← Chapters

မဟာနေဧကရာဇ်၏ လျှို့ဝှက်ချက်

Vol. 58 Ch. 768

မဟာနေဧကရာဇ်၏ လျှို့ဝှက်ချက်

Vol. 58 Ch. 768

ချင်မူက မိစ္ဆာဘုရင်တစ်ပါးသဖွယ် မှောင်မိုက်နေသော ကောင်းကင်တွင် ပျံသန်းရင်း လုလီတို့ကို ပတ်ရှာနေသည်။ သို့သော် ရှာမတွေ့ပေ။ သူ့အနေဖြင့် နေရာအနှံ့ လိုက်ရှာလိုပါက တစ်နှစ်၊ နှစ်နှစ်ပင် ကြာသွားလိမ့်မည်။ ထို့အပြင် လုလီတို့သည် သူ ရောက်လာမည်ကို တစ်နေရာတည်း၌ ထိုင်စောင့်နေမည်မဟုတ်။

“ညီလေး ငါ ပင်ပန်းနေပြီ ပြန်တော့မယ်”

ချင်ဖုန်းကျင်မှာ စိတ်ဝင်မစား‌တော့သောကြောင့် ထိုသို့ပြောပြီးသည်နှင့် မလှုပ်တော့ပေ။

ချင်မူ မှင်သက်သွားသည်။ သူ၏ခွန်အားများ တရှိန်ထိုး ကျဆင်းသွားသည်ကိုလည်း တမုဟုတ်ချင်း ခံစားလိုက်ရ၏။ ချင်ဖုန်းကျင့်ကား ချင်စာလုံးမြေပြင်ဆီသို့ အမှန်တကယ် ပြန်သွားပြီး အတားအဆီးအစီအရင်ထဲသို့ သူ့ဆန္ဒနှင့်သူ ဝင်သွားချေပြီ။

ချင်ဖုန်းကျင့် အတားအဆီးအစီအရင်ထဲ ပြန်သွားသည့်အခါ သားသတ်ဒယ်အိုးလည်း သူ၏မျက်ခုံးနှစ်ဖက်ကြားထဲ ဝင်၍ ချင်ဖုန်းကျင့်နောက် လိုက်သွား၏။

ချင်မူမှာ လုလီတို့ကို လိုက်ရှာနေခြင်းအား ရပ်လိုက်ရသည်။ ချင်ဖုန်းကျင့်၏စွမ်းအားမပါလျှင် သူသည် ကောင်းကင်နတ်အသွင်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်သည့်အတွက် လုလီကို သွားရှာလျှင် သေမင်းခံတွင်းဝထဲ ဝင်နေသည်နှင့် မတူဘူးလော။

ချင်မူ့အတွက် ထူးဆန်းနေသည်က ချင်ဖုန်းကျင့်သည် ချုပ်နှောင်ခံထားရသည်ကို မကြိုက်သော်လည်း ဤတစ်ခေါက်တွင် အဘယ်သို့ပြု၍ အတားအဆီးအစီအရင်ထဲသို့ လိုလိုလားလား ပြန်ဝင်သွားသနည်း။

သူက မိုးမခသစ်ရွက်ဖြင့် တတိယမျက်လုံးကို မဖုံးသေးဘဲ ထာဝရနတ်ဘုရား အသိစိတ်အလျဉ်ဖြင့် ချင်စာလုံးမြေပြင်ဆီ ပျံဝင်ကြည့်လိုက်သည့်အခါ ကလေးကြီးသည် စောစောက ဖွက်ထားခဲ့သော အဆင့်မြင့်သိုင်းပညာရှင်တို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ဝိညာဉ်အပိုင်းအစများကို စိတ်လှုပ်ရှားစွာ ရေတွက်နေကြောင်း တွေ့လိုက်ရ၏။ သူက သေသေချာချာ ရေနေသည်။

ချင်မူ ငိုရမည်လား၊ ရယ်ရမည်လား မသိတော့ပေ။ ချင်ဖုန်းကျင့်အတွက် စားစရာရှိနေသရွေ့ ချုပ်နှောင်ခံထားရလည်း အဆင်ပြေဟန်တူသည်။ အပြင်တွင် ‘ထိုမျှအာဟာရပြည့်ဝသော စားစရာ’များအား အပြင်တွင် သူ ရှာတွေ့မည်မဟုတ်ပေ။

‘ဝေသာလီဘီလူး’

ချင်မူ ခေါင်းယမ်းလိုက်မိသည်။

ချင်ဖုန်းကျင့်၏ အကူအညီမပါလျှင် သူ့အနေဖြင့် မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးဆီ ပြန်သွားရန် ဆယ်စုနှစ်တစ်စုစာ ကြာသွားလိမ့်မည်။ ထို့ကြောင့် ယိုတုကျောက်စိမ်းအကျဉ်းထောင်တံခါးဆီ ပြန်သွား၍ စက္ကူလှေပြန်ယူရလိမ့်မည်။ လှေနှင့်သွားပါက အချိန်ကုန်သက်သာ၏။

ချင်မူက မျက်ခုံးနှစ်ဖက်ကြားမှ ပြန်မထွက်သေးဘဲ မြေအောက်ဘုံအရှင်သခင်၏ သားသတ်ဒယ်အိုးကို ကြည့်လိုက်သည်။ ထိုဒယ်အိုးသည် ချင်ဖုန်းကျင့်နောက် တကောက်ကောက် လိုက်နေဆဲ ဖြစ်၏။ ချင်ဖုန်းကျင့်က စားစရာများ ရေတွက်ရင်း စိတ်လှုပ်ရှားနေသောကြောင့် ဒယ်အိုးကို အာရုံမရှိပေ။

‘ဒီဒယ်အိုးက မင်တုအမှောင်ပင်လယ်ရဲ့ တစ်ဝက်ကို စားပစ်ခဲ့တယ်... မင်တုအမှောင်ပင်လယ်က ဝိညာဉ်အမှုန်တွေကနေ ဖွဲ့တည်လာတဲ့ ပင်လယ်ပဲ... ကောင်းကင်ယင်သားတော် ပင်လယ်ကို အဲဒီအတိုင်းအတာအထိ ရောက်အောင် ဘယ်လောက်ကြိုးစားခဲ့ရမလဲ ဘုရားပဲ သိလိမ့်မယ်... အခုတော့ သူ အားထုတ်ခဲ့ရသမျှအားလုံး သဲထွန်ရေသွန် ဖြစ်သွားပြီ’

သားသတ်ဒယ်အိုးက တစ္ဆေအလင်းတန်းတစ်ဝက်ကိုလည်း ဝါးမြိုခဲ့ကြောင်း ချင်မူ သတိရလိုက်သည်။ ထိုအလင်းတန်းမှာ ကောင်းကင်ယင်သားတော် ဖန်တီးခဲ့‌သော ရတနာတစ်ပါး ဖြစ်သည့်အတွက် အလားတူ ထူးခြားလိမ့်မည်။ သို့သော် သားသတ်ဒယ်အိုးသည် ချင်ဖုန်းကျင့်နောက် လိုက်လာပြီး ချင်မူ့ကိုမဟုတ်ဘဲ ချင်ဖုန်းကျင့်ကို မြေအောက်ဘုံအရှင်သခင်အဖြစ် သတ်မှတ်ထားပုံရ၏။

‘အဲဒါဆိုရင် ဒယ်အိုးထဲက မျက်နှာတွေ ငါ့ကို အားချိုလို့‌ ခေါ်နေတာမဟုတ်ဘူး... အစ်ကိုကြီးကိုပဲ အားချိုလို့ ခေါ်တာဖြစ်မယ်....’

သူ့အတွေး ဤနေရာအရောက်တွင် ဒယ်အိုးထဲရှိ မိစ္ဆာနတ်ဆိုးချီများ ထွက်လာပြီး ချင်ဖုန်းကျင့်ကို လွှမ်းခြုံသွားသည်။

မိစ္ဆာနတ်ဆိုးချီထဲတွင် မျက်နှာတစ်ခု ပေါ်လာကာ ကလေးကြီးကို စိုက်ကြည့်၍ ထူးဆန်းသော လေသံဖြင့် ပြောနေသည်။ “အားချို”

ချင်ဖုန်းကျင့်က မျက်နှာကို တစ်ချက်ကြည့်ပြီး ခေါင်းယမ်းသည်။ “ငါ့ညီလေး ဒီမှာမရှိဘူး... ရေနေတာ ဘယ်အထိ ရောက်သွားပါလိမ့်”

“အားချို” ထိုမျက်နှာကြီးက ခေါ်ပြန်၏။

“ညီလေး ဒီမှာမရှိဘူးလို့.... ချီးတဲ့မှပဲ” ချင်ဖုန်းကျင့် ဒေါသထွက်သွား၏။

ဒယ်အိုးဆီမှ မိစ္ဆာနတ်ဆိုးချီများတွင် မျက်နှာများစွာ ထပ်ပေါ်လာကာ သူ့ကို ခေါ်နေကြသည်။ “အားချို”

ချင်ဖုန်းကျင့် ဒေါသူပုန်ထသွားပြီး အော်ဟစ်လိုက်တော့သည်။ “ငါ့ညီ‌လေး ဒီမှာ မရှိဘူးလို့ ပြောနေတယ်လေ... နေစမ်းပါဦး မင်းတို့က ငါ့ကို ခေါ်နေတာလား”

ထိုမျက်နှာများက ပြုံး၍ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြကြသည်။ “အားချို”

“ငါက အရုပ်မဆိုးဘူး.. ငါ့ညီကမှ အရုပ်ဆိုးတာကွ” ချင်ဖုန်းကျင့်က ပြော၏။

ချင်မူမှာ သူ့အသံကြားလျှင် သရော်တော်တော် ပြောလိုက်သည်။ “ငါက အစ်ကိုကြီးလို ကိုယ့်အကြောင်းကို မသိတာ မဟုတ်ဘူး... ဒီမျက်နှာတွေ ငါ့ကို ခေါ်နေတာ မဟုတ်မှန်း သေချာတယ်”

ကောင်းကင်နယ်စားမင်းဖြစ်သည့် မုတ်ဆိတ်ဖြူအဘိုးအိုက မည်သည့်နေရာကမှန်းမသိ ဘွားခနဲ ပေါ်လာကာ ပြော၏။ “ဒီမျက်နှာတွေက မင်းကိုလည်း ခေါ်နေတာပဲ.... မိတ်ဆွေလေး၊ မင်းရဲ့ အသိစိတ်အလျဉ်လည်း ဒီရောက်နေတယ်”

သူက လက်တစ်ချောင်း ဆန့်ထုတ်လိုက်ရာ ချင်မူ၏အသိစိတ်အလျဉ်မှာ အောက်သို့ကျသွားပြီး ချင်မူ့အသွင် ပြောင်းသွားသည်။

ချင်မူ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည့်အခါ ချင်စာလုံးမြေပြင်ထဲတွင် ငှက်ခေါင်းနတ်ဘုရားတစ်ပါးနှင့်အတူ ပုန်းနေသော ချိဧကရာဇ်၏ အသိစိတ်အလျဉ်အား မြင်လိုက်ရသည်။ သူတို့က သူ့ဆီသို့ လှမ်းကြည့်နေကြ၏။

“ဒီငှက်နတ်ဘုရားကို ရင်းနှီးနေသလိုပဲ”

ချင်မူ အနည်းငယ် တွေဝေနေသည်။ “သူ့ကို နဂါးဟန်ခေတ် ကောင်းကင်နတ်ဘုံမှာ မြင်ခဲ့ဖူးတယ်ထင်တယ်.... အစ်ကိုကြီးနျိုစန်းသွော ရိုက်ပုတ်ခဲ့တဲ့ မဟာနေဧကရာဇ်လားလို့....”

ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက ပြောသည်။ “အေး မဟာနေဧကရာဇ်အပြင် တခြားမဟုတ်ဘူး... သူ သေသွားတာ ကြာလှပြီ... ငှက်ကလေး၊ အဆွေတော်ချိဧကရာဇ် ဒီကို လာခဲ့ပါဦး... မိစ္ဆာလေးက စားစရာရနေပြီ၊ မင်းတို့ကို စားမှာမဟုတ်ဘူး”

ချိဧကရာဇ်၏ အသိစိတ်အလျဉ်က လမ်းလျှောက်လာသော်လည်း မဟာနေဧကရာဇ်မှာ ထွက်မလာရဲသေးပေ။ ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “နေဧကရာဇ်၊ မကြောက်ပါနဲ့ .... ဒီကမ္ဘာပေါ်မှာ ခင်ဗျားရဲ့ အမြန်နှုန်းက ပြိုင်ဘက်ကင်းတာပဲ... ကျွန်တော့်အစ်ကိုကြီး ခင်ဗျားကို လိုက်မမှီပါဘူး”

မဟာနေဧကရာဇ်မှ တခဏ ချီတုချတုံဖြစ်နေပြီးနောက် ဟိုကြည့်သည်ကြည့် ကြည့်ကာ လျှောက်လာသည်။ သူ့ပုံစံက အချိန်မရွေး ထွက်ပြေးရန် အသင့်ဖြစ်နေ၏။ “ခဏလောက် သတိလွတ်သွားလို့သာ အဖမ်းခံလိုက်ရတာပါ... ငါ အဆင်သင့်ပြင်ထားရင် ဘယ်သူမှ မဖမ်းနိုင်ဘူး”

ချင်မူ စပ်စုကြည့်လိုက်သည်။ “နေဧကရာဇ်က ဘယ်လိုသေသွားတာလဲဗျ”

ကောင်းကင်နယ်စားမင်းက သရော်တော်တော် ပြောလိုက်၏။ “တုံးလွန်းလို့ သေတာပေါ့... သူက အများကြီးသိပြီး အများကြီး လျှောက်ပြောတယ်လေ... သူ့ရဲ့ တုံးအမှုကပဲ သူ့ကို သတ်သွားတာ”

ချင်မူမှာ တမုဟုတ်ချင်း စိတ်ဝင်စားသွား‌တော့သည်။ “မဟာနေဧကရာဇ် ဘာတွေ သိထားလဲ... ဘာလို့ အများကြီး သိထားလို့ သေသွားတာလဲ... နေဧကရာဇ် ရှင်းပြလို့ရမလား”

မဟာနေဧကရာဇ်သည် နှာခေါင်းရှုံလိုက်၏။ “ငါက အများကြီး ပြောမိလို့ သေသွားတာလေ... မင်းကို ပြောပြရင် ငါ့ဝိညာဉ် နောက်တစ်ကြိမ် သေမသွားဘူးလား”

ချင်မူက ကောင်းကောင်းမွန်မွန် ပြောသည်။ “နေဧကရာဇ် မပြောရင်ကတော့ ကျွန်တော့်အစ်ကိုကြီးရဲ့ ဗိုက်ထဲမှာ နောက်တစ်ကြိမ် ထပ်သေရမှာ သေချာတယ်”

မဟာနေဧကရာဇ်မှာ တခဏ တွန့်ဆုတ်သွားပြီး ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်ဆီသို့ လှမ်းကြည့်သည်။ မုတ်ဆိတ်ဖြူအဘိုးကြီးက တဟမ်းဟမ်း ချောင်းဟန့်နေပြီး ချိဧကရာဇ်က ကောင်းကင်ဆီသို့ မော့ကြည့်နေ၏။

“ကောင်းကင်နယ်စားမင်း..”

“ငါ့ကို မကြည့်နဲ့ ငါလည်း မင်း ဘယ်လိုသေသွားလဲ သိချင်နေတာ”

ကောင်းကင်နယ်စားမင်းက ခေါင်းယမ်းကာ ပြောလေသည်။ “နဂါးဟန်ခေတ်အလယ်ပိုင်း ကာလတွေမှာ ပိုက်ကွန်တစ်ခုက ကောင်းကင်နတ်ဘုံကို လွှမ်းခြုံထားတော့ ငါ ဘာမှ မမြင်ခဲ့ရဘူး.. မင်းက ကြယ်တာရာတွေရဲ့ အရှင်သခင်မလား... ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားအများစုကို မင်း ထိန်းချုပ်တာဆိုတော့ ကောင်းကင်နတ်ဘုံအကြောင်း ငါ့ထက် မင်း ပိုသိပါတယ်... ငါကတော့ အခုထိတောင် ကောင်းကင်နတ်ဘုံကို မမြင်ရသေးဘူး”

မဟာနေဧကရာဇ်မှာ ပြောသင့်မပြောသင့် စဉ်းစားရင်း သဲသဲမဲမဲ ရေတွက်နေသော ခေါင်းကြီးကြီး ကလေးကြီးဆီသို့ ကြည့်လိုက်သည်။ သူက အားတင်းကာ ပြောလိုက်၏။ “ကျုပ်လည်း ဘာလျှို့ဝှက်ချက်ကြောင့် သေသွားမှန်း မသိဘူး... ကောင်းကင်နတ်အရှင်ယွင် တည်ထောင်ထားတဲ့ ကောင်းကင်ဘုံကို တိုက်ခိုက်နေတဲ့ စစ်ပွဲမှာ အနောက်က ပစ်လိုက်တဲံ မြားတစ်စင်းကြောင့် ကျုပ် သေခဲ့ရတာပဲ... ဘယ်သူ မြားပစ်လိုက်မှန်းလည်း မသိလိုက်ဘူး... သေသွားတာပဲ သိလိုက်ရတာ”

အားလုံး တိတ်ဆိတ်သွားကြသည်။

ချင်မူက ချောင်းဟန့်ပြီး စပ်စု၏။ “နေဧကရာဇ်... အဲဒါဆို ဘယ်လို ဒီလိုအသတ်ခံလိုက်ရတဲ့ အကြောင်းရင်းက ဘာဖြစ်လောက်မလဲ ခန့်မှန်းနိုင်လား”

မဟာနေဧကရာဇ် စဉ်းစားကြည့်လိုက်သည်။ “ကောင်းကင်နတ်အရှင်ယွီ လုပ်ကြံခံရတဲ့ ကိစ္စကြောင့် မဟုတ်တာတော့ သေချာတယ်... ကောင်းကင်နတ်အရှင်ယွီ သေသွားတော့ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တာ မှန်ပေမယ့် ‌ကောလဟလတွေ အများကြီးပဲ... ငါက စကားနည်းနည်းပဲ ပြောခဲ့တာ... တခြားသူတွေ ပြောတာတွေလည်း ရှိတယ်... အရှေ့နန်းဆောင်ရဲ့ အိမ်ရှေ့မင်းသားကိစ္စနဲ့တော့ မဆိုင်လောက်ဘူး... အိမ်ရှေ့မင်းသားဝူကျစ်ရဲ့ ပုန်ကန်မှုနဲ့ပတ်သက်တဲ့ အတွင်းသတင်း တော်တော်များများ ငါ သိထားပေမယ့် အပြင်ထုတ်ပြောခဲ့တာ နည်းတယ်... ကောင်းကင်နတ်ဧကရီရဲ့ လုပ်ကြံမှုများလား... ဒါမှမဟုတ် နဂါးသွဲ့ရေကန်ရဲ့ အပြောင်းအလဲများလား.... မြေအောက်ဘုံအရှင်သခင်ရဲ့ သတ်ပွဲကြောင့်လား... မြေအောက်ဘုံအရှင်သခင်ရဲ့ သတ်ပွဲကြောင့် ဖြစ်နိုင်တယ်.... အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ အတွင်းသတင်းအများကြီး သိထားတယ်... ဒါပေမဲ့ ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ အချိန်ခရီသွားကိစ္စလည်း ဖြစ်နိုင်တာပဲ... ဟုတ်သား၊ ကောင်းကင်နယ်စားမင်းရဲ့ လူဝင်စားကိစ္စလည်း ရှိသေးတယ်... ကောင်းကင်နယ်စားမင်းရဲ့ လူဝင်စားနဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်တွေ တစ်ပုံကြီးပဲ....”

ချင်မူ မှင်သက်သွားသည်။ နဂါးဟန်ခေတ်ကောင်းကင်နတ်ဘုံတွင် ထိုကဲ့သို့ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်လား။

သူ နဂါးဟန်ခေတ်၏ ပထမနှစ်သို့ ပြန်ရောက်သွားတုန်းက ကြာကြာမနေခဲ့ရပေ။ ထို့နောက်ပိုင်း ဤမျှစိတ်ဝင်စားစရာ ကိစ္စများစွာ ဖြစ်ပျက်လိမ့်မည်ဟု မထင်မှတ်ထားပေ။

သူ့မှာ မဟာနေဧကရာဇ် ပြောသွားသည့် အဖြစ်ပျက်များနှင့်ပတ်သက်၍ နှိုက်နှိုက်ချွတ်ချွတ် သိချင်လာတော့သည်။

“မဟာနေဧကရာဇ် ကျွန်တော့်ကို တစ်ခုချင်းစီ ပြောပြပါလား”

သူ့မျက်လုံးများ တဖျတ်ဖျတ် လက်လာသည်။ “ကောင်းကင်နတ်ဘုံရဲ့ လက်ရှိကောင်းကင်နတ်ဧကရာဇ်က ဘယ်သူလဲ နေဧကရာဇ် သိတယ်မလား”

မဟာနေဧကရာဇ်သည် တွန့်ဆုတ်သွားပြီး ကောင်းကင်နယ်စားမင်းဆီသို့ တစ်ချက်ကြည့်လိုက်၏။ “ကောင်းကင်နယ်စားမင်းရဲ့ လူဝင်စားကိစ္စလည်း ပါနေတော့ ငါ မပြောရဲပါဘူး.... ပြီးတော့ ငါက အစောကြီး သေသွားတာဆိုတော့ ဘယ်ဘက် နိုင်သွားလဲ မသိလိုက်ရဘူး...”

ကောင်းကင်နယ်စားမင်းက ချောင်းတစ်ချက် ဟန့်၍ ပြောသည်။ “မောင်ရင်လေးချင်၊ မဟာနေဧကရာဇ်က အများကြီး သိထားလို့ သေခဲ့ရတယ်... မင်းလည်း အများကြီး သိထားရင် မြန်မြန် သေလိမ့်မယ်... ပြန်တော့ မြေအောက်ဘုံအရှင်သခင် မင်းကို တွေ့ချင်နေတယ်”

သူက အင်္ကျီလက်အိုး ခါယမ်းလိုက်ရာ ချင်မူ၏အသိစိတ်အလျဉ်မှာ အပြင်ထွက်သွားတော့သည်။ ချင်မူ ကောင်းကင်နယ်စားမင်း၏ အသံကို ခပ်တိုးတိုး ကြားလိုက်ရသည်။ “ဒီနေ့ကစပြီး မင်း ငါ့လူဝင်စားအကြောင်း တစ်ခွန်းဟရင် ငါ မင်းကို မသတ်ဘူး... ဖြည်းဖြည်းချင်း နှိပ်စက်မယ်... မင်း သတ်ပါလို့ တောင်းပန်ရတဲ့အထိ ညှင်းပန်းပြမယ်.... ကဲ ပြောစမ်း... အရှေ့နန်းဆောင်အိမ်ရှေ့မင်းသား အဖြစ်အပျက်အကြောင်း....”

ချင်မူမှာ နှာခေါင်းရှုံ့ပြီး မပျော်တော့ပေ။ ‘ကောင်းကင်နယ်စားမင်းရဲ့ လူဝင်စားအကြောင်းလည်း မမေးရသေးပါဘူး... ဘာလို့ ငါ့ကို နှင်ထုတ်တာလဲ’

သူက ကျောက်စိမ်းအကျဉ်းထောင်တံခါး၏ ဂိတ်ပေါက်ဆီ သွားလိုက်သည်။ ဤအချိန်တွင် ဂိတ်ပေါက်အရှေ့တွင် မိစ္ဆာနတ်ဘုရားနှစ်ပါး ရပ်နေ၏။ သူတို့က သူလာသည်ကို မြင်လျှင် တုန်ရီသွားကြပြီး ထွက်ပြေးရန် ပြင်ကြသည်။

ချင်မူ ကပျာကယာ လှမ်းအော်လိုက်သည်။ “နောင်ကြီးတို့ မပြေးပါနဲ့.... ကျွန်တော်က အသားစားမလို့ မဟုတ်ပါဘူး... စက္ကူလှေလေး ပြန်ယူမလို့ပါ... တံခါးထဲမှာ ကျွန်တော့်လှေ ရှိတယ်... တံခါးမပိတ်ပါနဲ့ဦး”

“မင်း တကယ် ငါတို့ကို မစားပါဘူးနော်” မိစ္ဆာနတ်ဘုရားနှစ်ပါးသည် တံခါးကို သေးသေးလေးသာ ဟ၍ ချောင်းကြည့်နေကြ၏။

ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “ကျွန်တော် စားတာ မြင်ဖူးလို့လား... လှေလေး ယူပြီးရင် ပြန်ပါ့မယ်”

မိစ္ဆာနတ်ဘုရားနှစ်ပါးက အလျင်အမြန် ဖယ်ပေးလိုက်ကြသည်။ ချင်မူ တံခါးထဲ ဝင်ပြီးသည့်အခါ မြို့ဂိတ်‌ပေါက်ဘေး၌ ရပ်ထားသော လှေလေးကို ယူလိုက်သည်။ စခန်းထဲတွင် နတ်ဘုရားသည် အတန်းလိုက် စီတန်း၍ တိတ်ဆိတ်စွာ စောင့်နေကြ၏။ သူတို့က သူ နောက်တစ်ကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မည်ကို လန့်နေကြလေသည်။

သူတို့၏ခြေထောက်များမှာ တုန်ရီနေကြပြီး အရှိန်အဝါများသည်လည်း အားနည်းနေ၏။

ချင်မူ စခန်းဆီသို့ ပြန်ကြည့်လိုက်သော်လည်း သူ့အဖေ ချင်ဟန်ကျန်းမှ အသွင်ပြောင်းလဲထားသော သစ်ပင်လူသားအား မမြင်ရ၍ ဝမ်းနည်းသွားသည်။

“နှုတ်ဆက်ခဲ့ပါတယ်” သူက မြေပြင်တွင် ဝပ်၍ အရိုအသေပေးလိုက်ပြီး အတန်ကြာသည်အထိ ပြန်မထသေး‌ပေ။

နတ်ဘုရားစစ်တပ်မှာ မှင်သက်နေကြသည်။ သူတို့အားလုံး ကပျာကယာ အရိုအသေပြန်ပေးလိုက်ကြရင်း တွေးမိကြ၏။ “ယိုတုသားတော်က ငါတို့ကို အရိုအသေပေးနေတာလား... ယိုတုမှာ နေထွက်‌တော့မယ်ထင်တယ်”

ချင်မူက ပြန်ထပြီး ကျောက်တိုင်တောအုပ်ဆီသို့ ကြည့်ကာ ပြန်ရန် လှည့်လိုက်သည်။

သူ့အဖေနှင့်အမေနှစ်ယောက်လုံး ဤနေရာတွင် ရှိနေသဖြင့် နောက်ဆုံးတော့ ချင်မူ စိတ်ဒုန်းဒုန်း ချနိုင်ချေပြီ။

သူက တံခါးအပြင် ထွက်လိုက်ပြီး လှေဦးတွင် ထိုင်လိုက်သည်။ စက္ကူလှေလေးသည် မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးဆီသို့ ပျံတက်သွား၏။

အတော်လေးကြာသော် စက္ကူလှေလေးက မြေအောက်ဘုံအရှင်သခင်၏ တတိယမျက်လုံးဆီသို့ ရောက်သွားပြီး တောက်ပနေသော မျက်လုံးကြီးထဲသို့ ဝင်သွားကာ အထွတ်အမြတ်ခန်းမ၏အရှေ့တွင် ရပ်လိုက်သည်။

မရဏတမန်တော်က သူ လှေပေါ်မှ ဆင်းမည်ကိုပင် မစောင့်ဘဲ ဆူတော့သည်။ “ကောင်းကင်နတ်အရှင်မူ မင်းတော့ ဒုက္ခရောက်ပြီ... မင်းက ငါ့လှေကို ခိုးပြီး ကျောက်စိမ်းအကျဉ်းထောင်တံခါးထဲ ဝင်တယ်... နတ်ဘုရားတွေကို သတ်..သတ်....”

သူ့စကားပင် မဆုံးသေးခင် ချင်မူက ဖြတ်ပြော၏။ “သိတယ် ကျွန်တော် မှားသွားတယ်... ကောင်းကင်နတ်အရှင်ယွီကို ခေါ်သွားပါ့မယ်”

မရဏတမန်တော် မှင်သက်သွားသည်။ သူ ပြောရန် ပြင်ထားသော စကားအားလုံး အလကားဖြစ်သွားပြီး သူ့မှာ လေကို လက်သီးဖြင့် ထိုးလိုက်သကဲ့သို့ ဟာတာတာကြီး ဖြစ်သွား၏။

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က အထွတ်အမြတ်ခန်းမထဲမှ ထွက်၍ အထွတ်အမြတ်ခန်းမအရှေ့တွင် ရပ်သည်။ “သူက ထက်မြက်တဲ့လူတစ်ယောက်ပဲ ... ဘာဖြစ်နေလဲ သိတယ်”

ချင်မူက ပြတ်သားသော အသံဖြင့် ပြောသည်။ “ကျွန်တော်က တုံးအပေမယ့် အရိပ်အမြွက်လေး ကြားလိုက်ရုံနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ ရည်ရွယ်ချက်ကိုလည်း သိနိုင်ပါတယ်.... မြေအောက်ဘုံအရှင်သခင်က ကျွန်တော့်ကို အမေနဲ့ သွားတွေ့ခွင့်ပေးပြီး ကျွန်တ်ော့လက်နဲ့ ကောင်းကင်နတ်ဘုံရဲ့အင်အားစုတွေကို ရှင်းလင်းခဲ့တယ်... ပြီးရင် ကျွန်တော့်အမှားတွေကို အသုံးချပြီး ကောင်းကင်နတ်အရှင်ယွီကို ခေါ်သွားခိုင်းမယ်... ကျွန်တော့်အပေါ်ပဲ အပြစ်တွေ ပုံချမှာလေ... မြေအောက်ဘုံအရှင်သခင်၊ စိတ်မပူပါနဲ့ ... ကျွန်တော် မငြင်းပါဘူး”

‌ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က သူ့ကို စိုက်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းထဲရှိ ငရဲမီးလျှံများသည် တရိပ်ရိပ် လှုပ်ရှားနေ၏။ “မင်းအတွက် ခက်ခဲခဲ့တယ်... မင်းမိဘနှစ်ပါး ဒီမှာ ကောင်းကောင်းမွန်မွန် နေရစေပါ့မယ်”

ချင်မူ့ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွား၏။

မြေအောက်ဘုံအရှင်သခင်က ကောင်းကင်နတ်အရှင်ယွီကို သူ့ဆီသို့ တွန်းပေးပြီး‌ ပြောသည်။ “မင်း အခု သွားလို့ရပြီ... ယိုတုရဲ့ အာဏာပိုင်တွေကို သတ်ဖြတ်ပြီး ဒီမှာ ကြာကြာနေလို့ မကောင်းဘူး... အရာရှိမင်း၊ သူ့ကို လိုက်ပို့ပေးလိုက်ပါ”

ချင်မူ မျက်တောင်ပုတ်ခတ်ကာ ပြုံးလိုက်သည်။ ‌”မြေအောက်ဘုံအရှင်သခင်၊ ကျွန်တော်တို့မျက်ခုံးနှစ်ဖက်ကြားက ချင်စာလုံးမြေပြင်မှာ ဘယ်သူအဖမ်းခံထားရလဲ မသိချင်ဘူးလား”

ချင်စာလုံးမြေပြင်ထက်ရှိ ကောင်းကင်နယ်စားမင်း၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ဒေါပွသွားသည်။ “ခွေးကောင်လေး၊ ငါ့မျက်နှာကို အိုးမည်းသုတ်နေပြီ... ဒုက္ခပဲ ငါတော့ မြေအောက်ဘုံအရှင်သခင်ရှေ့မှာ အရှက်ကွဲတော့မယ်”

All Chapters