ကြမ်းလွန်းတဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်
Vol. 62 Ch. 670
‘ဒီကောင်လေးက တော်တော် ပါးနပ်တာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အနာဂတ်မှာ ကွမ်းပုပိုင် သစ္စာဖောက်မှာကို မကြောက်ပါဘူး။ ဟန်ကျွယ်ဟာ ဒီပဋိပက္ခနတ်ဘီလူးတွေ ပေါ်မလာခင် သူတို့ရဲ့ သစ္စာရှိမှုကို အရင်ဆုံး စမ်းသပ်မှာပါ။ ပြီးရင် ကြယ်ခြောက်ပွင့်အောက်ရှိတဲ့ လူမှန်သမျှကို လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်မှာပါ။
ဟန်ကျွယ်ဟာ နောက်ကျောဓားနဲ့ အထိုးမခံချင်ပါဘူး။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ကျင့်ကြံတဲ့ အခြေအနေကို ပြန်ဝင်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ တတ်နိုင်သလောက် မြန်မြန် အဆင့်တက်ချင်နေပါပြီ။
ခြံတစ်ခုထဲမှာ...
လုံဟောင်နဲ့ ဟန်ယွီဟာ စားပွဲမှာထိုင်ပြီး ပျော်ပျော်ရွှင်ရွှင် အရက်သောက်နေကြပါတယ်။ ဒီအတောအတွင်း ဟန်ယွီရဲ့ စိတ်လေးလံမှုက ပျောက်ကွယ်သွားပြီး ပုံမှန်အခြေအနေကို ပြန်ရောက်သွားပါတယ်။ ဒီကိစ္စကြောင့် ဟန်ယွီဟာ တော်တော်လေး စိတ်သက်သာရာ ရသွားပါတယ်။
ဟန်ယွီဟာ သူ့ဘိုးဘေးကို ယုံကြည်ပေမဲ့ ဒီအခြေအနေသာ ဒီထက်ကြာမယ်ဆိုရင် သူ့ကျင့်ကြံမှုနဲ့ တာအိုနှလုံးသားကို သက်ရောက်လာမှာပါ။ အခန့်မသင့်ရင် ချီဖောက်လွဲဖောက်ပြန်တာ ဖြစ်နိုင်ပါတယ်။
“ဘယ်လိုလဲ၊ ငါတို့တွေသာ ဒီအခွင့်အရေးကို ရလိုက်ရင် လူသားမျိုးနွယ်စုထဲမှာ ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ပေါ်လာလိမ့်မယ်၊ မင်းရဲ့ ဟန်မိသားစုလည်း ဒီအခွင့်အရေးကို အသုံးချပြီး ကောင်းကင်ပေါ် ထိုးတက်နိုင်တယ်၊ မင်းရဲ့ အဆင့်အတန်းကလည်း လူသားမျိုးနွယ်စုထဲမှာ အများကြီး ပိုမြင့်လာလိမ့်မယ်” လုံဟောင်ဟာ သူ့အရက်ခွက်ကို လှည့်ရင်း ပြုံးလိုက်ပါတယ်။
ဟန်ယွီဟာ နှုတ်ခမ်းတွန့်သွားပါတယ် “ဒီလိုဆိုရင် မင်းရဲ့ နဂါးမျိုးနွယ်စုက ဘာဖြစ်လို့ မလိုချင်တာလဲ”
လုံဟောင်က တဟားဟား ရယ်မောလိုက်ပါတယ် “မလိုချင်ဘူးလို့ ဘယ်သူကပြောလဲ၊ ငါက မင်းကို ကူညီချင်ရုံပါ၊ မြေအင်မော်တယ်ကမ္ဘာရဲ့ ကျင့်ကြံခြင်း အင်အားစုတွေက သိပ်ပြီးတော့ စွမ်းအားကြီးတာ မဟုတ်ဘူး၊ ဒါပေမဲ့ အခုအချိန်မှာ တိတ်ဆိတ်ဂိုဏ်းနဲ့ ရွမ်လိန့်ကျောင်းတော်ပဲ ဝင်လို့ရတယ်”
ဟန်ယွီဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒါက ငါ့ဘိုးဘေးရဲ့ ရည်ရွယ်ချက်လား...” ဟန်ယွီဟာ သူ့ဘိုးဘေးက တိတ်ဆိတ်ဂိုဏ်းထဲမှာ အဆင့်အရမ်းမြင့်မှန်း သိပြီးပါပြီ။
“မင်းရဲ့ ဘိုးဘေးက မင်းကို ဂရုစိုက်ဖို့ အချိန်မရှိဘူး၊ ငါက မင်းကို တိတ်ဆိတ်ဂိုဏ်းထဲ မြန်မြန် ဝင်နိုင်အောင် ကူပြီး တိုက်ခိုက်ပေးရုံပဲ” လုံဟောင်က ဒေါသတကြီး ပြောလိုက်ပါတယ်။ ပထမတော့ လုံဟောင်ဟာ ဟန်ယွီက ဟန်ကျွယ်နဲ့ တူလို့ မိတ်ဖွဲ့ခဲ့တာပါ။ ဒါပေမဲ့ အချိန်အတန်ကြာအောင် တွဲသွားတွဲလာ လုပ်ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဟာ မိတ်ဆွေစစ်တွေ ဖြစ်လာကြပါတယ်။
ဒီအတောအတွင်း လုံဟောင်ဟာ အနန္တကမ္ဘာမြင်ကွင်းကနေ ဟန်ကျွယ်က နောက်ထပ် သားတစ်ယောက် ရတော့မယ်မှန်း သိလိုက်ရပါတယ်။ ဒီကလေးရဲ့ အရည်အချင်းက အလွန်တရာမှ ကြောက်ဖို့ကောင်းတဲ့အတွက် ဒီကလေးသာ မွေးဖွားလာရင် ဟန်ကျွယ်က ဟန်ယွီကို ပိုပြီးတော့ မေ့သွားမယ်ဆိုတာ လုံဟောင် ကောင်းကောင်းကြီး သိနေပါတယ်။
လုံဟောင်ရဲ့ အမြင်မှာ ဟန်ယွီ ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် ဟန်ကျွယ်ကို မှီဖို့ အဝေးကြီးလိုပါသေးတယ်။ ဒီကမ္ဘာမှာ အကြီးမားဆုံး အခွင့်အရေးက ဟန်ကျွယ်ရဲ့ မျက်နှာသာပေးမှုကို ရရှိဖို့ပါ။
ဟန်ယွီဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်ပါတယ် “ကောင်းပြီ၊ ငါ အဲဒီကို ငါ့ရဲ့ ဟန်မိသားစု တပည့်တွေ အရင်ခေါ်သွားကြည့်မယ်၊ တကယ်လို့ ငါ အောင်မြင်ခဲ့ရင် လူသားတွေကိုလည်း လိုက်ဝင်ခိုင်းမယ်”
လုံဟောင်က အားရပါးရ ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ မြေအင်မော်တယ်ကမ္ဘာမှာ စွမ်းအားကြီး ကျင့်ကြံသူတွေ မရှိဘူး၊ နောက်ပြီး ငါတို့က အင်မော်တယ် နတ်ဘုရားတွေရဲ့ တာဝန်ကို ထမ်းဆောင်ပြီး ကံတရား အထောက်အပံ့ကို စုပ်ယူဖို့ ငါတို့ကို ယုံကြည်သူတွေ ပေါများလာအောင် လုပ်ရမယ်” ဟန်ယွီဟာ ခေါင်းညိတ်လိုက်ပါတယ်။
ကောင်းကင်တာအို အပြင်ဘက်။
ကပ်ဘေးမျိုးနွယ်စုရဲ့ မြို့မှာ နတ်ဒေါင်းအရှင်ဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ နတ်ဒေါင်းအရှင်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ သူ့မျက်လုံးကနေ ကြောက်မက်ဖွယ် အေးစက်တဲ့ အလင်းရောင်တွေ ဖြာထွက်သွားပါတယ်။ နတ်ဒေါင်းအရှင် လှမ်းကြည့်လိုက်တဲ့အခါ အလွန်အားကောင်းတဲ့ ရောင်ဝါတစ်ခုက အမှောင်ထုနက်ထဲကနေ လျင်မြန်စွာ နီးကပ်လာတာကို အာရုံခံမိလိုက်ပါတယ်။ ဒီရောင်ဝါက တားဆီးမရနိုင်တဲ့ ရောင်ဝါမျိုးပါ။
မကြာခင်မှာပဲ နတ်ဒေါင်းအရှင်ဟာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်ရပါတယ်။ ဒီလူက ဘယ်လောက်ထိ မြင့်မားလဲဆိုတာ ပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ ကျိန်းသေတာတစ်ခုကတော့ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးထက် ပိုကြီးပါတယ်။
ဒီရုပ်သွင်ဟာ ခန္ဓာကိုယ်အထက်ပိုင်း ဗလာကျင်းနေပြီး သူ့ကြွက်သားတွေက တောင်ကြီးတွေလိုပါပဲ။ သူ့လက်ထဲမှာလည်း ဧရာမပုဆိန်တစ်လက်ကို ကိုင်စွဲထားပါတယ်။ ပုဆိန်သွားကို မျက်စိနဲ့ မြင်နိုင်လောက်တဲ့ မီးလျှံတွေက ဝန်းရံနေပြီး ဒီမီးလျှံတွေက လောကကြီး စတင်ဖန်တီးတုန်းက ပဋိပက္ခချီလိုမျိုး အလွန်ရှေးကျပြီး အလွန်တရာမှ ကျယ်ပြောလှပါတယ်။
နတ်ဒေါင်းအရှင်ဟာ မျက်မှောင်ကြုတ်သွားပြီး ဧရာမလူသန်ကြီးရဲ့ မျက်နှာပေါ်ကို အကြည့်ရောက်သွားပါတယ်။ ဒီလူရဲ့ ဆံပင်တွေက ဖွာလန်ကျဲနေပြီး အဖြူရောင်ဆံပင်တွေက ဟိုဟိုဒီဒီ ပြန့်ကျဲနေပါတယ်။ သူ့မျက်နှာက ရိုင်းစိုင်းလှပြီး ပါးစပ်ထောင့်ကလည်း ရက်စက် အားကောင်းလွန်းတဲ့ သတ်ဖြတ်ငွေ့ကို ထုတ်လွှတ်နေပါတယ်။
“လွတ်လပ်မှု တာအိုရောင်းရင်း... ငါရဲ့ ကောင်းကင်တာအိုနားမှာ ဘာလုပ်နေတာလဲ”
အေးစက်တဲ့အသံတစ်သံဟာ နတ်ဒေါင်းအရှင်ရဲ့ နားထဲကို ဝင်ရောက်လာပါတယ်။ နတ်ဒေါင်းအရှင် အမှောင်ထုထဲကို လျှပ်တစ်ပြက်သွားပြီး ဧရာမလူသန်ကြီးကို ကြည့်လိုက်ပါတယ်။ ဒီဧရာမလူသန်ကြီးက တခြားလူတော့ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ မိတ်ဆွေကြီး ပန်ရှင်းပါ။
ပန်ရှင်းဟာ အရင်ကထက် ပိုငယ်ရွယ်ပုံပေါ်နေပြီး သူ့ခန္ဓာကိုယ်က အရင်ကနဲ့ လုံးဝ ကွဲပြားခြားနားနေပါတယ်။ ပန်ရှင်းဟာ ဒဏ္ဍာရီလာ လူသန်ကြီး ပန်ကူးနတ်ဘုရားလိုမျိုး ရောင်ဝါ ရှိနေပါတယ်။
“မင်းက ဘယ်သူလဲ” နတ်ဒေါင်းအရှင်က မေးလိုက်ပါတယ်။ နတ်ဒေါင်းအရှင် ပထမဆုံးတွေးမိလိုက်တာ ဒီဧရာမလူသန်ကြီးကို အမှောင်သခင်ကြီး လွှတ်လိုက်တယ်လို့ပဲ။ ဒီဧရာမလူသန်ကြီးက ကောင်းကင်တာအို အပြင်ဘက်ကနေ လာပြီး ကောင်းကင်တာအိုသားလို့ ထုတ်ပြောတာက သူ့ကို ကောင်းကင်တာအိုထဲကမှန်း တမင်သိစေချင်တာလွဲပြီး တခြား ဘာအကြောင်း ဖြစ်နိုင်ဦးမှာလဲ။
ပန်ရှင်းက အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “မှတ်ထား... ငါ့နာမည်က ပန်ရှင်းပဲ၊ မဟုတ်သေးပါဘူး... မင်းငါ့နာမည်ကို မှတ်ထားဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး”
စကားဆုံးတာနဲ့ ပန်ရှင်းဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ရုတ်တရက်မြှောက်ပြီး ဒေါသတကြီး ခုတ်ချလိုက်ပါတယ်။ ပန်ရှင်းရဲ့ ခန္ဓာကိုယ်က အင်မော်တယ်ကမ္ဘာထက် ကြီးတဲ့အတွက် လက်မြှောက်လိုက်တဲ့ လေအရှိန်ကပဲ အရာအားလုံးကို ဆုတ်ဖြဲပစ်ဖို့ လုံလောက်ပါတယ်။ အမှောင်တားမြစ်နယ်မြေထဲက ပဋိပက္ခချီဟာ ပြင်းထန်စွာ လှိမ့်တက်လာပါတယ်။
ကောင်းကင်ဖွင့်လှစ်ပုဆိန်ဟာ တားဆီးမရတဲ့ အင်အားနဲ့ နတ်ဒေါင်းအရှင်ဆီကို ဆင်းသက်လာပါတယ်။
နတ်ဒေါင်းအရှင်ဟာ ညာလက်ကို မြှောက်လိုက်တဲ့အခါ သူ့လက်ထဲကနေ ငါးရောင်ခြယ် နတ်စွမ်းအား ထွက်ပေါ်လာပြီး ကောင်းကင်ဖွင့်လှစ်ပုဆိန်နဲ့ သွားတိုက်ပါတယ်။ ငါးရောင်ခြယ် နတ်စွမ်းအားဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်နဲ့ ထိတွေ့မိတယ်ဆိုရင်ပဲ ကွဲကြေထွက်သွားပြီး ကြောက်မက်ဖွယ် လေပြင်းဟာ နတ်ဒေါင်းအရှင်ရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ နတ်ဒေါင်းအရှင်ရဲ့ ခန္ဓာကိုယ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။
နောက်တစ်စက္ကန့်မှာပဲ နတ်ဒေါင်းအရှင်ဟာ တခြားနေရာတစ်ခုမှာ ကြောက်လန့်တဲ့ မျက်နှာနဲ့ ပေါ်လာပါတယ် “ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” နတ်ဒေါင်းအရှင်ဟာ တော်တော်ကို လန့်သွားပါတယ်။ သူ့ရဲ့ ငါးရောင်ခြယ် နတ်စွမ်းအားက သူ့ရဲ့ ကိုယ်ပိုင် ဆန်းကြယ်စွမ်းအားဖြစ်ပြီး မဟာတာအို ဆန်းကြယ်စွမ်းအား ဖြစ်လာအောင် အဆင့်မြှင့်တင်ပြီးပါပြီ။ ငါးရောင်ခြယ် နတ်စွမ်းအားက သူ့ရဲ့ အားအထားရဆုံး အယုံကြည်ရဆုံး လက်နက်တစ်ခုဆိုရင်လည်း မမှားပါဘူး။ မဟာတာအိုပညာရှိတောင် ငါးရောင်ခြယ် နတ်စွမ်းအားကို ရင်ဆိုင်ရရင် တယိမ်းတယိုင်တွေ ဖြစ်ကုန်ပါတယ်။
နတ်ဒေါင်းအရှင်ရဲ့ အကြည့်ဟာ ပန်ရှင်းလက်ထဲက ကောင်းကင်ဖွင့်လှစ်ပုဆိန်ဆီ စုပြုံကျရောက်သွားပါတယ် ‘ဒါက ဘယ်လိုလက်နက်လဲ’
ပန်ရှင်းဟာ အထင်အမြင်သေးစွာ ပြုံးပြီး သူ့ပုဆိန်ကို ထပ်ဝှေ့ယမ်းလိုက်ပါတယ်။ နတ်ဒေါင်းအရှင်ဟာ လုံးဝကို အမျက်ထွက်သွားပါတယ် ‘ငါ့ကို အနိုင်ကျင့်လို့ရတဲ့ ကောင်လေးများ မှတ်နေတာလား...’
နတ်ဒေါင်းအရှင်ဟာ ပန်ရှင်းဆီ တဟုန်ထိုး ပြေးသွားတဲ့အတွက် တိုက်ပွဲကြီးတစ်ခု ချက်ချင်းဆိုသလို ဖြစ်ပေါ်လာပါတယ်။ ကောင်းကင်တာအို ကောင်ကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာရှိတဲ့ တာအိုပညာရှိတွေဟာလည်း ကြောက်မက်ဖွယ် တိုက်ပွဲရောင်ဝါကြောင့် လန့်သွားကြပါတယ်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်လည်း အတူတူပါပဲ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကြည့်လိုက်တဲ့အခါ နတ်ဒေါင်းအရှင်ရဲ့ ပြိုင်ဘက်က ပန်ရှင်းဆိုတာကို သိလိုက်ပါတယ်။ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ကိုင်ထားတဲ့ ပန်ရှင်းဟာ တော်တော်ကို ကြမ်းတမ်းလှပါတယ်။ သူဟာ နတ်ဒေါင်းအရှင်ကို လုံးဝ ဖိနှိပ်ထားပါတယ်။ ဒါကို မြင်ရလို့ ဟန်ကျွယ်ဟာ အံ့အားသင့်ခြင်း မရှိပါဘူး။ ပန်ရှင်းက မဟာတာအိုပညာရှိတွေ ကြားထဲကနေ အများနဲ့ တစ်ယောက် တိုက်ခိုက်ပြီး ထွက်လာတာ မဟုတ်ပါလား။
“ငါ့ရဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်က ဘာဖြစ်လို့ ဒီလောက် စွမ်းအားမကြီးရတာလဲ”
ဟန်ကျွယ်ဟာ စိတ်မချမ်းမသာ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ စနစ်ကနေ ရထားတဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို စနစ်ရဲ့ အာကာသထဲ ပစ်ထည့်ထားတာပါ။ ပန်ရှင်းရဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို မြင်ရတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အားကျသွားပါတယ်။ ကောင်းကင်ဖွင့်လှစ်ပုဆိန်က တကယ်ကို ကြည့်လို့ ကောင်းတာပါ။
လောကကို သိမ်းပိုက်နိုင်ပြီး ပြိုင်ဘက်ကင်းပါတယ်။ ဒီလိုရတနာမျိုးကို ဘယ်သူက မလိုချင်မှာလဲ။
ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို ကရုဏာ သက်သွားပါတယ်။ နတ်ဒေါင်းအရှင် အမင်္ဂလာနတ်ဧကရာဇ် လက်ကနေ လွတ်လာတာ မကြာသေးပါဘူး။ အခုထပ်ပြီးတော့ အဆော်ခံရပြန်ပါပြီ။ ဟန်ကျွယ်ဟာ ဒီတိုက်ပွဲကို ဝင်ပါဖို့ စိတ်ကူးမရှိပါဘူး။ လောလောဆယ်မှာလည်း သူက ပန်ရှင်းကို ယှဉ်ချင်မှ ယှဉ်နိုင်မှာပါ။ ပြဿနာနဲ့ဝေးဝေး နေတာက ဟန်ကျွယ်ရဲ့ လမ်းစဉ်ပါ။
“ပန်ရှင်းက ကောင်းကင်တာအိုကို ထိခိုက်အောင် လုပ်မှာလား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။ လက်ရှိ ပန်ကူးက တကယ်ကို စွမ်းအားကြီးတာ ဖြစ်တဲ့အတွက် သတိထားသင့်ပါတယ်။
[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် ကောင်းကင်တာအိုကို ထိခိုက်အောင် မလုပ်ပါ။ ပန်ရှင်းတွင် ကောင်းကင်တာအို ကံတရား အထောက်အပံ့ရှိသောကြောင့် ကောင်းကင်တာအို သေဆုံးလျှင် သူ့စွမ်းအား လျော့နည်းပြီး အကောင်းစား ရတနာကိုပင် ထိန်းချုပ်မှု လွတ်ကင်းသွားနိုင်သည်။]
ဒီစာကြောင်းကို မြင်ရတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပန်ရှင်းက ကောင်းကင်တာအိုဘက်ကဆိုရင် ကျန်တာတွေက အရေးမကြီးတော့ပါဘူး။
ဟန်ကျွယ်ဟာ မျက်လုံးပြန်မှိတ်လိုက်ပါတယ်။ ဂူအောင်းကျင့်ကြံတာ နှစ်တစ်ထောင် မပြည့်သေးတဲ့အတွက် ဟန်ကျွယ်ဟာ ကျင့်ကြံတာကို မရပ်နိုင်ပါဘူး။ နတ်ဒေါင်းအရှင် အတွက်ကတော့ ပန်ရှင်းလက်ထဲမှာ ကျဆုံးခဲ့ရင် မဟာတာအိုနဲ့ ကံမပါဘူးလို့ပဲ ပြောရပါလိမ့်မယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင် လွတ်မြောက်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ နတ်ဒေါင်းအရှင်ရဲ့ ဒီလိုစရိုက်ဆိုးပုံမျိုးနဲ့ သေမယ်ဆိုရင် အစောကြီးကတည်းက သေသွားလောက်ပါပြီ။
မျက်တောင်တစ်ခတ်အတွင်း ဟန်ကျွယ်ရဲ့ နှစ်တစ်ထောင် ဂူအောင်းကျင့်ကြံမှု ပြီးဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပန်ရှင်းနဲ့ နတ်ဒေါင်းအရှင်က တိုက်ခိုက်နေတုန်းမလို့ပါ။ ဒီလူနှစ်ယောက် တိုက်ခိုက်နေတာ နှစ် ၆၀၀ ကျော်ပါပြီ။ သူတို့နှစ်ယောက်ဟာ ပိုမိုနက်ရှိုင်းတဲ့ အာကာသထဲ ဝင်ရောက်သွားတာမို့ တာအိုပညာရှိတွေပဲ သူတို့တိုက်ပွဲကို အာရုံခံနိုင်ပါတော့တယ်။
ကြည့်ရတာ ပန်ရှင်းက တိုက်ပွဲဖိအားကြောင့် ကောင်းကင်တာအိုကို တစ်ခုခု သက်ရောက်သွားမှာ စိုးရိမ်ပုံပါပဲ။ နတ်ဒေါင်းအရှင်ဟာ ငါးရောင်ခြယ် နတ်စွမ်းအားနဲ့ တောက်ပနေပြီး သူ့အလျင်က အလွန်တရာမှ မြန်ဆန်လှပါတယ်။ ဘယ်သွားသွား အရိပ်တွေပဲ ကျန်နေခဲ့တဲ့အတွက် တာအိုပညာရှိတွေတောင် မျက်စိစူးပါတယ်။
ပန်ရှင်းဟာ နတ်ဒေါင်းအရှင်ကို အလျင်ချင်းယှဉ်ရင် မနိုင်ပါဘူး။ နတ်ဒေါင်းအရှင်ဟာ ငါးရောင်ခြယ်နတ်စွမ်းအားကို ဓားသွားလိုသုံးပြီး တိုက်ခိုက်တာကြောင့် ပန်ရှင်းရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ပြည့်လာပါတယ်။ ဒါပေမဲ့ ဒီဒဏ်ရာတွေက ပန်ရှင်းကို ဘာမှမဖြစ်စေပါဘူး။ ပန်ရှင်းရဲ့ ရောင်ဝါက အရင်အတိုင်း စိုးမိုးခြယ်လှယ်နေတုန်းပါ။
ဟန်ကျွယ်ရဲ့သွေးဟာ ဆူပွက်သွားပါတယ်။ ဒါကမှ တကယ့်တိုက်ပွဲ မဟုတ်ပါလား။
‘မဟုတ်သေးဘူး.. ငါရဲ့ တစ်ချက်တည်း သတ်လိုက်တဲ့ လမ်းစဉ်က ပိုမှန်တယ်၊ ဒီလိုတိုက်ပွဲမျိုးက စိတ်လှုပ်ရှားဖို့ ကောင်းတယ်ဆိုပေမဲ့ အရမ်းအန္တရာယ်များတယ်’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။