ဟန်ထော် စိတ်တထင့်ထင့် ဖြစ်ခြင်း
Vol. 62 Ch. 666
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ သားအိမ်ကို စိုက်ကြည့်လိုက်ပါတယ်။ သူ့ရဲ့ အငယ်ဆုံးသားက ကြွေရုပ်လေးလို လိမ်ခွေနေပါတယ်။ ဒီအငယ်ဆုံးသားရဲ့ အသက်ဓာတ်က အတော်လေးကို သန်မာပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာတစ်ခုက ဒီကလေးဟာ ရှင်းဟုန်ရွှမ်ရဲ့ ဓမ္မစွမ်းအားကို စုပ်ယူနေတာပါ။ ဟန်ကျွယ်ဟာ တစ်ခုခုဖြစ်မှာ စိုးရိမ်တဲ့အတွက် ရှင်းဟုန်ရွှမ်ဘေးမှာ ထိုင်ပြီး အကြွင်းမဲ့သန့်စင်ခြင်းနဲ့ ရှင်းဟုန်ရွှမ်ကို သန့်စင်လိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတာကြောင့် သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”
ဟန်ကျွယ်က သူမကို အရင်လာရှာတာ ရှားပါတယ်။ ဒီတစ်ခေါက် လာတာက ကလေးအတွက်ကလွဲပြီး တခြား မဖြစ်နိုင်ပါဘူး။ ရှင်းဟုန်ရွှမ်ဟာ သူမရဲ့ ဝမ်းဗိုက်ကို မျှော်လင့်ချက်ကြီးမားစွာနဲ့ အသာအယာ တို့ထိလိုက်ပါတယ်။ ပထမတော့ ရှင်းဟုန်ရွှမ်လည်း စိုးရိမ်ပါသေးတယ်။ ဒီလောက် အချိန်အကြာကြီး ကိုယ်ဝန်ဆောင်ထားတာတောင် ကလေးက ထွက်မလာသေးလို့ပါ။ ဒါပေမဲ့ နှစ်တွေ ကြာလာတဲ့အခါ ရှင်းဟုန်ရွှမ်ဟာ သူမကလေးငယ်ရဲ့ အသက်ဓာတ်ကို ခံစားနိုင်လာပါတယ်။ ဒါကြောင့် အခုအချိန် ရှင်းဟုန်ရွှမ်ရဲ့ စိတ်ဓာတ်မှာ မျှော်လင့်ချက်သာ ရှိပါတော့တယ်။
ဒီလိုသာမန်မဟုတ်တဲ့ သန္ဓေသားလောင်းက မွေးဖွားလာရင်လည်း ကျိန်းသေပေါက် သာမန်ဖြစ်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “တကယ်လို့ ပြဿနာတစ်ခုခုတွေ့ရင် ငါ့ကို အချိန်မရွေး အသံလွှင့်ပြီးတော့ပြော၊ ငါ့ကျင့်ကြံမှုကို အနှောင့်အယှက်ဖြစ်စေမှာ မကြောက်နဲ့”
ရှင်းဟုန်ရွှမ်ဟာ ပြုံးလိုက်ပါတယ် “ဘာမှမဖြစ်ပါဘူး၊ မိန်းမက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်လေ၊ ဘာများ ခက်ခဲနိုင်မှာလဲ”
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်နဲ့ စကားနည်းနည်းပါးပါး ပြောဆိုပြီး အကြွင်းမဲ့သန့်စင်ခြင်း ပြီးဆုံးတဲ့အခါ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်မှာထိုင်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဒီတစ်ခါ ဟန်ကျွယ်ရဲ့ စာစောင်တွေထဲမှာ ဇာတ်လိုက်က ပန်ရှင်းပါ။ ပန်ရှင်းဟာ နေရာတကာမှာ တိုက်ခိုက်ပြီး တစ်ခါမှ ပြင်းပြင်းထန်ထန် ဒဏ်ရာမရပါဘူး။ ဗိုလ်လိုက်ကျတာလို့ ပြောလို့ရပါတယ်။
ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရတာကိုလည်း တွေ့လိုက်ရပါတယ်။ တော်တော် သနားဖို့ကောင်းတဲ့ ဒေါင်းလေးပါ။
ဟန်ထော်ကတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက်ကို လိုက်တဲ့အတွက် မကြာမကြာ အဆော်ခံရတာချည်းပါပဲ။
စာစောင်တွေကို ဖတ်ပြီးနောက် ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ကြည့်လိုက်ပါတယ်။ ကပ်ဘေးမျိုးနွယ်စု ရောက်လာတာက အင်မော်တယ်ကမ္ဘာမှာရှိတဲ့ သက်ရှိအားလုံးရဲ့ တိုးတက်မှုကို အထောက်အကူ ဖြစ်စေပါတယ်။ ကျင့်ကြံတဲ့ ရေစီးကြောင်းက ပိုအားကောင်းလာပြီး ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကိုပါ ပိုသန်မာလာစေပါတယ်။
ဒီအထဲမှာ ပြောစရာရှိတာကတော့ လူသားမျိုးနွယ်စုပါ။ ဘာမဟုတ်တဲ့ နှစ်တစ်ထောင်အတွင်းမှာပဲ လူသားမျိုးနွယ်စုရဲ့ လူဦးရေဟာ ဆယ်ဆကျော် တိုးသွားပါတယ်။ ဒါတွေ အကုန်လုံးဟာ တာအိုပညာရှိဂိုဏ်းတွေရဲ့ လွှမ်းမိုးမှုကြောင့် တခြားမျိုးနွယ်စုတွေ လူသားမျိုးနွယ်စုကို အနိုင်မကျင့်ရဲတာကနေ စပါတယ်။
လူသားမျိုးနွယ်စုရဲ့ နယ်မြေဟာ ဆက်တိုက် ကျယ်ပြန့်နေပါတယ်။ ဒီနယ်မြေ ကျယ်ပြန့်မှုက အင်အားသုံးပြီး ချဲ့ထွင်တာ မဟုတ်ပါဘူး။ တခြားမျိုးနွယ်စုတွေနဲ့ ပူးပေါင်းတာပါ။ လူသားမျိုးနွယ်စုဟာ တခြားမျိုးနွယ်စုတွေနဲ့ အေးအတူပူအမျှ နေထိုင်လိုစိတ် ရှိပါတယ်။ ဒါကလည်း တာအိုပညာရှိတွေ မြင်ချင်တဲ့အရာပါ။ ကောင်းကင်တာအိုထဲမှာ စည်းလုံးညီညွတ်မှသာ နောက်ရောက်လာမဲ့ ပဋိပက္ခရဲ့ ကပ်ဘေးတွေကို ပိုပြီးတော့ ရင်ဆိုင်နိုင်စွမ်း ရှိမှာပါ။
ကပ်ဘေးမျိုးနွယ်စုနဲ့ မီးလျှံမျိုးနွယ်စု အင်အားကြီးတယ်ဆိုတာကလည်း မျိုးနွယ်စုတစ်စုလုံး စည်းလုံးညီညွတ်ပြီး အတွင်းပိုင်း ပြိုင်ဆိုင်မှုတွေ သိပ်မရှိလို့ပါ။ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ခြုံငုံကြည့်လိုက်တဲ့အခါ အရင်လို ခက်ခဲမှုတွေ မရှိတော့ပေမဲ့ အခက်အခဲတွေက လုံးဝ ပျောက်ကွယ်သွားတာတော့ မဟုတ်ပါဘူး။ အလောသုံးဆယ် ကျင့်ကြံတဲ့ အကျင့်က ကောင်းကင်တာအိုမှာ စပြီးတော့ ပျံ့နှံ့လာပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယွီကို မြင်သွားပါတယ်။ လူသားမျိုးနွယ်စု အင်အားကြီးလာတာနဲ့အမျှ ဟန်ယွီလည်း လူသားမျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့ကို ရရှိပြီး သူ့ကျင့်ကြံမှုကလည်း တစ်ဟုန်ထိုး တိုးတက်လာပါတယ်။
ဟန်ကျွယ်ဟာ ငရဲပြည်ကို လှမ်းကြည့်လိုက်တဲ့အခါ စုချီက ဂူအောင်းကျင့်ကြံနေတာ တွေ့ရပြီး ရန်ထျန်တုန်းက အေးအေးချမ်းချမ်း နေထိုင်နေတာကို တွေ့လိုက်ရပါတယ်။
မိုးကောင်းကင်မျိုးနွယ်စု ခေါင်းဆောင် ဂျိရှင်းရှန်ကတော့ အာဏာအတွက် တိုက်ခိုက်တာကို လုံးဝ လက်လျှော့လိုက်ပုံပါပဲ။ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေပါတယ်။ ငရဲပြည်မှာ မိုးကောင်းကင်မျိုးနွယ်စုရဲ့ တည်ရှိမှုက အတော်လေးကို နိမ့်ပါတယ်။ အင်မော်တယ် တော်တော်များများဟာ ငရဲပြည်ဘက်ကို ပြောင်းရင်ပြောင်း မပြောင်းရင်လည်း အင်မော်တယ်ကမ္ဘာကို ပြန်ပြီး ကောင်းကင်တာအိုဂိုဏ်းထဲ ဝင်ကြပါတယ်။
တခြားတစ်ဖက်မှာတော့ မြေအင်မော်တယ်ကမ္ဘာက ကောင်းကင်တာအို ကံတရား အထောက်အပံ့နဲ့ ပေါင်းစပ်သွားပြီမို့ ဟန်ကျွယ်ဟာ မြေအင်မော်တယ်ကမ္ဘာကို ပင်မတာအိုစက်ကွင်းကနေ လှမ်းကြည့်နိုင်သွားပါတယ်။ ရွမ့်ကန်းနဲ့ ယင်ဟုန်ချန်ရဲ့ ကျင့်ကြံမှု တိုးတက်တာက ဟန်ကျွယ်ကို စိတ်ကျေနပ်စေပါတယ်။
လေးငါးဆယ်နာရီ အကြာမှာတော့... ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းပြီး ဆက်လက် ကျင့်ကြံပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ် ၃,၀၀၀ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ် မျက်လုံးဖွင့်ပြီး ပထမဆုံးလှုပ်တာက ရှင်းဟုန်ရွှမ်ကို ကြည့်တာပါ။ ကလေးက အခုထိ မွေးမလာသေးတဲ့အတွက် ဟန်ကျွယ်ကို မျက်မှောင်ကြုတ်သွားစေပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ သားအိမ်ထဲက သန္ဓေလောင်းကို ထောက်လှမ်းကြည့်တဲ့အခါ သေမျိုးတစ်ယောက်ရဲ့ အဆင့်ကို ကျော်လွန်သွားပြီဆိုတာ တွေ့လိုက်ရပါတယ်။ သူ့ဝိညာဉ်က စပြီးတော့ ပုံစံယူနေပါပြီ။ ဒါပေမဲ့ အိပ်ပျော်နေတဲ့ အခြေနေမှာပါ။
‘ဒီကောင်လေးက... သူ့အမေ သားအိမ်ထဲမှာ ထာဝရ ပုန်းနေတော့မှာလား...’
သန္ဓေသားလောင်းက အလိုလိုတုံ့ပြန်မှုအတိုင်း ရှင်းဟုန်ရွှမ်ရဲ့ ဓမ္မစွမ်းအားကို စုပ်ယူတာပါ။ သူ့မှာ ကျင့်စဉ်မရှိတဲ့အတွက် လောလောဆယ်မှာ ဘယ်အဆင့်မှ မရောက်သေးပါဘူး။ ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုက သူ့ရဲ့ ဓမ္မစွမ်းအား စုပ်ယူမှုကြောင့် ရပ်မနေပါဘူး။ ရှင်းဟုန်ရွှမ်ရဲ့ ခန္ဓာကိုယ်က လုံးဝကို အကောင်းပတကိ ရှိနေပါတယ်။ ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုအလျင်က ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်း ပိုလို့တောင် မြန်လာပါသေးတယ်။ သေချာ အကဲခတ်ပြီးနောက် ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်ဟာ ဒီသန္ဓေသားလောင်းက ရှင်းဟုန်ရွှမ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာ စိုးရိမ်နေတာပါ။
ဒါပေမဲ့ အခုကြည့်ရတာတောင် ဒီသန္ဓေသားလောင်းကြောင့် ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုက ပိုမြန်လာပုံပါပဲ။ ရှင်းဟုန်ရွှမ် ကိုယ်ဝန်ဆောင်ထားတဲ့ သတင်းက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်တစ်ခုလုံး ပျံ့နှံ့သွားပါတယ်။ တပည့်တွေအကုန်လုံးဟာ မွေးဖွားလာမဲ့ ဒီဂိုဏ်းချုပ်ငယ်လေးကို မျှော်လင့်နေကြပါတယ်။ ဟန်ထော်က ဟန်ကျွယ်ရဲ့ သားဆိုတာကို လူလက်တစ်ဆုပ်လောက်ပဲ သိကြပါတယ်။ တပည့်အများစုက ဟန်ကျွယ်မှာ သားတစ်ယောက်ပဲ ရှိတယ်လို့ တွေးထင်ကြပါတယ်။
“သခင်လေးက ပျိုးထောင်ခံရတုန်းတဲ့၊ သူက တကယ်ကို အထင်ကြီးဖို့ကောင်းမှာ ကျိန်းသေတယ်”
“ဟုတ်တယ်၊ သန္ဓေသားလောင်းက အချိန်ကြာကြာ ပျိုးထောင်ရလေလေ အရည်အချင်း ပိုရှိလေလေပဲ၊ ဘိုးဘေးနဂါးတုန်းကဆိုရင် ဆယ်ဘီလီယံကြာပြီးမှ မွေးဖွားလာတာတဲ့”
“ဆယ်ဘီလီယံကတော့ ကြာလွန်းပါတယ်၊ မဖြစ်နိုင်လောက်ပါဘူး”
“ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ရဲ့ သားက ကျိန်းသေပေါက် ပါရမီရှင်ဖြစ်မှာ၊ သူ ဘယ်လောက်ကြာရင် ဖွားမြင်လာမလဲဆိုတာ ခန့်မှန်းကြရအောင်”
“ဘာပဲဖြစ်ဖြစ် ငါကတော့ စောသေးတယ်လို့ ထင်တယ်”
ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တပည့်တွေရဲ့ စကားပြောဆိုသံကို ကြားပါတယ်။ တပည့်အများစုက မွေးဖွားလာမဲ့ကလေးကို စောင့်မျှော်နေကြပါတယ်။ ဟန်ကျွယ်မှာ ဒီကလေးရှိလာမယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းက မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းသွားမှာပါ။ တပည့်ရင်းတွေကတော့ နောက်မှ ဝင်လာတဲ့ အစောင့်အရှောက်လောက်တောင် စွမ်းအားမကြီးတဲ့အတွက် တခြားလူတွေ လက်ခံလာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တပည့်ရင်းတွေထဲမှာ ဟန်ကျွယ်ရဲ့ နေရာကို ဆက်ခံဖို့ လုံလောက်တဲ့ ကျင့်ကြံမှုနဲ့ အတွေ့အကြုံမရှိရင် ဟန်ကျွယ်ရဲ့ မျိုးဆက်ကပဲ လူတိုင်းကို လက်သင့်ခံစေမှာပါ။
ဟန်ကျွယ်ဟာ သူ့ရဲ့အငယ်ဆုံးသား မွေးဖွားလာပြီးရင် ဘယ်လို စွမ်းဆောင်မလဲဆိုတာကို မျှော်ကြည့်မိလိုက်ပါတယ်။
“ငါ သူ့ကို နာမည် ဘယ်လိုပေးသင့်လဲ” ဟန်ကျွယ်ဟာ မေးစေ့ကို လက်နဲ့ပွတ်ပြီး စဉ်းစားလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ရဲ့ အငယ်ဆုံးသားကို သူ့လိုပဲ ကြိုးကြိုးစားစား ကျင့်ကြံစေချင်ပါတယ်။
‘ဟန်ပုလန်... ဟန်ကူရှုံ့... ဒါမှမဟုတ် ဟန်ကောင်းလား... အဟွတ်... ဒီနာမည်က ဆဲနေသလိုပဲ’
ဟန်ကျွယ်ဟာ မျက်စိကို မြန်မြန်မှိတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ရဲ့ အငယ်ဆုံးသားကြောင့် စိတ်လှုပ်ရှားသွားပါတယ်။ အဲဒါကြောင့် သူ့ရဲ့အငယ်ဆုံးသား မမွေးခင် အဆင့်လေးတစ်ဆင့်ကို ရောက်အောင် တက်မယ်လို့ ဟန်ကျွယ် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
အမှောင်တားမြစ်နယ်မြေ။
အမှောင်ထုထဲက တိမ်ပင်လယ်ထက်မှာ ဧရာမကျောက်တံခါးတစ်ခုဟာ မတ်တတ်ရပ်လျက် ရှိနေပါတယ်။ ဒီတံခါးအောက်မှာ ရုပ်သွင်နှစ်ခု ထိုင်နေပါတယ်။ ဒီရုပ်သွင်နှစ်ခုကတော့ ဟန်ထော်နဲ့ ယီတျန်ပဲ ဖြစ်ပါတယ်။
ဟန်ထော်ဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ယီတျန်က မေးလိုက်ပါတယ် “ဘာမှားလို့လဲ၊ မင်း ဘာဖြစ်လို့ ဒီအတောအတွင်း စိတ်လေးနေတာလဲ၊ နတ်ဒေါင်းအရှင် ကလဲ့စားပြန်ချေမှာကို ကြောက်လို့လား”
ဟန်ထော်ဟာ ခေါင်းခါလိုက်ပါတယ် “မဟုတ်ပါဘူး၊ နတ်ဒေါင်းအရှင်က ဖိနှိပ်ခံထားရပြီးပြီ၊ သူ ထွက်ပြေး လွတ်မြောက်သွားရင်တောင် အရှင်မင်းကြီးကိုပဲ အရင်ဆုံး လက်စားချေမှာ၊ ဒါပေမဲ့ အကြောင်းတချို့ကြောင့် ငါ ဒီအတောအတွင်း ဒီထဲ စိတ်ထဲ တထင့်ထင့် ဖြစ်နေတယ်၊ ဘာကြောင့် ဒီလိုဖြစ်လဲဆိုတာ ငါ လုံးဝ စဉ်းစားလို့မရဘူး”
ယီတျန်ဟာ မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “ငါတို့တွေ အရှင်မင်းကြီးကို မေးသင့်လား”
ဟန်ထော်ဟာ တစ်ခဏစဉ်းစားလိုက်ပါတယ်။ ဒီစိတ်အခြေအနေက သူ့ကျင့်ကြံမှုကို သက်ရောက်လာတဲ့အတွက် ဟန်ထော်ဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။
ကျောက်တံခါးကနေ အားကောင်းတဲ့ အလင်းရောင်တစ်ရောင် ဖြာထွက်လာပါတယ်။ ဒါက ပေတစ်သောင်းကျော် မြင့်မားတဲ့ ရွှေ့ပြောင်းသွားလာမှု အစီအမံပါ။
ဟန်ကျွယ်ဟာ အားကောင်းတဲ့ အလင်းရောင်ထဲကို လှမ်းဝင်လိုက်တယ်ဆိုရင်ပဲ သုခဘုံတစ်ဘုံကို ရောက်ရှိသွားပါတယ်။ အပြာရောင် ကောင်းကင်ပြင်ဟာ အဖြူရောင်တိမ်တွေနဲ့ ပြည့်နေပါတယ်။ အင်မော်တယ်ငှက်တွေဟာ စီတန်းပြီး ပျံသန်းသွားကြပါတယ်။ တိမ်ပင်လယ်ထက်တိုင်းမှာလည်း နန်းတော်တွေ ရှိနေကြပါတယ်။ မကြာမကြာဆိုသလို ကောင်းကင်စစ်သားနဲ့ ကောင်းကင်စစ်သူကြီးတွေဟာ ကင်းလှည့်ကြပါတယ်။
ဟန်ထော်ဟာ အမြင့်ဆုံးနေရာမှာ တည်ရှိတဲ့ ခမ်းနားထည်ဝါတဲ့ နန်းတော်တစ်ဆောင်ရှေ့ကို ရောက်သွားပါတယ်။ တံခါးဝမှာ ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပါတယ်။
စိတ်ဝိညာဉ်နန်းတော်။
ဟန်ထော်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ တိုကင်ရှိတဲ့အတွက် နန်းတော်ထဲကို တံခါးမရှိဓားမရှိ ဝင်ထွက်လို့ ရပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပလ္လင်ပေါ်မှာ ထိုင်ပြီး ကျောက်စိမ်း အပိုင်းအစ နှစ်ခုကို ကြည့်ကာ မျက်မှောင်ကြုတ်နေပါတယ်။
“အရှင်မင်းကြီး... ကျွန်တော်မှာ အရှင်မင်းကြီးကို မေးစရာ ရှိလို့ပါ” ဟန်ထော်ဟာ လက်သီးဆုပ်ပြီး ဦးညွှတ်လိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်ကို လှမ်းကြည့်ပြီး ကြင်နာစွာ ပြုံးလိုက်ပါတယ် “ဘာကိစ္စလဲ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်ကို အတော်လေး အားရပါတယ်။ ဟန်ထော်ရဲ့ အရည်အချင်းက ဟန်ကျွယ်ထက် မနိမ့်ဘူးလို့တောင် ခံစားရပြီး အရင်က ဟန်ကျွယ်ကို မထိန်းချုပ်မိခဲ့တဲ့ သူ့နောင်တကိုလည်း ဖြေဖျောက်ပေးပါတယ်။
ဟန်ထော်ဟာ စိုးရိမ်တဲ့ အကြောင်းရင်းကို ပြောပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ထော်က သာမန်လူ မဟုတ်ပါဘူး။ စွမ်းအားကြီးပုဂ္ဂိုလ်ပါ။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ထိန်းချုပ်နိုင်စွမ်းက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ခဲ့တာ ကြာခဲ့ပါပြီ။ အကြောင်းအရင်းမရှိဘဲ စိတ်မလေးနိုင်ပါဘူး။
မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပေမဲ့ တွက်ချက်လို့ မရပါဘူး။ ဒါကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရွှေကြေးမုံပြင်တစ်ချပ်ကို ထုတ်ယူလိုက်ပါတယ်။
“အနားကပ်ရပ်” မိစ္ဆာ ကောင်းကင်ဧကရာဇ်က ညင်သာစွာ ပြောလိုက်ပါတယ်။ ဟန်ထော်လည်း ချက်ချင်း ရှေ့တစ်လှမ်း တိုးလိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရွှေကြေးမုံပြင်ကို လက်ထဲမှာ ကိုင်ပြီး ဟန်ထော်ကို ကြည့်လိုက်ပါတယ်။ ရွှေကြေးမုံပြင်ကနေ ရွှေရောင် အလင်းတန်းတွေ ဖြာထွက်လာပြီး ဟန်ထော်ရဲ့ ကိုယ်ပေါ်ကို ကျသွားပါတယ်။
“ခွမ်း...”
ရွှေကြေးမုံပြင်ဟာ ရုတ်တရက် ကွဲကြေပြီး အက်ကြောင်းရှည်တစ်ခု ပေါ်လာကာ ရွှေကြေးမုံပြင်ကို နှစ်ပိုင်း ဖြစ်သွားစေပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးပြူးသွားပါတယ် “ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ဟန်ထော်ဟာ ရွှေကြေးမုံပြင် ကွဲကြေသွားတာကို တွေ့ရတဲ့အခါမှာ နှလုံးခုန် မြန်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရွှေကြေးမုံပြင်က မိစ္ဆာကောင်းကင်ဧကရာဇ်ရဲ့ ရတနာတစ်ပါး ဖြစ်နေလို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။