ငါက မင်းကို တန်ဖိုးအထားဆုံးပဲ
Vol. 61 Ch. 657
“ဝေါင်း...” ပေတစ်သောင်းကျော် မြင့်မားတဲ့ ဧရာမဘီလူးကြီးဟာ လှောင့်ချိုင်ကို ချိုးဖျက်ပြီး ထွက်လာတဲ့ သားရဲတစ်ကောင်လို အသံဩဩကြီးနဲ့ ဟိန်းဟောက်လိုက်ပါတယ်။ ဒီဧရာမဘီလူးကြီးဟာ ရိုင်းစိုင်းကြမ်းကြုတ်တဲ့ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။
ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်။
ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ မျက်ခုံးလှုပ်သွားပါတယ်။ ဒါပေမဲ့ အော်ဟစ်ပြီး အမိန့်ပေးလိုက်ပါတယ် “တိုက်ကြ” ကောင်းကင်စစ်သား ထောင်သောင်းချီဟာ သူတို့ရဲ့ ဆန်းကြယ်စွမ်းအားတွေကို တစ်ယောက်ပြီး တစ်ယောက် အသုံးပြုလိုက်ပါတယ်။
ပေတစ်သောင်းကျော် မြင့်မားတဲ့ ဧရာမဘီလူးကြီးနောက်က အာကာသတွင်းဟာ လျင်မြန်စွာ ကျယ်ပြန့်သွားပြီး ကပ်ဘေးမျိုးနွယ်စုက မရေမတွက်နိုင်တဲ့ သက်ရှိတွေ ထွက်ပေါ်လာပါတယ်။ ကပ်ဘေးမျိုးနွယ်စုဟာ ဘာကိုမှ ဂရုမစိုက်ဘဲ တိုက်ခိုက်တာကြောင့် တစ်ခဏအတွင်းမှာပဲ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပေါ်လာပါတော့တယ်။ တိုက်ပွဲအရှိန်ကြောင့် နွေဦးဝါမှာ ဖြစ်ပေါ်လာတဲ့ လှိုင်းလုံးကြီးတွေကလည်း အချိန်အတော်ကြာတဲ့အထိ မငြိမ်သက်နိုင်ပါဘူး။ ကပ်ဘေးမျိုးနွယ်စုဟာ တာအိုပညာရှိအတု ဆယ့်သုံးပါးနဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ရာချီကို ရှေ့ပြေးတပ်အနေနဲ့ တိုက်ခိုက်စေပါတယ်။
သူတို့ရဲ့ အရှိန်အဟုန်က ကြီးမားလွန်းပြီး ပြီးခဲ့တဲ့ မီးလျှံမျိုးနွယ်စုထက် ပိုစွမ်းအားကြီးပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ကောင်းကင်တာအိုဘက်ကလည်း ကြိုတင်ပြင်ဆင်ထားပြီးပါပြီ။ မိုးကောင်းကင် မျိုးနွယ်စု၊ ကောင်းကင်တာအိုဂိုဏ်းနဲ့ ငရဲပြည်က ကျင့်ကြံသူတွေဟာ စစ်ပွဲအတွင်းကို ဝင်ရောက်လာကြပါတယ်။ ဒီသတင်းဟာ အင်မော်တယ်ကမ္ဘာကို လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။
ကံတရား အထောက်အပံ့ခုံမှာ စာရင်းဝင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း ငရဲပြည်ကို အပြေးအလွှားသွားကြပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တိုင်းက အင်မော်တယ်ကမ္ဘာနဲ့ တာအိုပညာရှိဂိုဏ်းက မဟုတ်ကြပါဘူး။
စွမ်းအားကြီးပုဂ္ဂိုလ် အများစုက ကိုယ်အုပ်စုနဲ့ကိုယ် ရှိကြပြီး ရည်မှန်းချက်လည်း ကြီးမားကြပါတယ်။ ပြီးခဲ့တဲ့ မီးလျှံမျိုးနွယ်စုနဲ့ တိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ပြီး ရှင်ကျန်ရစ်တဲ့သူတိုင်း ကောင်းကင်တာအို ကုသိုလ်ကံကို ရလိုက်ကြပါတယ်။ ဒီကိစ္စကို စွမ်းအားကြီးပုဂ္ဂိုလ်တွေက စိတ်ဝင်စားပါတယ်။ ဒါကြောင့် စွမ်းအားကြီးပုဂ္ဂိုလ်တွေ တိုက်ပွဲအတွင်း ဝင်လာတာက ကောင်းကင်တာအိုကို ကာကွယ်ရုံတင် မဟုတ်ဘဲ ကောင်းကင်တာအို ကုသိုလ်ကံအတွက် တိုက်ခိုက်တာလည်း ပါပါတယ်။
“မီးလျှံမျိုးနွယ်စုပြီးတော့ ကပ်ဘေးမျိုးနွယ်စုလို့ခေါ်တဲ့ မျိုးနွယ်စုတစ်စုက ပဋိပက္ခကနေ နောက်ထပ် လာတိုက်တယ်၊ ဒီတစ်ခါ စစ်မြေပြင်က ငရဲပြည်ပဲ၊ ကျင့်ကြံသူအားလုံး သွားရောက်တိုက်ခိုက်ဖို့ ငါ မျှော်လင့်တယ်၊ ကောင်းကင်တာအိုနဲ့ ပြန်လည်မွေးဖွားခြင်း စက်ဝန်းကို ကာကွယ်ကြပါ”
“ကောင်းကင်တာအိုက ပိုပိုပြီး အင်အားကြီးလာတဲ့အတွက် အရင်ကမရှိခဲ့တဲ့ ပြောင်းလဲမှုတွေ စဖြစ်နေပြီ၊ အနာဂတ်မှာ တာအိုပညာရှိနေရာက ကိုးနေရာထက် ပိုလာလိမ့်မယ်၊ တာအိုပညာရှိထက် ကျော်လွန်တဲ့ တည်ရှိမှုလည်း ထွက်ပေါ်လာလိမ့်မယ်၊ ငါတို့ ကောင်းကင်တာအို သက်ရှိတွေက စည်းလုံးညီညွတ်သင့်တယ်၊ ဒီကပ်ဘေးက ကောင်းကင်တာအို ရင်ဆိုင်ရမဲ့ နောက်ဆုံးကပ်ဘေး မဟုတ်ဘူး၊ ဒီကပ်ဘေးက ကောင်းကင်တာအို အင်အားကြီးလာဖို့အတွက် အခွင့်အရေးဆိုရင်လည်း မမှားဘူး”
ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံဟာ အနန္တကမ္ဘာကို ပဲ့တင်ထပ်သွားပြီး အုတ်အော်သောင်းတင်း ဖြစ်သွားစေပါတယ်။ တာအိုပညာရှိတွေအတွက် ဒီကပ်ဘေးက ခပ်မြန်မြန် ရောက်လာတာပါ။ ဒါပေမဲ့ သက်ရှိအားလုံးအတွက်တော့ မီးလျှံမျိုးနွယ်စု ကပ်ဘေးက အလွန်ရှေးကျတဲ့ ဒဏ္ဍာရီတစ်ခု ဖြစ်နေပါပြီ။ ဒါပေမဲ့ ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားက ဖြားယောင်းသွေးဆောင်မှုတွေ အပြည့်ပါပဲ။ သက်ရှိတွေကို ခမ်းနားကြီးကျယ်တဲ့ ခေတ်တစ်ခေတ် အကြောင်း ပြောပြပြီး အသေအကြေ တိုက်ခိုင်းတာဆိုရင်လည်း မှားမယ် မထင်ပါဘူး။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ကောင်းကင်အရှင်ရွှမ်တုက လူတွေကို အရူးလုပ်တဲ့နေရာမှာ တော်တော်လေးကို တော်တာပဲ’
ဟန်ကျွယ်ဟာ ဒီကိစ္စကို စိတ်မဝင်စားဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ရဲ့ နှစ်တစ်ထောင် ကျင့်ကြံမှုက တစ်ဝက်ပဲ ပြီးပါသေးတယ်။ ဒါကြောင့် ဆက်အားထုတ်ရပါဦးမယ်။ ကောင်းကင်ပြိုကျရင်တောင် တာအိုပညာရှိတွေ မ,ပါလိမ့်မယ်။ ဟန်ကျွယ်မှာ စိုးရိမ်စရာ ဘာမှမရှိပါဘူး။
ဟန်ကျွယ်ဟာ ကလေးထိန်း မဖြစ်ချင်ပါဘူး။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးပြီး မကြာခင်မှာ နှစ်တစ်ထောင် ပြည့်သွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ထပ်တိုးတက်သွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး လှမ်းကြည့်လိုက်တဲ့အခါ ငရဲပြည်က လုံးဝကို ဝရုန်းသုန်းကား ဖြစ်နေတာ တွေ့လိုက်ရပါတယ်။ နှစ်ရာချီတိုက်ပွဲမှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ ကျဆုံးခဲ့ပါတယ်။
ကပ်ဘေးမျိုးနွယ်စုက တကယ်ကို စွမ်းအားကြီးတာပါ။ မီးလျှံမျိုးနွယ်စုနဲ့ နှိုင်းယှဉ်ရင် ပိုစွမ်းအားကြီးရုံသာမက သူတို့ရဲ့ အလတ်တန်း အင်အားကလည်း အလျှံပယ်ပါပဲ။ ကောင်းကင်တာအိုက တိုက်ပွဲတိုင်းမှာ အမြဲတမ်း ရှုံးနိမ့်ပြီး ယမမင်းခန်းကို ကပ်ဘေးမျိုးနွယ်စုဆီ ပေးလိုက်ရပါတယ်။ လက်ရှိငရဲပြည်က ကပ်ဘေးမျိုးနွယ်စုရဲ့ နောက်ဖေးဥယျာဉ် ဖြစ်နေပါပြီ။ ဒါပေမဲ့ ထူးဆန်းစွာပဲ ကပ်ဘေးမျိုးနွယ်စုက သေမျိုးကမ္ဘာနဲ့ အင်မော်တယ်ကမ္ဘာကို ဆက်ပြီးတော့ မကျူးကျော်ပါဘူး။
တာအိုပညာရှိဂိုဏ်းတွေဟာ တပည့်တွေကို ဆက်တိုက် စေလွှတ်ပြီး ငရဲပြည်ကို တိုက်ခိုက်နေတုန်းပါ။ ဒီကပ်ဘေးအတွင်းမှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေလည်း ထွက်ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဧကရီဟုတ်ထို၊ စုချီ၊ ရန်ထျန်တုန်းနဲ့ တခြားငရဲပြည်က ခေါင်းဆောင်တွေ အကျဉ်းချခံထားရတာကို တွေ့လိုက်ရပါတယ်။
ဒီအကျဉ်းထောင်က နွေဦးဝါရဲ့ အောက်ခြေမှာ တည်ရှိပြီး ကပ်ဘေးမျိုးနွယ်စုဝင် သန်းချီက စောင့်ကြပ်နေပါတယ်။ ဒီစောင့်ကြပ်တဲ့အထဲမှာ တာအိုပညာရှိအတု တစ်ပါးလည်း ပါဝင်ပါတယ်။ ကုန်ကုန်ပြောရရင် လုံခြုံရေး တင်းကျပ်တာထက်ကို ပိုပါတယ်။
ငရဲပြည် အပြင်ဘက်က အာကာသတွင်းရှေ့မှာ ကပ်ဘေးမျိုးနွယ်စုရဲ့ မြို့တစ်မြို့ ရှိနေပါတယ်။ မြို့ထဲက အလွန်စွမ်းအားကြီးတဲ့ ရောင်ဝါကို ဟန်ကျွယ် ခံစားမိပါတယ်။ ဒီရောင်ဝါရဲ့ ပိုင်ရှင်က နတ်ဒေါင်းအရှင်ဆိုတာကို ဟန်ကျွယ် သိလိုက်ပါတယ်။ ကပ်ဘေးမျိုးနွယ်စုက မီးလျှံမျိုးနွယ်စုနဲ့ မတူပါဘူး။ မီးလျှံမျိုးနွယ်စုက တိုက်ခိုက်ဖို့ပဲသိတဲ့ လုံးဝ နယ်ရုပ်တစ်ရုပ်ပါ။ ဒါပေမဲ့ ကပ်ဘေးမျိုးနွယ်စုကတော့ သူတို့အစီအစဉ်နဲ့သူတို့ပါ။
ဟန်ကျွယ်ဟာ စဉ်းစားမရပေမဲ့ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးပြီး မတွက်ပါဘူး။ ဟန်ကျွယ်ဟာ နှစ်လေးငါးခြောက်ရာအတွင်း ကောင်းကင်တာအိုထဲမှာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဒါဇင်ကျော်နဲ့ တာအိုပညာရှိအတုတစ်ပါး ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ပြန်လည်မွေးဖွားခြင်းစက်ဝန်း ထိန်းချုပ်ခံလိုက်ရတာကြောင့် ကောင်းကင်တာအိုထဲမှာ လေလွင့်သရဲတွေနဲ့ ပြည့်နှက်သွားပါတယ်။
“ဝင်လာခဲ့ချည်” ဟန်ကျွယ်ဟာ တာအိုဘုံကျောင်း အပြင်ဘက်မှာ လေးငါးဆယ်နှစ်ကြာအောင် စောင့်နေတဲ့ လီရွှမ်အောက်ကို အထဲဝင်ခွင့် ပြုလိုက်ပါတယ်။
လီရွှမ်အောက်ဟာ တာအိုဘုံကျောင်းထဲ ဝင်လာပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ် “ဂိုဏ်းချုပ်... ငရဲပြည်ရဲ့ တိုက်ပွဲက နှစ်ရာချီနေပြီ၊ ကောင်းကင်တာအိုက အားနည်းတော့ ကျွန်တော်တို့ တိတ်ဆိတ်ဂိုဏ်း လှုပ်ရှာသင့်လား” လီရွှမ်အောက်က မေးလိုက်ပါတယ်။
လီရွှမ်အောက်ဟာ ဒါက အခွင့်အရေးကောင်းလို့ ယူဆထားပါတယ်။ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်အများစုဟာ အကန့်အသတ်ကို ရောက်နေပြီး ကျင့်ကြံမှု ရှေ့ဆက်မတိုးတော့ပါဘူး။ သူတို့တွေဟာ ကျင့်ကြံမှုတစ်ခုတည်းနဲ့ မတိုးတက်နိုင်ကြပါဘူး။ ကောင်းကင်တာအို ကုသိုလ်ကံကို ရရှိမှသာ နောက်တစ်ဆင့်ကို တက်နိုင်မှာပါ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အချိန်မကျသေးဘူး” ကပ်ဘေးမျိုးနွယ်စုက မီးလျှံမျိုးနွယ်စုနဲ့ မတူတဲ့အပြင် စွမ်းအားလည်း ပိုကြီးပါတယ်။ ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းသားတွေ အလကားသက်သက် အသေခံတာကို မမြင်ချင်ပါဘူး။ ကောင်းကင်အရှင်ရွှမ်တုတောင် မလောတဲ့အတွက် ဟန်ကျွယ်လည်း မလောပါဘူး။
လီရွှမ်အောက်ဟာ အကြံပေးရုံတင်ပါ။ ဟန်ကျွယ် သဘောမတူရင် ဘာမှမလုပ်နိုင်ပါဘူး။
“တာအိုအရှင်သခင်ကို ခေါ်လိုက်” ဟန်ကျွယ်က ညွှန်ကြားလိုက်ပါတယ်။ လီရွှမ်အောက်ဟာ တာအိုဘုံကျောင်းထဲကနေ ချက်ချင်း ထွက်သွားပါတယ်။ မကြာခင်မှာပဲ တာအိုအရှင်သခင် ရောက်လာပါတယ်။ တာအိုအရှင်သခင်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။ ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းဘယ်တော့ တာအိုပညာရှိအတု ဖြစ်လာမှာလဲ”
တာအိုအရှင်သခင်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ တာအိုပညာရှိအတုတော့ ဖြစ်မလာသေးပါဘူး။ ယုတ္တိကျကျ ပြောရရင် တာအိုအရှင်သခင်ရဲ့ ပဋိပက္ခရုပ်ခန္ဓာနဲ့ ဟန်ကျွယ်ရဲ့ အန္တိမမူလ မဟာတာအို ပေါင်းလိုက်ရင် တာအိုပညာရှိအတု ဖြစ်လာဖို့က သိပ်မခက်ပါဘူး။
တာအိုအရှင်သခင်ဟာ ချီတုံချတုံ ဖြစ်သွားပြီးနောက် ပြန်ဖြေလိုက်ပါတယ် “ဆရာသခင်... အဲဒါ ကျွန်တော် တာအိုနှလုံးသားနဲ့ ဆိုင်လိမ့်မယ် ထင်တယ်၊ ကျွန့်တော်ကိုယ် ကျွန်တော် နားလည်တယ်၊ ကျွန်တော်က ကျော်ကြားမှုကို မြတ်နိုးတယ်၊ ကျွန်တော်က တိတ်ဆိတ်ဂိုဏ်းထဲမှာ ဂူအောင်းကျင့်ကြံနေပေမဲ့ အမြဲတမ်း အပြင်ထွက်ချင်နေတာ”
ဟန်ကျွယ်က ဘာမှမပြောတာကြောင့် တာအိုအရှင်သခင်ဟာ စိတ်ထဲ မသက်မသာ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွက်ချက်ကြည့်တဲ့အခါ လီရွှမ်အောက် သူ့ဆီလာပြီး အကြံပေးတာက တာအိုအရှင်သခင်ရဲ့ တောင်းပန်မှုကြောင့်ဆိုတာ သိသွားပါတယ်။
‘ဉာဏ်နီဉာဏ်နက် တော်တော်များတာပဲ’
ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို ပိုလို့တောင် သဘောကျသွားပါတယ်။ လီရွှမ်အောက်ဟာ သူ့အကြံ ငြင်းဆန်ခံရတာတောင် တာအိုအရှင်သခင်ကို ရောင်းမစားပါဘူး။
“တာအိုအရှင်သခင်... ငါ တန်ဖိုးအထားဆုံးက ဘယ်သူလို့ မင်းထင်လဲ”
တာအိုအရှင်သခင်က ဂရုတစိုက် ပြန်ဖြေပါတယ် “ကွမ်းပုပိုင်” တာအိုအရှင်သခင်ဟာ ကွမ်းပုပိုင်ဆီကနေ အကြီးမာဆုံး ဖိအားကို ခံစားရပါတယ်။ တာအိုအရှင်သခင်ဟာ အရည်အချင်း အရှိဆုံး ဖြစ်ခဲ့ပေမဲ့ ကွမ်းပုပိုင် ပေါ်လာတဲ့အခါ ဒီဘွဲ့ကို ဆုံးရှုံးသွားပါတယ်။ ဒါကြောင့်လည်း တာအိုအရှင်သခင်က အပြင်ထွက်ဖို့ လောနေတာပါ။
“မဟုတ်ဘူး၊ ငါတန်ဖိုးအထားဆုံးက မင်းပဲ၊ အမြဲတမ်း မင်းပဲ ဖြစ်နေမှာ” ဟန်ကျွယ်ရဲ့ ပြတ်သားတဲ့ စကားကြောင့် တာအိုအရှင်သခင်ဟာ တုန်တက်သွားပါတယ်။ ဟန်ကျွယ်က ဆက်ပြောလိုက်ပါတယ် “မင်းက အပြင်ထွက်ချင်မှတော့ ငါ ထွက်ခွင့်ပြုမယ်၊ ဒါပေမဲ့ တာအိုပညာရှိအတု ဖြစ်လာတာအပြင် မင်းရဲ့ နာမည်ကိုလည်း ကျော်ကြားအောင် လုပ်ရမယ်”
“ငါ ဟန်ကျွယ်က မတိုက်ဘဲ နေရင် နေမယ်၊ တိုက်ခဲ့ရင်လည်း ထိပ်ဆုံးမှာပဲ နေမယ်၊ မင်း တိုက်ခိုက်မယ်ဆိုရင် တောက်ပတဲ့နေမင်းကြီးလို လူတိုင်း မျက်စိကျိန်းလောက်တဲ့အထိ တောက်ပရမယ်၊ တာအိုအရှင်သခင်... ကောင်းကင်တာအို အနန္တကပ်ဘေးမှာ လီတောက်ခုံး နာမည်ကျော်ခဲ့သလိုမျိုး မင်းလည်း နာမည်ကျော်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”
ဟန်ကျွယ်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ တာအိုအရှင်သခင်ရဲ့ သွေးတွေဟာ ဆူပွက်သွားပါတယ်။ အဲဒီနောက် တာအိုအရှင်သခင်ဟာ ချက်ချင်းပဲ ကတိပေးလိုက်ပါတယ်။ အဲဒီနေ့မှာပဲ တာအိုအရှင်သခင်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ထွက်ခွာပြီး ငရဲပြည်ကို ဦးတည်ပါတယ်။ ဟန်ကျွယ် တာအိုအရှင်သခင်ကို အပြင်ထွက်ခွင့်ပေးလိုက်တာက အချက်နှစ်ချက်ကြောင့်ပါ။
ပထမအချက်က တာအိုအရှင်သခင် တာအိုပညာရှိအတု ဖြစ်လာအောင်ပါ။ ဒုတိယအချက်ကတော့ တိတ်ဆိတ်ဂိုဏ်းကလည်း ဒီကပ်ဘေးမှာ ထိုင်ကြည့်မနေဘူးဆိုပြီး ကောင်းကင်အရှင်ရွှမ်တုကို ဖြေရှင်းချက် ပေးလိုက်တာပါ။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ ငရဲပြည် အပြင်ဘက်ကို ရောက်သွားပါတယ်။ နတ်ဒေါင်းအရှင်ရဲ့ ရောင်ဝါက တကယ်ကို သန်မာတာပါ။ ဘယ်လောက်ထိ သန်မာလဲဆိုရင် ဟန်ကျွယ်က နတ်ဒေါင်းအရှင်ကို တစ်ချက်တည်းသတ်ဖို့ ယုံကြည်ချက်မရှိတဲ့ အထိပါပဲ။
ဒီအခြေအနေကို ရောက်နေတဲ့အတွက် ဟန်ကျွယ်ဟာ ကယ်တင်ရှင် ထပ်လုပ်ရပါတော့တယ်။ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး နတ်ဒေါင်းအရှင်ကို ကျိန်စာ စတိုက်ပါတယ်။ ဒါပေမဲ့ တစ်ခဏအကြာမှာပဲ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဒေါင်းအရှင်ကို ကျိန်စာတိုက်လို့ မရလို့ပါပဲ။ ဟန်ကျွယ်ဟာ လေးငါးဆယ်ကြိမ် ထပ်ကြိုးစားကြည့်ပေမဲ့ အသုံးမဝင်ပါဘူး။
‘တစ်ခုခုတော့ မှားနေပြီ’
“ငါ ဘာဖြစ်လို့ နတ်ဒေါင်းအရှင်ကို ကျိန်စာတိုက်လို့ မရတာလဲ” ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ထပ်သုံးလိုက်ပါတယ်။
[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘များလှချည်လား... ဒီတည်ရှိမှုက ဘိုးဘေးရှီတျန်ထက်တောင် စွမ်းအားကြီးနေတာလား...’
ဆက်တွက်မယ်။
ဟန်ကျွယ်ရှေ့မှာ စာတစ်ကြောင်း ပေါ်လာပါတယ်။
[ကံပုတီး: မဟာတာအို အကောင်းစား ရတနာ၊ ကံတရား အားလုံးကို ဖြတ်တောက်နိုင်သည်။ ပဋိပက္ခနတ်ဘီလူးတစ်ပါး၏ ဝိညာဉ်မှ ဖြစ်ပေါ်လာသည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။