မူလလောကဦး၊ လောကဦး ပဋိပက္ခ နတ်ဘီလူး
Vol. 60 Ch. 650
“တာအိုပညာရှိတစ်ပါးပါးက သေချင်ယောင် ဆောင်တယ်လို့ ပြောချင်တာလား...” ဂိုဏ်းချုပ်တျန်ကျွယ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။ လီတောက်ခုံးက သရော်လိုက်ပါတယ် “ခင်ဗျားတို့ တာအိုပညာရှိတွေက တော်တော် သရုပ်ဆောင် ကောင်းတာပဲ”
ချုံရှီလိုင်က ပြောလိုက်ပါတယ် “တာအိုပညာရှိ မင်ကျွယ်နဲ့ တာအိုပညာရှိ ကျင်အန်းက တာအိုပညာရှိအရူး ဖြစ်ပြီးမှ သေသွားတာ၊ လီမုယဲ့က တာအိုရောင်းရင်းဟန် သတ်တာကို ခံလိုက်ရတာ၊ ဒါဆို နွီဝါနဲ့ ဖူရှီပဲ ကျန်တော့တယ်၊ အထူးသဖြင့် ဖူရှီပဲ၊ သူသေတာကို ငါတို့တွေ ကိုယ်တိုင် မြင်ခဲ့ရတာ မဟုတ်ဘူး”
‘ဖူရှီ...’ ဖန်းလျန်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပြီး မျက်လုံးလှုပ်သွားပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်က ဇဝေဇဝါနဲ့ ပြောလိုက်ပါတယ် “ဖူရှီက ကောင်းကင်တာအို ပညာရှိတွေ အထဲမှာ အားအနည်းဆုံး မဟုတ်ဘူးလား၊ သူက ဘယ်လိုလုပ်ပြီး ငါတို့ထက် စွမ်းအားကြီးနိုင်မှာလဲ၊ သူ အခွင့်အရေး ကြီးကြီးမားမားတစ်ခု ရသွားတယ်ဆိုရင်တောင် အချိန်တိုအတွင်း သူ့စွမ်းအားက ဒီလောက်ကြီး မတိုးတက်နိုင်ဘူး၊ တာအိုရောင်းရင်းဟန်တောင် ဒီလောက် မမြန်ဘူး”
တခြားတာအိုပညာရှိတွေကလည်း ဆွေးနွေးကြပါတယ်။
“ဟုတ်တယ်... ဒါက မဖြစ်နိုင်ဘူး...”
“ဖူရှီမဟုတ်ရင် နွီဝါများလား...”
“ဧကရီနွီဝါက တကယ်ကို နက်နဲတာ၊ ပြီးခဲ့တစ်ခေါက် ငါတို့တွေ သူ့ကို သတ်လိုက်တုန်းက လွယ်လွန်းတယ်လို့ ငါ ခံစားရတယ်”
“နွီဝါက မသေသေးတာများလား...”
“ဟုတ်တယ်၊ နွီဝါပဲ ဖြစ်ရမယ်၊ နွီဝါ သေပြီးနောက်ပိုင်း ငါတို့တွေ သူ့လောကဦး ခရမ်းရောင်ချီကို ရှာလို့မှ မတွေ့တာ၊ ဒါက ဘာအဓိပ္ပာယ်လဲဆိုတာ သိသာနေတာပဲ”
“ဒါဆို ငါတို့တွေ ဘာလုပ်ကြမလဲ၊ နွီဝါကို ရှာကြမှာလား...”
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေက အမှန်တရားတချို့ကို ရှာတွေ့သွားကြတဲ့အတွက် ကျေနပ်သွားပါတယ်။
ဖန်းလျန်က ပြောလိုက်ပါတယ် “နွီဝါကိုရှာဖို့က မဖြစ်နိုင်ဘူး၊ တစ်ဖက်လူက ဧကရီဟုတ်ထိုကို တိုက်ခိုက်ရဲမှတော့ ကောင်းကင်တာအိုကို ပစ်မှတ်ထားနေတယ်ဆိုတာ သေချာတယ်၊ ကျွန်တော်တို့တွေ ငရဲပြည်ရဲ့ ခံစစ်ကို တိုးချဲ့ရမယ်”
တောင်ဘက်စွန်း ကောင်းကင်အရှင်က မေးလိုက်ပါတယ် “ဘယ်လို တိုးချဲ့မှာလဲ၊ ငါတို့ တာအိုပညာရှိတွေမှ ငရဲပြည်ကို သွားလို့မရတာ၊ တာအိုပညာရှိအတု သွားရင်လည်း စတေးခံပဲ ဖြစ်မှာ”
“ကျွန်တော်မှာ အစီအစဉ်တစ်ခု ရှိတယ်၊ အဲဒါက အင်မော်တယ်ကမ္ဘာနဲ့ ငရဲပြည်ကြားမှာရှိတဲ့ သေမျိုးကမ္ဘာ အရေအတွက်ကို တိုးချဲ့ဖို့ပဲ၊ ဒီလိုဆိုရင် ကောင်းကင်တာအို ကံတရား အထောက်အပံ့က ငရဲပြည်ကို ကာကွယ်ပေးလိမ့်မယ်၊ ငရဲပြည်မှာ ကောင်းကင်တာအိုရဲ့ စွမ်းအား ကြီးမားလေလေ ရန်သူတွေ ကျူးကျော်ဖို့ ခက်လေလေပဲ”
ဖန်းလျန်ရဲ့ အစီအစဉ်က တာအိုပညာရှိတွေကို တွေးဆသွားစေပါတယ်။ ဒါပေမဲ့ သေမျိုးကမ္ဘာတစ်ခုကို ပျိုးထောင်တာက ရေရှည်လုပ်ရမဲ့ကိစ္စပါ။ အချိန်တိုအတွင်း မပြီးစီးနိုင်ပါဘူး။
ဧကရာဇ်ရှောင်က ရုတ်တရက် ပြောလိုက်ပါတယ် “သေမျိုးကမ္ဘာကို ပျိုးထောင်တာက အဆင်ပြေတယ်၊ ဒါပေမဲ့ အချိန်ကြာတယ်၊ အခုအချိန်မှာ အကောင်းဆုံး နည်းလမ်းက မိုးကောင်းကင်မျိုးနွယ်စုကို ငရဲပြည် ရွှေ့လိုက်တာပဲ၊ ဘာပဲဖြစ်ဖြစ် မိုးကောင်းကင်မျိုးနွယ်စုက ကောင်းကင်တာအို မျိုးနွယ်စုလေ”
တာအိုပညာရှိတွေဟာ ဧကရာဇ်ရှောင်ကို တအံ့တဩ ကြည့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးကောင်းကင်မျိုးနွယ်စုသာ ငရဲပြည်ကို ရွှေ့ပြောင်းလိုက်မယ်ဆိုရင် အင်မော်တယ်ကမ္ဘာကို ဆက်ပြီးတော့ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါဆို အင်မော်တယ်ကမ္ဘာကို ဘယ်သူက ဆက်ပြီးတော့ ထိန်းချုပ်မှာလဲ။
တာအိုပညာရှိတွေဟာ ဖန်းလျန်ကို ပြန်ကြည့်လိုက်ကြပါတယ် ‘ဒီနှစ်ယောက်က ပေါင်းကြံနေတာလား...’ ဟန်ကျွယ်ကတော့ မျက်နှာသေနဲ့ ထိုင်နေပြီး တစ်ခုခုမှားတယ်လို့ မခံစားရပါဘူး။
တကယ်တော့ ဒီနည်းလမ်းက အခုအချိန်မှာ ငရဲပြည်မှာရှိတဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို တိုးတက်စေနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ ဖန်းလျန်က လက်ရှိ အခြေအနေကို အခွင့်ကောင်းယူလိုက်တာပါ။
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ဟန်ကျွယ်ကို ကြည့်ပြီး မေးလိုက်ပါတယ် “ဒီကိစ္စကို ဘယ်လိုထင်လဲ တာအိုရောင်းရင်းဟန်...”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “နှစ်ခုစလုံး သုံးလို့ရတယ်၊ ကောင်းကင်တာအို ကပ်ဘေးအတွင်းမှာ ငါတို့ရဲ့ အကျိုးအမြတ်တွေကို ဘေးချပြီး ကောင်းကင်တာအိုအတွက်ပဲ စဉ်းစားကြရအောင်၊ ဘယ်အစီအစဉ်ကမှ ငါတို့ရဲ့ အကျိုးအမြတ်တွေနဲ့ ဆုံးရှုံးမှုတွေကို အကြွင်းမဲ့ ဖြစ်ပေါ်စေမှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ ဖန်းလျန် စိတ်ထင်တိုင်း လျှောက်လုပ်မှာကို မကြောက်ပါဘူး။ တကယ်လို့ ထင်ရာစိုင်းမဲ့ စရိုက်လက္ခဏာမျိုး ပြလာခဲ့ရင် ဟန်ကျွယ်ဟာ ဖန်းလျန်ကို လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်မှာပါ။ တခြားတာအိုပညာရှိတွေကလည်း ဖန်းလျန်ရဲ့ အစီအစဉ်ကို မကန့်ကွက်ကြပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ ကျန်တဲ့ဆွေးနွေးပွဲမှာ ဝင်မပါတော့ဘဲ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ တာအိုပညာရှိတွေက ခပ်မြန်မြန် လှုပ်ရှားကြပါတယ်။ လအနည်းငယ် အတွင်းမှာပဲ တာအိုပညာရှိတွေဟာ သူတို့ရဲ့ တပည့်ရင်းတွေကို အင်မော်တယ်ကမ္ဘာရဲ့ အောက်ခြေကို လွှတ်ပြီး ငရဲပြည်ကို ချဉ်းကပ်ကာ ကမ္ဘာတွေ ဖွင့်လှစ်ခိုင်းပါတယ်။
ယင်ယန် လောကနှစ်ခုက ဆန့်ကျင်ဘက်ဆိုပေမဲ့ တူညီတဲ့ အခြေခံစည်းမျဉ်းတော့ ရှိပါတယ်။ ဒါ့အပြင် မိုးကောင်းကင် မျိုးနွယ်စုကလည်း ငရဲပြည်ကို စပြီးတော့ ရွှေ့ပြောင်းပါတယ်။ တာအိုပညာရှိတွေရဲ့ အစီအစဉ်ကို ရင်ဆိုင်ရတဲ့အခါမှာ ဂျိရှင်းရှန်ဟာ မေးခွန်းတောင် မထုတ်ရဲဘဲ ဗိုင်းကောင်းကျောက်ဖိ လူလိမ္မာလေး ဖြစ်သွားပါတယ်။ တကယ်တော့ ဖန်းလျန် တာအိုပညာရှိ ဖြစ်လာတဲ့နေ့မှာပဲ ဂျိရှင်းရှန်ဟာ သူရှုံးသွားပြီဆိုတာကို သိလိုက်ပါတယ်။
လူသားမျိုးနွယ်စုဟာ နဂါးမျိုးနွယ်စုကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး နှစ်တစ်ရာကျော် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီတိုက်ပွဲဟာ ပြီးဆုံးသွားပြီး နဂါးမျိုးနွယ်စုမှာ ခေါင်းဆောင်အသစ် ထွက်ပေါ်လာပါတယ်။ ဒီခေါင်းဆောင်အသစ်ကတော့ လုံဟောင်ပါ။ တစ်ချိန်တည်းမှာပဲ လူသားမျိုးနွယ်စုနဲ့ နဂါးမျိုးနွယ်စုဟာ မဟာမိတ်ဖွဲ့လိုက်ကြပါတယ်။
ဒီကိစ္စကို အင်မော်တယ်ကမ္ဘာကို တော်တော်လေး ပွက်လောရိုက်သွားစေပါတယ်။ နဂါးမျိုးနွယ်စုဟာ အုတ်မြစ်ခိုင်တဲ့ ပထမတန်းစား မျိုးနွယ်စုပါ။ ဒါပေမဲ့ ဒီလိုမျိုးနွယ်စုက လူသားတွေကို ရှုံးနိမ့်သွားခဲ့ပါတယ်။
အတွင်းကျကျသိတဲ့ သက်ရှိတွေကတော့ တိတ်ဆိတ်ဂိုဏ်းရဲ့ ကြောက်မက်ဖွယ် စွမ်းအားကိုကြည့်ပြီး လန့်သွားကြပါတယ်။ ပထမတော့ လူသားမျိုးနွယ်စုဟာ နဂါးမျိုးနွယ်စုကို မယှဉ်နိုင်ပါဘူး။ ဒီတိုက်ပွဲကြောင့် ကြီးကြီးမားမား ဆုံးရှုံးသွားခဲ့ပါတယ်။ ဒါကြောင့် လုံဟောင်ဟာ ရွေးချယ်စရာ မရှိဘဲ မယ်တော်ဂိုဏ်းကို အကူအညီ တောင်းရပါတော့တယ်။ မယ်တော်ဂိုဏ်း တိုက်ခိုက်တာနဲ့ မိုးကောင်းကင်မျိုးနွယ်စု၊ ချန်ကျောင်းတော်နဲ့ ကျယ်ကျောင်းတော်တို့ကလည်း နဂါးမျိုးနွယ်စုကို ဝိုင်းတိုက်ကြပါတယ်။ နဂါးမျိုးနွယ်စုဟာ တိုက်ပွဲမစခင်မှာဘဲ ဖိအားကို တောင့်မခံနိုင်တာကြောင့် တစ်ခါတည်း အလံဖြူ ပြသွားပါတယ်။
ဒီကိစ္စရဲ့ ပွက်လောရိုက်မှုက မကြာခင်မှာပဲ ငြိမ်သက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီထက်ပိုကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်သွားလို့ပါပဲ။ အဲဒါက မိုးကောင်းကင်မျိုးနွယ်စု ငရဲပြည်ကို ရွှေ့ပြောင်းတာပါ။ မိုးကောင်းကင်မျိုးနွယ်စု ငရဲပြည်ကို ရွှေ့သွားတာနဲ့ ဖန်းလျန် ထိန်းချုပ်တဲ့ ကောင်းကင်တာအိုဂိုဏ်းဟာ သူတို့ကိုယ်သူတို့ အင်မော်တယ် နတ်ဘုရားတွေလို့ခေါ်ပြီး ကောင်းကင်နိယာမတွေကို ဦးစီးပါတော့တယ်။ ဒါက တာအိုပညာရှိနဲ့ သေမျိုးကြားက အဓိက ကွာခြားချက်ပါ။
တာအိုပညာရှိတစ်ပါးဟာ ကောင်းကင်တာအိုမှာရှိတဲ့ အနန္တကမ္ဘာရဲ့ အခွင့်အာဏာကို စကားလုံးတစ်လုံး နှစ်လုံးတည်းနဲ့ ဆုံးဖြတ်နိုင်ပါတယ်။ အားသုံးပြီး ခြိမ်းခြောက်စရာတောင် မလိုပါဘူး။
လျှပ်တစ်ပြက်အတွင်း နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သူ့အကျင့်အတိုင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
ဟန်ထော်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်တို့က အဆော်ခံနေရတုန်းပါ။ သူတို့နှစ်ယောက်ရဲ့ ဘဝက ဘယ်လောက်တောင် ခါးသီးလိုက်မလဲ။ ဒါပေမဲ့ ဟန်ထော်ဟာ ဒီလောက် အဆော်ခံနေရတာတောင် သူ့ကျင့်ကြံမှုက လျင်လျင်မြန်မြန် တိုးတက်လာပါတယ်။ အခုဆိုရင် ဟန်ထော်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ တိုက်ပွဲက ကျင့်ကြံမှုတက်ဖို့ အသုံးဝင်ဆုံး နည်းလမ်းပါ။
စာစောင်တွေကို ဖတ်ပြီးနောက် ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “နောက်ကျရင် ဖန်းလျန်က ငါ့ရန်သူ ဖြစ်လာမှာလား”
ကောင်းကင်တာအိုဂိုဏ်းက အင်မော်တယ်တွေကို ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းနေတာကြောင့် ဟန်ကျွယ်ဟာ ဒီမေးခွန်းကို မေးလိုက်တာ ဖြစ်ပါတယ်။
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ကျွတ်..ကျွတ်... ဒီကောင်လေးက ကောင်းကင်တာအိုတန်ဖိုးနဲ့တောင် ညီမျှသွားပြီလား...’
ဆက်တွက်မယ်။
[မဖြစ်ပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဟန်ကျွယ် ဖန်းလျန်ကို ဘာမှမလုပ်တာက ဖန်းလျန်ကို ယုံကြည်ထားလို့ပါ။ ဖန်းလျန်က တာအိုဘိုးဘေး ဖြစ်လာပေမဲ့ သူ့ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေကိုတော့ ထုတ်ပြောမှာ မဟုတ်ပါဘူး။
“ဖန်းလျန်က ကောင်းကင်တာအိုကို သစ္စာဖောက်နိုင်လား”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[သစ္စာမဖောက်ပါ။]
ရှင်းလင်းတိကျတဲ့ အဖြေကို ရရှိပြီးနောက် ဟန်ကျွယ်ဟာ လုံးဝကို စိတ်သက်သာရာ ရသွားပါတယ်။ ဒါပေမဲ့ ဒီတွက်ချက်မှုက ဖန်းလျန်ကိုပဲ ရည်ညွှန်းတာပါ။ တာအိုဘိုးဘေးရဲ့ အဓိက ရည်ရွယ်ချက်ကိုတော့ ဟန်ကျွယ် မတွက်ချက်နိုင်သေးပါဘူး။
ဟန်ကျွယ်ဟာ ငရဲပြည်ကို ကြည့်လိုက်ပါတယ်။ မိုးကောင်းကင်မျိုးနွယ်စု ငရဲပြည်ကို ရွှေ့သွားကတည်းက ကောင်းကင်တာအို ကံတရား အထောက်အအပံ့ တော်တော်များဟာ ငရဲပြည်မှာ ထိုးထွက်လာတာကြောင့် အရင်လို တိမ်မည်းတွေ မဖုံးတော့ပါဘူး။ နေရောင်ခြည်တောင် ဖြာကျလာပါတယ်။
ကံတရား အထောက်အပံ့ကြောင့် ဖြစ်ပေါ်လာတဲ့ အလင်းရောင်နဲ့ ပြန်လည်မွေးဖွားခြင်း စွမ်းအား တိုးတက်သွားတာကြောင့် ငရဲပြည်ဟာ အစီအစဉ်တကျ ပြန်ဖြစ်သွားပါတယ်။ သရဲနတ်တွေလည်း ဒီအကျိုးကျေးဇူးကို ခံစားရပါတယ်။ မိုးကောင်းကင် မျိုးနွယ်စုရဲ့ အင်မော်တယ်တွေပဲ မပျော်ကြတာပါ။ သူတို့ရဲ့ အကျိုးအမြတ်တွေ ထိခိုက်သွားတာကိုး။ အကျဉ်းချုပ်ရရင် အကုန်လုံးက ကောင်းတဲ့လားရာကို ရွှေ့လျားနေပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ ငရဲပြည်ကို ဖြတ်ကျော်ပြီး အမှောင်တားမြစ်နယ်မြေကို ကြည့်လိုက်ပါတယ်။
‘ဟင်...’ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် ရှာတွေ့သွားပါတယ်။ ကျောက်ကမ္ပည်းတိုင်နဲ့ ခေါင်းတလားတစ်ခုပါ။ ခေါင်းတလား အပေါ်မှာ သရဲတွေ အချိန်မရွေး ပြေးထွက်လာနိုင်တဲ့ ပုံစံမျိုး ထူးဆန်းတဲ့ သင်္ကေတမျိုးစုံကို ထွင်းထားပါတယ်။
ဒီခေါင်းတလားကို တွေ့လိုက်ရတဲ့အခါမှာ ဟန်ကျွယ်ဟာ အလိုလို ချောက်ချားသွားပါတယ်။ ဟန်ကျွယ်ဟာ ဒီခေါင်းတလားနဲ့ ကျောက်ကမ္ပည်းတိုင်ရဲ့ ရောင်ဝါကို လုံးဝ အာရုံမခံမိပါဘူး။ ဟန်ကျွယ်သာ တိုက်တိုက်ဆိုင်ဆိုင် မမြင်ဘူးဆိုရင် ဒီပစ္စည်းတွေကို ရှာတွေ့ဖို့ အချိန်အတော်ကြာ ယူရမှာပါ။
ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပေမဲ့ ခေါင်းတလားရဲ့ ဇာစ်မြစ်ကို တွက်ချက်လို့ မရပါဘူး။ ဟန်ကျွယ်လည်း ရွေးချယ်စရာမရှိဘဲ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ်။
[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘တန်ဖိုးက များလှချည်လား... ဘိုးဘေးရှီတျန်ထက်တောင် တန်ဖိုးပိုကြီးနေတယ်’ ဟန်ကျွယ်ဟာ ရင်ပိုထိတ်သွားပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
[မူလလောကဦး: လောကဦး ပဋိပက္ခနတ်ဘီလူးမှ အသွင်ပြောင်းလဲ လာခဲ့သည်။ လောကဦး ပဋိပက္ခ နတ်ဘီလူးသည် နတ်ဘီလူးသုံးထောင်ထဲ၌ ပန်ကူး၏ နောက်ဆုံး ပြိုင်ဘက် ဖြစ်သည်။ ပန်ကူးကို ရှုံးနိမ့်ပြီးနောက် မိမိကိုယ်ကိုယ် စတေးပြီး လောကဦး ပဋိပက္ခဘုံ အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထို့ကြောင့် မဟာတာအိုသည် ထာဝရ တည်ရှိနိုင်၏။ လောကဦးချီကို စုပ်ယူပြီးနောက် လောကဦး ပဋိပက္ခ နတ်ဘီလူးသည် လောကဦးနတ်ဘီလူး အဖြစ်သို့ အသွင်ပြောင်းလဲသွားလိမ့်မည်။]
[လောကဦး ပဋိပက္ခ ကမ္ပည်းတိုင်: လောကဦး ပဋိပက္ခ နတ်ဘီလူး၏ မွေးရာပါ အကောင်းစား ရတနာဖြစ်ပြီး လောကဦးပဋိပက္ခဘုံ သက်ရှိအားလုံး၏ ဓမ္မစွမ်းအားကို စုပ်ယူနိုင်သည်။]
‘ဒီကောင်က လောကဦး နတ်ဘီလူး ဖြစ်လာနိုင်တာလား...’ ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပါတယ် ‘ဒီလိုဆို တာအိုဘိုးဘေးက ငါ့ကို ပစ်မှတ်ထားနေတာ မဟုတ်ဘူးပေါ့’
လောကဦးပဋိပက္ခ နတ်ဘီလူးက ပန်ကူးရဲ့ နောက်ဆုံးပြိုင်ဘက် ဖြစ်တဲ့အတွက် နတ်ဘီလူးသုံးထောင်ထဲမှာ ဒုတိယအဆင့် ရှိပါတယ်။
ဟန်ကျွယ်ဟာ သတိကြီးစွာနဲ့ မေးလိုက်ပါတယ် “သူ ဘယ်အချိန်ကျရင် ကောင်းကင်တာအိုထဲ ဝင်လာမှာလဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။