← Chapters

ဘိုးဘေးရှီတျန် အဖမ်းခံရခြင်း

Vol. 64 Ch. 688

ဘိုးဘေးရှီတျန် အဖမ်းခံရခြင်း

Vol. 64 Ch. 688

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အကျဉ်းထောင်ထဲက အင်မော်တယ်တွေ အကုန်လုံးကို ဝေ့ကြည့်ပြီး ပြောလိုက်ပါတယ် “ကျောက်စိမ်းဗောဓိ သေသွားပြီ၊ အမြန်သွားကြမယ်” စကားဆုံးတာနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လှည့်ထွက်ပြီး အမှောင်ထုထဲကို ပျံသန်းသွားပါတယ်။ အင်မော်တယ်တွေလည်း မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက်ကို ထက်ကြပ်မကွာ လိုက်သွားကြပါတယ်။

ဟန်ထော်ကတော့ အခုထိ ပဟေဠိ ဖြစ်နေတုန်းပါ ‘ဘယ်သူလဲ...ဘာဖြစ်လို့ ငါတို့ကို ထပ်ခါထပ်ခါ ကယ်တင်နေရတာလဲ’ ဟန်ထော်ဟာ သူ့အဖေကို တွေးမိလိုက်ပေမဲ့ သူတို့ကို ကယ်တင်တာက သူ့အဖေပါလို့ အတပ်မပြောနိုင်သေးပါဘူး။

ယီတျန်ကတော့ အများကြီး မတွေးပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဆီ ပျံသန်းသွားပြီး တိုက်ရိုက်မေးလိုက်ပါတယ် “အရှင်မင်းကြီး... ကျောက်စိမ်းဗောဓိကို ဘယ်သူ သတ်လိုက်တာလဲ၊ အရှင်မင်းကြီးရဲ့ နောက်ခံလား...”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ယီတျန်ကို တစ်ချက်ကြည့်လိုက်ပါတယ် “ဟွန်း... မမေးသင့်တာကို မမေးနဲ့”

“ဟီးဟီး...” ယီတျန်ဟာ နားလည်သလိုမျိုး ပြုံးလိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်သာ မသိချင်ယောင်ဆောင်ရင် ယီတျန်ဟာ ဝေခွဲမရ ဖြစ်နေဦးမှာပါ။ ဒါပေမဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ လေးနက်လွန်းတဲ့ မျက်နှာကိုကြည့်ပြီး သူ့ခန့်မှန်းချက် မှန်တယ်ဆိုတာကို ယီတျန် သိလိုက်ပါတယ်။

ဒါကလည်း အဓိပ္ပာယ် မရှိတာတော့ မဟုတ်ပါဘူး။ ကောင်းကင်ရုံးတော်ဟာ အမှောင်တားမြစ်နယ်မြေမှာ သုညကနေစတင်ခဲ့ပြီး အခုလို အများကြီး စွမ်း‌ဆောင်နိုင်တာက မိစ္ဆာ ကောင်းကင်ဧကရာဇ် တစ်ပါးတည်းကြောင့်တော့ လုံးဝ မဖြစ်နိုင်ပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ နောက်မှာ ကျိန်းသေပေါက် စွမ်းအားကြီးတဲ့ နောက်ခံတစ်ခုတော့ ရှိနေမှာပါ။

ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အမူအရာကို သတိထားမိသွားပြီး စိတ်ထဲမှာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ဒီအတိုင်းဆို ငါ့အဖေ မဟုတ်ဘဲ တခြားတစ်ယောက် ထင်တယ်’

တကယ်တော့ သူတို့တွေ အဖမ်းခံရတာက မိစ္ဆာ ကောင်းကင်ဧကရာဇ် ဖိနှိပ်ခံရလို့ ဖြစ်ပါတယ်။ သူတို့တွေ ခံစားရတာက အစွန်းထွက်ပဲ ရှိပါတယ်။ ဟန်ထော်ဟာ သူ့အဖေက မဟာတာအိုပညာရှိကို သတ်နိုင်တဲ့အထိ စွမ်းအားကြီးတယ်လို့ မယုံကြည်ရဲတဲ့အပြင် ပြဿနာလည်း မပေးချင်ပါဘူး။

ဟန်ထော်ဟာ အမြဲတမ်း ကိုယ့်အားကိုယ်ကိုးပြီး ရှင်သန်နေထိုင်ဖို့ တွေးတောနေခဲ့တာပါ။ ဒါကြောင့် သူ့ကို အကြိမ်တိုင်း ကယ်တင်တာက သူ့အဖေဆိုရင် ရှက်လွန်းလို့ သေမှာပါ။ ဟန်ထော်ဟာ သူ့ကိုယ်သူ အာရုံစိုက်လိုက်ပါတယ်။ သူ့ရဲ့ စိတ်ဆန္ဒ တစ်စိတ်တစ်ပိုင်းက ကျောက်စိမ်းဗောဓိ ဖြတ်တောက်တာကို ခံလိုက်ရပါတယ်။ ဒါပေမဲ့ ဘယ်ဟာလဲဆိုတာကို ဟန်ထော် မမှတ်မိပါဘူး။ ဟန်ထော်ဟာ တစ်စုံတစ်ခုကို မေ့ပျောက်သွားသလိုမျိုး တစ်ခုခုလိုနေသလိုမျိုး ခံစားနေရပါတယ်။

ဒီခံစားချက်က တော်တော်ကို နေရထိုင်ရခက်စေပြီး စိတ်ရှုပ်ဖို့ ကောင်းပါတယ်။ ကျောက်စိမ်းဗောဓိက သေသွားပြီ ဖြစ်တဲ့အတွက် ဟန်ထော်ဟာ သူ အားနည်းတာကိုပဲ အပြစ်တင်နိုင်ပါတော့တယ်။ အမှန်တကယ်လည်း သူက အားနည်းနေသေးတယ် မဟုတ်ပါလား။ သူ့အဖေလိုသာ စွမ်းအားကြီးရင် ဒီလိုမျိုး အမြဲတမ်း ခံနေရမှာ မဟုတ်ပါဘူး။

နှစ်တစ်ရာဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ နောက်ထပ် နတ်ဘီလူးဓမ္မရုပ်တု ငါးဆယ်ကို တတ်မြောက်သွားတဲ့အတွက် အခုဆိုရင် နတ်ဘီလူး ဓမ္မရုပ်တု စုစုပေါင်း ၃၉၉ ရုပ် ရှိသွားပါပြီ။ ဒါက မဟာတာအို ၃၉၉ ပါးကို တတ်ကျွမ်းတာနဲ့ အတူတူပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တကယ့်တာအိုအစစ်နဲ့တော့ အလှမ်းဝေးနေပါသေးတယ်။

နတ်ဘီလူး ဓမ္မရုပ်တုအသစ် ငါးဆယ်ထဲမှာ တချို့နတ်ဘီလူးတွေက တော်တော် စွမ်းအားကြီးပါတယ်။ အနည်းဆုံးတော့ ဟန်ကျွယ်ကို အံ့ဩမှင်တက်စေပါတယ်။ ဥပမာအားဖြင့် အစားထိုးနတ်ဘီလူးဆိုရင် ဘယ်တည်ရှိမှုကိုမဆို သူ့နေရာမှာ အစားထိုးဖို့ ရွေးချယ်နိုင်ပါတယ်။ ဘယ်လောက်ပဲဝေးဝေး အစားထိုးနတ်ဘီလူးက အဲဒီလူရဲ့ မူလခန္ဓာကိုယ်နဲ့ ရောင်ဝါကို မှတ်မိနေဖို့ပဲ လိုပါတယ်။

ပျောက်ကွယ်နတ်ဘီလူးကျတော့ ဒီထက်တောင် ဗိုလ်ကျပါသေးတယ်။ ဟန်ကျွယ်ဟာ တာအိုဘို‌ဘေး သုံးသပ်နားလည်ခဲ့တဲ့ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားက ပျောက်ကွယ် နတ်ဘီလူးဆီက လာတယ်လို့တောင် သံသဝင်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပျောက်ကွယ် နတ်ဘီလူးက သူ့စွမ်းအင်ရင်းမြစ်ထက် မကျော်လွန်တဲ့ တည်ရှိမှုမှန်သမျှကို ပျောက်ကွယ်သွားအောင် လုပ်နိုင်လို့ပါပဲ။

တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားက စွမ်းအား အများကြီး မကုန်ပေမဲ့ ပျောက်ကွယ်နတ်ဘီလူးကတော့ မဟာတာအို စွမ်းအားကို အသုံးပြုရတာကြောင့် ဓမ္မစွမ်းအား ကုန်ပါတယ်။ တခြားစကားနဲ့ ပြောရရင် ပျောက်ကွယ် နတ်ဘီလူးက သန်မာလေလေ ပျောက်ကွယ်တဲ့ နေရာက ပိုကျယ်လေလေပါပဲ။ တကယ်လို့ ပျောက်ကွယ်နတ်ဘီလူးကသာ အသန်မာဆုံး တည်ရှိမှုဆိုရင် ပဋိပက္ခအပါအဝင် အရာအားလုံးကို ပျောက်ကွယ်သွားအောင် လုပ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ သူ့စွမ်းအားကို အကန့်အသတ်အထိ မြှင့်တင်ပြီးတဲ့အခါမှာတော့ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး တိုက်ရည်ခိုက်ရည် တိုးအောင် လေ့ကျင့်ပါတယ်။ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်နဲ့ ချောင်းမြောင်းတိုက်ခိုက်တာကို အားထားတယ်ဆိုပေမဲ့ သူ့ရဲ့ တိုက်ရည်ခိုက်ရည်ကိုလည်း ဘယ်တုန်းကမှ လျစ်လျူမရှုထားခဲ့ပါဘူး။

တစ်နေ့မှာ သူက ရန်သူတွေကို မျက်နှာချင်းဆိုင် ရင်မဆိုင်ရဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။

တစ်ချိန်တည်းမှာပဲ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က စကြဝဠာခန်းမမှာ တာအိုပညာရှိတွေ စုဝေးနေကြပါတယ်။ ပန်ရှင်းက တာအိုပညာရှိတွေကို မေးလိုက်ပါတယ် “ပဋိပက္ခ ကောင်းကင်လမ်းက ဖွင့်ထားတာ ကြာပြီ၊ ငါ ကြမ်းခင်းအရည်အချင်းကို လျှော့လိုက်တာတောင် ဘယ်သက်ရှိမှ တက်မလာဘူး၊ ငါ ဘာလုပ်သင့်လဲ”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပန်ရှင်းဟာ တော်တော်ကို စိတ်ညစ်နေပါတယ်။ ပထမတုန်းက ပန်ရှင်းဟာ ပဋိပက္ခ ကောင်းကင်လမ်းကို ဖွင့်လှစ်လိုက်ရင် သက်ရှိအားလုံးက သူ့ကို လေးစားလာလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ အခုတော့ သက်ရှိတွေက ပဋိပက္ခ ကောင်းကင်လမ်းကို ရှိတယ်လို့တောင် မထင်တဲ့အတွက် ပန်ရှင်းဟာ ဝါဂွမ်းတွေကို လက်သီးနဲ့ ထိုးမိသလို ခံစားလိုက်ရပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ပဋိပက္ခက မသိခြင်းကို ရည်ညွှန်းတယ်၊ သက်ရှိတွေ မသွားချင်တာက မထူးဆန်းပါဘူး၊ တာအိုပညာရှိဂိုဏ်းရဲ့ တပည့်တွေ ရှေ့ကနေသွားမှ သူတို့တွေ နောက်ကနေ လိုက်လာလိမ့်မယ်”

ပန်ရှင်းဟာ တခြားတာအိုပညာရှိတွေကို ကြည့်လိုက်ပါတယ်။

ရှီတုတောက်ဟာ နှာခေါင်းထဲက လေကို အသံမြည်အောင် မှုတ်ထုတ်လိုက်ပါတယ်။ တခြားတာအိုပညာရှိတွေကလည်း ပြုံးစိစိနဲ့ပါ။

ပန်ရှင်းဟာ ပဋိပက္ခ ကောင်းကင်လမ်းကို ပြန်ပိတ်ချင်လောက်တဲ့အထိ စိတ်ညစ်သွားပါတယ်။ အတိတ်မှာတုန်းက ပန်ရှင်း ကောင်းကင်တာအိုကို ပြန်ရောက်တဲ့အချိန်မှာ မောက်မာဝင့်ကြွားခဲ့ပါတယ်။ အဲဒီတုန်းက တာအိုပညာရှိတွေဟာ သူ့ကို ရန်မစရဲကြပါဘူး။ ဒါပေမဲ့ အခုတော့... တာအိုပညာရှိ အကုန်လုံးက သူ့ကို လှောင်ပြောင်ရဲနေပါပြီ။

ကောင်းကင်အရှင်ဝူဖာက ပြုံးလိုက်ပါတယ် “ငါ့ရဲ့ ဝူဖာဂိုဏ်းတပည့်တွေကို ပဋိပက္ခ ကောင်းကင်လမ်းဆီ ‌စေလွှတ်ဖို့ စီစဉ်လိုက်မယ်၊ တခြားတာအိုပညာရှိတွေက စောင့်ကြည့်ကြပေါ့”

တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ပါတယ်။ လီတောက်ခုံးဟာ ကောင်းကင်အရှင်ဝူဖာကို တစ်ချက်ကြည့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်အရှင်ဝူဖာရဲ့ စကားက ပန်ရှင်းကို မျက်နှာသာပေးရုံတင်မကဘဲ တာအိုပညာရှိတွေကိုပါ နောက်ခြေတစ်လှမ်း ဆုတ်ခွင့်ပေးလိုက်လို့ပါ။ အတိတ်မှာတုန်းက ကောင်းကင်အရှင်ဝူဖာဟာ ကောင်းကင်တာအိုရဲ့ ရန်သူ ဖြစ်ခဲ့ပြီး စိတ်ကြိုက်ပြုမူခဲ့တာပါ။

ကောင်းကင်အရှင်ဝူဖာရဲ့ လက်ရှိ အခြေအနေကို ကြည့်ပြီး လီတောက်ခုံးဟာ ဟန်ကျွယ်ကို မလေးစားဘဲ မနေနိုင်ပါဘူး။ ဒီလိုမျိုး တာအိုပညာရှိတစ်ပါးရဲ့ စရိုက် အကြီးအကျယ် ပြောင်းလဲသွားတာက တွေ့ရခဲတယ် မဟုတ်ပါလား။

ကောင်းကင်အရှင်ရွှမ်တုက စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ဒီအတောအတွင်း ဘိုးဘေးရှီတျန် ပဋိပက္ခမှာ အဖမ်းခံထားရတယ်”

တာအိုပညာရှိတွေဟာ နှလုံးလှုပ်သွားကြပါတယ်။ ဘိုးဘေးရှီတျန်ဟာ တာအိုဘိုးဘေး ပျောက်ကွယ်သွားကတည်းက ကောင်းကင်တာအိုကို ကာကွယ်ဖို့ တာဝန်ယူခဲ့သူပါ။ ကောင်းကင်တာအိုပညာရှိတွေထဲမှာ ဘိုးဘေးရှီတျန် တာအိုဟောကြားတာကို နားမထောင်ဖူးတဲ့လူ မရှိပါဘူး။ ဒါကြောင့် တာအိုပညာရှိတွေဟာ ဘိုးဘေးရှီတျန်အပေါ် ခံစားချက် အမျိုးမျိုး ရှိကြပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘိုးဘေးရှီတျန်ကို ဘယ်သူက ဖမ်းထားတာလဲ”

တခြားတာအိုပညာရှိတွေကလည်း ကောင်းကင်အရှင်ရွှမ်တုကို စိုက်ကြည့်လိုက်ပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေလိုက်ပါတယ် “ပဋိပက္ခ နတ်ဘီလူး တစ်ပါးပဲ၊ သူက ဧရာမနတ်ဘုရားပန်ကူးနဲ့ တစ်ခေတ်တည်းပဲ၊ မဟာတာအိုပညာရှိတွေ ယှဉ်နိုင်တဲ့ တည်ရှိမှု မဟုတ်ဘူး၊ သူ့နာမည်က ပြောလို့မရဘူး၊ ဒီအကြောင်းကိုတောင် ငါ့ဆရာသခင် ပြောပြလို့ သိရတာ”

ချုံရှီလိုင်က မေးလိုက်ပါတယ် “အဲဒီတော့ ငါတို့တွေ ဘာလုပ်နိုင်လဲ” မဟာတာအိုပညာရှိကိုတောင် ဖိနှိပ်နိုင်တဲ့ တည်ရှိမှုက သူတို့တွေ ဝင်ပါလို့ရတဲ့ အရာ မဟုတ်ပါဘူး။

ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “လာမဲ့ အချိန်အတိုင်းအတာ တစ်ခုအတွင်း ကြောက်မက်ဖွယ်တည်ရှိမှုက ဘိုးဘေးရှီတျန်ရဲ့ တပည့်တွေကို လိုက်ဖမ်းလိမ့်မယ်၊ အဲဒါကြောင့် ငါတို့တွေ အခုအချိန်ကစပြီး ဘိုးဘေးရှီတျန်ကို မေ့ပစ်ရမယ်၊ ဘိုးဘေးရှီတျန်နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေကိုလည်း လောကကြီးကနေ ဖျောက်ပစ်ရမယ်၊ ဘိုးဘေးရှီတျန်ရဲ့ မျက်နှာသာပေးမှုကို ရထားတဲ့ အဲဒီကျင့်ကြံသူတွေကို သူတို့ရဲ့ မှတ်ဉာဏ်တွေ ဖျက်ပစ်ဖို့ သတိပေးရမယ်”

တာအိုပညာရှိတွေဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပါတယ်။ ရှီတုတောက်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒါက မကောင်းဘူး ထင်တယ်၊ ကျွန်တော်တို့တွေ ဘိုးဘေးရှီတျန်ကို ဒီနေ့ စွန့်ပစ်လိုက်ရင် နောက်ကျွန်တော်တို့ ဒုက္ခရောက်တဲ့အချိန်ကျ ဘိုးဘေးရှီတျန်က ကျွန်တော်တို့ကို ပြန်ပြီးတော့ စွန့်ပစ်လိမ့်မယ်”

ရှီတုတောက်ရဲ့ စကားက တာအိုပညာရှိတွေရဲ့ နှလုံးသားကို တည့်တည့် ထိမှန်သွားပါတယ်။ တာအိုပညာရှိတွေ အခုလိုမျိုး အေးအေးချမ်းချမ်း နေနိုင်တာက တားဆီးလို့မရဘူးထင်ရတဲ့ အဆုံးသတ် အပျက်အစီး နတ်ဘုံကို အတူတူပူးပေါင်းပြီး တိုက်ခိုက်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အခု ကောင်းကင်အရှင်ရွှမ်တုရဲ့ အစီအစဉ်က တာအိုပညာရှိတွေကို နဂိုအခြေအနေ ပြန်ရောက်သွားစေပြီး တစ်ယောက်ကို တစ်ယောက် မယုံသင်္ကာ ဖြစ်စေမှာပါ။

ကောင်းကင်အရှင်ရွှမ်တုက မတတ်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ဒီကိစ္စက အရင်ဟာတွေနဲ့ မတူဘူး၊ ပြီးခဲ့တဲ့ ရန်သူတွေတုန်းက ငါတို့တွေ တာအိုရောင်းရင်းဟန်ကို အားကိုးလို့ရတယ်၊ ဒါပေမဲ့ ဘိုးဘေးရှီတျန် ရင်ဆိုင်နေရတဲ့ တည်ရှိမှုက အစွမ်းထက်လွန်းတယ်၊ နာမည်ကို တွေးမိရုံနဲ့တင် သေစေနိုင်လောက်တဲ့အထိကို စွမ်းအားကြီးတာ၊ ငါတို့တွေ ဒီလိုမျိုး တည်ရှိမှုကို ဆန့်ကျင်ဖို့လုပ်မယ်ဆိုရင် တာအိုပညာရှိတွေတင် ဒုက္ခရောက်မှာ မဟုတ်ဘူး၊ ကောင်းကင်တာအို တစ်ခုလုံး ဒုက္ခရောက်လိမ့်မယ်၊ ဒီအကြံကလည်း ငါ့အကြံ မဟုတ်ဘူး၊ ဘိုးဘေးရှီတျန်ရဲ့ အကြံပဲ”

လီတောက်ခုံးဟာ မျက်မှောင်ကြုတ်သွားပါတယ် “အဲဒီလိုမျိုး တည်ရှိမှုက တကယ် ရှိတာလား၊ ဘိုးဘေးရှီတျန်က သူ့ကို ဘယ်လိုလုပ်ပြီး ရန်စမိတာလဲ၊ ကောင်းကင်တာအိုကြောင့်လား... ကောင်းကင်တာအိုကြောင့်ဆိုရင် တစ်ဖက်လူက ကောင်းကင်တာအိုကို ဘာဖြစ်လို့ တိုက်ရိုက် မဖျက်ဆီးတာလဲ”

ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းခါလိုက်ပါတယ် “ငါလည်း သေချာမသိဘူး၊ ငါ့ဆရာသခင် ပြောတာတော့ အဲဒီတည်ရှိမှုက ဘိုးဘေးရှီတျန်ကို တစ်စုံတစ်ခု မေးမြန်းတာတဲ့၊ ဒါပေမဲ့ ဘိုးဘေးရှီတျန်က အမှန်ကို မပြောလို့ အဲဒီတည်ရှိမှုကို ရန်စမိသွားတယ်၊ အဲဒီမှာ အဲဒီတည်ရှိမှုက ဒေါသထွက်သွားပြီး ဘိုးဘေးရှီတျန်ကို တစ်လောကလုံး မေ့သွားအောင် ဘိုးဘေးရှီတျန်နဲ့ ပတ်သက်တဲ့ ကံတရားမှန်သမျှကို ဖြတ်တောက်ချင်တာပဲ”

ပန်ရှင်းအပါအဝင် တာအိုပညာရှိတွေ အကုန်လုံး လန့်သွားကြပါတယ်။ ပန်ရှင်းဟာ ဒီခံစားချက်ကို ကောင်းကောင်းကြီး သိပါတယ်။ သူ အားနည်းတုန်းက ကျင်းရှန်ဟာ သူ့ရဲ့ အိပ်မက်ဆိုး ဖြစ်ခဲ့တာပါ။ တာအိုပညာရှိတွေ တိတ်ဆိတ်နေတာကို ကြည့်ပြီး ပန်ရှင်းဟာ သူ့ကိုယ်သူ မသရော်ဘဲ မနေနိုင်ပါဘူး။

‘ငါ တာအိုပညာရှိ ဖြစ်လာတော့ ဘာဖြစ်လဲ၊ အကျဉ်းထောင် သေးသေးလေးကနေ အကျဉ်းထောင် အကြီးကြီးကို ပြောင်းလိုက်ရုံတင်ပဲ...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters