← Chapters

ကပ်ဘေးဆိုက်ခြင်း

Vol. 59 Ch. 635

ကပ်ဘေးဆိုက်ခြင်း

Vol. 59 Ch. 635

ခေါင်းလောင်းနက်က လွှတ်လိုက်တဲ့ ရွှေကျီးကန်းတွေဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ထိုးဖောက်သွားတဲ့အတွက် အင်မော်တယ်ကမ္ဘာရဲ့ အပူချိန်က လျင်မြန်စွာ တိုးလာသလို အဝေးမှာရှိတဲ့ သေမျိုးကမ္ဘာတွေပါ ပူလောင်လာပါတယ်။

ဟန်ကျွယ်ဟာ ဝါးမျိုနတ်ဘီလူး ဓမ္မရုပ်တုကို ထုတ်ဖော်လိုက်ပါတယ်။ ဝါးမျိုနတ်ဘီလူး ဓမ္မရုပ်တုက ဧရာမနတ်ဆိုးလိုပါပဲ။ သူ့ရဲ့ တွင်းနက်နဲ့တူတဲ့ ပါးစပ်ကြီးကိုဟပြီး မရေမတွက်နိုင်တဲ့ ရွှေကျီးကန်းတွေကို မျိုချပစ်ပါတယ်။

အရှေ့ဧကရာဇ်က စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ငါ ဘယ်တော့မှ ဒီကောင်ရဲ့ အတိတ်က ရုပ်နာမ်ကို ဖမ်းဆီးနိုင်မှာလဲ’ အရှေ့ဧကရာဇ်ဟာ စိတ်ရှုပ်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ အရှေ့ဧကရာဇ်ဟာ ဒီဆန်းကြယ်စွမ်းအားကို အသုံးပြုပြီး အဆင့်တူတွေကြားထဲမှာ ပြိုင်ဘက်ကင်းခဲ့တာပါ။ အခုတော့ သူ့ဆန်းကြယ်စွမ်းအား အသုံးမဝင်တဲ့ အခြေအနေကို ပထမဆုံး ရင်ဆိုင်နေရပါပြီ။

ဟန်ကျွယ်ဟာ အရှေ့ဧကရာဇ် ဘာတွေးနေတယ်ဆိုတာကို ဂရုမစိုက်ပါဘူး။ ချုပ်နှောင် နတ်ဘီလူးနဲ့ ခရီးနှင် နတ်ဘီလူး နှစ်ပါးရဲ့ စွမ်းအားနှစ်မျိုးကို သူ့ခန္ဓာကိုယ်ထဲ ပေါင်းစပ်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို ဟန်ကျွယ်ဟာ အရှေ့ဧကရာဇ်နောက်ကို ရောက်သွားပါတယ်။ ဒါပေမဲ့ အရှေ့ဧကရာဇ်ကလည်း လေထဲမှာ ရုတ်ခြည်း ပျောက်ကွယ်သွားတဲ့အတွက် ဟန်ကျွယ်ဟာ ထပ်ပြီးတော့ လိုက်ရပါတယ်။ အရှေ့ဧကရာဇ်က ပြေး ဟန်ကျွယ်က နောက်ကလိုက်နဲ့ သူတို့ရဲ့ အရိပ်တွေဟာ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ မျက်စိကျိန်းလောက်ပါတယ်။

တာအိုပညာရှိတွေဟာ မျက်စိကျိန်းကုန်ပါတယ်။ ရှီတုတောက်ဟာ အင်္ကျီလက်စထဲမှာ လက်သီးကို တင်းတင်းဆုပ်ပြီး အံကြိတ်လိုက်ပါတယ် ‘ဒါ ဘယ်လိုအလျင်မျိုးလဲ၊ မဟုတ်ဘူး... ဒါ အလျင် မဟုတ်တော့ဘူး၊ တာအိုပဲ’

ဟုတ်ပါတယ်။ ဟန်ကျွယ်နဲ့ အရှေ့ဧကရာဇ်ရဲ့ ရွှေ့လျားမှုက အလျင်မဟုတ်တော့ပါဘူး၊ တာအိုတရားပါ။ မျက်တောင်တစ်ခတ်အတွင်း အရိပ်သန်းရာချီ ပေါ်လာပြီး ဟင်းလင်းပြင်ကို နေရာယူလိုက်ကြပါတယ်။

အသက်ရှူကြိမ် လေးငါးကြိမ် အကြာမှာ‌တော့ ဟန်ကျွယ်ဟာ အရှေ့ဧကရာဇ်ရဲ့ နောက်ကျောကို လက်ဝါးနဲ့ ရိုက်မိသွားပါတယ်။ ချုပ်နှောင်မဟာတာအို စွမ်းအားဟာ ပေါက်ကွဲထွက်လာပြီး အရှေ့ဧကရာဇ်ကို ချုပ်နှောင်လိုက်ပါတယ်။

‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’ အရှေ့ဧကရာဇ်ဟာ ထိတ်လန့်သွားပါတယ် ‘ဒါ ဘယ်လို မဟာတာအိုမျိုးလဲ’ အရှေ့ဧကရာဇ်ဟာ သူ့ရဲ့ လွတ်လပ်စွမ်းအားကို အသုံးပြုလို့ မရတော့ပါဘူး ‘ဒီကောင်လေးက မဟာတာအိုစွမ်းအားကို တစ်ပါးထက်မက အသုံးပြုနေတာပဲ၊ ဒီကောင်က ဘယ်လို တည်ရှိမှုမျိုးလဲ’

အရှေ့ဧကရာဇ်ဟာ ရွေးချယ်စရာမရှိတာကြောင့် ခေါင်းလောင်းနက်ကို ထိန်းချုပ်ပြီး သူ့ကိုယ်သူ ကာကွယ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူး ဓမ္မရုပ်တု ဒါဇင်ကျော်လောက် ထုတ်ဖော်ပြီး ခေါင်းလောင်းနက်ကို ဝန်းရံတိုက်ခိုက်လိုက်ပါတယ်။

“ဝုန်း...”

ခေါင်းလောင်းနက်ဟာ ကွဲကြေပြီး မရေမတွက်နိုင်တဲ့ ကြယ်တွေအဖြစ် ပြောင်းလဲကာ ပြန့်ကျဲကုန်ပါတယ်။ ရုတ်တရက်ကြည့်ရင် ကြယ်ပင်လယ် မွေးဖွားလာသလိုပါပဲ။

အရှေ့ဧကရာဇ်ဟာ ဒီအဖြစ်ကို မယုံကြည်နိုင်တာကြောင့် မျက်လုံးပြူးသွားပါတယ် ‘မဖြစ်နိုင်တာ... ငါ့ရဲ့ အကောင်းစား ရတနာက ဒီလောက်မြန်မြန် ကွဲကြေသွားရလား...’

ဟန်ကျွယ်ဟာ အရှေ့ဧကရာဇ်ကို ထပ်သတ်လိုက်ပါတယ်။ အရှေ့ဧကရာဇ်ကလည်း တစ်ဖန်ပြန်ပြီးတော့ မွေးဖွားလာပါတယ်။ ဟန်ကျွယ်ဟာ အရှေ့ဧကရာဇ်ကို ထပ်ပြီးတော့ ချုပ်နှောင်ကာ လက်ဝါးထဲမှာ ဖမ်းလိုက်ပါတယ်။ ဒါပေမဲ့ အရှေ့ဧကရာဇ်က ချုပ်နှောင် မဟာတာအိုကနေ လွတ်မြောက်ချင်တဲ့အတွက် သူ့ကိုယ်သူ ဖောက်ခွဲ ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က အရှေ့ဧကရာဇ်ကို ထပ်ဖမ်းမိပြန်ပါတယ်။

ဒီလိုနဲ့ ဟန်ကျွယ်နဲ့ အရှေ့ဧကရာဇ်ဟာ သံသရာ လည်နေပါတယ်။ ဟန်ကျွယ်ဟာ ခေါင်းကိုက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသွင်တူလက်ရည်စမ်းပွဲထဲမှာလို အရှေ့ဧကရာဇ်ကို အနိုင်မယူနိုင်လို့ပါပဲ။ တခြားရန်သူတွေနဲ့ မတူတာက အရှေ့ဧကရာဇ်ဟာ လွတ်လပ် တာအိုပညာရှိ ထိပ်ဆုံးအဆင့် ဖြစ်နေတာပါ။ ဒါကြောင့် ဟန်ကျွယ်ရဲ့ ချုပ်နှောင်စွမ်းအားဟာ အရှေ့ဧကရာဇ်ကို ကိုယ့်ကိုယ်ကိုယ် မဖောက်ခွဲအောင် မတားနိုင်ပါဘူး။

ဟန်ကျွယ်ဟာ အရှုံးပေးလို့ မရပါဘူး။ ဟန်ကျွယ် ရပ်လိုက်ရင် အရှေ့ဧကရာဇ်က ဘဝင်မြင့်လာပြီး ကောင်းကင်တာအိုထဲမှာ သူလုပ်ချင်ရာ လုပ်လို့ရတယ်လို့ ထင်သွားမှာပါ။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ အရှေ့ဧကရာဇ်ကို အသေဆော်ဖို့ လိုပါတယ်။

အကြိမ်တစ်ရာ။

အကြိမ်တစ်ထောင်။

အကြိမ်တစ်သောင်း။

အကြိမ်တစ်သိန်း။

အကြိမ်တစ်သန်း။

အရှေ့ဧကရာဇ်ဟာ မျှော်လင့်ချက် ကင်းမဲ့လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြိမ်တစ်သန်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးပေမဲ့ ချုပ်နှောင်ခံရတဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်သေးလို့ပါပဲ။

တာအိုပညာရှိတွေဟာ ဘာဖြစ်နေလဲ သေချာမသိပေမဲ့ အရှေ့ဧကရာဇ်ရဲ့ စွမ်းအားကြီး ရောင်ဝါက ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေတာကို ခံစားမိကြပါတယ်။ ဒီအချက်ကနေ အရှေ့ဧကရာဇ်က ဟန်ကျွယ်ကို ဘယ်လိုမှ မယှဉ်နိုင်ဘူးဆိုတာ တာအိုပညာရှိတွေ သိလိုက်ကြပါတယ်။

သတ်လို့မရတဲ့ ရန်သူကို ရင်ဆိုင်ရပေမဲ့ ဟန်ကျွယ်ဟာ ပင်ပန်းပုံ မပေါ်ပါဘူး။ ဆက်တိုက်ကို နှိပ်ကွပ်ပါတယ်။ တာအိုပညာရှိတွေကလည်း ဟန်ကျွယ်ကို ပြန်ပြီးတော့ တန်ဖိုး သတ်မှတ်ရပါတော့တယ်။ ဟန်ကျွယ်က တကယ်ကို ရက်စက်လွန်းတာပါ။ ဒီလိုရန်သူမျိုးကို ဘယ်သူမှ ရန်စချင်မှာ မဟုတ်ပါဘူး။ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်နဲ့ သူတို့က ရန်သူတွေ မဟုတ်ကြပါဘူး။

ရှီတုတောက်တောင် ချောက်ချားသွားပါတယ်။ ရှီတုတောက်ဟာ စွမ်းအားကြီးပြီး ပြိုင်ဘက်ကင်းတဲ့ ရန်သူကို မကြောက်ပါဘူး။ ဒါပေမဲ့ ရင်ဆိုင်ရခက်တဲ့ ရန်သူကိုတော့ ကြောက်ပါတယ်။ ဟန်ကျွယ် ပစ်မှတ်ထားတာကို ခံရရင် ကျိန်းသေပေါက် အိပ်မက်ဆိုး ဖြစ်မှာပါ။

အရှေ့ဧကရာဇ်ဟာ ဆက်တိုက် ပြန်ရှင်သန်ပေမဲ့ ဟန်ကျွယ်ကလည်း နောက်ကနေလိုက်ပြီး ထပ်ခါထပ်ခါ လိုက်သတ်ပါတယ်။ သေလိုက်ရှင်လိုက်နဲ့ အကြိမ်ဆယ်သန်း ပြည့်တဲ့အခါမှာတော့ အရှေ့ဧကရာဇ်ဟာ ဆက်ပြီးတော့ မခံနိုင်တော့ပါဘူး “ဟန်ကျွယ်... မင်းက တော်တော် ရက်စက်တာပဲ”

အရှေ့ဧကရာဇ်ဟာ အသံပြာကြီးနဲ့ အော်ဟစ်ပြီး ထပ်ပြီးတော့ သူ့ကိုယ်သူ ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အရှေ့ဧကရာဇ်ဟာ ပြန်မရှင်တော့ပါဘူး။ အဲဒီအစား မရေမတွက်နိုင်တဲ့ မီးလျှံတွေအသွင် ပြောင်းလဲပြီး အရပ်ဆယ်မျက်နှာကို လွင့်စင်ကာ ကောင်းကင်တာအိုကနေ ဖနောင့်နဲ့ တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးပါတော့တယ်။

ဒီဆန်းကြယ်စွမ်းအားက တော်တော်ကို ထူးဆန်းပါတယ်။ ဟန်ကျွယ်ဟာ အရှေ့ဧကရာဇ်ရဲ့ ရောင်ဝါကို အာရုံခံလို့ မရတော့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အရှေ့ဧကရာဇ်က ကောင်းကင်တာအိုထဲကနေ ထွက်ခွာသွားတာကို ရှင်းရှင်းလင်းလင်းကြီး အာရုံခံမိပါတယ်။

‘ဒီကောင်က ထွက်ပြေးသွားတာလား...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို အသုံးပြုတာတောင် အရှေ့ဧကရာဇ်ကို ရှာမတွေ့ပါဘူး။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ မပျော်တော့ပါဘူး။ ပထမတုန်းက ဟန်ကျွယ်ဟာ မဟာတာအို ဆန်းကြယ်စွမ်းအား အသစ်ကို သုံးသပ်နားလည်ပြီး အရှေ့ဧကရာဇ်ကို ဖိနှိပ်ကာ လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ ကံဆိုးစွာပဲ အရှေ့ဧကရာဇ်ဟာ အခြေအနေ မဟန်မှန်း သိတာနဲ့ တချိုးတည်း ထွက်ပြေးသွားပါတယ်။ ဟန်ကျွယ်ဟာ လွတ်လပ် တာအိုပညာရှိတစ်ပါးကို ဆုံးရှုံးလိုက်ရတဲ့အတွက် တော်တော်လေးကို မပျော်တော့ပါဘူး။

ဟန်ကျွယ်ဟာ အဝေးတစ်နေရာက တာအိုပညာရှိတွေကို လှမ်းကြည့်ပြီး ပြောလိုက်ပါတယ် “အရှေ့ဧကရာဇ်က ကောင်းကင်တာအိုကနေ ထွက်ခွာသွားပြီ၊ မင်းတို့တွေ စိုးရိမ်စရာ မရှိတော့ဘူး”

တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ ကောင်းကင်တာအိုပညာရှိ အနေနဲ့ အရှေ့ဧကရာဇ်ရဲ့ နေရာက လပ်ဟာသွားတာကို သူတို့တွေ ခံစားမိကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို စကားပြောချင်ပေမဲ့ ဟန်ကျွယ်ဟာ ကိစ္စပြီးတာနဲ့ ချက်ချင်း ထွက်ခွာသွားပါတယ်။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်လို့ ဟန်ကျွယ် ကမ္ဘာဖျက်ကြာနက်ပေါ်မှာ ထိုင်မိတယ်ဆိုရင်ပဲ အသိပေးချက်တစ်ခု ရောက်လာပါတယ်။

[သိကျွင်းသည် သင့်အား မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

‘ဟင်း... လုံးဝကို ရန်သူဖြစ်သွားပါ့လား...’ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။

အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ သိကျွင်းကို အကောင်းမြင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ သိကျွင်းရဲ့ အနာဂတ်က ကြမ္မာငင်နေပါတယ်။ သူ့ကို ကြယ်ခြောက်ပွင့်တောင် မုန်းတီးနေတဲ့အတွက် ဟန်ကျွယ်ဟာ သိကျွင်းကို အလွတ်မပေးနိုင်ပါဘူး။

ဟန်ကျွယ်ဟာ သူရဲဘောကြောင်တယ်ဆိုပေမဲ့ ကိုယ့်အကြောင်း ကိုယ်သိပါတယ်။ သူသာ ကောင်းကင်တာအိုကနေ မထွက်ခွာဘူးဆိုရင် သိကျွင်းက သူ့ကို သတ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီအစား သိကျွင်းသာ သူ့လက်ချက်နဲ့ အကြီးအကျယ် ဒုက္ခရောက်မှာပါ။

ဟန်ကျွယ်ဟာ အရှေ့ဧကရာဇ်ကို ချက်ချင်းကြီး ကျိန်စာမတိုက်ပါဘူး။ အချိန်တစ်ခုကြာမှ ကျိန်စာတိုက်မှာပါ။ အခုနေ တိုက်လိုက်ရင် သူ အမှောင်သခင်ကြီးဆိုတာ ပေါ်သွားနိုင်ပါတယ်။ တကယ်လို့ ကျိန်စာတိုက်ရင်လည်း သိကျွင်းကို အရင်ဆုံး သေအောင် ကျိန်စာတိုက်ပြီး အရှေ့ဧကရာဇ်ကို မျှော်လင့်ချက်ကင်းမဲ့အောင် လုပ်ပစ်မှာပါ။

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။ တစ်ချိန်တည်းမှာပဲ အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာမှာ ကပ်ဘေးအမျိုးမျိုး ဖြစ်ပေါ်နေပါတယ်။ တာအိုပညာရှိတွေရဲ့ တိုက်ပွဲအဟုန်က ကပ်ဘေးတစ်ခု ဖြစ်ပေါ်ဖို့ လိုအပ်တာထက်ကို ပိုနေပါသေးတယ်။ တာအိုပညာရှိတွေရဲ့ တိုက်ပွဲက ပြီးသွားပြီဆိုပေမဲ့ ကပ်ဘေးတွေကတော့ မပြီးသေးပါဘူး။ ဒါကြောင့် တာအိုပညာရှိတွေဟာ ရွေးချယ်စရာမရှိဘဲ ကပ်ဘေးတွေကို‌ ဖြေရှင်းရပါတယ်။ တာအိုပညာရှိတွေ လှုပ်ရှားတာတောင် သက်ရှိတွေ မရေမတွက်နိုင်အောင် သေကျေပျက်စီးသွားပါသေးတယ်။

တာအိုပညာရှိတွေဟာ ဒီကိစ္စအတွက် ဟန်ကျွယ်ကို အပြစ်မတင်ပါဘူး။ အပြစ်တင်စိတ်အစား လေးစားစိတ်ပဲ ရှိပါတယ်။ တကယ်လို့ ဟန်ကျွယ်သာ အရှေ့ဧကရာဇ်ကို လိုက်မသတ်ဘူးဆိုရင် အနာဂတ်မှာ သက်ရှိအားလုံး ဒီထက်ပိုပြီးတော့ ဒုက္ခရောက်ရမှာပါ။

အင်မော်တယ်ကမ္ဘာ၊ တိမ်ပင်လယ်ထက်။

ဟန်ယွီဟာ မန္တန်တွေ ဆက်တိုက်သုံးပြီး အောက်မှာရှိတဲ့ လူသားမြို့ကို မိုးရွာချပါတယ်။ အောက်ကလူသားမြို့မှာ တောက်လောင်နေတဲ့ ကောင်းကင်မီးဟာ ဟန်ယွီရွာချတဲ့ မိုးကြောင့် ငြိမ်းကုန်ပါတယ်။

ကောင်းကင်မီးက အရမ်းကို ကြမ်းပါတယ်။ ဧကရာဇ်အဆင့်ကို မရောက်ရင် ကောင်းကင်မီးကို ငြိမ်းသတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

လက်ရှိ လူသားမျိုးနွယ်စုက အားနည်းတဲ့အတွက် အင်မော်တယ်ဧကရာဇ် အရေအတွက်က လက်တစ်ဆုပ်စာပဲ ရှိပါတယ်။ လူသားမျိုးနွယ်စုရဲ့ အင်မော်တယ်ဧကရာဇ်တွေဟာ လူသားမြို့တိုင်းကိုသွားပြီး လူတိုင်းကို လိုက်ကယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ အပေါ်ကို မော့ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါ ဘယ်သူ့လက်ချက်လဲ၊ ငါတို့လူသားမျိုးနွယ်စုကို ဘယ်သူက ဒုက္ခပေးချင်နေတာလဲ’

ဟန်ယွီရဲ့ မျက်လုံးတွေဟာ ဒေါသကြောင့် နီရဲသွားပါတယ်။ ဟန်ယွီဟာ သေမျိုးကမ္ဘာက လာခဲ့တာ ဆိုပေမဲ့ သူ့ကိုယ်သူ အမြဲတမ်း လူသားတစ်ယောက်လို့ လက်ခံထားပါတယ်။ အင်မော်တယ်ကမ္ဘာကို လှည့်လည်သွားလာစဉ်အတွင်း လူသားတွေ ဒုက္ခရောက်နေတာတွေ့ရင် ဟန်ယွီဟာ တတ်နိုင်သလောက် ကူညီခဲ့တာချည်းပါပဲ။ ဒါကလည်း လီတောက်ခုံးရဲ့ ပယောဂ မကင်းပါဘူး။ လီတောက်ခုံးဟာ ဟန်ယွီကို တာအိုဟောကြားတိုင်း အနာဂတ်မှာ စွမ်းအားကြီးလာရင် လူသားတွေကို ဂရုစိုက်ဖို့ အမြဲတမ်း ပြောခဲ့ပါတယ်။

လီတောက်ခုံးဟာ လူသားမျိုးနွယ်စုက ဒီလိုမျိုး အခြေအနေကို မရောက်သင့်ဘူးလို့ ခံစားရပါတယ်။ ပြီးခဲ့တဲ့ ကပ်ဘေးမှာ တာအိုပညာရှိတွေရဲ့ ဝင်နှောင့်ယှက်မှုကြောင့်သာ မဟုတ်ရင် လူသားမျိုးနွယ်စုက ကောင်းကင်တာအို မျိုးနွယ်စု နေရာကို ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး။

တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တခြားမြို့က လူသားတွေကို ကယ်တင်ဖို့အတွက် ထွက်ခွာသွားပါတယ်။

တကယ်တော့ လူသားတွေတင် မဟုတ်ပါဘူး။ တခြားမျိုးနွယ်စု အသီးသီးက ကျင့်ကြံသူတွေဟာလည်း သူတို့မျိုးနွယ်စုကို ကယ်တင်ဖို့ နည်းလမ်းတွေ စဉ်းစားနေကြတာပါ။ ဟန်ကျွယ်နဲ့ အရှေ့ဧကရာဇ်ရဲ့ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ကပ်ဘေးဟာ အင်မော်တယ်ကမ္ဘာကို ရေတိုငြိမ်းချမ်းရေး ရသွားစေပါတယ်။ တစ်နှစ်မပြည့်ခင်မှာပဲ တာအိုပညာရှိတွေရဲ့ ကူညီမှုနဲ့ အနန္တကမ္ဘာက သဘာဝကပ်ဘေးတွေကို ရှင်းလင်းလိုက်နိုင်ပါတယ်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အကြောဆန့်လိုက်ပါတယ်။

“ဝင်လာခဲ့”

တာအိုဘုံကျောင်း အပြင်မှာ လေးနှစ်ကြာ ဒူးထောက်နေတဲ့ လုံဟောင်ဟာ ဟန်ကျွယ်စကားကို ကြားတာနဲ့ စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲ ဝင်လာပါတယ်။ လုံဟောင်ဟာ တာအိုဘုံကျောင်းထဲကို ရောက်တာနဲ့ ဟန်ကျွယ်ကို ဦးညွှတ်ပြီး ပြောလိုက်ပါတယ် “ဆရာသခင်... ကျွန်တော် ကျင့်ကြံမှုက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်မှာ တစ်နေတယ်၊ ထပ်ပြီးတော့ မတိုးတော့ဘူး၊ ကျွန်တော် အပြင်ထွက်လို့ရမလား၊ ဟောင်တျန် ပြောတာတော့ ကျွန်တော် အဆင့်တက်ဖို့ သူ့မှာ နည်းလမ်းရှိတယ်တဲ့”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters