နံပါတ်တစ် ပါရမီရှင်
Vol. 59 Ch. 632
“ဘာဖြစ်လို့ ကျုပ်တို့က ခင်ဗျားဆီမှာ အမှုထမ်းရမှာလဲ၊ ခင်ဗျားက တော်တော်လေး စွမ်းအားကြီးလို့လား” ယီတျန်က မပျော်မရွှင်နဲ့ အော်မေးလိုက်ပါတယ်။ ယီတျန်ဟာ သူများကိုပဲ နောက်လိုက်အဖြစ် လက်ခံခဲ့တာပါ။ တစ်ခါမှ သူများနောက်လိုက် မလုပ်ခဲ့ပါဘူး။ အတိတ်မှာတုန်းက နတ်ဆိုးမျိုးနွယ်စုနဲ့ ရှန်နန်းတော်ထဲ ဝင်ခဲ့တယ်ဆိုပေမဲ့ အဲဒီက ခေါင်းဆောင်တွေကလည်း သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့တာချည်းပါပဲ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ် “ငါက ကောင်းကင်ရုံးတော်ရဲ့ ကောင်းကင်ဧကရာဇ်ဟောင်းပဲ၊ အခု တာအိုကို ရယူပြီးသွားပြီ၊ ငါ စွမ်းအားကြီးလား စွမ်းအား မကြီးဘူးလားဆိုတာ မင်းတို့ပြောကြည့်လေ...”
‘ကောင်းကင်ဧကရာဇ်ဟောင်းလား...’ ဟန်ထော်ဟာ တအံ့တဩ ဖြစ်သွားပါတယ် ‘လက်ရှိ ကောင်းကင်ဧကရာဇ်က ဖန်းလျန်က ငါ့အဖေရဲ့ မြေးတပည့်ပဲ၊ ဒီကောင်းကင်ဧကရာဇ်ဟောင်းက ငါ့အဖေရဲ့ မိတ်ဆွေလား ရန်သူလား...’
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော် ဘာတွေးနေတယ်ဆိုတာကို ထိုးဖောက် မြင်ပါတယ် “အရင်တုန်းက... မင်းအဖေ အင်မော်တယ် မဖြစ်ခင်တုန်းကပေါ့၊ ငါ သူ့ကို တော်တော်မြင့်မြင့် တွေးခဲ့တာ၊ မင်းအဖေတောင် ငါ့အတွက် အလုပ်လုပ်ပေးခဲ့သေးတာပဲ၊ မင်းကရော မလုပ်ချင်ဘူးလား”
ဟန်ထော်က ဂရုတစိုက် မေးလိုက်ပါတယ် “ကျွန်တော်အဖေလား...”
ယီတျန်ဟာ အံ့အားသင့်သွားပါတယ် ‘ဟန်ထော်ရဲ့အဖေက သေသွားတာ ကြာပြီ မဟုတ်ဘူးလား..’
“ဟုတ်တယ်၊ မင်းအဖေက တိတ်ဆိတ်ဂိုဏ်းချုပ် ဟန်ကျွယ်... ဟုတ်တယ်မလား” မိစ္ဆာ ကောင်းကင်ဧကရာဇ်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ်။
ဟန်ထော်က ဟန်ကျွယ်နဲ့ တော်တော်လေး ဆင်ပါတယ်။ ဒါကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကံတရားကို တွက်ချက်ကြည့်ပေမဲ့ တွက်ချက်မရပါဘူး။ ဒါကြောင့် ဟန်ထော်မှာ စွမ်းအားကြီး နောက်ခံရှိတယ်ဆိုတာကို မိစ္ဆာ ကောင်းကင်ဧကရာဇ်က သိလိုက်ပါတယ်။ ဒီနောက်ခံကလည်း ဟန်ကျွယ်နဲ့ ပတ်သက်နေမှာ ကျိန်းသေပါတယ်။
ယီတျန်ဟာ မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် “မင်းအဖေက တိတ်ဆိတ်ဂိုဏ်းချုပ် ဟုတ်လား၊ မင်း ဘာလို့ ငါ့ကို အရင်က မပြောတာလဲ”
တိတ်ဆိတ်ဂိုဏ်းချုပ်က အင်မော်တယ်ကမ္ဘာမှာ ဒဏ္ဍာရီလာပုဂ္ဂိုလ်ပါ။ သူက တာအိုပညာရှိတွေနဲ့ ယှဉ်နိုင်ပြီး အနန္တကမ္ဘာကို ကယ်တင်ပေးခဲ့ဖူးပါတယ်။ သူ့မှာ အဆုံးမဲ့တဲ့ ကုသိုလ်ကံတွေ ရှိနေပါတယ်။
ဟန်ထော်ဟာ မချိပြုံးပြုံးလိုက်ပါတယ် “ငါလည်း ဒီအကြောင်းကိုသိတာ မကြာသေးဘူး”
အဲဒီနောက် ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ကြည့်လိုက်ပါတယ်။ ပထမတော့ ဟန်ထော်ဟာ နည်းနည်း စိုးရိမ်နေသေးပေမဲ့ မိစ္ဆာ ကောင်းကင်ကင်ဧကရာဇ်က ဟန်ကျွယ်နဲ့ သူ့ရဲ့ ဆက်ဆံရေးကို တစ်ခါတည်း ပြောလိုက်တာကြောင့် စိုးရိမ်စိတ်တွေ လျော့သွားပါတယ်။
“ဒါဆို စီနီယာသိတဲ့ ကျွန်တော်အဖေရဲ့ အတိတ်အကြောင်းကို ပြောပြလို့ရမလား” ဟန်ထော်က မေးလိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အဓိပ္ပာယ်ပါပါ ပြုံးပြီး ပြန်ထိုင်လိုက်ပါတယ် “ပြောပြလို့ရတာပေါ့၊ မင်းအဖေ အကြောင်းကို ပြောရရင် ကောင်းကင်တာအို ပြန်မစခင်ကနေ စပြီးတော့ ပြောရလိမ့်မယ်၊ အဲဒီတုန်းက ကောင်းကင်ရုံးတော်က စကြဝဠာမှာရှိတဲ့ အနန္တကမ္ဘာကို ထိန်းချုပ်တယ်၊ အဲဒီတုန်းက မင်းအဖေက ဘာမှမဟုတ်တဲ့ သေမျိုးကမ္ဘာမှာနေထိုင်တဲ့...”
ဟန်ထော်ဟာ တရားထိုင်ပြီး သေချာဂရုတစိုက် နားထောင်ပါတယ်။ ယီတျန်ကလည်း ဟန်ထော်ရဲ့ အဖေအကြောင်းကို စိတ်ဝင်စားတာကြောင့် တိတ်တဆိတ် နားထောင်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ငေးမောသွားပြီး အတိတ်အကြောင်းကို ပြန်ပြောင်း ပြောပြပါတော့တယ်။
ဒီလိုနဲ့ အတော်အတန် ကြာတဲ့အခါမှာတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော် အကြောင်း ပြောလို့ ပြီးသွားပါတယ်။ ဒါပေမဲ့ ဟန်ထော်နဲ့ ယီတျန်ကတော့ အတိတ်မှာ နစ်မြုပ်နေတုန်းပါ။
ရုတ်တရက် ယီတျန် နိုးလာပြီး ကောက်ကာငင်ကာ မေးလိုက်ပါတယ် “စီနီယာ ပြောသလိုဆို တိတ်ဆိတ်ဂိုဏ်းချုပ်က နှစ်တစ်သိန်းတည်းနဲ့ တာအိုကို ရယူခဲ့တာလား”
ဟန်ထော်လည်း ဒီကိစ္စကို သတိရသွားပြီး တော်တော်လေး ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဖြေလိုက်ပါတယ် “ဟုတ်တယ်၊ ဟန်ကျွယ်က ဟန်ထော်ထက် အနှစ် ၃၀,၀၀၀ ပဲ ကြီးတယ်၊ ငါ မြင်ဖူးသမျှထဲမှာ သူ့အရည်အချင်းကို မီတဲ့လူ တစ်ယောက်မှ မရှိဘူး၊ ဘယ်တည်ရှိမှုမှ သူ့ကို မယှဉ်နိုင်ဘူး”
ဟန်ထော်ရဲ့ အမူအရာဟာ လုံးဝကို ပြောင်းလဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို နှစ် ၃၀,၀၀၀ အချိန်ပေးရင်တောင် ကောင်းကင်ဘဝဂ် ထိပ်ဆုံးအဆင့်ကို ရောက်နိုင်မှာ မဟုတ်လို့ပါပဲ။ ဒါပေမဲ့ သူအဖေကတော့ သူ့ထက် အသက် ၃၀,၀၀၀ ပဲ ကြီးပေမဲ့ တာအိုပညာရှိတွေထဲမှာ ထိပ်ဆုံးနေရာကို ရောက်နေပါပြီ။ ကွာခြားချက်က နည်းနည်းနောနော မဟုတ်ပါဘူး။
ဟန်ထော်ဟာ မချိပြုံးပြုံးလိုက်ပြီး တော်တော်လေး ခံစားလိုက်ရပါတယ်။ ဟန်ထော်ဟာ သူ့အဖေရဲ့ ဂုဏ်ယူစရာ ဖြစ်လာအောင် ကြိုးစားမယ်လို့ တွေးထားခဲ့တာပါ။ အခု မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကို ကြားပြီးနောက်မှာတော့ ဟန်ထော်ဟာ ကိုယ်ပါး ကိုယ်ပြန်ရိုက်သလို ခံစားလိုက်ရပါတယ်။
ယီတျန်လည်း လန့်သွားပါတယ်။ ယီတျန်ဟာ သူ့ကိုယ်သူ အရည်အချင်း အရှိဆုံးလို့ အမြဲတမ်း တွေးထားခဲ့တာပါ။ ဒါပေမဲ့ ဟန်ကျွယ်နဲ့ ယှဉ်လိုက်ရင်တော့...။
“အင်း... ဟုတ်တယ်၊ ငါ တွက်ချက်ကြည့်ပြီးပြီ၊ ဟန်ထော် တာအိုရယူတဲ့အချိန်က မင်း မွေးဖွားတဲ့အချိန်နဲ့ အရမ်းနီးတယ်၊ တခြားစကားနဲ့ ပြောရရင် ဟန်ကျွယ်က နှစ်သုံးသောင်းကျော်အတွင်း သေမျိုးကနေ တာအိုပညာရှိ ဖြစ်လာတာပဲ” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်ကို စလိုက်ပါတယ်။
တကယ်တော့ မိစ္ဆာ ကောင်းကင်ဧကရာဇ် ကိုယ်တိုင်လည်း လန့်သွားတာပါ။ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်က အရည်အချင်းရှိမှန်း သိပေမဲ့ ဒီလောက်ထိ အရည်အချင်း ရှိလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ အခု သေချာတွေးကြည့်တော့ ဟန်ထော်ရဲ့ အရည်အချင်းက မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို တော်တော်လေး အသည်းယားစေပါတယ်။
တာအိုဘိုးဘေး ပြန်မွေးဖွားရင်တောင် ဟန်ကျွယ်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ထော်နဲ့ ယီတျန်လည်း တော်တော်လေးကို အံ့အားသင့်သွားပြီး အတော်ကြာတဲ့အထိ သတိမဝင်ပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကလည်း ဟန်ထော်နဲ့ ယီတျန်ကို မနှောင့်ယှက်ပါဘူး။ စိတ်ငြိမ်အောင် အချိန်ပေးလိုက်ပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ဟန်ထော်ဟာ ခေါင်းမော့ပြီး လက်သီးဆုပ်လိုက်ပါတယ် “စီနီယာက ကျွန်တော်အဖေကို ပျိုးထောင်ခဲ့တာဆိုတော့ ကျွန်တော်ကလည်း စီနီယာဆီမှာ အမှုထမ်းလိုပါတယ်၊ ကျွန်တော်အဖေကို မီအောင် ကျွန်တော့်ကို ပျိုးထောင်ပေးနိုင်မလား”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အမူအရာ မပျက်ပေမဲ့ နေရထိုင်ရ နည်းနည်း ခက်သွားပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သူ့စွမ်းဆောင်ရည်က ဘယ်လောက်ထိ ရှိတယ်ဆိုတာကို သိပါတယ်။ သူ ဟန်ကျွယ်ကို ဂရုစိုက်ခဲ့တာနဲ့ ဟန်ကျွယ် တာအိုကို ရယူနိုင်တာက တခြားစီပါ။ သူကိုယ်တိုင်တောင် အမှောင်ဘုရင် တာအိုပညာရှိရဲ့ အမွေကို မှီခိုပြီး တာအိုကို ရယူခဲ့ရတာပါ။
“ငါ အဲဒီလိုကြီးတော့ ကတိမပေးနိုင်ဘူး၊ မင်းအဖေရဲ့ အရည်အချင်းက တစ်ခါမှ မကြားဖူးတဲ့ အရည်အချင်းမျိုး၊ ဒါပေမဲ့ မင်းငါ့ဆီမှာ အမှုထမ်းရင် အခွင့်အရေး အကြီးကြီး ရစေရမယ်လို့ အာမခံတယ်၊ ဒီအခွင့်အရေးက အင်မော်တယ်ကမ္ဘာမှာ မင်းရဲ့ တိုးတက်မှုထက် အများကြီး ပိုသာတယ်၊ အင်မော်တယ်ကမ္ဘာက တာအိုပညာရှိတွေရဲ့ ကျားခုံပဲ၊ ဒါပေမဲ့ သူတို့ထက် စွမ်းအားကြီးတဲ့ တည်ရှိမှုတွေက အမှောင်တားမြစ်နယ်မြေထဲမှာ ရှိနေတယ်၊ အခု ပဋိပက္ခက ဖရိုဖရဲ ဖြစ်နေပြီဆိုတော့ အခွင့်အရေးကြီးအတွက် တိုက်ခိုက်ဖို့ အချိန်ကျပြီ”
“မင်းတို့နှစ်ယောက်မှာ ပဋိပက္ခနတ်ဘီလူး အရည်အချင်းတွေ ရှိတယ်၊ ငါ မင်းတို့ကို ကောင်းကင်စစ်သူကြီးဘွဲ့ အပ်နှင်းတယ်၊ ကောင်းကင်ရုံးတော်မှာ ကောင်းကင်စစ်သူကြီး သုံးပါးပဲ ရှိတယ်၊ ကောင်းကင်ရုံးတော်မှာ မင်းတို့ထက်ကြီးတာ ငါကလွဲပြီး တစ်ယောက်မှ မရှိဘူး”
ဟန်ထော်နဲ့ ယီတျန်ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တဲ့အခါမှာ တစ်ဖက်လူရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက် ရောင်ခြည်တွေကို တွေ့လိုက်ရပါတယ်။ လျှောက်သွားနေမဲ့အစား တာအိုပညာရှိကို ပျိုးထောင်ခဲ့တဲ့ ရှေးကောင်းကင်ဧကရာဇ်ဆီမှာ အမှုထမ်းတာက ပိုကောင်းတယ် မဟုတ်ပါလား။
ယီတျန်က မေးလိုက်ပါတယ် “ပဋိပက္ခနတ်ဘီလူးက ဘာကို ပြောတာလဲ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ယီတျန်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပါတယ် “မင်းကို ပြောတာ”
ယီတျန်ဟာ မှင်သက်သွားပါတယ်။ ဟန်ထော်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ယီတျန်ရဲ့ အရည်အချင်းက တကယ်ကို ယုတ္တိမဲ့လွန်းတာပါ။ သူ့အဖေက သူ့ကို ဒီလောက် ကူညီခဲ့တာတောင် ဟန်ထော်ဟာ ယီတျန်ကို လိုက်မမီပါဘူး။ ဒဏ္ဍာရီလာ နတ်ဘီလူးကပဲ ဒီကိစ္စကို ဖြေရှင်းနိုင်ပါတယ်။
‘နေပါဦး... ဒါဆို င့ါအဖေက ဘာလဲ၊ အဖေကလည်း ပဋိပက္ခ နတ်ဘီလူးပဲလား... ပဋိပက္ခ နတ်ဘီလူးချင်း အတူတူပဲကို... ဘာဖြစ်လို့ ဒီလောက်တောင် အရည်အချင်း ကွာဟနေရတာလဲ’
ဟန်ထော်ဟာ အဖြေရှာမရပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဆီက သူ့အဖေအကြောင်းကို ကြားသိရပြီးတဲ့နောက် ဟန်ထော်ဟာ သူ့အဖေကို ဖိနှိပ်ဖို့ မတွေးရဲတော့ပါဘူး။ သူ့အဖေ စိတ်ကျေနပ်ဖို့ပဲ မျှော်လင့်ပါတော့တယ်။
နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ဟန်ထော်ကို တွက်ချက်ကြည့်လိုက်ပါတယ်။ ဟန်ထော်က ကောင်းကင်တာအိုထဲကနေ ထွက်သွားတာ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေပါပြီ။ ဟန်ထော်ရဲ့ ကျင့်ကြံမှုက တိုးတက်လာတယ်ဆိုပေမဲ့ အမှောင်တားမြစ်နယ်မြေက အရမ်းအန္တရာယ် များလွန်းပါတယ်။
လက်ချောင်းတွေနဲ့ တွက်ချက်ပြီးနောက် ဟန်ကျွယ်ဟာ မျက်နှာဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ထော်ဘေးနားမှာ တရင်းတနှီးရှိတဲ့ ကံတရား အထောက်အပံ့ကို တွက်ချက်မိလို့ပါပဲ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်။
ကံတရား အထောက်အပံ့က အရမ်းကို လျှို့ဝှက်ဆန်းကြယ် လွန်းပါတယ်။ ကောင်းကင်တာအိုမှာတင် ကံတရား အထောက်အပံ့ရှိတာ မဟုတ်ပါဘူး။ ပဋိပက္ခမှာလည်း ကံတရား အထောက်အပံ့ရှိပါတယ်။ ပဋိပက္ခထဲမှာရှိတဲ့ ကံတရား အထောက်အပံ့ကတော့ မဟာတာအို ကံတရား အထောက်အပံ့ပဲ ဖြစ်ပါတယ်။
‘ဒီကောင်လေးကတော့...’
ဟန်ကျွယ်ဟာ ဟန်ထော်လမ်းကြောင်းက သူနဲ့ တော်တော်လေး ဆင်တူတာကို ရုတ်တရက် ရှာတွေ့သွားပါတယ်။ ကျင့်ကြံခြင်းလမ်းမှာ ဟန်ကျွယ်ကိုယ်တိုင်လည်း လွမ်ဟွေ အင်မော်တယ် ဧကရာဇ်နဲ့ ကောင်းကင်ဧကရာဇ်ကို တွေ့ခဲ့ပါတယ်။
ဒါပေမဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က လမ်းမှားကို ရောက်နေတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ဟန်ထော်အတွက် နည်းနည်း စိုးရိမ်သွားပါတယ်။
“ဟန်ထော် မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက်ကို လိုက်ရင် ဘာဖြစ်လာမလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။ ဆက်တွက်မယ်။]
ဆက်တွက်မယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ဧရာမ ဥက္ကာခဲတစ်ခုဆီ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ မရေမတွက်နိုင်တဲ့ ရုပ်သွင်တွေဟာ ဟန်ကျွယ်ဘေးနားမှာ မတ်တတ်ရပ်နေကြပါတယ်။ ဥက္ကာခဲပေါ်တင် မဟုတ်ပါဘူး။ မရေမတွက်နိုင်တဲ့ ရုပ်သွင်တွေဟာ ဥက္ကာခဲ ပတ်ဝန်းကျင်က အာကာသမှာလည်း ရှိနေကြပါတယ်။ သူတို့အကုန်လုံးဟာ အနက်ရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားကြပြီး အနက်ရောင် ရောင်ဝါက သူတို့အားလုံးကို ဝန်းရံထားပါတယ်။ သူတို့အကုန်လုံးဟာ အရပ်မျက်နှာတစ်ခုတည်းကိုပဲ ကြည့်နေကြပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကျောက်သား ကုလားထိုင်ပေါ်မှာ ဘာမထီတဲ့ ဟန်ပန်နဲ့ ထိုင်နေပါတယ်။ သူ့ရှေ့မှာတော့ ကြောက်မက်ဖွယ် ရောင်ဝါတွေ ထုတ်လွှတ်နေတဲ့ ရုပ်သွင်သုံးခု မတ်တတ်ရပ်နေကြပါတယ်။ ဒီသုံးယောက်ထဲက နှစ်ယောက်က ဟန်ထော်နဲ့ ယီတျန်တို့ပဲ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ မျက်စိကျဉ်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ထော်ရဲ့ အခြေအနေက လွတ်လပ် တာအိုပညာရှိတဲ့ တူနေလို့ပါ။ ဟန်ထော်ရဲ့ လွတ်လပ်မှု ရောင်ဝါက မျက်စိနဲ့တောင် မြင်နိုင်ပါတယ်။
‘မိစ္ဆာ ကောင်းကင်ဧကရာဇ် နောက်ကို လိုက်တာက ဟန်ထော်ကို လွတ်လပ် တာအိုပညာရှိ ဖြစ်လာစေတာလား...’
ယီတျန်က ခပ်တိုးတိုး ပြောလိုက်ပါတယ် “အရှင်မင်းကြီး... ကျွန်တော်တို့ အဆင်သင့် ဖြစ်ပါပြီ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စိုးမိုးလွန်းတဲ့ ဩဇာကြောင့် အနက်ရောင် အာကာသတစ်ခုလုံး တွန့်လိမ်ရှုံ့တွပြီး အမှောင်တားမြစ်နယ်မြေကို ပျံ့နှံ့သွားပါတယ်။
“ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ် နတ်ဘုရားတို့... ငါ ကောင်းကင်ရုံးတော်ကို တည်ထောင်ခဲ့တာ လေးငါးခြောက်ခေတ် ရှိခဲ့ပြီ၊ ကောင်းကင်ရုံးတော်က အမှောင်တားမြစ်နယ်မြေကို စုစည်းပြီး အဆုံးသတ် အပျက်အစီး နတ်ဘုံကို စိုးမိုးနိုင်ခဲ့တယ်၊ ငါတို့တွေက အမင်္ဂလာ မကောင်းဆိုးဝါးကို ဖျက်ဆီးပြီး တာအိုမိစ္ဆာတွေကို မောင်းထုတ်နိုင်ခဲ့တယ်၊ ကောင်းကင်တာအိုငယ်လေး ရာချီကိုလည်း ကာကွယ်ပေးနိုင်ခဲ့တယ်၊ မင်းတို့က ငါ ဂုဏ်အယူရဆုံး စစ်သားတွေပဲ၊ အခု မျှော်မှန်းလို့မရတဲ့ ရန်သူက ရောက်လာတော့မယ်၊ ငါတို့တွေ နောက်ဆုတ်လို့ မရဘူး၊ ငါတို့ နောက်ဆုတ်လိုက်ရင် ကောင်းကင်တာအို ပျက်စီးသွားလိမ့်မယ်”
“မင်းတို့တွေ ကောင်းကင်ရုံးတော်ရဲ့ ဂုဏ်ကျက်သရေအတွက် တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလား”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ လေသံဟာ ဩဇာအာဏာ အပြည့်အဝ ပါဝင်တဲ့အတွက် ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ် နတ်ဘုရား အကုန်လုံးက တညီတညွတ်တည်း ပြန်ဖြေပါတယ် “ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို အရှင်မင်းကြီးအတွက် စတေးခံနိုင်ပါတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။