တန်ပြန်တိုက်စစ်ဆင်ရန်အစီအစဉ်
Vol. 83 Ch. 1162
အခန်း (၁၁၆၂) တန်ပြန်တိုက်စစ်ဆင်ရန်အစီအစဉ်
ရန်ကျောက်ကဲနှင့် ရွှယ်ချူးချင်တို့နှစ်ယောက်လုံး အချိန်အတန်ကြာအောင် ကြောင်တက်တက်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။
သားအမိနှစ်ယောက် တွေ့ဆုံရာတွင် အနေရခက်မှုကို ဖြေရှင်းရန်အတွက် တူညီသည့်နည်းလမ်းကို အသုံးပြုမည်ဟု သူတို့နှစ်ယောက်လုံး တွေးထင်ထားခြင်း မရှိခဲ့ကြပေ။
ပြီးတော့ တစ်ယောက်အသုံးပြုသည့်နည်းလမ်းကို တစ်ယောက်က သိရှိသွားသည်ဖြစ်ရာ ထိုအချိန်တစ်ခဏအတွင်း သားအမိနှစ်ယောက်လုံးကို ပို၍ပင် အနေရခက်စေသည်။
သို့သော် ချက်ချင်းပင် သူတို့နှစ်ယောက်၏ဆက်ဆံရေးက ပိုပြီးနွေးထွေးလာသလိုရှိပြီး အနည်းငယ် ရင်းနှီးကျွမ်းဝင်ဟန်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
မြင်ကွင်းကိုကြည့်ရင်း ရန်တိက ရယ်မောမဆုံးအောင် ဖြစ်နေတော့၏။
ရန်ကျောက်ကဲက ဆွံ့အစွာဖြင့် ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။
ရန်တိ ယခုကဲ့သို့ အူလှိုက်အသည်းလှိုက် ဟားတိုက်ရယ်မောသည်ကို တွေ့မြင်ရသည်မှာ နေကြတ်ခြင်းထက်ပင် တွေ့မြင်ရခဲသည့် ရှားပါးဖြစ်ရပ်သာပင်။
ရွှယ်ချူးချင်က ရန်တိကို မကျေမနပ်ဖြင့် လှမ်းကြည့်လိုက်သည်။
သားဖြစ်သူရှေ့တွင် ထိုသူ ဤမျှရယ်မောနေသည်ကို သူမ သည်းမခံနိုင်တော့ပေ။
ရန်တိက သားအမိနှစ်ယောက်၏အမူအရာကိုကြည့်ရင်း ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်သေးသည်။
နှစ်ပေါင်းများစွာအတွင်း ယနေ့အချိန်က သူ့အတွက် အပျော်ဆုံးအချိန်ပင် မဟုတ်ပါလား။
ရန်ကျောက်ကဲနှင့် ရွှယ်ချူးချင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ခေါင်းခါယမ်းလျှက် ရယ်မောလိုက်မိကြသည်။
သားအမိနှစ်ယောက် မျက်နှာချင်းဆိုင်ရခြင်းက အနည်းငယ် အဆင်မပြေသေးသည့်တိုင် ပိုပြီးလွယ်ကူလာပြီ ဖြစ်သည်။
သူတို့နှစ်ယောက်က တစ်ယောက်၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်ကိစ္စများတွင် ပါဝင်ခြင်း မရှိကြသေးသော်လည်း အလုပ်ကိစ္စ အရေးကြီးအကြောင်းအရာများကို ဆက်လက် ပြောဆိုကြသည်။
ရန်ကျောက်ကဲက သူ၏ရပ်တည်ချက်ကို ပထမဆုံး ထုတ်ဖော်ပြောလိုက်သည်။
“ဖြစ်နိုင်ရင်... ကျွန်တော်ကတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုသွားဖို့ အစီအစဉ် မရှိဘူး”
သူက ဆက်ပြောသည်။
“အဲဒီကိုသွားရင် အန္တရယ်ကင်းနိုင်တယ်ဆိုပေမယ့် ကျောက်စိမ်းကျောက်ဆောင်နဲ့ ဆရာဦးလေး’ယွဲ့’ သေချာပေါက် ပြဿနာတက်လိမ့်မယ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နဲ့ တိဟွမ်မြေကမ္ဘာဧကရာဇ်တို့ အတူပူးပေါင်းလိုက်မယ်ဆိုရင် ဆရာဦးလေး’ယွဲ့’ အတွက် အရမ်းခက်ခဲသွားလိမ့်မယ်”
ရန်တိက ရယ်မောနေသည်ကို ကြိတ်မှိတ်ရပ်တန့်လိုက်ပြီး...
“အမှန်ပဲ”
ရွှယ်ချူးချင်က မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း...
“ဒီနှစ်တွေအတွင်း ကျွန်မ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို မသွားခဲ့တာ အကြောင်းရှိတယ်”
သူမက ဆက်ပြောသည်။
“တည်ထောင်သူဆရာဘွားဘွားနဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကြားက ရန်ငြိုးက အတော်လေး နက်ရှိုင်းတယ်”
ထို့နောက် သူမက ရန်တိကို အားတုံ့အားနာစွာဖြင့် ကြည့်လိုက်သည်။
ရန်တိနှင့် ရန်ကျောက်ကဲတို့နှစ်ယောက်ကလည်း သူမကို တိတ်ဆိတ်စွာပင် လှမ်းကြည့်လိုက်သည်။
ရွှေစင်ထက်ယံအရှင်သခင်နှင့် မုယောက်ကြယ်စင်ထက်ယံအရှင်သခင်တို့ကြောင့် ဖြစ်ပွားခဲ့သော ရှေးလူတို့၏ကိစ္စရပ်များကို သူတို့သည်လည်း တွေးတောကြည့်ခဲ့ဖူးသည်။
သို့ဖြစ်ရာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ သွားရောက်သည့်ကိစ္စကို မေ့ထားသည်က အကောင်းဆုံးပင်။
ရန်ကျောက်ကဲက...
“ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ရင်းနှီးတယ်ဆိုတော့ ဆရာဦးလေး’ယွဲ့’ အနေနဲ့ ဒီအခြေအနေတွေကို တစ်ယောက်တည်းရင်ဆိုင်ဖို့ ခက်ခဲနိုင်တယ်”
ရန်ကျောက်ကဲက ချောင်းတစ်ချက်ဟန့်လိုက်ပြီး တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် ဆက်ပြောသည်။
“ဆရာဦးလေး’ယွဲ့’ အတွက် ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးနိုင်မယ့် လူတစ်ယောက် ကျွန်တော်တို့ ရှာဖွေရမယ်”
ထိုစကားကြားတော့ ရန်တိမျက်ဝန်းများ ရုတ်တရက် တောက်ပသွားပြီး...
“နက္ခတ်ဧကရာဇ်...”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ...”
သူက ဆက်ပြောသည်။
“နက္ခတ်ဧကရာဇ်နဲ့ အဘိုးနဲ့က အရမ်းခင်မင်ကြတယ်လို့ ကြားဖူးတယ် ၊ သူ့ကိုသာရှာတွေ့နိုင်မယ်ဆိုရင် ဆရာဦးလေး’ယွဲ့’ အတွက် ဖိအားတွေအများကြီး လျော့ကျသွားမှာပဲ”
“ဒါပေမဲ့ လက်ထဲမှာ သဲလွန်စအရမ်းနည်းတဲ့အတွက် နက္ခတ်ဧကရာဇ်ကို ဘယ်လိုဆက်သွယ်ရမှန်း မသိဘူး ၊ ကြည့်ရတာ သူ အထက်ဘုံကမ္ဘာမှာ ရှိနေမယ်လို့တော့ ထင်ရတာပဲ ၊ ဒါပေမဲ့ နှစ်ပေါင်းများစွာ ဘာသတင်းမှ မကြားတဲ့အခါကျတော့ ရှာဖွေဖို့ ခက်ခဲနေတဘ်”
ရန်ကျောက်ကဲက အလေးအနက် တွေးတောရင်း...
“ဆရာဦးလေး’ယွဲ့’ နဲ့ တိဟွမ်မြေကမ္ဘာဧကရာဇ်က အထက်ဘုံကမ္ဘာကို ဘယ်သူအရင်ပြန်လာမလဲဆိုတာ မသိရဘူး ၊ ဒီတော့ လိုအပ်တယ်ဆိုရင် ကျွန်တော်တို့တွေ မိန်းမပျိုဧကရာဇ်ကို သွားတွေ့သင့်တယ်”
“မိန်းမပျိုဧကရာဇ်နဲ့ အကြီးအကဲ’ချူးလီလီ’ တို့က သိပ်ပြီးဆက်ဆံရေးကောင်းတဲ့ပုံ မပေါ်ဘူး ၊ ဒါပေမဲ့ မိန်းမပျိုဧကရာဇ်ဘက်က ဒီကိစ္စကို စိတ်ဝင်စားမယ်ဆိုရင် အနည်းဆုံးတော့ သဲလွန်စတစ်ခုလောက် ရှာတွေ့နိုင်တယ်”
ထိုစကားကြားတော့ ရွှယ်ချူးချင်က...
“နက္ခတ်ဧကရာဇ်က အထက်ဘုံကမ္ဘာမှာရှိမယ်လို့ မင်းဘာလို့ တွေးရတာလဲ”
ရန်ကျောက်ကဲက သူမကို ချူးလီလီအကြောင်း ပြောပြလိုက်သည်။
ရွှယ်ချူးချင်က...
“ငါ နားလည်ပြီ”
သူမက ခဏမျှ စဉ်းစားပြီးမှ...
“ဒါဆိုရင် မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်ကို သွားလို့ရတယ် ၊ မြောက်ပိုင်းထိပ်တန်းအရှင်သခင်က တစ်ခုခု သိနိုင်တယ်”
ထိုစကားကြားတော့ ရန်တိရော ရန်ကျောက်ကဲပါ အံ့အားသင့်သွားကြသည်။
ရွှယ်ချူးချင်က...
“ငါကတော့ နက္ခတ်ဧကရာဇ်နဲ့ အကြီးအကဲ’ချူးလီလီ’ အကြောင်း သိပ်မသိဘူး ၊ ဒါပေမဲ့ ဆရာကတော့ သူ့နာမည်ကို ပြောပြဖူးတယ်”
ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့်...
“သူက ဘာပြောတာလဲ”
ယွဲ့ကျန့်ပေလက်အောက်မှ တပည့်များဖြစ်သော ဝမ်ဖူနှင့် အခြားသူများသည်ပင် ချူးလီလီအကြောင်း များစွာ သိရှိကြခြင်း မရှိပေ။
ရွှယ်ချူးချင်က အနည်းငယ် သတိထားသည့်လေသံဖြင့်...
“အကြီးအကဲ ‘ချူးလီလီ’ က ငရဲကိုးထပ်က မိစ္ဆာတာအိုနဲ့ ပတ်သက်နေပုံရတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်မှောင်ကြုံ့ရင်း...
“ငရဲကိုးထပ် ဟုတ်လား”
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် သူနှင့်ဆုံတွေ့ခဲ့သော ချူးလီလီ၏ အသွင်အပြင်က ငရဲကိုးထပ်နှင့်ပတ်သက်နေသည်ဟု ထင်စရာမရှိပေ။
ရွှယ်ချူးချင်က...
“သိပ်တော့ မသေချာဘူး ၊ ဒါပေမဲ့ နက္ခတ်ဧကရာဇ် ရုတ်တရက်ပျောက်သွားတာ အကြောင်းတော့ ရှိရမယ်”
ရန်ကျောက်ကဲနှင့် ရန်တိုတို့ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြသည်။
ရွှယ်ချူးချင်က မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကို သွားရောက်ရှာဖွေရန် အကြံပြုသည့်အကြောင်းရင်းမှာ ထင်ရှားသည်။
မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်တွင် အထက်ဘုံကမ္ဘာနှင့် ငရဲကိုးထပ် ဆက်သွယ်နိုင်သော ဥမင်လမ်းကြောင်းနှင့် အေးစိမ့်စမ်းချောင်းနယ်မြေများ ရှိတတ်သည်။ ထိုလမ်းကြောင်းများက အချိန်နှင့်အမျှ မတည်မငြိမ် ဖြစ်နေသည်။
နက္ခတ်ဧကရာဇ်နှင့် ချူးလီလီကြားမှကိစ္စက ငရဲကိုးထပ်နှင့်ပတ်သက်နေပါက နက္ခတ်ဧကရာဇ်ကိုရှာဖွေရန် အလားအလာအရှိဆုံးနေရာမှာ ခွန်လွန်တောင်တည်ရှိရာ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်မဟုတ်ဘဲ မြောက်ပိုင်းနက်ရှိုင်းကောင်းကင်ပြည်နယ်သာလျှင် ဖြစ်သည်။
ရန်ကျောက်ကဲက သူ့ပခုံးများကို တစ်ချက်ပွတ်သပ်လိုက်ရင်း...
“နက္ခတ်ဧကရာဇ်ကို ရှာတွေ့နိုင်မလားဆိုတာ မသေချာဘူး ၊ ပြီးတော့ ရှာတွေ့ရင်တောင်မှ သူက ကူညီပါ့မလားဆိုတာ မသေချာဘူး”
နက္ခတ်ဧကရာဇ်က မကူညီချင်သောကြောင့် မဟုတ်ပေ။
ယခင်က သူက ထူးခြားသောအကြောင်းတစ်ခုခုကြောင့် ပျောက်ကွယ်သွားခြင်း ဖြစ်လေရာ ထိုပြဿနာအတွင်းမှ ရုန်းထွက်နိုင်ခြင်း မရှိပါက အချိန်မီလှုပ်ရှားနိုင်မည် မဟုတ်ပေ။
ရန်တိက ဖြည်းညင်းစွာဖြင့်...
“နောက်ထပ်စဉ်းစားရမယ့် ကိစ္စတစ်ခု ရှိသေးတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများတစ်ချက်လှုပ်ရှားသွားပြီး...
“တိဟွမ်မြေကမ္ဘာဧကရာဇ် ဒါမှမဟုတ် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် တစ်ယောက်ယောက် ကျင့်ကြံခြင်းအဆင့်တက်သွားတာမျိုးလည်း ဖြစ်လာနိုင်တယ်”
ထိုဧကရာဇ် (၂)ပါးက အတော်လေး အချိန်နောက်ကျမှ ဧကရာဇ်အဆင့်သို့တက်ရောက်နိုင်သည့် ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန်ပေ’ နှင့် မတူညီပေ။ သူတို့က လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက ဧကရာဇ်များဖြစ်လာကြပြီး ထိုအဆင့်တွင် ကာလရှည်ကြာ ရှိနေခဲ့ကြသည်။
သူတို့ မည်သည့်အချိန်တွင် ကျင့်ကြံခြင်းအဆင့်တက်မည်လဲ မည်သူမှ မသိနိုင်ပေ။
ရန်ကျောက်ကဲက ရွှယ်ချူးချင်ကို လှမ်းကြည့်ရင်း...
“ဒီလိုသသာဆိုရင် ကျွန်တော်တို့လည်း တခြားနည်းလမ်း စဉ်းစားရမယ် ၊ ဘက်ပေါင်းစုံက ချဉ်းကပ်တဲ့နည်းလမ်းက မှန်ကန်တဲ့နည်းလမ်းတစ်ခုပဲ”
ရန်ကျောက်ကဲက ဘာကိုဆိုလိုကြောင်း ရွှယ်ချူးချင် သဘောပေါက်သွားသည်။
“ငါ့ကို အဲဒီလိုမကြည့်နဲ့... တည်ထောင်သူဆရာဘွားဘွား ဘယ်နေရာမှာရှိနေလဲဆိုတာ ငါ တကယ် မသိဘူး”
ရွှယ်ချူးချင်ပြောသည့် တည်ထောင်သူဆရာဘွားဘွားဆိုသည်မှာ မုယောက်ကြယ်စင်ထက်ယံအရှင်သခင်ကို ဆိုလိုခြင်း ဖြစ်သည်။ သူက ယခင် ခွန်လွန်အထင်ကရကိုးပါးတွင် တစ်ပါးအပါအဝင် ဖြစ်၏။
ရန်ကျောက်ကဲက...
“ဒါဖြင့် ထုန်းမင်ဧကရာဇ် ဘယ်ရောက်နေလဲဆိုတာရော အမေသိလား”
ထုန်းမင်ဧကရာဇ်က မြေကမ္ဘာထိပ်တန်းအရှင်သခင်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့၏ဖိအားကို ကူညီဖြေရှင်းပေးနိုင်မည်မဟုတ်သော်လည်း သူမ၏ဆရာဖြစ်သူ မုယောက်ကြယ်စင်ထက်ယံအရှင်သခင် မည်သည့်နေရာတွင်ရှိကြောင်း သိရှိကောင်း သိရှိနိုင်ပေမည်။
ရွှယ်ချူးချင်က သက်ပြင်းချရင်း...
“ဆရာဘွားဘွားက ကွယ်လွန်သွားပါပြီ”
ရန်ကျောက်ကဲက မချိပြုံးပြုံးလိုက်ရင်း...
“အိုး... စိတ်မကောင်းပါဘူး”
ရွှယ်ချူးချင်က ခေါင်းခါယမ်းရင်း...
“ကိစ္စမရှိပါဘူး...”
ထို့နောက် သူမက ဖြည်းညင်းစွာဖြင့်...
“ငါတို့ ဘာမှလုပ်လို့မရတာတော့ မဟုတ်ပါဘူး ၊ တည်ထောင်သူဆရာဘွားဘွားရဲ့အခြေအနေကို မသိပေမယ့် တခြားသူတွေကို ဆက်သွယ်ဖို့ ကြိုးစားကြည့်လို့ရပါတယ်”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့ ငါတို့ပေးပို့တဲ့သတင်းစကားကိုရပြီးရင် တစ်ဖက်လူက တုံ့ပြန်မလားဆိုတာတော့ အာမမခံနိုင်ဘူး”
ထိုစကားကြားတော့ ရန်ကျောက်ကဲနှင့် ရန်တိတို့နှစ်ယောက်လုံး စိတ်ဝင်စားသွားကြသည်။
ရန်တိက...
“ဘယ်သူ့ကိုဆက်သွယ်မှာလဲ...”
ရွှယ်ချူးချင်က...
“ပြောရရင်တော့... အဲဒီပုဂ္ဂိုလ်က အထက်ဘုံကမ္ဘာကထွက်ခွာသွားပြီး ပြင်ပဗလာနယ်ထဲကို ရောက်သွားတာ ကြာပါပြီ ၊ သူ ဘယ်နေရာရောက်နေလည်း ဘယ်သူမှ မသိနိုင်သလို သူ့ကို ဆက်သွယ်နိုင်မယ့် သင်္ကေတတွေကိုလည်း မထားခဲ့ဘူး ၊ ဒီတော့ သူ့ကို ဆက်သွယ်ချင်တယ်ဆိုရင် သာမန်နည်းလမ်းတွေက အလုပ်မဖြစ်ဘူး”
သူမက ဆက်ရှင်းပြသည်။
“သူ့ကိုဆက်သွယ်ချင်တယ်ဆိုရင် အထူးနည်းလမ်းကို အသုံးပြုရမယ်... ပြီးတော့ ဒီအထူးနည်းလမ်းက ငါတို့ဂိုဏ်းကဆင်းသက်လာတာမဟုတ်ဘဲ တခြားနေရာတစ်ခုက ရလာတာ ၊ ဒီတော့ သိပ်မရိုးရှင်းဘူးလို့ ခံစားရတယ်”
“ဒီနှစ်ပိုင်တစ်လျှောက်လုံး ငါ နေရာမျိုးစုံ လှည့်ပတ်သွားလာနေပေမယ့် အဲဒီ အထူးနည်းလမ်းအတွက်လည်း ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့တယ် ၊ ဒါကြောင့် ကျင့်ကြံခြင်းအဆင့်တက်တာတောင် နှေးသွားခဲ့တယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်ဝန်းများ တောက်ပသွားပြီး...
“အရင်တုန်းက အမေသွားခဲ့တဲ့နေရာတွေကို ကျွန်တော် ချိတ်ဆက်ကြည့်လိုက်တော့... ထူးခြားမှုတစ်ခုတွေ့ရတယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ အမေချန်ထားခဲ့တဲ့ လမ်းကြောင်းတွေက များလွန်းတာကြောင့် တကယ့်အစစ်အမှန်က ဘာလဲဆိုတာ ထုတ်ဖော်ဖို့ အရမ်းခက်ခဲသလို အမေ ဘာလုပ်ချင်တယ်ဆိုတာကိုလည်း တိတိကျကျ မပြောနိုင်သေးဘူး ၊ ကြည့်ရတာ... အမေပြောတဲ့ အဲဒီအထူးနည်းလမ်းနဲ့ ဆက်နွယ်နေတာများလား”