ဝိညာဉ် မဟာတာအိုအသွင် ပြောင်းလဲခြင်း
Vol. 63 Ch. 673
“ငါ မင်းကို မသတ်နိုင်ဘူးဆိုတာ မယုံဘူး၊ ငါ မင်းကို မသတ်နိုင်ရင်တောင် အနည်းဆုံးတော့ ထပ်ပြီး ပြဿနာမရှာနိုင်အောင် လုပ်ပစ်မယ်” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။ ကြမ္မာဆိုးစာအုပ်ရဲ့ အနက်ရောင် အလင်းရောင်က မျက်နှာကို လာဟပ်တာကြောင့် ဟန်ကျွယ်ရဲ့ အသွင်အပြင်ကို ပြောင်းလဲသွားစေပါတယ်။
ဟန်ကျွယ်ဟာ အေးစက်လာပြီး နောက်ကွယ်ကနေ မကောင်းကြံနေတဲ့ မကောင်းဆိုးဝါးကောင်နဲ့ တူလာပါတယ်။ ဟန်ကျွယ်ရဲ့ သက်တမ်းကလည်း အလွန်လျင်မြန်စွာ လျော့ကျသွားပါတယ်။
၆ ကွာဒလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကံကောင်းကင်၏ အတွင်းနတ်ဆိုးများ အားကောင်းလာပြီး သောင်းကျန်းသဖြင့် သူ့ဝိညာဉ် အပြင်းအထန် ထိခိုက်သွား၏။]
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကံကောင်းကင် ပျက်စီးပြီး သူ့ဝိညာဉ်မှာ ကံတရား မဟာတာအိုအဖြစ် အသွင်ပြောင်းလဲသွား၏။]
အဲဒီနောက် ဟန်ကျွယ် ကျိန်စာတိုက်တာ မထိတော့ပါဘူး။ ကံကောင်းကင်က တကယ်သေသွားတာလား အယောင်ဆောင်တာလားဆိုတာ သိရဖို့ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်ပါတယ်။ ကံကောင်းကင်ရဲ့ ပုံရိပ်က လူမှုဆက်ဆံရေးထဲမှာ ရှိနေပါသေးတယ်။ ကြည့်ရတာ ကံကောင်းကင်က အသက်ရှင်ဖို့အတွက် နည်းလမ်းတချို့ သုံးလိုက်ပုံပါပဲ။
ပဋိပက္ခနတ်မင်းနဲ့ ဆွမ်တိလိုမျိုး အများက သေသွားပြီလို့ ယုံကြည်ထားပေမဲ့ တကယ်တော့ သူတို့က အသက်ရှင်လျက် ရှိနေကြပါသေးတယ်။
ဒီအချိန်မှာပဲ
ကောင်းကင်က တိမ်တွေဟာ ကြက်သွေးရောင်လို နီရဲသွားပါတယ်။ ဒါက တော်တော်ကို လှပတဲ့ မြင်ကွင်းတစ်ခုပါ။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ နှုတ်ခမ်းတွန့်သွားပါတယ် ‘ဒီကောင်းကင်တာအိုက ဘာလုပ်နေတာလဲ၊ အမြဲတမ်း ရန်သူ့အတွက် ဝမ်းနည်းပေးနေတာပဲ၊ ကောင်းကင်တာအိုပညာရှိ သေရင်တောင် ဘာမှမဖြစ်ဘဲနဲ့...’ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုက သစ္စာဖောက်လို့တောင် သံသယဝင်သွားပါတယ်။
တစ်ခါတုန်းက ကောင်းကင်တာအိုဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကို မွေးဖွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီကောင်းကင်တာအို စိတ်ဝိညာဉ်ကို ဖန်းလျန်က စုပ်ယူခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ကောင်းကင်တာအို စိတ်ဝိညာဉ် ရှိနေသေးတယ်လို့တောင် တွေးမိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မတွက်ချက်ပါဘူး။ ကောင်းကင်တာအို စိတ်ဝိညာဉ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ့ကို သက်ရောက်မှု သိပ်မရှိပါဘူး။
ကံကောင်းကင်က မဟာတာအိုအသွင် ပြောင်းလဲသွားတဲ့အတွက် လောလောဆယ်မှာ ဟန်ကျွယ်ကို မခြိမ်းခြောက်နိုင်တော့ပါဘူး။ ဟန်ထော်လည်း ကံကောင်းကင်လက်ကနေ လွတ်မြောက်သွား လောက်ပါပြီ။ သူ့ဘာသာ မလွတ်မြောက်နိုင်ရင်လည်း မိစ္ဆာ ကောင်းကင်ဧကရာဇ် ကယ်တင်တာကို ကျိန်းသေပေါက် ခံရမှာပါ။ ဟန်ထော်ရဲ့ ခန္ဓာကိုယ်အတွက်ကတော့ ဟန်ထော် ပြန်ရှာလို့မတွေ့ရင် အသစ်ပြန်တည်ဆောက်ပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ဟန်ကျွယ်က ဘာမှမလုပ်ပေးနိုင်ပါဘူး။
အရာအားလုံးမှာ ကံတရားရှိတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး သူ့ရဲ့ ဓားတာအိုဆန်းကြယ်စွမ်းအားတွေကို အဆင့်မြှင့်တင်ပါတယ်။ လေးငါးဆယ်လ အကြာမှာတော့ ဟန်ကျွယ်ဟာ မဟာညီညွတ်မှု ရုပ်သွင်ကို ဆက်ပြီးတော့ လေ့ကျင့်ပါတယ်။ နှစ် ၁၃၀ ကုန်ဆုံးသွားတဲ့အခါ ဟန်ကျွယ်ဟာ နောက်ထပ် နတ်ဘီလူးဓမ္မရုပ်တု အသစ် ၅၀ ကို ထပ်မံတတ်မြောက်သွားတာကြောင့် နောက်ထပ် မတူကွဲပြားတဲ့ မဟာတာအိုစွမ်းအား ငါးဆယ်ကို ထပ်ရလိုက်ပါတယ်။ ဒါကြောင့် အခုဆိုရင် ဟန်ကျွယ်ဆီမှာ နတ်ဘီလူးဓမ္မရုပ်တုပေါင်း ၃၄၉ ရုပ် ရှိသွားပါပြီ။
ဟန်ကျွယ်ဟာ မဟာတာအို တော်တော်များများက သက်ရောက်မှုချင်း တူတာကို သွားတွေ့ပါတယ်။ ဒါပေမဲ့ စွမ်းဆောင်ရည်ကတော့ ကွဲပြားခြားနားပါတယ်။ နတ်ဘီလူးဓမ္မရုပ်တု အသစ်တွေထဲမှာ ဟန်ကျွယ်ကို အထင်ရှားဆုံး ဖြစ်စေတာကတော့ အာကာသစုပ်ယူ နတ်ဘီလူးပဲ ဖြစ်ပါတယ်။ ဒီနတ်ဘီလူးက နာမည်နဲ့အညီ အာကာသကို စုပ်ယူနိုင်စွမ်း ရှိပါတယ်။ ကျင့်ကြံမှု မြင့်မားလေလေ စုပ်ယူနိုင်တဲ့ အာကာသက မြင့်မားလေလေပါပဲ။ လုံလောက်တဲ့ စွမ်းအားသာ ရှိမယ်ဆိုရင် ပဋိပက္ခတစ်ခုလုံးကို စုပ်ယူပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ ပေါင်းစပ်နိုင်ပါတယ်။
အာကာသစုပ်ယူ နတ်ဘီလူးက အာကာသကိုပဲ စုပ်ယူနိုင်တာ မဟုတ်ပါဘူး။ စုပ်ယူထားတဲ့ အာကာသကို ကိုယ်ပိုင်စွမ်းအားနဲ့ ပေါင်းစပ်နိုင်ပါတယ်။ အာကာသစုပ်ယူ နတ်ဘီလူးသာ သူ့လို သိုသိုသိပ်သိပ်နေမယ်ဆိုရင် ပန်ကူးကို မရှုံးလောက်ဘူးလို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။
အာကာသစုပ်ယူ နတ်ဘီလူးကလွဲရင် အံ့ဖွယ်ပညာရပ် နတ်ဘီလူး၊ သွေးသားနတ်ဘီလူးနဲ့ သွေးချီနတ်ဘီလူးကိုလည်း ဟန်ကျွယ် စိတ်ဝင်စားပါတယ်။ ဆန်းကြယ်စွမ်းအား တစ်မျိုးကို လက်ခံပြီးရင် အံ့ဖွယ်ပညာရပ် နတ်ဘီလူးက အဲဒီစွမ်းအားကို သာမန်ထက်လွန်ကဲအောင် အသုံးပြုနိုင်ပါတယ်။ သွေးသား နတ်ဘီလူးကတော့ ပန်ကူးလိုပဲ ခန္ဓာကိုယ် အကန့်အသတ်ကို ချိုးဖျက်တဲ့ မဟာတာအိုပါ။ တိုက်ခိုက်မှုက မပြင်းထန်ပေမဲ့ ခံနိုင်ရည်ကတော့ ကောင်းကင်တောင် အန်တုလို့ မရပါဘူး။
သွေးချီနတ်ဘီလူးကတော့ သူ့ရဲ့သွေးနှစ်ကို လောင်ကျွမ်းပြီး အထွတ်အထိပ် ဓမ္မစွမ်းအားဖြစ်အောင် ပြောင်းလဲနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ တခြားသူတွေရဲ့ သွေးနှစ်ကိုလည်း လုယူနိုင်ပါတယ်။ တော်တော်ဗိုလ်ကျတယ်လို့ ပြောလို့ရပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး နတ်ဘီလူးဓမ္မရုပ်တု အသစ်တွေရဲ့ စွမ်းအားနဲ့ အသားကျအောင် လုပ်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဖွင့်လှစ် ပုဆိန်၊ လူသတ် တာအိုတိုကင် (သတ်ဖြတ်ခြင်း တာအိုတိုကင်) နဲ့ ဟွမ်သွမ့်ဓားက ဘယ်နတ်ဘီလူးဓမ္မရုပ်တုတွေရဲ့ လက်ထဲမှာ စွမ်းအားပိုကြီးလဲဆိုတာကိုလည်း မြင်ချင်ပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ စကြဝဠာခန်းမ။
တာအိုပညာရှိတွေဟာ ကောင်းကင်အရှင်ရွှမ်တုနဲ့ ပန်ရှင်းကို မျက်နှာချင်းဆိုင်ပြီး ထိုင်နေကြပါတယ်။ ပန်ရှင်းက တာအိုပညာရှိတွေလိုမျိုး ဣန္ဒြေမရှိဘဲ လမ်းပေါ်က လူရမ်းကားလို ဖြစ်ကတတ်ဆန်းနိုင်ပြီး ခပ်ရိုင်းရိုင်းပါ။ သာမန်လူသားအသွင် ပြောင်းထားတဲ့ ပန်ရှင်းရဲ့ ခန္ဓာကိုယ်ဟာ ကြံ့ခိုင်းတောင့်တင်းတုန်းပါပဲ။
ပန်ရှင်းဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ ဘေးမှာ သံတာဝါလို ရပ်နေပါတယ်။ ပန်ရှင်းရဲ့ ခန္ဓာကိုယ် အထက်ပိုင်းက ဗလာကျင်းနေပြီး သူ့ရဲ့ ဆံပင်ဖြူတွေကလည်း ရှုပ်ပွနေပါတယ်။ သူ့မျက်လုံးတွေကတော့ လင်းယုန်သားရဲလို အကြည့်နဲ့ တာအိုပညာရှိတွေကို လိုက်ကြည့်နေပါတယ်။ တာအိုပညာရှိတွေဟာ ပန်ရှင်းကို နည်းနည်းတော့ ကြောက်ပါတယ်။
ဒါပေမဲ့ ရှီတုတောက်နဲ့ လီတောက်ခုံးကတော့ ပန်ရှင်းကို အထင်သေးပါတယ်။ ပန်ရှင်းကလည်း ဒီအဆင့်ကိုရောက်ဖို့ ကိုယ်တိုင်ကျင့်ကြံခဲ့တာ မဟုတ်ဘဲ ပန်ကူးရဲ့ ကံတရား အထောက်အပံ့ကြောင့် ရောက်လာခဲ့တာ မဟုတ်ပါလား။ လီတောက်ခုံးနဲ့ ရှီတုတောက် ပန်ရှင်းကို အထင်သေးရတာက ပန်ရှင်းမှာ ထိပ်သီးကျင့်ကြံသူတစ်ဦးရဲ့ အမူအကျင့် မရှိလို့ပါပဲ။
ပန်ရှင်းက စပ်ဖြီးဖြီးနဲ့ ပြောလိုက်ပါတယ် “အားလုံးပဲ... ဒီလိုမျိုးနေ့ ရောက်လာလိမ့်မယ်လို့ ငါလည်း ထင်မထားခဲ့ဘူး၊ ဘယ်လိုလဲ... လန့်သွားကြတယ်မလား” အဲဒီနောက် ပန်ရှင်းဟာ ချုံရှီလိုင်ကို ကြည့်ပြီး ဆဲဆိုလိုက်ပါတယ် “ဟေ့ကတုံး... မင်း အရင်တုန်းက အရမ်းမောက်မာခဲ့တာ မဟုတ်လား၊ မင်းရဲ့ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကိုသုံးပြီး ငါ့ကို ဖျက်ဆီးကြည့်ပါလား”
ချုံရှီလိုင်ဟာ မျက်နှာ ဆတ်ခနဲ ဖြစ်သွားပေမဲ့ ဘာမှမပြောပါဘူး။ ပန်ရှင်းက တာအိုပညာရှိတွေကို တစ်ယောက်ပြီးတစ်ယောက် ဆဲဆိုပါတယ်။ အဆဲခံရတဲ့ တာအိုပညာရှိတွေဟာ နည်းနည်းတော့ ရှက်ပါတယ်။ ဒါပေမဲ့ ပန်ရှင်းက အရင်က ပန်ရှင်း မဟုတ်တော့တာကြောင့် တာအိုပညာရှိတွေဟာ ဟိတ်ဟန်တွေ မထုတ်ရဲပါဘူး။ ကောင်းကင်တာအိုပညာရှိတွေက ကောင်းကင်တာအိုထဲမှာ မသေဆုံးနိုင် မဖျက်ဆီးနိုင်ဘူးဆိုပေမဲ့ ပန်ရှင်းက သူတို့ကို မရပ်မနား လိုက်သတ်ရင် အရှင်လတ်လတ် ငရဲရောက်မှာပါ။ အရှေ့ဧကရာဇ်က သူတို့အတွက် အကောင်းဆုံး နမူနာပါ။ ပန်ရှင်းက ဟန်ကျွယ်လိုမျိုး မလုပ်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။
အဲဒီနောက် ပန်ရှင်းဟာ လီတောက်ခုံး၊ ရှီတုတောက်နဲ့ ဖန်းလျန်ကို ကြည့်လိုက်ပါတယ်။ ပန်ရှင်းဟာ တစ်ခဏတွေးတောပြီးနောက် လီတောက်ခုံးတို့သုံးယောက်ကို လျစ်လျူရှုလိုက်ပါတယ်။ ဒါက နည်းနည်းတော့ ထူးဆန်းပါတယ်။ ကောင်းကင်အရှင်ဝူဖာတောင် ပန်ရှင်းရဲ့ ဆဲဆိုမှုကနေ မလွတ်ဘူး မဟုတ်ပါလား။
“မစိုးရိမ်ပါနဲ့၊ ငါက အရင်လို မဟုတ်တော့ဘူး၊ အတိတ်က ကိစ္စတွေကို ငါ ဂရုမစိုက်ဘူး၊ ဒီနေ့ကစပြီး ကောင်းကင်တာအိုကို ငါ ကာကွယ်မယ်၊ ကံတရား အထောက်အပံ့ တိုက်ပွဲမှာ ငါမပါဘူး၊ ဒါပေမဲ့ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့က ဆက်တိုးနေဖို့ မင်းတို့တွေ အာမခံရမယ်၊ တကယ်လို့ ကံတရား အထောက်အပံ့သာ လျော့လာမယ်ဆိုရင် ငါ တာအိုပညာရှိ အသစ်ရွေးချယ်ဖို့ စဉ်းစားရလိမ့်မယ်” ပန်ရှင်းဟာ ဘယ်သူကိုမှ ဂရုမစိုက်တဲ့လေသံနဲ့ ခပ်ပြတ်ပြတ် ပြောလိုက်ပါတယ်။
တာအိုပညာရှိတွေဟာ တိတ်ဆိတ်သွားပါတယ်။ ဒါပေမဲ့ လီတောက်ခုံးဟာ ဆက်ပြီးတော့ သည်းမခံနိုင်တော့ပါဘူး “ဘာတွေ ဘဝင်လာမြင့်နေတာလဲ၊ ခင်ဗျား အဲဒီလောက် စွမ်းအားကြီးနေရင် အဆုံးသတ် အပျက်အစီး နတ်ဘုံကို သွားတိုက်ပါလား၊ ဒီလိုဆိုရင် ကောင်းကင်တာအိုကို လာတိုက်မဲ့လူ ရှိတော့မှာ မဟုတ်ဘူး”
ပန်ရှင်းက လီတောက်ခုံးကို တစ်ချက် ကြည့်လိုက်ပါတယ် “ငါက အဆုံးသတ် အပျက်အစီး နတ်ဘုံကို တိုက်ခိုက်ပြီးပြီ”
လီတောက်ခုံးဟာ ပန်ရှင်းစကားကို ကြားတယ်ဆိုရင်ပဲ တဟားဟား ရယ်မောလိုက်ပါတယ်။
တိတ်ဆိတ်ဂိုဏ်း တာအိုပညာရှိတွေပါ ပါလာတဲ့အတွက် ကောင်းကင်အရှင်ရွှမ်တုဟာ ရပ်ကြည့်မနေနိုင်တော့ပါဘူး “တာအိုရောင်းရင်းပန်က အတိတ်က ကိစ္စတွေကို ဂရုမစိုက်ဘူးဆိုမှတော့ ကျုပ်တို့တွေ ငြိမ်းချမ်းရေးယူပြီး ကောင်းကင်တာအိုကို အတူတူ ကာကွယ်ကြရအောင်၊ ရှေးပျက်သုဉ်းနယ်မြေ ကျိုးပျက်သွားရင် အဆုံးသတ် အပျက်အစီးနတ်ဘုံက ကောင်းကင်တာအိုကို ပိုပြီးတော့ လိုချင်လာမှာပဲ၊ တာအိုရောင်းရင်းပန်... အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ အခြေအနေကို ကျုပ်တို့သိအောင် ပြောပြပေးလို့ရမလား”
တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ပါတယ်။ သူတို့လည်း အဆုံးသတ် အပျက်အစီး နတ်ဘုံကို သိချင်နေကြတာပါ။
“အဆုံးသတ် အပျက်အစီး နတ်ဘုံက တကယ်ကို ဝရုန်းသုန်းကား ဖြစ်နေတာ၊ အဲဒီ မဟာတာအိုပညာရှိတွေက သူတို့ရဲ့ အမွေအနှစ်တွေကို တစ်ယောက်ပြီး တစ်ယောက် ရွှေ့ပြောင်းလိုက်ပြီ၊ ကောင်းကင်တာအိုကို ခြိမ်းခြောက်နိုင်တာက အဲဒီ မဟာတာအိုပညာရှိတွေတင် မဟုတ်ဘူး၊ ရှေးပျက်သုဉ်းနယ်မြေထဲက ကြောက်မက်ဖွယ် တည်ရှိမှုတွေရောပဲ”
“ငါ ရှေးပျက်သုဉ်းနယ်မြေကို ရောက်ဖူးတယ်၊ အဲဒီက စွမ်းအားကြီး တည်ရှိမှု တော်တော်များများက ကောင်းကင်တာအိုကို သိမ်းပိုက်ပြီး တာအိုကို ရယူချင်နေကြတာ၊ ကောင်းကင်တာအိုက ပန်ကူးနတ်ဘုရားရဲ့ ကံတရား အထောက်အပံ့ပဲ၊ နောက်ပြီး တာအိုဘိုးဘေး တာအိုရယူဖို့ သုံးခဲ့တဲ့လမ်းလည်း ဖြစ်တယ်၊ အဲဒီ တာအိုဖြတ်ကျော် ဆရာကြီးတွေ မဟာတာအိုပညာရှိနဲ့ ယှဉ်နိုင်တဲ့ မဟာတာအိုနတ်မင်းတွေအတွက် ကောင်းကင်တာအိုက လုံးဝကို လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုလိုပဲ”
ပန်ရှင်းဟာ ရှေးပျက်သုဉ်းနယ်မြေ အကြောင်းကို စပြီးတော့ ပြောပါတယ်။ ပန်ရှင်းက လေးလေးနက်နက် ပြောပေမဲ့ သူ့မျက်နှာက ရှေးပျက်သုဉ်းနယ်မြေကို အလေးမထားသလိုမျိုး သက်သောင့်သက်သာပါပဲ။ အခုအချိန်မှာ ပန်ရှင်းက သူ့ကိုယ်သူ နောက်ထပ် ပန်ကူး ဖြစ်လာလိမ့်မယ်လို့ တော်တော်ကို ယုံကြည်ချက် ရှိနေပါတယ်။
တခြားတစ်ဖက်မှာတော့...
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ နှစ် ၂၀ ကြာအောင် နေပါတယ်။
ဟန်ကျွယ်ဟာ သူ့ရဲ့ တိုက်ရည်ခိုက်ရည်က ထပ်ပြီးတော့ တိုးတက်သွားတာကို ခံစားမိပါတယ်။ ဘိုးဘေးရှီတျန်ကို ရင်ဆိုင်ရရင်တောင် အရင်လိုမျိုး အလွယ်တကူ ထိန်းချုပ်မခံရတော့ပါဘူး။ ဘိုးဘေးရှီတျန်ရဲ့ တိုက်ခိုက်မှုကို မသေအောင် တောင့်ခံနိုင်ပါတယ်။ ဒါပေမဲ့ ဘိုးဘေးရှီတျန်ကိုတော့ မယှဉ်နိုင်သေးပါဘူး။
ဟန်ကျွယ်ဟာ ပန်ရှင်းရဲ့ စွမ်းအားကို တော်တော်လေး လန့်သွားပါတယ်။ ပန်ရှင်းက မဟာတာအိုပညာရှိတွေ လက်ကနေ ပြင်းပြင်းထန်ထန် ဒဏ်ရာမရဘဲ လွတ်မြောက်လာတယ် မဟုတ်ပါလား။ ပန်ရှင်းကို တွေးမိတဲ့အခါ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ်။ ဟန်ကျွယ် အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ ပန်ရှင်းက ကောင်းကင်တာအိုထဲ ရောက်နေပြီး ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ တာအိုစက်ကွင်း တည်ထောင်ကာ နေထိုင်နေတာကို တွေ့လိုက်ရပါတယ်။
ပန်ကူးခန်းမ။
တော်တော်လေလုံးထွားတဲ့ နာမည်ပါ။ ဟန်ကျွယ်ဟာ ပန်ကူးခန်းမရှေ့ကို ခုန်တက်လိုက်ပြီး အသွင်တူလက်ရည်စမ်းပွဲကို သုံးကာ ပန်ရှင်းကို စစ်ဆေးလိုက်ပါတယ်။ ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ခုန်ဆင်းလိုက်ပါတယ်။
ပန်ကူးခန်းမထဲက ပန်ရှင်းဟာ မျက်လုံးဖွင့်ပြီး သူ့ဘာသာ ရေရွတ်လိုက်ပါတယ် “ဒီရောင်ဝါက... နည်းနည်း ရင်းနှီးနေသလိုပဲ...”
မြန်မာပြည် ငြိမ်းချမ်းပါစေ။