နေဝန်းထက်ယံအရှင်သခင်
Vol. 83 Ch. 1163
အခန်း (၁၁၆၃) နေဝန်းထက်ယံအရှင်သခင်
ရန်ကျောက်ကဲ၏စကားကိုကြားတော့ ရွှယ်ချူးချင် အနည်းငယ် အံ့အားသင့်သွားပြီး ရန်ကျောက်ကဲကို အချိန်အကြာကြီး စူးစိုက်ကြည့်နေမိသည်။
“ကျောက်ကဲက တကယ်မရိုးရှင်းဘူးပဲ ၊ ငါလုပ်ထားတဲ့အလုပ်ကိုတောင် မြင်အောင်ကြည့်နိုင်တယ်”
သူမက မျက်လုံးတစ်ချက်ကစားလိုက်ရင်း...
“အဲဒါက လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ မသက်ဆိုင်သလို လူအများစုမသိတဲ့ လျှို့ဝှက်ချက်တစ်ခုလည်း ဖြစ်တယ်”
သူမက ဆက်ပြောသည်။
“ငါ ဒီနှစ်တစ်လျှောက်လုံး ပြေးလွှားနေတာဆိုပေမယ့် ကံကောင်းတာတွေလည်း ကြုံတွေ့ခဲ့ရသေးတယ် ၊ ငါ့ကို လျှော့မတွက်နဲ့နော်”
ထိုစကားကြားတော့ ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားသည်။
သူက ရွှယ်ချူးချင်ကို တစ်ချက်ခိုးကြည့်ရင်း...
“မသိပါဘူး... အမေက အထက်ဘုံကမ္ဘာတစ်ခုလုံး ပေါက်ကွဲသွားစေနိုင်တဲ့ ကြီးမားတဲ့အစီအရင်တစ်ခု တည်ဆောက်နေတာလားလို့တောင် ကျွန်တော်တွေးနေခဲ့တာ...”
“ဘာရယ်...”
ရန်ကျောက်ကဲစကားကြောင့် ရွှယ်ချူးချင် ငိုရမလိုရယ်ရမလို ဖြစ်သွားသည်။
“ငါသာ အဲဒီလိုလုပ်ရဲမယ်ဆိုရင် တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့ လှုပ်ရှားကြတာ ကြာလှပြီပေါ့ ၊ ကျန့်ဟွမ်ဓားဧကရာဇ်တောင်မှ ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက...
“အဲဒီအစီအရင်က ဘာအတွက်လဲ”
ရွှယ်ချူးချင်က...
“အဲဒီအစီအရင်ကို ဖန်းဝေ့အစီအရင်လို့ခေါ်တယ် ၊ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေတော့ ထပ်လုပ်ထားသေးတယ်”
ဖန်းဝေ့အစီအရင်ဆိုသည်က မဟာကပ်ဘေးကြီးမတိုင်ခင်က အလွန်ကျော်ကြားသော အစီအရင်တစ်ခု ဖြစ်သည်။ ဖွဲ့စည်းမှုအလွန်ရှုပ်ထွေးပြီး မည်သူမှ ထိုရှုပ်ထွေးမှုကို သိမြင်နိုင်ခြင်း မရှိပေ။
ထိုအစီအရင်က မိုးမြေတစ်ခွင်လုံးကို ကျယ်ပြန့်စွာ အုပ်စိုးနိုင်စွမ်း ရှိသည်။
ရိုးရှင်းစွာဆိုရလျှင် အစီအရင်ပြီးစီးသွားပါက ရွှယ်ချူးချင်သာ ထိုအစီအရင်ထဲတွင် နေထိုင်မည်ဆိုလျှင် ၊ မြစ်ဝါပန်းချီကားတစ်ဝက် အကူအညီ ပေါင်းစပ်လိုက်ပါက သူမကို ရှာဖွေနိုင်သူအရေအတွက်မှာ အနည်းငယ်သာ ရှိတော့မည် ဖြစ်သည်။
ဤ ဖန်းဝေ့အစီအရင်က အထက်ဘုံကမ္ဘာတစ်ခုလုံးနှင့် အောက်ဘုံကမ္ဘာများအားလုံးကို လွှမ်းခြုံထားနိုင်စွမ်း ရှိသည်။
ဖန်းဝေ့အစီအရင်၏ အံ့သြဖွယ်ရာသွင်ပြင်လက္ခဏာများမှာ ထိုအစီအရင်ကို ဖွဲ့စည်းတည်ဆောက်ပြီးသည်နှင့် ဘယ်သောအခါမှ မကျိုးပျက်နိုင်ခြင်း ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် အစီအရင်အရှုပ်အထွေးကို ဖြေရှင်းလွန်မြောက်နိုင်သော်လည်း အစီအရင်ကို ချိုးဖျက်ပစ်ရန် မဖြစ်နိုင်ပေ။
အစီအရင်ကို ဖျက်ဆီးပစ်လိုပါက အစီအရင်တည်ဆောက်ထားသည့် အခြေခံအုတ်မြစ်ကို လုံးဝဖယ်ရှားဖျက်ဆီးပစ်နိုင်မှသာ ရပေမည်။
ဆိုလိုသည်မှာ ဤအစီအရင်က အထက်ဘုံကမ္ဘာနှင့် အောက်ဘုံကမ္ဘာများစွာကို အခြေခံအုတ်မြစ်ယူကာ တည်ဆောက်ထားသည်ဖြစ်ရာ အစီအရင်ကို ဖျက်ဆီးလိုပါက အထက်ဘုံကမ္ဘာနှင့် အောက်ဘုံကမ္ဘာများစွာကို ဖျက်ဆီးပစ်ရမည်ဟု ဆိုလိုသည်။
ထို့ပြင် ဖန်းဝေ့အစီအရင်ကိုတည်ဆောက်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
အစီအရင် တည်ဆောက်နေချိန် အစီအရင်ကို သိရှိနားလည်သူတစ်ဦးက လာရောက်ဖျက်ဆီးပစ်နိုင်ကြောင်းကိုလည်း သတိပြုရသည်။
ထို့ကြောင့် ရွှယ်ချူးချင်က တစ်ချိန်လုံး လျှို့ဝှက်ကြံစည်နေခဲ့ခြင်း ဖြစ်၏။
ရန်ကျောက်ကဲက မိခင်ဖြစ်သူအပေါ် လေးစားမှုအပြည့်ဖြင့်ပင် စိတ်ထဲမှကြိတ်ပြီး သက်ပြင်းချလိုက်မိသည်။
သူမက အလွန်ပင် စေ့စပ်သလို သတိလည်းရှိပြီး အခြားသူများ လိုက်လံဖမ်းဆီးခြင်းခံနေရသည့်တိုင် ထိုသို့သောအစီအရင်မျိုးကို တည်ဆောက်ရန် ကြံစည်နေနိုင်သေးသည် မဟုတ်ပါလား။
သို့သော် သူမစကားနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု စဉ်းစားစရာ ရှိလာသည်။
ရန်ကျောက်ကဲက...
“ပြုပြင်ပြောင်းလဲမှုတွေ ထပ်လုပ်ထားသေးတယ် ဟုတ်လား ၊ အမေ အရင်က ပြောခဲ့သလို တစ်ယောက်ယောက်ကို ဆက်သွယ်ဖို့ အထူးနည်းလမ်းဆိုတာ အဲဒါကို ပြောချင်တာလား”
ဟုတ်ပေ၏။
ထိုအစီအရင်က ရိုးရှင်းသော ဖန်းဝေ့အစီအရင်မျှသာဆိုလျှင် ရန်ကျောက်ကဲ အစောကြီးကတည်းက ရိပ်မိမည် ဖြစ်သည်။
ရန်ကျောက်ကဲသာမဟုတ် ၊ အစီအရင်တွင် အောင်မြင်မှုမြင့်မားသော ကျင့်ကြံသူများသည်လည်း ယင်းကို သိရှိနိုင်ပေမည်။
ယခုတော့ ထိုအစီအရင်တွင် ပြုပြင်ပြောင်းလဲမှုနှင့်အတူ လမ်းကြောင်းအမှားအယင်းများကို ရောနှောထားသဖြင့် ရန်ကျောက်ကဲသည်ပင် လျှင်မြန်စွာ ခွဲခြားသိမြင်နိုင်ခြင်း မရှိခဲ့ပေ။
ရွှယ်ချူးချင်က...
“ဟုတ်တယ်... ဖန်းဝေ့အစီအရင်ကို အခြေခံပြီး ပြုပြင်ပြောင်းလဲမှုတွေ ထပ်လုပ်ထားတာပဲ”
သူမက ဆက်ပြောသည်။
“အဲဒီလို ကြီးမားတဲ့ အခြေခံအုတ်မြစ်ရှိမှ အစီအရင်ကို ပံ့ပိုးပေးနိုင်ပြီး အဲဒီပုဂ္ဂိုလ်ဆီကို သတင်းစကားပေးပို့နိုင်မှာ...”
ရန်ကျောက်ကဲက...
“ဒါပေမဲ့ အဲဒီဖန်းဝေ့အစီအရင်ကို ပြောင်းပြန်လှည့်လိုက်ရင် အဲဒီလူကို သတင်းစကားမပို့နိုင်ခင်မှာ အရင်ဆုံး ရှာတွေ့နိုင်မယ် မဟုတ်လား ၊ ဒီ ဖန်းဝေ့အစီအရင်က အထက်ဘုံကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားတာဆိုတော့ အရမ်းအစွမ်းထက်တယ်”
ရွှယ်ချူးချင်က ခေါင်းညိတ်လိုက်သည်။
“မင်းပြောတာ မှန်ပါတယ် ၊ ဒါပေမဲ့ ငါ ဒီအစီအရင်ကို တည်ဆောက်တဲ့အခါ ထူးဆန်းတဲ့ခံစားချက်တစ်ခု ခံစားရတယ် ၊ ဒီ အစီအရင်ပြုလုပ်နည်းထဲမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေပုံရတယ် ၊ ဒါပေမဲ့ အဲဒါဘာမှန်း ငါမသိဘူး ဖြစ်နေတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ စိတ်ဝင်စားသွားသည်။
“အိုး... ဟုတ်လား”
ခွန်လွန်အထင်ကရကိုးပါးတွင် ‘မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ က အသိပညာဗဟုသုတ အလွန်ကျယ်ပြန့်သည်ဟု နာမည်ကျော်ကြားသည်။
သူမ၏အဆက်အနွယ်ဖြစ်သော ရွှယ်ချူးချင်က ထိုအချက်ကို စုံလင်စွာ အမွေဆက်ခံခဲ့သည်။
အထက်ဘုံကမ္ဘာရှိ သိုင်းကျင့်ကြံသူများကြားတွင် တန်ခိုးစွမ်းအားမည်မျှပင် မြင့်မားစေကာမူ အသိပညာပိုင်းဆိုင်ရာ ကြွယ်ဝမှုကလည်း အလွန်အရေးပါသည်။
ရန်ကျောက်ကဲနှင့် ချန်ချန်းဟွာ ပြီးလျှင် ရွှယ်ချူးချင်က အသိပညာအရာတွင် မည်သူမှ မယှဉ်နိုင်အောင် မြင့်မားလွန်းသည်။
ထို့ကြောင့် သူမက တစ်စုံတစ်ခု ထူးခြားနေသည်ဟု သံသယဝင်သည်ဆိုလျှင် သေချာပေါက် အကြောင်းတစ်ခုခု ရှိပေလိမ့်မည်။
ရန်တိက...
“ငါတို့တွေ ဒီကိစ္စကို စဉ်းစားရမယ့်အထဲ ထည့်ထားကြတာပေါ့”
သူက ဆက်ပြောသည်။
“ဒီလောကမှာ ဆုံးရှုံးမှုတွေရှိသလို အကျိုးအမြတ်တွေလည်းရှိတယ် ၊ အရာအားလုံး ပြီးပြည့်စုံတယ်ဆိုတာ မရှိသလောက် ရှားပါးတာ အမှန်ပဲ ၊ ဆိုတော့... အကျိုးအမြတ်ချိန်ဆပြီး ဆုံးဖြတ်ချက် ချကြတာပေါ့”
ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...
“ဒါဖြင့် အမေဆက်သွယ်ဖို့ စီစဉ်ထားတဲ့သူက ဘယ်သူလဲ”
ရွှယ်ချူးချင်က...
“မီးလျှံထက်ယံအရှင်သခင်...”
ထိုနာမည်ကိုကြားသည်နှင့် ရန်တိနှင့် ရန်ကျောက်ကဲတို့၏ စိတ်အာရုံတွင် မီးတောက်မီးလျှံများ မြင့်မားစွာတောက်လောင်နေသည့် ဧရာမ လှံရှည်ကြီးတစ်ခုကို ပြေးမြင်လိုက်ကြသည်။
မီးလျှံထက်ယံအရှင်သခင်ကိုယ်တိုင် ပြုလုပ်ခဲ့သော ‘အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်’ ပင် ဖြစ်၏။
ရန်ကျောက်ကဲက မရေရာစွာဖြင့်...
“မီးလျှံထက်ယံအရှင်သခင်က ခွန်လွန်အထင်ကရကိုးပါးမှာ တစ်ယောက်တည်း အနေအများဆုံးပဲ... ၊ ကျွန်တော်တို့တွေ သူနဲ့ဆက်သွယ်နိုင်ခဲ့ရင်တောင် သူ့ဘက်က ကူညီပေးမှာတဲ့လား”
ခွန်လွန်အထင်ကရကိုးပါးတွင် ရာဟုကြယ်ထက်ယံအရှင်သခင် ‘ကျန်းရွှင်ဟွား’ က ပိုပြီး တစ်ယောက်တည်းနေထိုင်တတ်သည်ဟု သတင်းကြီးသည်။ သို့သော် သူမက အခြားသူများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ သူမခံယူချက်အတိုင်း ပြတ်ပြတ်သားသားလုပ်ဆောင်ပြီး အာဏာရှင်ဆန်သလို အမှီအခိုလည်းကင်းသည်။
ထို့ကြောင့် တစ်ယောက်တည်းနေထိုင်သူစစ်စစ်ကိုပြောပါဆိုလျှင် ‘မီးလျှံထက်ယံအရှင်သခင်’ ကိုသာ ပြောရပေမည်။
ရန်ကျောက်ကဲ ရရှိထားသော သတင်းအချက်အလက်များအရ မီးလျှံထက်ယံအရှင်သခင်က ခွန်လွန်အထင်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သော်လည်း အထက်ဘုံကမ္ဘာ၏အရေးကြီးကိစ္စများတွင် ပါဝင်ပတ်သက်ခဲသည်။ ပြီးတော့ ခွန်လွန်အထင်ကရကိုးပါးတွင် နာမည်ကျော်ကြားမှု အနည်းဆုံးလည်း ဖြစ်သည်။
သိုသိုသိပ်သိပ် နေထိုင်ခြင်းမဟုတ်သော်လည်း မီးလျှံထက်ယံအရှင်သခင်နှင့်ပတ်သက်သည့်သတင်းက အနည်းငယ်သာ ရှိသည်။
သို့သော် ခွန်လွန်အထင်ကရကိုးပါးတွင် သူ့ကို အိမ်ဖြည့်သက်သက်ဟု မည်သူမှ မပြောဆိုရဲကြပေ။
အနှီပုဂ္ဂိုလ်က ရှားရှားပါးပါး လှုပ်ရှားမှုပြုလိုက်တိုင်း မိုးမြေတစ်ခွင်လုံး တုန်လှုပ်သွားစေလောက်သည့် ကိစ္စရပ်များ ဖြစ်ပေါ်သွားလေ့ ရှိသည်။
သူက မည်သူနှင့်မှ အပေါင်းအသင်းမလုပ်သော တကိုယ်တည်းနေထိုင်တတ်သည့် ကိုယ်ရည်ကိုယ်သွေးထူးခြားသူတစ်ယေက်သာဖြစ်ပြီး တန်ခိုးစွမ်းအားအရာတွင် နိမ့်ကျခြင်း မရှိပေ။
ရွှယ်ချူးချင်က...
“မီးလျှံထက်ယံအရှင်သခင်အကြောင်းက လူသိနည်းတယ်”
သူမက ဆက်ပြောသည်။
သူမက ဆက်ပြောသည်။
“တည်ထောင်သူဆရာဘွားဘွားနဲ့ မီးလျှံထက်ယံအရှင်သခင်ကြားမှာ ရန်ငြိုးနဲ့အာဃာတတွေရှိခဲ့တယ်လို့ ဆရာပြောပြဖူးတယ်”
“ဒါပေမဲ့ ဘယ်လို ရန်ငြိုးလဲဆိုတာကိုတော့ အတိအကျ မသိရဘူး ၊ အရင်တုန်းက ဆရာဘွားဘွား ပြောတာကိုပဲ ဆရာက တိုက်တိုက်ဆိုင်ဆိုင် ကြားဖူးခဲ့တာ”
ရန်ကျောက်ကဲက ရွှယ်ချူးချင်ကို တစ်ချက်လှမ်းကြည့်ရင်း...
“ရန်ငြိုး... အာဃာတ ဟုတ်လား...”
ရွှယ်ချူးချင်က ခေါင်းညိတ်ရင်း...
“အမှန်ပဲ... ၊ အဲဒါကြောင့် ငါတို့တွေ မီးလျှံထက်ယံအရှင်သခင်ကို ဆက်သွယ်မယ်ဆိုရင် သူ ဘယ်လိုတုံ့ပြန်မလဲ ပြောရခက်တယ်”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့ သူ့ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ လူတစ်ယောက်က ငါ့ကို ပြောပြပေးခဲ့တာ ၊ ဒီတော့ မျှော်လင့်ချက်ရှိမယ် ထင်တာပဲ...”
ရန်ကျောက်ကဲက...
“ဒါပေမဲ့ မီးလျှံထက်ယံအရှင်သခင်ကို ဘယ်လိုရှာဖွေရမလဲဆိုတာ အမေ့ကို သတင်းပေးလိုက်တဲ့သူက မကောင်းတဲ့ရည်ရွယ်ချက်ရှိတာလည်း ဖြစ်နိုင်တာပဲလေ...”
သူက ဆက်ပြောသည်။
“သူက အမေ့ကို ပစ်မှတ်ထားတာလည်း ဖြစ်နိုင်တယ် ၊ အမေက ထွက်ပြေးတိမ်းရှောင်နေရတော့ ဒီထက်ဆိုးတဲ့အခြေအနေမျိုး မရှိနိုင်တော့ဘူး ၊ ဒီတော့ အမေက မီးလျှံထက်ယံအရှင်သခင်ကို သေချာပေါက် ဆက်သွယ်မယ်လို့ မျှော်လင့်တာမျိုး ဖြစ်နိုင်တယ်”
ရွှယ်ချူးချင်က...
“အမှန်ပဲ... အမေလည်း အဲဒီကိစ္စကို သံသယဝင်မိပါတယ်”
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...
“မီးလျှံထက်ယံအရှင်သခင်ကိုရှာဖွေကို အမေ့ကို ဘယ်သူက ပြောပြခဲ့တာလဲ”
ရွှယ်ချူးချင်က ရန်ကျောက်ကဲအား တစ်ချက်ကြည့်လိုက်ရင်း...
“အဲဒီလူ ဘယ်သူမှန်း ငါ မသိဘူး ၊ သူက မီးလျှံထက်ယံအရှင်သခင်ကို ရှာဖွေဖို့ လမ်းပြပေးတယ်ဆိုတော့... သူကတော့ ငါတို့ကိုကူညီဖို့ သေချာပေါက် ထွက်လာမှာ မဟုတ်ဘူး”
ထိုစကားကြားတော့ အစပိုင်းတွင် ရန်ကျောက်ကဲ အတော်လေး စိတ်ရှုပ်ထွေးသွားသည်။ သို့သော် မကြာမီ တစ်စုံတစ်ခုကို တွေးလိုက်မိသည်။
ထိုအချိန် ရွှယ်ချူးချင်က စကားဆိုလာသည်။
“ငါ ထွက်ပြေးတိမ်းရှောင်နေတဲ့အချိန်တုန်းက ဝါဒတောင်နဲ့ပတ်သက်တဲ့သတင်းတွေ ကြားခဲ့ရပါတယ် ၊ အဲဒီသတင်းတွေထဲမှာ မင်းဆီမှာ ထူးကဲယန်စည်းတံဆိပ်ရှိတယ်ဆိုတာ သိခဲ့ရတယ် ကျောက်ကဲ”
ရန်ကျောက်ကဲက သဘောပေါက်သွားသည်။
“အမေ့ကို သတင်းပေးတဲ့သူက နေဝန်းထက်ယံအရှင်သခင် ကောင်းဟန်လား”
ရန်ကျောက်ကဲ ထိုနာမည်ကို အလွန်ရင်းနှီးကျွမ်းဝင်သည်။
လူချင်းမတွေ့ဖူးသည့်တိုင် ခွန်လွန်အထင်ကရကိုးပါးထဲတွင် ရန်ကျောက်ကဲနှင့် အရင်းနှီးဆုံးသူမှာ နေဝန်းထက်ယံအရှင်သခင် “ကောင်းဟန်” သာလျှင် ဖြစ်သည်။
ထူးကဲယန်စည်းတံဆိပ်က ရန်ကျောက်ကဲလက်ထဲတွင် ရှိနေဆဲ ဖြစ်သည်။
ရွှယ်ချူးချင်က...
“ကျောက်ကဲ... ထူးကဲယန်စည်းတံဆိပ်ကို မင်း ဘယ်လိုရခဲ့တာလဲ”
ရန်ကျောက်ကဲက ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်တော့ ရွှယ်ချူးချင်က သက်ပြင်းချရင်း...
“ငါ အရင်ကတည်းက ခန့်မှန်းထားခဲ့ပါတယ် ၊ ဒါပေမဲ့ နေဝန်းထက်ယံအရှင်သခင်က ငရဲကိုးထပ်အက်ကွဲကြောင်းကို ချိတ်ပိတ်ဖို့အတွက် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ထူးကဲယန်စည်းတံဆိပ်ကို ချန်ထားခဲ့တယ်ဆိုတော့... ငါ့ကို သတင်းအချက်အလက်ပေးခဲ့တဲ့သူက သူပဲဖြစ်မယ်ထင်တယ်”