← Chapters

ကြောက်စရာကောင်းတဲ့ အမှောင်သခင်ကြီး

Vol. 62 Ch. 665

ကြောက်စရာကောင်းတဲ့ အမှောင်သခင်ကြီး

Vol. 62 Ch. 665

ဟန်ကျွယ်ဟာ တစ်ခဏ ချီတုံချတုံ ဖြစ်သွားပေမဲ့ နောက်ဆုံးမှတော့ ကောင်းကင်လျှို့ဝှက် တွက်ချက်မှု လုပ်ဆောင်ချက်ကို မသုံးတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် နတ်ဒေါင်းအရှင်က သူ့ကို အခုထိ သခင်အဖြစ် အသိအမှတ် မပြုရသေးပါဘူး။ ဒီလို ဘာမှမဆိုင်သေးတဲ့ လူတစ်ယောက်အတွက် သက်တမ်းသုံးဖို့က မတန်ပါဘူး။

နတ်ထူးဆန်းဟာ ရူးတော့မဲ့အတိုင်း တုန်တက်နေပါတယ်။ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ဝါးစားမတတ် စိုက်ကြည့်ပြီး ဆူပူကြိမ်းမောင်း လိုက်ပါတယ် “အပြင်ထွက်ပြီး အေးအေးဆေးဆေး သွားကျင့်ကြံစမ်း၊ တစ်ဖက်လူက ငါတို့တာအိုစက်ကွင်းထဲ ဝင်လာနိုင်တာ မဟုတ်ဘူး၊ မင်းက ဘာကြောက်နေတာလဲ၊ ရှက်ဖို့ ကောင်းလိုက်တာ”

မှားယွင်းပြီး အပြစ်တင်ခံရတယ်လို့ ခံစားလိုက်ရတဲ့ နတ်ထူးဆန်းဟာ တာအိုဘုံကျောင်းရဲ့ ထောင့်တစ်ထောင့်မှာ ဘောလုံးတစ်လုံးလို ခွေလိပ်လိုက်ပါတယ်။ အရင်တုန်းက နတ်ထူးဆန်းဟာ အမင်္ဂလာ မကောင်းဆိုးဝါးတွေနဲ့ မကောင်းဆိုးဝါးနတ်တွေကို အစာအဖြစ် စားသုံးခဲ့တာပါ။ ဒီလိုမျိုး ကြောက်နေတာက ပထမဆုံးပါပဲ။ ကြည့်ရတာ ဒီမကောင်းဆိုးဝါးနတ်က အတော်လေး စွမ်းအားကြီးပုံပါပဲ။ မကောင်းဆိုးဝါးနတ်တွေထဲမှာ ထိပ်တန်း တည်ရှိမှုတစ်ခု ဖြစ်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို အိပ်မက်ထဲကနေ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နတ်ဒေါင်းအရှင်က ပြင်းပြင်းထန်ထန်ပဲ ဒဏ်ရာရပြီး မသေသေးပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီမကောင်းဆိုးဝါးနတ်က နတ်ဒေါင်းအရှင်ကို မသတ်ချင်တာ ထင်ရှားပါတယ်။ ဒါကြောင့် နတ်ဒေါင်းအရှင်ဟာ အကျဉ်းကျနေဖို့ များပါတယ်။

အိပ်မက်ထဲမှာ...

နတ်ဒေါင်းအရှင် ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ အမှောင်သခင်ကြီးကို တွေ့လိုက်ရတဲ့အတွက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပြုံးပြီး ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “ဘယ်လိုနေလဲ၊ မင်း မလုပ်နိုင်တော့ဘူးလား...”

နတ်ဒေါင်းအရှင်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ခင်ဗျားတပည့်က အမင်္ဂလာနတ်ဧကရာဇ်လား၊ အရမ်းကောင်းတယ်၊ ခင်ဗျားကို အမှောင်သခင်ကြီးလို့ ခေါ်တာ မထူးဆန်းတော့ပါဘူး၊ အမှောင်တားမြစ်နယ်မြေက အင်အားအကြီးဆုံး တည်ရှိမှုတောင် ခင်ဗျားတပည့် ဖြစ်နေတာကိုး...”

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ် ‘ဘာလဲဟ... ဒီကောင်ကို တိုက်ခိုက်တဲ့ တည်ရှိမှုက အမင်္ဂလာနတ်ဧကရာဇ်လို့ ခေါ်တာလား...’

နာမည်ကြားရုံနဲ့တင် ဒီတည်ရှိမှုက မကောင်းဆိုးဝါးဆိုတာ သိသာလှပါတယ်။ ခေတ်ကလည်း တကယ့်ကို ဝရုန်းသုန်းကားခေတ်ပါ။ ဘယ်အရာပဲဖြစ်ဖြစ် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးကို မွေးဖွားပေးနိုင်စွမ်း ရှိနေပါတယ်။

ဟန်ကျွယ် တိတ်ဆိတ်နေတာကို ကြည့်ပြီး နတ်ဒေါင်းအရှင်က စောဒက တက်ပါတော့တယ် “ခင်‌ဗျားက စည်းကမ်းကို မလိုက်နာဘူး၊ ဒါက ဘယ်လိုလုပ်ပြီး အဆင့်တူ တိုက်ခိုက်တာ ဖြစ်မှာလဲ၊ နောက်ပြီး ဒီလူက ကူညီတဲ့လူအများကြီးကိုလည်း ခေါ်လာသေးတယ်”

ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင် တိုက်ခိုက်ခံရတဲ့ အကြိမ်အရေအတွက်ကို တွေးမိပြီး နတ်ဒေါင်းအရှင်ကို ကရုဏာသက်သွားပါတယ် ‘ဒီကောင်က တော်တော်လေး သနားဖို့ ကောင်းတာပဲ’

ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “ဒါဆို အမင်္ဂလာနတ်ဧကရာဇ်က ဘယ်အဆင့်မှာဆိုတာကို မင်း သိလား”

“အပိုတွေ... ငါ မသိဘူး၊ ဒါပေမဲ့ သူက ငါနဲ့ အဆင့်တူပါ့မလား”

“ဟီးဟီး...”

“ခင်ဗျားက ဘာကိုဆိုလိုတာလဲ”

နတ်ဒေါင်းအရှင်ဟာ မယုံကြည်နိုင်တဲ့ မျက်နှာ ဖြစ်သွားပါတယ်။ သူ့အမြင်မှာ အမင်္ဂလာနတ်ဧကရာဇ်က မဟာတာအိုပညာရှိ ဒါမှမဟုတ် ဒီထက်စွမ်းအားပိုကြီးတဲ့ တည်ရှိမှုတစ်ခုလို့ ယူဆထားပါတယ်။ ဒါပေမဲ့ ထပ်တွေးကြည့်တော့ အဲဒီလောက် စွမ်းအားကြီးနေရင် သူနဲ့ ဒီလောက် အကြာကြီး တိုက်ခိုက်စရာ မလိုဘူးဆိုတာကို တွေးမိလိုက်ပါတယ်။

‘တကယ်ပဲ...သူက...’ နတ်ဒေါင်းအရှင်ဟာ နှလုံးခုန်မြန်သွားပြီး မျက်နှာတစ်ခုလုံး မဲမှောင်သွားပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ငါတပည့်က လူထူးဆန်း၊ သူက မင်းကို ဘယ်လိုလုပ်မယ်လို့ ပြောလဲ”

နတ်ဒေါင်းအရှင်ဟာ အံကြိတ်လိုက်ပါတယ် “ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ၊ သူက ငါ့ကို ကြေးသင်္ဘောတစ်စင်းပေါ်မှာ ချိပ်ပိတ်ထားတယ်၊ ငါ သူ့ကို ဘာကြောင့်လဲ မေးပေမဲ့ သူက ငါ့ကို ဂရုမစိုက်ဘူး၊ ဆွံ့အနားမကြား ကျနေတာပဲ၊ နောက်ပြီး သင်္ဘောပေါ်မှာ နောက်ထပ် လူနှစ်ယောက်ရှိသေးတယ်၊ အဲဒီလူနှစ်ယောက်က မိစ္ဆာကောင်းကင်ဧကရာဇ်ရဲ့ ခပ်ငယ်ငယ် နတ်စစ်သူကြီးနှစ်ပါးပဲ၊ သေစမ်း... သူတို့ကျတော့ ဘာြဖစ်လို့ ချိပ်ပိတ်မခံရတာလဲ၊ သူတို့က ဒီလောက် အားနည်းတာတောင် ငါ့ကို လှောင်ပြောင်ရဲတယ်၊ ငါသာ ချိပ်ပိတ်မခံထားရရင် သူတို့ရဲ့ ရုပ်နာမ် နှစ်ပါးစလုံးကို အသက်ရှူကြိမ်တစ်ကြိမ်အတွင်း ဖျက်ဆီးနိုင်တယ်”

‘မိစ္ဆာ ကောင်းကင်ဧကရာဇ်... မိစ္ဆာ ကောင်းကင်ဧကရာဇ်က နတ်ဒေါင်းအရှင်ကို ဖမ်းဖို့ အမင်္ဂလာနတ်ဧကရာဇ်ကို အကူအညီ တောင်းလိုက်တာလား... ဒီလိုပဲဖြစ်ရမယ်၊ မဟုတ်ရင် မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ နောက်လိုက်တွေက ဘယ်လိုလုပ်ပြီး အကောင်းပကတိ ရှိနေမှာလဲ’

ဟန်ကျွယ်က ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်က မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်က နတ်ဒေါင်းအရှင်လောက် စွမ်းအားမကြီးပါဘူး။ တကယ်လို့ မိစ္ဆာ ကောင်းကင်ဧကရာဇ်သာ နတ်ဒေါင်းအရှင်ကို သတ်ချင်တယ်ဆိုရင် အမင်္ဂလာနတ်ဧကရာဇ်ကို တစ်ခါတည်း သတ်ခိုင်းလိုက်မှာပါ။ အလုပ်ရှုပ်ခံပြီး ဖမ်းခိုင်းမှာ မဟုတ်ပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ဟန်ကျွယ် နားလည်သလောက်ဆိုရင် မိစ္ဆာ ကောင်းကင်ဧကရာဇ်က နတ်ဒေါင်းအရှင်ကို စည်းရုံးသိမ်းသွင်းချင်နေတာ ထင်ရှားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်က ပါရမီရှင်တွေကို စည်းရုံးသိမ်းသွင်းရတာ သဘောကျတယ် မဟုတ်ပါလား။

“ခင်ဗျားစကားက ဘာလဲ၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကလည်း ခင်ဗျားရဲ့....” နတ်ဒေါင်းအရှင်ဟာ မျက်လုံးပြူးသွားပါတယ်။ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျေနပ်သွားပါတယ် ‘မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိနေတာ မဟုတ်ဘူးလား... ဘာလဲ... အခုတော့ လန့်သွားပြီလား...’

ဟန်ကျွယ်ဟာ ပြန်မဖြေတဲ့အတွက် နတ်ဒေါင်းအရှင်ရဲ့ ထင်မြင်မှုဟာ မိုးကုပ်စက်ဝိုင်းဆီ ရောက်သွားပါတယ် ‘အမှောင်သခင်ကြီးက ပဋိပက္ခနတ်မင်းနဲ့ ဆွမ်တိကို သေအောင် ကျိန်စာတိုက်လိုက်တယ်၊ နောက်ပြီး သူ့လက်အောက်မှာလည်း အမင်္ဂလာနတ်ဧကရာဇ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်လိုမျိုး အင်အားစုကြီးတွေရဲ့ ခေါင်းဆောင်တွေ ရှိနေတယ်... ဂလု...’

ဘဝင်မြင့်ပါတယ်ဆိုတဲ့ နတ်ဒေါင်းအရှင်တောင် လန့်သွားပါတယ် ‘အမှောင်သခင်ကြီး ဒီလောက် စွမ်းအားကြီးပြီး ဒီလောက် အင်အားကြီးတဲ့ အင်အားစုကို ပိုင်ဆိုင်ထားတာတောင် နောက်ကွယ်မှာ ပုန်းနေတယ်၊ သူက ဘာလိုချင်တာလဲ’

နတ်ဒေါင်းအရှင်ဟာ ရုတ်တရက် မော့ကြည့်ပြီး မေးလိုက်ပါတယ် “ခင်ဗျားက တာအိုဘိုးဘေး ပြောခဲ့ဖူးတဲ့ လောကဦး နတ်ဘီလူးလား...”

“လောကဦးနတ်ဘီလူး... သူ့ကိုယ်သူ ဘာများထင်နေတာလဲ” ဟန်ကျွယ်ဟာ ခပ်တည်တည် ပြန်ပြောလိုက်ပေမဲ့ ရင်ထဲမှာတော့ နည်းနည်း လှိုင်းထန်သွားပါတယ် ‘သေစမ်း... ဒီကောင် မှန်းတာ မှန်လှချည်လား...’

နတ်ဒေါင်းအရှင်က အထင်သေးစွာ ပြောလိုက်ပါတယ် “ခင်ဗျားက တော်တော် ကြွားတတ်တာပဲ၊ ထားလိုက်ပါတော့... ငါ့ကို လွှတ်ပေးမှာလား လွှတ်မပေးဘူးလား၊ ငါ အရှုံးပေးတယ်၊ ရပြီလား... ငါ့ကို လွှတ်ပေးဖို့ အမင်္ဂလာနတ်ဧကရာဇ်ကို ပြောလိုက်၊ ငါ အဲဒီ နတ်စစ်သူကြီးနှစ်ကောင်ကို သတ်ချင်နေပြီ”

ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ပြောတဲ့ အားနည်းတဲ့ နတ်စစ်သူကြီးနှစ်ပါးက ဟန်ထော်နဲ့ ယီတျန်ဖြစ်နေမှာကို စိုးရိမ်သွားပါတယ်။ ဒီနှစ်ယောက်က အမြဲတမ်း တပူးပူးတတွဲတွဲနဲ့ မဟုတ်ပါလား “သူတို့ကို ဒဏ်ရာရအောင် မလုပ်နဲ့၊ အချိန်ကျရင် ငါ မင်းကို လွှတ်ပေးမယ်”

“ခင်ဗျားက ဘာကိုဆိုလိုတာလဲ၊ ငါ့ကို မလွှတ်ပေးသေးဘူးပေါ့၊ မင်းက ငါ့ကို မိစ္ဆာ ကောင်းကင်ဧကရာဇ် စော်ကားတာ ခံစေချင်တာလား”

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။

နတ်ဒေါင်းအရှင်ဟာ အမျက်ထွက်သွားပါတယ် “ဟမ်... မင်းက ငါ့ကို အထင်သေးတာပဲ၊ ငါက မင်းအကူအညီ မလိုဘူး၊ ငါ့ဘာသာ အမင်္ဂလာနတ်ဧကရာဇ်ကို ဖျက်ဆီးပြမယ်”

“ဝုန်း...”

အိပ်မက်ဟာ ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ခေါင်းခါကာ ပြုံးလိုက်ပါတယ် ‘‌ဒေါင်းငတုံးလေး... သူသာ ငါ့တပည့်ဆိုရင် မင်းကို လွှတ်ပေးတာပေါ့၊ ဒါပေမဲ့ သူက ငါ့တပည့် မဟုတ်ဘူးလေ...’

ဟန်ကျွယ်ဟာ ကောင်းကင်အပြင်ဘက်ကို ထပ်ကြည့်လိုက်တဲ့အခါ သူ့အကြည့်က မူလလောကဦး ခေါင်းတလားဆီ ရောက်သွားပါတယ် ‘ကျွတ်..ကျွတ်.. အမင်္ဂလာနတ်ဧကရာဇ်က ဒီကောင်ကိုကျတော့ ဘာဖြစ်လို့ လာမရှာတာလဲ၊ ဒါမှမဟုတ် ဒီကောင်က သူ့ထက် စွမ်းအားကြီးနေလို့ အမင်္ဂလာနတ်ဧကရာဇ်က ရန်မစရဲတာလား...’

အဲဒီနေ့မှာပဲ ရှင်းဟုန်ရွှမ်ဟာ ရုတ်တရက်ကြီး တာအိုဘုံကျောင်းကို ရောက်ချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ခေါင်းကိုက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်းဟုန်ရွှမ်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို ရောက်သွားလို့ပါ။ ရှင်းဟုန်ရွှမ်ဟာ အစတုန်းကလို သေမျိုးတစ်ယောက် မဟုတ်တော့ပါဘူး။ ပြန်လည်မွေးဖွားပြီး သွေးစည်းအသစ်နဲ့ လဲလှယ်ခဲ့တာ ဖြစ်တဲ့အတွက် သူမ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့် ဖြစ်လာတာက ယုတ္တိမရှိတာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် ရှင်းဟုန်ရွှမ်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။ နတ်ထူးဆန်းကိုတော့ ဘုံကျောင်းထဲကနေ မောင်းထုတ်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ အထဲရောက်လာတာနဲ့ ဟန်ကျွယ်ဆီ ခပ်သုတ်သုတ် လျှောက်သွားပြီး ဟိုဟိုဒီဒီကို လိုက်ထိပါတော့တယ် “နှစ်သောင်းချီကြာပြီ၊ ကျွန်မ ဆက်ပြီးတော့ မျိုသိပ်မထားနိုင်တော့ဘူး”

“ဘာမဟုတ်တာတွေ ပြောပြန်ပြီလဲ”

“ယောက်ျား... ယောက်ျားက ဘာဖြစ်လို့ ဒီလောက် ရှက်နေတာလဲ”

“မင်းက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်လေ၊ ဘာဖြစ်လို့ သေမျိုးလိုအင်ဆန္ဒတွေကို တမ်းတမ်းစွဲ ဖြစ်နေရတာလဲ”

“ယောက်ျားက မလိုချင်ဘူးလား...”

“ငါ ဆိုလိုချင်တာက မလိုချင်တာ မဟုတ်ဘူး...”

လေးငါးဆယ်နှစ် အကြာမှာတော့ ရှင်းဟုန်ရွှမ်ရဲ့ မျက်နှာဟာ ငိုမဲ့မဲ့ဖြစ်သွားပါတယ် “ယောက်ျား... ယောက်ျား စကားကို မတည်တော့ဘူးလား”

ဟန်ကျွယ်ဟာ မတတ်နိုင်တဲ့ လေသံနဲ့ မေးလိုက်ပါတယ် “ငါတို့တွေ ကလေးယူမှ ဖြစ်မှာလား”

“ဟုတ်တယ်၊ ဒါက မိန်းမရဲ့ဆန္ဒပဲ”

“ဒါဆို မင်းက ကလေးရဲ့ အရည်အချင်းကို ညံ့ချင်လား ကောင်းချင်လား...”

“ဘယ်လိုပြောလိုက်တာလဲ၊ ကောင်းချင်တာပေါ့၊ လောကမှာ နံပါတ်တစ် ပါရမီရှင် ဖြစ်ရမယ်”

“အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူး၊ မင်းက ငါ့ရဲ့ သွေးစည်းကို ဆွဲချမိလိမ့်မယ်” ရှင်းဟုန်ရွှမ်ဟာ ကြက်သေသေသွားပြီး သူမရဲ့ မျက်လုံးအိမ်ထဲမှာ မျက်ရည်စတွေ ပြည့်သွားပါတယ်။ ဒီလိုကျပြန်တော့လည်း ရှင်းဟုန်ရွှမ်က တော်တော်လေးကို သနားဖို့ ကောင်းပါတယ်။

ဒီအချိန်မှာတော့ အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားလှတဲ့ ကောင်းကင်တာအိုပညာရှိ၊ အင်အားကြီးမားလှတဲ့ တိတ်ဆိတ်ဂိုဏ်း တည်ထောင်သူ၊ တာအိုပညာရှိတွေကိုတောင် နည်းနည်းမှ မျက်နှာသာမပေးတဲ့ ဟန်ကျွယ်ဟာ ဘာမှမတတ်နိုင်တော့ဘဲ ရှင်းဟုန်ရွှမ်စကားကို နားထောင်ရပါတော့တယ်။

လေးငါးခြောက်လ အကြာမှာတော့ ရှင်းဟုန်ရွှမ်ဟာ စိတ်ကျေနပ်စွာ ထွက်ခွာသွားပါတယ်။ အကြိမ်များစွာ ကြိုးစားပြီးတဲ့နောက်မှာတော့ ရှင်းဟုန်ရွှမ်ဟာ ကိုယ်ဝန်ရသွားပါတယ်။ ဒီကလေးရဲ့ အရည်အချင်းကိုတော့ ဟန်ကျွယ်လည်း အာမမခံနိုင်ပါဘူး။

ဟန်ကျွယ်ဟာ ဟန်ထော်ကို အရည်အချင်းတိုးအောင် ကူညီပေးလိုက်ကတည်းက သူ့သွေးစည်းကို ထိန်းချုပ်နိုင်စွမ်းက မှုန်ဝါးသွားပါတယ်။ စွမ်းအားကြီး သွေးစည်းတွေ မျိုးပွားတာကို နှောင်ဖွဲ့ထားတဲ့ အင်အားတချို့ ရှိနေပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံပါတော့တယ်။ နှစ်တစ်ထောင်ဟာ လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ပထမဆုံး ရှင်းဟုန်ရွှမ်ကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်းဟုန်ရွှမ်က အခုထိ ကလေးမမွေးသေးလို့ပါ။

ဟန်ကျွယ်ရဲ့ အကြည့်အောက်မှာ ရှင်းဟုန်ရွှမ်က ကျင့်ကြံအားထုတ်နေပါတယ်။ သူမရဲ့ ဝမ်းဗိုက်က ပုံမှန်အတိုင်း ရှိနေပြီး ကိုယ်ဝန်ဆောင်ထားတယ်လို့ လုံးဝ မထင်ရပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ သားအိမ်က ဝိညာဉ်သစ်တစ်ခုကို ပျိုးထောင်နေတာ ခံစားမိပါတယ်။ သုံးနှစ်နေမှ မွေးလာတဲ့ နီကျားတောင် တော်တော်ကြမ်းပါတယ်။ ဟန်ကျွယ်ရဲ့သားက နှစ်တစ်ထောင် နေတာတောင် မမွေးသေးဘူးဆိုတော့ ထွက်လာတဲ့အချိန်ကျရင် ကောင်းကင်တာအိုတင်မကပဲ ပဋိပက္ခကိုပါ ပြောင်းပြန် လှန်လောက်ပါတယ်။

ဟန်ကျွယ်ဟာ သူ့ရဲ့ ကလေးကို ရုတ်တရက် စိတ်ဝင်စားသွားပါတယ် ‘ငါ ဆုများရပြီး သာမန်ထက် အများကြီး ထူးခြားလွန်ကဲတဲ့ ပါရမီရှင်ကို ဖန်တီးမိလိုက်တာလား...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters