြီး မျက်ခမ်းစပ်များ တွန့်သွားသည်။

ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် ....

ထိုဓားသည် အံ့ဖွယ်ကိုးပါးတောင်တွင် ရှားပါးသော မှော်ရတနာတစ်ဝက်အဆင့် ဖြစ်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် အမှန်တကယ်ပင် ရက်ရောသည်။

သူက ကျောက်စိမ်းပုလင်းထဲတွင်ရှိသော ဆေးလုံးများကို မသိပေ။

သို့သော် ထိုဆေးလုံးများသည် ဆေးစွမ်းအင်ကြွယ်ဝပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါတွင် လှုပ်ရှားနေသော ဆေးစွမ်းအားများကို ခံစားနိုင်သည်။

“အဲဒီအကြီးအကဲနှစ်ယောက်လား .... ဟားဟား ....”

ကျန်းယုချန်က ဓားနှင့်ကျောက်စိမ်းပုလင်းကို သိမ်းလိုက်ပြီး လှည့်ထွက်သွားသည်။

အင်မော်တယ်ဟန်နှင့် နတ်မိမယ်မူတို့ ပြန်ရောက်လာသောအကြောင်းကို သူမိဘများဆီ ဖြစ်နိုင်သမျှမြန်မြန် သတင်းပို့ချင်သည်။

သူတို့၏ ဆက်နွယ်မှုအရ အကျိုးအမြတ်များ ပိုရလိမ့်မည်။

လောကတွင် ဆက်ဆံရေးများအားလုံးကို ပျိုးထောင်ရမည်။ တစ်ချိန်တည်းမှာပင် ဆက်သွယ်မှုများသည် အစစ်အမှန်မျက်နှာသာပေးမှုနှင့် အခွင့်အရေးကို မယှဉ်နိုင်ကြပေ။

“သခင်လေးကျန်းကတောင် အဲဒီနှစ်ယောက်ကို လေးစားရတယ်လား။ ဂိုဏ်းတစ်ခုခုရဲ့ ကျွမ်းကျင်သူတွေ ဖြစ်နေမလား”

ဆေးစံအိမ်၏ တပည့်တစ်ယောက်က ထွက်ပြေးသွားသော ကျန်းယုချန်ကို ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ ပြောသည်။

“ဂိုဏ်းတူမောင်လေးကျန်းက ငွေဇွန်းကိုက်ပြီး မွေးလာတာ။ သူက ငါတို့နဲ့ မတူဘူး။ ဒါပေမဲ့ အဲဒီအကြီးအကဲနှစ်ယောက်ကို လေးလေးစားစာ ဆက်ဆံနေရတယ်။ ငါစိုးရိမ်မိတာက ....”

ဆေးလုံးတချို့ ကိုင်ထားသော တပည့်က စကားကို အဆုံးမသတ်နိုင်ခဲ့ပေ။ ဘေးတွင်ရှိသော လူတစ်ယောက်က ခပ်အုပ်အုပ် အော်ပြောလိုက်သည်။

“အင်မော်တယ်ဟန်ပဲ”

ထိုတပည့်က တစ်ကိုယ်လုံးတုန်ခါနေပြီး လက်ထဲတွင်ကိုင်ထားသော မီးပြင်းဖိုအပိုင်းအစများသည် ဘန်းခနဲ ပြုတ်ကျသွားကြသည်။

“အင်မော်တယ်ဟန်လား။ ဟုတ်သားပဲ။ ဂိုဏ်းမှာ ပုံတူရှိတယ်”

“တကယ်ကို အင်မော်တယ်ဟန်နဲ့ နတ်မိမယ်မူပဲ”

“သူတို့ကို ရင်းနှီးပါတယ်လို့ တွေးနေတာ။ အကြီးအကဲနှစ်ယောက်က ပြန်လာကြပြီပေါ့”

All Chapters