ပန်ကူးရဲ့နယ်ရုပ်
Vol. 63 Ch. 674
တာအိုဘုံကျောင်းကို ပြန်ရောက်တဲ့အခါ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ချက်ချင်းဝင်ပြီး ပန်ရှင်းကို စိန်ခေါ်လိုက်ပါတယ်။ တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဒုတိယပွဲကို ဆက်တိုက်ပါတယ်။
ဟန်ကျွယ် ခန့်မှန်းထားသလိုပဲ ပန်ရှင်းရဲ့ စွမ်းအားက ဖျက်ဆီးလို့မရတဲ့ သူ့ခန္ဓာကိုယ်ပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒီလိုမျိုး အသက်ရှည်တာက ကောင်းကင်တာအိုက တာအိုပညာရှိတွေကို ပြန်ရှင်သန်စေတာထက် ပိုပြီးတော့ ကြမ်းပါတယ်။
ပန်ရှင်းရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကတော့ နှေးကွေးလွန်းတဲ့အတွက် ဟန်ကျွယ်ကို ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး။ နတ်ဒေါင်းအရှင်တောင် ရှောင်နိုင်သေးရင် ဟန်ကျွယ်က ဘယ်လိုလုပ်ပြီး မရှောင်နိုင်ရမှာလဲ။ ဟန်ကျွယ်ဟာ လောကဦးနတ်ဒေါသနဲ့ နတ်ဘီလူးတွေရဲ့ စွမ်းအားကို မျိုးစုံပေါင်းစပ်ပြီး တိုက်ခိုက်တဲ့အခါမှာတော့ ပန်ရှင်းကို ထက်ပိုင်း ဖြတ်နိုင်သွားပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာ အစိမ်းရောင် ကြာပန်း ပေါ်လာပြီး ဟန်ကျွယ်ရဲ့ တိုက်ခိုက်မှုတွေ အကုန်လုံးကို ဟန့်တားလိုက်ပါတယ်။ ဒါက ပွင့်ချပ်လွှာ ၃၆ ဖတ်ရှိတဲ့ ပဋိပက္ခကြာစိမ်းပါ။
ဟန်ကျွယ်ဟာ ပန်ရှင်းနဲ့ တိုက်ခိုက်တဲ့အထဲမှာ စိတ်နှစ်မြှုပ်လိုက်တဲ့အတွက် နှစ်တစ်ရာက လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
‘ဘယ်လောက်တောင် ကျေနပ်အားရဖို့ ကောင်းလိုက်လဲ...’ ဟန်ကျွယ်ရဲ့ မျက်နှာမှာ ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံးတစ်ခု ပေါ်လာပါတယ်။ ဟန်ကျွယ်မှာ ကြယ်တာရာ လောကဦး ခန္ဓာကိုယ် ရှိသလို မဟာတာအို ဆန်းကြယ်စွမ်းအား အများကြီးကိုလည်း တတ်မြောက်ထားပါတယ်။ ဒါ့အပြင် အကောင်းစား ရတနာမျိုးစုံလည်း ရှိတဲ့အတွက် အဆင့်ကျော်ပြီး တိုက်ခိုက်ဖို့ဆိုတာ ဘာမှမခက်ပါဘူး။
ပန်ရှင်းက စွမ်းအားကြီးပေမဲ့ တခြားနေရာတွေမှာ ဟန်ကျွယ်ကို မယှဉ်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ပန်ရှင်းရဲ့ ပဋိပက္ခကြာစိမ်းကို ကွဲကြေအောင်လုပ်နိုင်မဲ့ နည်းလမ်းကို ရှာမတွေ့ခဲ့ပေမဲ့ ပန်ရှင်းခန္ဓာကိုယ်ကိုတော့ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပါတယ်။ ပဋိပက္ခနတ်ဘီလူး ဓမ္မရုပ်တုတွေ ပေါင်းစပ်ထားတဲ့ ကြောက်မက်ဖွယ် စွမ်းအားက ပန်ရှင်းကို တစ်စစီဖြစ်အောင် ဆုတ်ဖြဲပစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ပန်ရှင်းရဲ့ ခန္ဓာကိုယ်က အလွန်တရာ ရှုပ်ထွေးပြီး မဟာတာအို တော်တော်များများရဲ့ စွမ်းအားတွေ ပါဝင်နေတာကို ရှာတွေ့သွားပါတယ်။ ဒါကြောင့်လည်း မဟာတာအို တစ်ခုပဲ ကျွမ်းကျင်ထားတဲ့ မဟာတာအိုပညာရှိတွေက ပန်ရှင်းကို အနိုင်မယူနိုင်တာပါ။ မဟာတာအို အများကြီးကို သုံးသပ်နားလည်ဖို့ကလည်း မဖြစ်နိုင်သလောက်ပါပဲ။ မဟာတာအိုပညာရှိတွေဟာ မဟာတာအိုတစ်ခုကို သုံးသပ်နားလည်နိုင်ဖို့ နှစ်တွေ မရေမတွက်နိုင်အောင် အချိန်ပေးရပါတယ်။ နောက်ပြီး မဟာတာအိုတွေထဲမှာလည်း အချင်းချင်း မတည့်တဲ့ မဟာတာအိုတွေ ရှိနေပါသေးတယ်။
လူတိုင်းက ဟန်ကျွယ်လို မဟုတ်ပါဘူး။ ဒီအချက်ကနေ ဟန်ကျွယ်ဟာ သူ့သံသယတွေကို ရှင်းလင်းနိုင်လိုက်ပါတယ်။ ပန်ရှင်းက မဟာတာအိုပညာရှိတွေကို ခုခံနိုင်လောက်တဲ့အထိ စွမ်းအားမကြီးပါဘူး။ မဟာတာအိုပညာရှိတွေကသာ ပန်ရှင်းကို ဒဏ်ရာရအောင် မလုပ်နိုင်တာပါ။ ပန်ရှင်းမှာ စွမ်းအားကြီးမားလှတဲ့ ခန္ဓာကိုယ်အပြင် ပဋိပက္ခကြာစိမ်းလည်း ရှိနေပါသေးတယ်။ ဒီလိုပဲ ကျင့်ကြံမှုအဆင့်ချင်း ကွာခြားလွန်းတဲ့အတွက် ပန်ရှင်းဟာ မဟာတာအိုပညာရှိတွေကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါဘူး။
အချိန်အကြာကြီး တိုက်ခိုက်တာတောင် ဘာမှမလုပ်နိုင်တဲ့အတွက် မဟာတာအိုပညာရှိတွေက ပန်ရှင်းကို လွှတ်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။ ပန်ရှင်းနဲ့ တိုက်ခိုက်ပြီးနောက် ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ပြန်ယုံကြည်သွားပါတယ်။
ပန်ရှင်းက နတ်ဒေါင်းအရှင်ကို ပြန်မလှန်နိုင်အောင် အသေဆော်နိုင်ပါတယ်။ အခုသူကလည်း ပန်ရှင်းကို အသေဆော်နိုင်ပါတယ်။ ဒါကို ကြည့်ပြီး ဟန်ကျွယ်ဟာ လွတ်လပ်မှုအဆင့်မှာ သူ ပြိုင်ဘက်ကင်းပြီလို့ ယူဆလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ပန်ရှင်းနဲ့ အကြိမ်ပေါင်း ထောင်သောင်းချီ တိုက်ခိုက်ပြီးတဲ့နောက်မှာ ပန်ရှင်းကို အသေမသတ်နိုင်ပေမဲ့ ပန်ရှင်းက သူ့ကို ဘာမှမလုပ်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပန်ရှင်းက သူ့အဝတ်စကိုတောင် မထိနိုင်ပါဘူး။ ဒါပေမဲ့ ပန်ရှင်းကို သတ်ပစ်ဖို့က အရမ်းခက်ခဲပါတယ်။ ဟန်ကျွယ်အနေနဲ့ ပန်ရှင်းကို သတ်ချင်တယ်ဆိုရင် ပဋိပက္ခကြာစိမ်းရဲ့ ခံစစ်ကို ထိုးဖောက်ဖို့ နည်းလမ်းရှာရပါလိမ့်မယ်။
ဟန်ကျွယ်ဟာ သူထိုင်ထားတဲ့ ကမ္ဘာဖျက်ကြာနက်ကို ငုံံ့ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ ကမ္ဘာဖျက်ကြာနက်ကလည်း ပဋိပက္ခကြာစိမ်းလိုပဲ ပွင့်ချပ် ၃၆ ဖတ် ရှိတဲ့ ကြာပန်းပါ။ ဒါပေမဲ့ စွမ်းအားချင်းက မိုးနဲ့မြေလို ကွာခြားလွန်းလှပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းခါပြီး မတ်တတ်ရပ်ကာ အကြောဆန့်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ အန္တိမမူလ မဟာတာအိုနဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်တစ်ခုလုံးကို လွှမ်းခြုံလိုက်တဲ့အတွက် တိတ်ဆိတ်ဂိုဏ်းတပည့်အားလုံး တာအိုသုံးသပ်နားလည်တဲ့ အခြေအနေကို ဝင်ရောက်သွားကြပါတယ်။ မဟာတာအိုအသံက တိတ်ဆိတ်ဂိုဏ်းတပည့်တွေရဲ့ နားထဲမှာ ဆက်တိုက်ကို ပဲ့တင်ထပ်သွားပါတယ်။ အတွေးအကြံမျိုးစုံ ထွက်ပေါ်လာပြီး သူတို့ရဲ့ ကျင့်ကြံခြင်းလမ်းမှာ ကြုံတွေ့နေရတဲ့ ပိတ်ဆို့မှုတွေကို တိုက်ခိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ အင်မော်တယ်ကမ္ဘာကို လှမ်းကြည့်လိုက်ပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နားမှာ မြို့တွေ တစ်မြို့ပြီးတစ်မြို့ တည်ဆောက်ပြီးပါပြီ။ လီရွှမ်အောက်နဲ့ ဟွမ်ဇွမ်တျန်ရဲ့ စီမံမှုအောက်မှာ တိတ်ဆိတ်ဂိုဏ်းရဲ့ အမည်ခံတပည့်က ကြောက်စရာကောင်းတဲ့ အလျင်နဲ့ တစ်ဟုန်ထိုး တက်လာပါတယ်။ အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ဂုဏ်သတင်းကြောင့် လီရွှမ်အောက်ဟာ ဒေသသုံးခုကို အသာလေးပဲ ပြန်ယူနိုင်ခဲ့ပါတယ်။ တိတ်ဆိတ်ဂိုဏ်းက အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ တိုးတက်လို့နေပါတယ်။ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ လူသားတွေကလည်း ကောင်းကင်တာအို မျိုးနွယ်စုနဲ့ ပိုပိုပြီးတော့ တူလာပါတယ်။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာတင် မကဘဲ မြေအင်မော်တယ်ကမ္ဘာမှာရှိတဲ့ လူသားတွေရဲ့ ကံတရား အထောက်အပံ့ကလည်း အင်အားပိုကောင်းလာတာကို ရှာတွေ့သွားပါတယ်။ နောက်ပြီး ဒီကမ္ဘာနှစ်ခုရဲ့ ကံတရား အထောက်အပံ့တွေက ပေါင်းစပ်နေပါတယ်။ ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပြီး ပြုံးမိလိုက်ပါတယ်။ လုံဟောင်က အရင်လို မဟုတ်တော့ဘဲ ခေါင်းသုံးတတ်နေပြီ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဟန်ယွီကို တစ်ချက် ကြည့်လိုက်ပါတယ်။ ဟန်ယွီဟာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးအဆင့်မှာ တစ်,နေတုန်းပါ။ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်က အလွယ်လေး ထိုးဖောက်လို့ရတဲ့ အဆင့်တစ်ခု မဟုတ်ပါဘူး။ နတ်မင်းအဆင့် ကျင့်ကြံသူ ၉၀ ရာခိုင်နှုန်းကို ရှေ့ဆက်မတက်နိုင်အောင် ဟန့်တားထားတဲ့ အဆင့်တစ်ခုပါ။
ပန်ရှင်း ပြန်ရောက်လာကတည်းက ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ဟာ ဆတိုးပြီး တိုးတက်လာပါတယ်။ ကောင်းကင်တာအို ပိုင်နက်တောင် ဆက်တိုက် ကျယ်ပြန့်လာပါတယ်။ တကယ်ကို အထင်ကြီးဖို့ကောင်းတဲ့ ပန်ရှင်းပါ။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိပြီး လူမှုဆက်ဆံရေးကနေ ပန်ရှင်းရဲ့ ပုံရိပ်ကို စစ်ဆေးလိုက်ပါတယ်။
[ပန်ရှင်း: လွတ်လပ်မှု လောကဦး ပဋိပက္ခ နောက်ဆုံးအဆင့်၊ ပန်ကူး လူဝင်စား၊ လောကကြီး ဖန်တီးပြီးနောက် ပထမဆုံးဖြစ်ပေါ်လာသော သက်ရှိများတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ အနန္တကပ်ဘေးများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး သေမျိုးကမ္ဘာ၌ ကစားနေခဲ့သည်။ ရှေးဟောင်း ကပ်ဘေးသခင် ရှာတွေ့မည်ကို ကြောက်လန့်သဖြင့် ဓားတာအိုမြစ်ထဲသို့ ထွက်ပြေးခဲ့သည်။ သင့်စရိုက်ကြောင့် ပန်ကူးသည် သင့်ကို စိတ်ဝင်စားသွားခဲ့သည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
“ဂလု...”
‘လွတ်လပ်မှု လောကဦး ပဋိပက္ခ နောက်ဆုံးအဆင့်လား... အရင်တစ်ခေါက်တုန်းက လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ပဲ ရှိသေးတာပဲ၊ အဆင့်တက်တာ ဒုံးပျံစီးပြီး တက်နေတာလားဟ...’
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို သတိထားမိသွားပါတယ်။ ပန်ရှင်းဟာ အရင်တုန်းက ပန်ကူးရဲ့ မျိုးဆက်ပါ။ အခု ပန်ကူးဝင်စားတာ ဖြစ်နေပါတယ်။ ဒါကို ကြည့်ပြီး ဟန်ကျွယ်ဟာ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ပါတယ်။ ဟန်ကျွယ်လည်း ရွေးချယ်စရာမရှိတာကြောင့် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ်။
“ဘာဖြစ်လို့ ပန်ရှင်းက ပန်ကူး ဝင်စားတာ ဖြစ်လာတာလဲ”
[သက်တမ်း ၁၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ပန်ရှင်း၏ ခန္ဓာကိုယ်တွင် စနစ်၏ အကန့်အသတ်ထက် ကျော်လွန်သော ကံတရား ပါဝင်နေသည်။ ထိုကံတရားသည် ပန်ရှင်း၏ ဝိညာဉ်အား တဖြည်းဖြည်း တိုက်စားပြီး ပြန်လည်မွေးဖွားခြင်း ဖြစ်စဉ်ကို ပြီးမြောက်စေလိမ့်မည်။]
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ပန်ရှင်းကို သနားသွားပါတယ်။ ပန်ရှင်းက ပျော်ရွှင်မှုမှာ နစ်မြုပ်နေပြီး သူ့ဝိညာဉ် တိုက်စားခံနေရတာကို မသိရှာဘူး မဟုတ်ပါလား။ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး နယ်ရုပ်က နယ်ရုပ်ပါပဲ။ နယ်ရုပ်ရဲ့ အဆုံးသတ်က စတေးခံရတာကလွဲပြီး တခြားဘာရှိနိုင်ဦးမှာလဲ။
“ဒီဖြစ်စဉ် ပြီးမြောက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ”
[သက်တမ်း ၁၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[အတိအကျ မတွက်ချက်နိုင်ပါ။ လက်ရှိ အသွင်ပြောင်းလဲမှု နှုန်းထားနှင့်ဆိုလျှင် အနည်းဆုံး သန်း ၁၀၀ ကြာမြင့်လိမ့်မည်။]
‘နှစ်သန်းတစ်ရာ...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒီအလျင်က တော်တော်ကို မြန်ဆန်လွန်းပါတယ်။ အရင်တုန်းက အမှောင်ဘုရင် တာအိုပညာရှိ ကောင်းကင်တာအိုကို ကျူးကျော်ဖို့ စီစဉ်တာတောင် ဘီလီယံချီ ကြာမှာ မဟုတ်ပါလား။ ဟန်ကျွယ်ဟာ နှစ် သန်း ၁၀၀ အတွင်း သူ့ကျင့်ကြံမှုက ဘယ်အဆင့်ရောက်သွားမယ်ဆိုတာကို အတပ်မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တတ်နိုင်သလောက် မြန်မြန် စွမ်းအားကြီးလာဖို့ လိုအပ်နေပါပြီ။
ပန်ကူးသာ ကောင်းကင်တာအိုကို ဆင်းသက်လာရင် ဟန်ကျွယ် လုံခြုံတော့မှာ မဟုတ်ပါဘူး။
‘ပန်ကူး... တာအိုဘိုးဘေး... ခင်ဗျားတို့တွေ ဘာကို ကြံစည်နေကြတာလဲ...’ ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။ ဒီသာလွန်တည်ရှိမှုနှစ်ခုက အသက်ပြန်ရှင်ဖို့ အကောင်းဆုံး ကြိုးစားနေကြတာ တကယ်ကို ထူးဆန်းလွန်းပါတယ်။ ကြည့်ရတာတော့ မဟာတာအို အနန္တကပ်ဘေးကိုက သာမန် မဟုတ်ပုံပါပဲ။ ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ အထွတ်အထိပ် ကျင့်ကြံသူတွေအားလုံး ပါဝင်မဲ့ပုံ ရှိပါတယ်။
ဟန်ကျွယ်ဟာ စဉ်းစားမရတဲ့အတွက် ဆက်ပြီးတော့ မစဉ်းစားတော့ပါဘူး။
အမှောင်ထုထဲမှာ အသက်ကြီးကြီး တာအိုကျင့်ကြံသူတစ်ဦးဟာ တစ်လှမ်းချင်း လမ်းလျှောက်နေပါတယ်။ ခြေလှမ်းတိုင်းမှာ ကြာပွင့်တွေက ခြေဖဝါးကိုလာခံပြီး အာကာသကို လှုပ်သွားစေပါတယ်။ ဒီအသက်ကြီးကြီး တာအိုကျင့်ကြံသူကတော့ ဘိုးဘေးရှီတျန်ပါ။
ဘိုးဘေးရှီတျန်ဟာ ရှေ့ကို ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ကြည့်လိုက်ပါတယ်။ အချိန်တစ်ခု အကြာမှာတော့ ဘိုးဘေးရှီတျန်ဟာ ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။ ဘိုးဘေးရှီတျန်ရဲ့ရှေ့မှာ အမှောင်ထု ရှိနေသေးပြီး ဘာကိုမမြင်ရပါဘူး။
ဘိုးဘေးရှီတျန်က ပြောလိုက်ပါတယ် “မင်း ဘာဖြစ်လို့ မဟာတာအိုအသွင် ပြောင်းလဲလိုက်တာလဲ၊ ဒါက မင်းပုံစံ မဟုတ်ပါဘူး”
ဘိုးဘေးရှီတျန်ရဲ့ စကားအဆုံးမှာပဲ မြွေဟောက်လိုအသံတစ်သံ ထွက်ပေါ်လာပါတယ် “ရှီတျန်... ငါ့ကို အမှန်အတိုင်း ပြောစမ်း၊ မင်းက အမှောင်သခင်ကြီးလား...”
‘အမှောင်သခင်ကြီး..’ ဘိုးဘေးရှီတျန်က တအံ့တဩ ပြန်မေးလိုက်ပါတယ် “မင်းကို အမှောင်သခင်ကြီးက ကျိန်စာတိုက်တာလား၊ သူက ဘာဖြစ်လို့ အဲဒီလိုလုပ်တာလဲ၊ ဒါနဲ့ မင်းက ဘာလုပ်လို့ သူက မင်းကို ပစ်မှတ်ထားရတာလဲ”
“ဟမ်... ဟန်ဆောင်နေတာ ရပ်လိုက်တော့... ငါ ကောင်းကင်ရုံးတော်က လူတွေကိုပဲ ဖမ်းလိုက်တာ”
ဘိုးဘေးရှီတျန်ဟာ လက်ချောင်းတွေကို သုံးပြီး တွက်ချက်ပြီးနောက် နားလည်တဲ့မျက်နှာ ဖြစ်သွားပါတယ်။ ချက်ချင်းဆိုသလို ဘိုးဘေးရှီတျန်ရဲ့ အကြည့်တွေဟာ ရှုပ်ထွေးသွားပါတယ် “တကယ်ပဲ သူကိုး...”
ဘိုးဘေးရှီတျန်ဟာ ပြန်လှည့်ပြီး ထွက်ခွာသွားပါတယ်။
“ရှီတျန်... မင်းက ငါ့ကို မဟာတာအို ပြန်ဖြစ်အောင် အတင်းလုပ်ခဲ့တယ်၊ မင်းက ကံတရား မဟာတာအိုကို တစ်ယောက်တည်း ထိန်းချုပ်နိုင်လိမ့်မယ်လို့ ထင်နေတာလား၊ မင်းက ဟောဒီ ပဋိပက္ခကျားခုံကနေ မလွတ်မြောက်နိုင်ပါဘူး၊ မင်းကလည်း နယ်ရုပ်တစ်ရုပ်ပဲ၊ မင်း ဘယ်လောက်ထိ ရုန်းကန်နိုင်ဦးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်” မြွေဟောက်လိုအသံဟာ သရော်မှုတွေ အပြည့်ပါပဲ။
ဘိုးဘေးရှီတျန်ဟာ လှည့်လည်း မကြည့်သလို ပြန်လည်း မဖြေပါဘူး။ ဘိုးဘေးရှီတျန်ဟာ အသက်အရွယ် ကြီးရင့်တယ်လို့ ထင်ရပေမဲ့ ဆုံးဖြတ်ချက်ကတော့ ပြတ်သားလွန်းလှပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။