← Chapters

သံလိုက်ဆွဲအား၊ အမိကမ္ဘာမြေ

Vol. 58 Ch. 770

သံလိုက်ဆွဲအား၊ အမိကမ္ဘာမြေ

Vol. 58 Ch. 770

အထက်‌ကောင်းကင်ဘုံသည် အရှိန်ရနေပြီဖြစ်၏။ ရှုရှန်းဟွာက ချီကျုံရီကိုလည်း သင်ခန်းစာများ ပို့ချပေးရန် အထက်ကောင်းကင်ဘုံသို့ ပင့်ဖိတ်ထားသည်။

အစစ်အမှန်ကောင်းကင်နန်းတော် သခင်မချီကျုံရီ၊ မင်းသမီးလေးရှုန်းချီအာနှင့် သိုင်းလမ်းစဉ်အဆင့်သို့ တက်လှမ်းသွားသော ဟူပုကွေ့အပြင် ဝင်္ကပါဆရာသခင် ဟယ့်ရီရီ၊ အဆိပ်ဆရာသခင် မုယင်ရွှယ်၊ ဓားဆရာသခင် လော့ယွင်ယွီ၊ လျို့အိမ်တော်၏ သားအမိ လျို့ရိုယင်းနှင့် လျို့ကျန်းချင်း၊ လူငယ်ဂိုဏ်းချုပ်၏ သား ကယ်ခဲတို့နှင့်အတူ ... အနောက်ကမ္ဘာမြေ၏ အထက်ကောင်းကင်ဘုံတက္ကသိုလ်တွင် ပါရမီရှင်များစွာ ပြည့်နှက်နေပြီဟု ဆိုရလိမ့်မည်။

လင်ယွိရှို့ကလည်း နန်းတွင်းမှ စေလွှတ်ထားသော ဘုရင်ခံတစ်ပါးဖြစ်သည့်အလျောက် အထက်ကောင်းကင်ဘုံတက္ကသိုလ်တွင် အဆင့်မြင့်ရာထူးနေရာတစ်ခု ရထားသည်။

အရေးအကြီးဆုံးကမူ သိုင်းပညာကောင်းကင်ဆရာသခင် ဤနေရာတွင် အချိန်တစ်ခုအထိ သင်ပေးခဲ့ခြင်း ဖြစ်နေသေးသည်။ သို့ရာတွင် အနောက်ကမ္ဘာမြေ၏ အမျိုးသမီးဂိုဏ်းသူများကို သင်ပေးခြင်းမဟုတ်။ ချီကျုံရီ၊ ရှုန်းရှီယွီ၊ လော့ယွင်ယွီတို့ကဲ့သို့ အဆင့်မြင့်သိုင်းပညာရှင်များကို သင်ပေးခြင်းဖြစ်သည်။ ပါမောက္ခချုပ် ရှုရှန်းဟွာလည်း တစ်ခါတရံ သွားရောက်နားထောင့်လေ့ရှိ၏။

“သိုင်းပညာ ကောင်းကင်ဆရာသခင်က နဂါးချီလင်ကို စီးသွားတယ်”

ကောင်းကင်နတ်အရှင်ယွီကို အတန်းများတက်ခိုင်းထားပြီးနောက် ချင်မူ ရှုရှန်းဟွာနှင့်အတူ အထက်ကောင်းကင်ဘုံတက္ကသိုလ်ဝင်းထဲ၌ လမ်းလျှောက်ရင်း လေညှင်းခံနေသည်။

ရှုရှန်းဟွာက ပြောသည်။ “သိုင်းပညာကောင်းကင်ဆရာသခင်က မင်းနဲ့ သူ့နွားကြီးကို လပိုင်းလောက် စောင့်နေသေးတယ်... နောက်ဆုံးတော့ သူ့နွားကြီး ပြန်မရောက်လာတာနဲ့ သူ ဒေါသူပုန်ထပြီး သစ်ခုတ်သမားရဲ့ အပေါင်းအပါတိုင်း လူလိမ်တွေချည်းပဲလို့ ပြောရင်း နဂါးချီလင်ကို စီး, ထွက်သွားတော့တာပဲ”

ချင်မူ တအံ့တဩ ထခုန်မိ၏။ “ဖက်တီးနဂါးက သူ့ကို ဘယ်လိုလုပ် သယ်နိုင်မှာတုန်း... ဒါပေမဲ့ အဲဒါလည်း ကောင်းပါတယ်... ဖက်တီးနဂါး သိုင်းပညာကောင်းကင်ဆရာသခင်ကို သယ်ရင်း သူ့ခန္ဓာကိုယ်သူ လေ့ကျင့်ပေးပြီးသား ဖြစ်တာပေါ့”

ရှုရှန်းဟွာက ချင်မူ့ဘေးတွင် လမ်းလျှောက်နေရင်း မေးလေသည်။ “ဒီလန်ယွီထျန်းနဲ့ယှဉ်ရင် ငါတို့နှစ်ယောက်လုံး လောကသခင်ခန္ဓာအတုတွေ ဖြစ်သွားပြီး သူကမှ အစစ်‌ဖြစ်နေသလိုပဲ... မင်း ဒီက‌လေးကို ဘယ်က ကောက်ရလာတာတုန်း”

”လွန်ခဲ့တဲ့ နှစ်တစ်သန်းက”

ချင်မူ သက်ပြင်းချကာ ပြောလိုက်သည်။ “သူက ကလေးမဟုတ်တော့ဘူး... အသက်က နှစ်တစ်သန်းရှိနေပြီ”

ရှုရှန်းဟွာက ခေါင်းညိတ်၏။ “အဲ့ဒီလိုလား”

“နောင်တော်ရှု၊ မင်း မအံ့ဩဘူးလား” ချင်မူ သူ့အမူအရာကို ကြည့်ကာ စိတ်ရှုပ်ထွေးစွာ မေးလိုက်မိသည်။

ရှုရှန်းဟွာက မျက်နှာထားတည်တည်ဖြင့် ပြန်ဖြေသည်။ “ငါ အခု အံ့အားသင့်နေတာလေ”

ချင်မူ သူ့အမူအရာကို အကဲခတ်ကြည့်သော်လည်း အံ့အားသင့်နေသည့် အရိပ်အယောင် မတွေ့ရပေ။ သူက ခေါင်းယမ်း၍ ပြောလိုက်သည်။  “ကျင်းယန်တော့ မင်းကို ဘာကြည့်ကြိုက်သလဲမသိဘူး... အေးပေါ့ မင်းက လန်ယွီထျန်းအကြောင်း မကြားဖူးသလို၊ သူ့ရဲ့အောင်မြင်မှုတွေကိုလည်း ဘယ်သိပါ့မလဲ.... ငါ မင်းကို ပြောပြမယ်... သူက ကောင်းကင်ရတနာကျင့်စဉ်စနစ်နဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ဖန်တီးခဲ့တဲ့ တည်ထောင်သူပဲ... မင်း အခု အံ့အားသင့်သွားတဲ့ အမူအရာ ပြသင့်ပါပြီ ဟုတ်တယ်မလား”

ရှုချန်းဟွာမှာ ခန္ဓာကိုယ်တုန်ရီသွားသော်လည်း မျက်နှာအမူအရာ မပြောင်းလဲပေ။ “ကောင်းကင်ရတနာကျင့်စဉ်စနစ်နဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ဖန်တီးခဲ့တဲ့ တည်ထောင်သူ ဟုတ်လား... ဒါဆို သူက ဘာလို့ နားကန်းတစ်လုံးမှ မသိဘဲ အစကနေ ပြန်လေ့လာနေရတာလဲ”

ချင်မူက သူနှင့် နျိုစန်းသွော နဂါးဟန်ခေတ်၏ ပထမနှစ်သို့ ပြန်ရောက်သွားခဲ့ပုံမှစ၍ ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ခုနစ်ပါးတို့အား ဆုံတွေ့ခဲ့ရပုံအထိ ပြောပြပြီး ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲနှင့် နဂါးသွက်ရေကန်တွေ့ဆုံပွဲတို့အကြောင်းလည်း မချန်ထားပေ။ သူနှင့် ခိုင်ဧကရာဇ် ကောင်းကင်နတ်အရှင်မူနှင့်‌ ကောင်းကင်နတ်အရှင်ချင်အဖြစ် ချီးမြှောက်ခံခဲ့ရသည့်အကြောင်းကိုလည်း မပါမဖြစ် ထည့်ပြောလိုက်သေးသည်။

သို့သော် ရှုရှန်းဟွာ၏အမူအရာမှာ တည်ကြည်လျက်သာ... ကျောက်စိမ်းသားနှင့် ထုဆစ်ထားသကဲ့သို့ တည်ငြိမ်နေသခြင့် ချင်မူမှာ ဟာတာတာကြီး ဖြစ်သွားတော့သည်။

“တကယ်တော့ ငါ ကောင်းကင်နတ်အရှင်ခုနစ်ပါးနဲ့ တွေ့ကတည်းက မေးခွန်းတစ်ခုကိုပဲ အမြဲတွေးမိနေတယ်”

ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “အဲ့ဒီမေးခွန်းက ဘာလဲ မင်း သိလား”

ရှုချန်းဟွာ တခဏစဉ်းစားပြီးနောက် မျက်လုံးများ တောက်ပလာသည်။ “ဂိုဏ်းသခင်ချင်၊ အဲဒါက တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အတွေးပဲ ဖြစ်ရမယ်... မင်းက ကောင်းကင်တံတားကောင်းကင်ရတနာကို ပြန်ဖွင့်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေရဲ့ ကောင်းကင်တံတား ကျိုးနေတဲ့ ပြဿနာနဲ့ သို့နျိုကမ္ဘာသား သိုင်းသမားတွေရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ကြံစည်နေတာမလား... ဒီပြဿနာတွေကိုသာ ဖြေရှင်းနိုင်ရင် ဘယ်သူမဆို နတ်ဘုရားအဆင့်ရောက်ဖို့ အိပ်မက်မက်နိုင်လိမ့်မယ်”

ချင်မူက သက်ပြင်းချလိုက်သည်။ “နောင်တော်ရှုက ငါ့အကြောင်း အသိဆုံးပါပဲ... ဟုတ်တယ်၊ ကောင်းကင်နတ်အရှင်ခုနစ်ပါးနဲ့ တွေ့ပြီးကတည်းက ဒီမေးခွန်းကို ငါ တွေးမိနေတာ... ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေက ခိုင်ဧကရာဇ်ခေတ်ကနေ အသက်ရှင်ကျန်ခဲ့တဲ့လူတွေ... သူတို့ရဲ့ ကောင်းကင်တံတားတွေက ကျိုးနေကြတယ်... သို့နျိုကမ္ဘာသားတွေကျတော့ ကောင်းကင်တံတားကို ရှိမနေတာ... သိုင်းပညာ ကောင်းကင်ဆရာသခင်ရဲ့ နည်းလမ်းပဲဖြစ်ဖြစ်၊ တံတားသုံးစင်းကျင့်စဉ်ပဲဖြစ်ဖြစ်... ဘယ်တစ်ခုကမှ ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းနိုင်ကြဘူး... ကောင်းကင်တံတား ကောင်းကင်ရတနာကို ပြန်ဖွင့်တာကပဲ အဖြေ ဖြစ်မယ်”

ရှုရှန်းဟွာက ပြောလေသည်။ “ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်တံတား ကောင်းကင်ရတနာ ဖွင့်လှစ်ခဲ့တဲ့လူဆိုတော့ မင်းလည်း ကောင်းကင်တံတား ကောင်းကင်ရတနာ ဖွင့်လှစ်နိုင်မယ့် နည်းလမ်းရှာနိုင်မှာပါ... ဒီနည်းလမ်းကို ဖြန့်ဝေပေးလိုက်ရင် ဒီပြဿနာ တစ်ခါတည်း ပျောက်သွားလိမ့်မယ်”

ချင်မူ ခေါင်းညိတ်မိ၏။ “အားလုံးရဲ့ ကောင်းကင်ရတနာတွေက ဘိုးဘေးတွေဆီက အမွေဆက်ခံထားရတာတွေပဲ... ဒါကြောင့် အမွေရထားတဲ့ အဲဒီ‌ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီးလိုက်ပြီး အသစ်ပြန်ဖွင့်ပဲ လိုတာ... အကုန်လုံးတော့ ပြန်ဖွင့်နိုင်မှာ မဟုတ်ပေမယ့် ချီချယ့်တံတားကို ဖွဲ့တည်နိုင်တဲ့ အရေအတွက်ထက်တော့ သေချာပေါက် များလိမ့်မယ်”

ရှုရှန်းဟွာက ပြောသည်။ “အဲဒါဆို ကောင်းကင်တံတား ကောင်းကင်ရတနာကို ဘယ်လိုဖွင့်ရမလဲဆိုတာ ကောင်းကင်နတ်အရှင်ယွင်ဆီက အကြံတောင်းခဲ့သေးလား”

ချင်မူက ခေါင်းယမ်းလိုက်သည်။ “ငါ နဂါးဟန်ခေတ်ရဲ့ ပထမဆုံးနှစ်ကို ပြန်သွားတုန်းက သူနဲ့ စကားမပြောခဲ့ရဘူး... နောက်ပိုင်း သူ နဂါးဟန်ခေတ်ထဲမှာ သေသွားတယ်... ဒါပေမဲ့ သူတောင် ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖွင့်နိုင်ခဲ့သေးတာပဲ... ငါတို့လည်း ဖွင့်နိုင်ပါတယ်”

ရှုရှန်းဟွာ တခဏ တွန့်ဆုတ်သွားပြီးနောက် ပြော၏။ “ကောင်းကင်တံတားကောင်းကင်ရတနာကို ဖွင့်နိုင်ရင် မင်းက ကောင်းကင်နတ်အရှင်ယွင် နောက်တစ်ယောက်ဖြစ်လာမှာပေါ့... ဒါပေမဲ့ မင်းရဲ့ ကောင်းကင်တံတား ကောင်းကင်ရတနာက ပြည့်စုံပြီးသားလေ... ဘယ်လိုဖွင့်မှာလဲ”

ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ငါက ကောင်းကင်နတ်အရှင်အဆင့်ဆိုတော့ သေခြင်းရှင်ခြင်းအဆင့်နဲ့ သိပ်မဝေးတော့ဘူး... သေခြင်းရှင်ခြင်းအဆင့် ရောက်သွားရင် ငါ့ရဲ့ကောင်းကင်တံတား ကောင်းကင်ရတနာကို ချိုးဖျက်ပြီး ကိုယ်ပိုင်ကောင်းကင်တံတားကောင်းကင်ရတနာအသစ် ဖွင့်နိုင်မယ်ထင်တယ်... ဒါပေမဲ့ မင်းပြောတာက လွဲနေတယ်... ငါက ကောင်းကင်နတ်အရှင်ယွင် နောက်တစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး... လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက ငါက ကောင်းကင်နတ်အရှင်မူ ဖြစ်နေပြီးသား”

ရှုချန်းဟွာက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မင်းရဲ့ ကောင်းကင်တံတားက ပြည့်စုံပြီး ငါ့ရဲ့ ‌ ကောင်းကင်တံတားက ကျိုးနေတာဆိုတော့ ငါက ကောင်းကင်နတ်အရှင်ယွင် နောက်တစ်ယောက် ဖြစ်လာမယ်ထင်တယ်”

ချင်မူ မျက်ခုံးပင့်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “အဲ့ဒါဆို ငါတို့ ပြိုင်ကြတာပေါ့.... ဘယ်သူက သေခြင်းရှင်ခြင်းအဆင့်ကို ပထမဆုံးဖွင့်နိုင်မလဲ... ကိုယ့်ရဲ့  ကောင်းကင်တံတား ကောင်းကင်ရတနာကို ချိုးပြီး ကောင်းကင်တံတားအသစ် ပြန်ဖွင့်နိုင်မလဲ ကြည့်ကြသေးတာပေါ့”

ရှုချန်းဟွာက နွေးထွေးစွာ ပြုံးလိုက်သည်။ “ကောင်းပြီလေ... အချိန်ကျလာရင် မင်း အတုလို့ ၀န်ခံမှာ ငါကိုယ်တိုင် ကြားချင်တယ်”

ချင်မူ တဟားဟား ရယ်ကာ ပြောလိုက်သည်။ “မင်း သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းနဲ့ ထိုက်ဝေသင်္ချာကျမ်းကို လေ့လာရဦးမှာမဟုတ်လား... ကောင်းကင်တံတား ကောင်းကင်ရတနာကို လေ့လာဖို့ အချိန်ဘယ်မှာ ရမှာတုန်း... မင်း ရှုံးမှာ သေချာ‌ပါတယ်ကွာ”

ရှုချန်းဟွာက တည်ငြိမ်အေးဆေးစွာ ဆို၏။ “မင်းကမှ ငါ့ထက်ပိုပြီး အလုပ်များနေတာ မဟုတ်ဘူးလား... မင်းမှာ အချိန်ရော ရှိလို့လား”

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ကာ နှာ‌ခေါင်းရှုံ့လိုက်ကြသည်။

ရှုချန်းဟွာက ပြောသည်။ “အဘွားစစ်က ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ရဲ့ ကျောင်းသားတွေကို ခေါ်ပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းအကြောင်း သုတေသနသွားလုပ်တယ်... သူတို့ အတော်လေး ခရီးတွင်နေပြီ... ငါလည်း သူ သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းရဲ့ အခြေခံ သင်္ကေတအမှတ်အသားတွေကို တွက်ထုတ်နိုင်အောင် အားရင်အားသလို သွားကူညီပေးဖူးတယ်... အခု အဘွားစစ်က သံလိုက်သင်္ကေတအမျိုးအစား ၁၃၀၀ မျိုးအထိ အစီအစဉ်ချပြီးသွားပြီ... ဒါပေမဲ့ ငါ တွက်ချက်ထားသလောက် သံလိုက်သင်္ကေတတွေ အမျိုးအစား ၆၀၀ လောက် ကျန်သေးတယ်... လန်ယွီတျန်း အထက်ကောင်းကင်ဘုံတက္ကသိုလ်ရဲ့ အဆင့်မြင့်ဆုံးပညာရပ်တွေကို သင်ယူပြီးသွားရင် ငါတို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ တစ်ချက်လောက် သွားကြည့်ကြမလား”

လ၀က်ခန့်ကြာသော် ကောင်းကင်နတ်အရှင်ယွီသည် ‌အထက်ကောင်းကင်ဘုံတက္ကသိုလ်၏ အခြေခံသင်္ကေတအမှတ်အသားများအား သင်ယူတတ်မြောက်သွား၏။ ရှုချန်းဟွာက အထုပ်အပိုး သယ်၍ ချင်မူနှင့်အတူ ထွက်လာခဲ့သည်။

ချင်မူသည် တာ၀န်များကို အခြားသူများအပေါ် လွှဲပေးတတ်သူပီပီ သံလိုက်ဆွဲအားညီမျှခြင်းတစ်ချို့ကို အစဆွဲထုတ်နိုင်ခဲ့ပြီးနောက်ပိုင်း ကျန်ရှိသည်များကို အဘွားစစ်နှင့် ရှုချန်းဟွာအပေါ် ပုံချကာ ထွက်သွားခဲ့၏။

ဤတစ်ကြိမ် ထိုက်ဧကရာဇ်ကောင်းကင်နတ်ဘုံသို့ ရောက်လာသည့်အခါ ထူးဆန်းသော တိုင်လုံးများစွာ မြင်တွေ့ရသည်။ တိုင်လုံးများသည် မဟူရာကြေးနက်ဖြင့် သွန်းလုပ်ထားသော ကြေးထည်များဖြစ်ပြီး အတွင်းတွင် ဟောင်းလောင်းပေါက် ဖြစ်၏။ တိုင်လုံးများက တစ်လုံးနှင့်တစ်လုံး အလုံးပတ်အထူ၊ အတိုအရှည် မတူပေ။ တချို့က တောင်များသဖွယ် မိုင်ပေါင်းထောင်ချီ မြင့်မားသည်။ တချို့ကမူ တစ်ပေသာ ရှိသည်။

တိုင်လုံးများသည် သံလိုက်စက်ကွင်း၏ မူမမှန်သော အမှတ်များတွင် မတ်မတ်ထောင်နေကြ၏။ မူမမှန်ဆုံးအမှတ်များက ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် မဟာမြို့ပျက် ဆုံနေသော အမှတ်များ ဖြစ်ကြသည်။ ထိုနေရာတွင် တိုင်လုံးများ အလုံးနှစ်ဆယ်မှ သုံးဆယ်ကျော် ထောင်မတ်နေရာ အလွန်ရင်သပ်ရှုမောဖွယ်ကောင်း၏။

သံလိုက်စက်ကွင်း၏ မူမမှန်သော အမှတ်တစ်မှတ်စီတိုင်းတွင် စုတ်တံများ၊ စာရွက်များ ကိုင်လျက် ကြေးတိုင်လုံးများဆီမှ တုံ့ပြန်မှုများနှင့်ပတ်သက်ပြီး အချက်အလက်များ ရေးမှတ်နေကြသော ကောင်းကင်နတ်သိုင်းပညာရှင်များ ရှိကြသည်။ ထို့နောက် အချက်အလက်များကို စီစစ်အကဲဖြတ်ရန် ထိုက်ဧကရာဇ်ကောင်းကင်ဘုံရှိ နတ်ဘုရားမြို့တစ်မြို့ဆီ ပို့ကြရသည်။

အစစ်အမှန်နတ်ဘုရားပန်ယုနှင့် နတ်ဘုရားစန်းယဲ့က ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ပြန်လည်တည်ဆောက်နေကြပြီး ပြည်သူပြည်သား နေထိုင်အသက်မွေးရန် နတ်ဘုရားမြို့များလည်း ထူထောင်ထားပြီးဖြစ်သည်။ အဘွားစစ်က သံလိုက်သင်္ကေတများ ဖော်ထုတ်ရန် ထိုက်ဧကရာဇ်ကောင်းကင်နတ်ဘုံမှ ကောင်းကင်နတ်သိုင်းပညာရှင်များကိုလည်း ငှားထား၏။

ယခင်တုန်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ သင်္ချာစွမ်းရည်မှာ လွန်စွာညံ့ဖျင်းခဲ့သော်လည်း ကမ္ဘာနှစ်ခု ဆက်သွယ်ပြီးနောက် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များသည် သင်္ချာပညာလေ့လာရန် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ရောက်လာခဲ့ကြသည့်အတွက် အတွက်အချက်ကျွမ်းကျင်သော ပညာရှင်များစွာ ပေါ်ထွက်လာခဲ့သည်။

ချင်မူ မြို့ထဲသို့ ရောက်သည့်အခါ တောင်လိုပုံနေသော စာရွက်များအောက်၌ နစ်မြုပ်နေသော အဘွားစစ်ကို မြင်လိုက်ရသည်။ မူမမှန်သော အမှတ်တစ်မှတ်စီမှ အချက်အလက်များကို စီစစ်နေကြသည့် ကျောင်းသားအယောက် တစ်ရာလည်း ရှိ၏။ သူတို့အားလုံး အဆက်မပြတ် တွက်ချက်နေသောကြောင့် အတွက်အချက်ဝိညာဉ်လက်နက်များဆီမှ ဂျောက်ဂျောက်ဂျက်ဂျက် မြည်သံများ ပျံလွင့်လျက်ရှိသည်။

နံရံပေါ်တွင် ဆန်းကြယ်နက်နဲသော သင်္ကေတတစ်ထောင်ကျော် ရေးဆွဲခတ်နှိပ်ထား၏။ သင်္ကေတအမှတ်အသားများက မှိတ်တုတ်မှိတ်တုတ် လင်းလက်ကာ သံလိုက်အားလှိုင်းများ ဖြန့်ကျက်နေသည်။

“သင်္ကေတအမှတ်အသား နောက်ဆုံးတစ်ခုပဲ ကျန်တော့တာပါလား”

ရှုရှန်းဟွာက နံရံအပေါ်ရှိ သင်္ကေတအမှတ်အသားများကို ကြည့်၍ တအံ့တဩ ချီးကျူးလိုက်သည်။ “အဘွားစစ်က တော်တော်မြန်တာပဲ”

သူ ထိုသို့ပြောလိုက်သည့်အချိန်မှာပင် အဘွားစစ်၏ရယ်သံ ထွက်ပေါ်လာသည်။ “ပြီးပြီ ငါ တွက်ပြီးပြီ”

ကြောရှင်းလှပသော အမျိုးသမီးသည် စာအုပ်ပုံထဲမှ ခုန်ထပြီး နံရံအရှေ့သို့ ရောက်လာ၏။ သူမ၏ချီစွမ်းအင်က တရှိန်ထိုး ထွက်‌လာပြီး ‌နောက်ဆုံးသင်္ကေတအမှတ်အသားအသွင် ဖွဲ့တည်သွားကာ နံရံအပေါ်၌ ခတ်နှိပ်ခံလိုက်ရသည်။

ချင်မူ ရှေ့သို့ လျှောက်သွားပြီး နံရံအပေါ်ရှိ သင်္ကေတအမှတ်အသားများကို ကြည့်လိုက်သည်။ သူ စိတ်နှလုံးတုန်လှုပ်စွာဖြင့် အဘွားစစ်ကို ချီူးကျုးလိုက်မိ၏။ “ဘွားဘွား၊ ဒီသင်္ကေတအမှတ်အသား ၁၉၀၀ ကို တွက်ထုတ်နိုင်ခဲ့တဲ့ ဘွားဘွားရဲ့ အသိအမြင်နဲ့ စွမ်းဆောင်နိုင်ရည်က တော်တော်ထူးကဲတာပဲ”

ထိုအခါမှ အဘွားစစ်က သူတို့ကို သတိထားမိသည်။ သူမက အံ့ဩဝမ်းသာစွာ အော်လိုက်လေသည်။ “မူအာ ဘယ်တုန်းက ရောက်တာတုန်း... မင်း လာမလည်တာ အတော်ကြာပြီနော်... ဒီသင်္ကေတအမှတ်အသားတွေအတွက် မင်းရဲ့ကောင်းမှုက လေးဆယ်ရာခိုင်နှုန်းရှိတယ်... ကျန်တဲ့ခြောက်ဆယ်ရာခိုင်နှုန်းကတော့ ဘွားဘွားနဲ့ ရှုရှန်းဟွာကြား ခွဲယူရမှာ... ရှုရှန်းဟွာက သံလိုက်ဆွဲအား ညီမျှခြင်း တစ်ထောင်ကျော် လာတွက်ထုတ်ပေးခဲ့တယ်လေ... ဘွားဘွားကတော့ နည်းနည်းပဲ တွက်ထုတ်နိုင်ခဲ့တာပါ”

ရှုရှန်းဟွာက သူ့ကိုယ်သူ နှိမ့်ချ၍ ချင်မူ့ဆီသို့ တစ်ချက်ကြည့်သည်။

ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်မိသည်။ “ပထမဆုံး ညီမျှခြင်းတွေကို ကျွန်တော် တွက်ထုတ်ပေးခဲ့တာဆိုတော့ နောင်တော်ရှု ကျွန်တော့်လမ်းအတိုင်း‌ ဆက်လျှောက်ခဲ့တာ အမှန်တကယ် တော်ပါတယ်ဗျာ”

ရှုရှန်းဟွာ အင့်ခနဲ ဖြစ်သွား၏။

ချင်မူက သူ့ကိုယ်သူသာ အမွှမ်းတင်လိုက်သော်လည်း သူ့စကားလည်း မမှားပေ။ သံလိုက်ဆွဲအား၏ ဆန်းကြယ်နက်နဲသော သဘောတရားအား ရှာဖွေတွေ့ရှိခဲ့သူမှာ ချင်မူ ဖြစ်ပြီး အခြေခံညီမျှခြင်းတချို့ပင် တွက်ထုတ်ပေးခဲ့၏။ ထို့နောက်မှ သူတို့ဆီသို့ တာဝန်လွှဲပေးခဲ့ခြင်းဖြစ်သည်။

ချင်မူသည် တည်ထောင်သူဖြစ်ကာ သူတို့က မွမ်းမံပေးခဲ့သူများ ဖြစ်ကြ၏။ ထို့ကြောင့် ချင်မူ့ကောင်းမှုက တစ်ဝက်နီးပါး ရှိနေသည်။

“ဘွားဘွား၊ အခု သံလိုက်သင်္ကေတတွေကို တွက်ထုတ်ပြီးပြီဆိုတော့ သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းတွေကိုလည်း စမ်းကြည့်နိုင်ပြီလား” ချင်မူက မေးလိုက်သည်။

“စမ်းကြည့်နိုင်တယ်”

အဘွားစစ်မှာ စိတ်လှုပ်ရှားနေပြီး သူတို့ကို မြို့အပြင် ခေါ်သွားသည်။ “ငါ သံလိုက်ဆွဲအား သင်္ကေတတွေကို တွက်ထုတ်နေခဲ့တုန်းက ကောင်းကင်နတ်သိုင်းအမျိုးမျိုး အကြမ်းဖျင်း တွက်ကြည့်ခဲ့ဖူးတယ်... အဲ့ထဲက တချို့ကိုတော့ အစီအစဉ်ချပြီးပြီ... နောက်ဆုံးသင်္ကေတကို တွက်ထုတ်လိုက်တုန်းကတော့ သင်္ကေတ ၁၉၀၀ လုံးကို ပေါင်းစည်းပေးနိုင်တဲ့ မဟာကောင်းကင်နတ်သိုင်းတစ်ခု စဉ်းစားမိလိုက်တယ်”

အဘွားစစ်သည် ကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်အဆင့် တက်ရောက်သွားသည်မှာ ကြာပြီဖြစ်၏။ သံလိုက်ဆွဲအား၏ အခြေခံသင်္ကေတအမှတ်အသားများအား အစီအစဉ်ချပြီးနောက် သူမ စဉ်းစားမိသည့် ကောင်းကင်နတ်သိုင်းမှာ ထူးခြားလိမ့်မည်။

ချင်မူ၊ ရှုရှန်းဟွာနှင့် ကောင်းကင်နတ်အရှင်ယွီတို့ သုံးယောက်သား အဘွားစစ်၏ နောက်မှ လိုက်သွားကြသည့်အချိန် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ကျောင်းသားများလည်း ပျံသန်းလိုက်ပါလာကြသည်။

အစစ်အမှန်နတ်ဘုရားပန်ယု၊ နတ်ဘုရားစန်းယဲ့နှင့် ကျန်ရှိသူများလည်း သတင်းကြား၍ အပြေးအလွှား ရောက်လာကြ၏။ အဘွားစစ် အစွမ်းပြမည်ကို စောင့်နေကြသော ကောင်းကင်နတ်သိုင်းပညာရှင်များ၊ နတ်ဘုရားများ နေရာတိုင်းတွင် ပြည့်နေတော့သည်။

အဘွားစစ်က ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏အပေါ်တွင် ရပ်နေပြီး သူမအောက်တွင် ထောင့်မှန်ကျနေသော မဟာမြို့ပျက်ရှိသည်။

“ငါ ဒီကောင်းကင်နတ်သိုင်းကို အမည်တော့ မပေးရသေးပေမယ့် မင်းတို့အားလုံး အမြင်ပွင့်သွားအောင် အရင်ဆုံး ထုတ်ဖော်ပြမယ်”

သူမ၏ ချီစွမ်းအင်က အတားအဆီးမရှိ ထွက်လာကာ ကောင်းကင်နတ်သိုင်းကို ဖွဲ့တည်လိုက်သည်။ အဘွားစစ်သည် နတ်ဘုရားအဆင့် တက်ခဲ့သည်မှာ ကြာပြီဖြစ်၍ မှော်စွမ်းအင်သည် အလွန်သိပ်သည်း၏။

သူမ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်လိုက်သည့်အချိန်မှာပဲ ကောင်းကင်ထဲရှိ လူအားလုံး မိုးရွာကျသလို ပြုတ်ကျလာတော့သည်။ သူတို့မှာ မြေပြင်ပေါ် ကျသွားကာ မလှုပ်နိုင်တော့‌ပေ။

ချင်မူလည်း မြေပြင်အပေါ် ဖိကပ်ခံထားရပြီး တစ်ကမ္ဘာလုံး သူ့အပေါ် ပိနေသကဲ့သို့ ခံစားနေရသည်။ သူ အံ့အားသင့်နေ၏။

အစစ်အမှန်နတ်ဘုရားပန်ယုလည်း ခက်ခက်ခဲခဲ လေးဖက်ထောက်နေရာကာ ခြေထောက်များ တုန်ရီနေသည်။ သူ့မှာ မတ်မတ်မရပ်နိုင်‌တော့သဖြင့် ကြောက်လန့်လာပြီး ကပျာကယာ ပြောလိုက်သည်။ “နတ်ဘုရားမယိုယို၊ ကျေးဇူးပြုပြီး နည်းနည်း‌လောက် ညှာပေးလို့ရမလား... ကျုပ်တို့အားလုံး ပိသေကုန်တော့မယ်”

အဘွားစစ်က လှည့်ကြည့်လိုက်သည့်အခါမှ သူတို့ မြေကြီးတွင် ကပ်နေကြသည်ကို မြင်လိုက်ရသည်။ သူမက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ကျွန်မကောင်းကင်နတ်သိုင်းက မဟာမြို့ပျက်ဆီ ထုတ်လွှတ်နေတာပါ... ရှင်တို့ဆီမဟုတ်ဘူး... ဒီကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်ပြီးတာနဲ့ သံလိုက်ဆွဲအားက ရှင်တို့အပေါ် သက်ရောက်တော့မှာ မဟုတ်ပါဘူး”

သူမ ရှေ့သို့ ရိုက်ထုတ်လိုက်သည်နှင့် သံလိုက်ဆွဲအား ကောင်းကင်အလင်းတန်း ဖြာထွက်သွားသည်။ ကောင်းကင်နတ်သိုင်း၏အတွင်း၌ ကြယ်တာရာများ လည်ပတ်နေသည်ကို ခပ်ရေးရေးမျှ မြင်ရနိုင်ပြီး သံလိုက်ဆွဲအား ကောင်းကင်အလင်းတန်းသည် ကြယ်များကို ချိတ်ဆက်ပေးထား၏။ ကောင်းကင်နတ်သိုင်းက အုန်းခနဲ မဟာမြို့ပျက်အပေါ် ဖိချလိုက်လေသည်။

မဟာမြို့ပျက်မှာ ကိုက်သုံးရာနစ်ဝင်သွားသဖြင့် အဝေးရှိ တောင်တန်းများ၊ မြစ်ပြင်များ မြောက်တက်ကုန်ကြသည်။ တောင်တန်းများက မြေကြီးအောက်ထဲမှ ထိုးထွက်လာကြကာ တောင်စဉ်တန်များ ဖြစ်သွားကြသည်။

အဘွားစစ်က ချီးကျူးလိုက်သည်။ “ကောင်းလိုက်တဲ့ ကောင်းကင်နတ်သိုင်း.. ရှင်တို့ အခု ဖိအားဒဏ်မခံရတော့ဘူးမလား”

ချင်မူနှင့် ကျန်ရှိသူများ ဖိအားလျော့နည်းသွားသည်ကို ခံစားလိုက်ရ၍ ကပျာကယာ ထရပ်လိုက်ကြသည်။ နတ်ဘုရားစန်းယဲ့က ပြုံးရယ်ကာ ပြောလေသည်။ “နတ်ဘုရားမယိုယိုရဲ့ မှော်စွမ်းအင်က အမှန်တကယ် ထူးခြားပါပေတယ်... ကောင်းကင်နတ်သိုင်းကလည်း အမှန်တကယ် ပြောင်မြောက်တယ်... ဒါပေမဲ့ အခု ကောင်းကင်နတ်သိုင်းကို ပြန်ရုတ်သိမ်းသင့်ပြီ ထင်တယ်နော် ဟုတ်တယ်မလား”

မဟာမြို့ပျက်၏ မြေပြင်မှာ တသိမ့်သိမ့် တုန်ခါနေသဖြင့် မြေကြီးပေါ်ရှိ တောင်တန်းများ မြောက်တက်လာကြကာ ကားထွက်ကုန်ကြသည်။

အဘွားစစ်မှာ ဇဝေဇဝါ ဖြစ်နေပြီး ပြောသည်။ “ကျွန်မ ကောင်းကင်နတ်သိုင်းကို ပြန်ရုတ်သိမ်းပြီးပါပြီ... တစ်ခုခု လွဲနေတယ်”

ချင်မူတို့ မဟာမြို့ပျက်သို့ ငုံ့ကြည့်လိုက်သည့်အခါ တောင်တန်းများ သူတို့နှင့်ဝေးရာသို့ လျင်မြန်စွာ ရွေ့လျားသွားနေသည်ကို မြင်တွေ့လိုက်ရသည်။ မြေပြင်သည် အဆက်မပြတ် ပြန့်ကားလားနေ၍ သူတို့နှင့်အနီးဆုံးတောင်မှာ ယခုတွင် မိုင်ပေါင်းထောင်ချီ ဝေးကွာသွားချေပြီ။ အလွန်ဝေးသဖြင့် မျက်စိဖြင့်ပင် မမြင်ရတော့။

တစ်ချိန်တည်းမှာပင် ချင်မူ မာန်ဟုန်မြစ်ကျယ်ပြန့်လာသည်ကိုလည်း မြင်လိုက်ရသည်။ မာန်ဟုန်မြစ်သည် ကျယ်သထက် ကျယ်လာသလို၊ ရေးစီးသည်လည်း ပို၍ပင် သန်လာသည်။

ဤမြစ်ကြီးသည် မူလက ကိုက်သုံးရာကျယ်ဝန်းခဲ့သော်လည်း ယခုတွင် သူတို့မျက်တောင်တစ်ချက် ခတ်လိုက်တိုင်း ကိုယ်သုံးရာ ကျယ်နေ၏။

“ဘာတွေ ဖြစ်နေတာလဲ”

အားလုံး ဇဝေဇဝါ ဖြစ်နေကြပြီး ငေး၍ကြည့်နေမိကြသည်။

မဟာမြို့ပျက်သည် အရှေ့နှင့် အနောက်သို့သာ ပြန့်ကားနေခြင်းမဟုတ်၊ မြောက်နှင့်တောင်သို့လည်း ကားထွက်နေသည်။ ထိုအချိန်တွင် တောင်တန်းများသည် ကြီးမားသထက် ကြီးမားကာ ၊ မြင့်မားသထက် မြင့်မားလာကြ၏။

“ဒါက အဘွားစစ်ရဲ့ ကောင်းကင်နတ်သိုင်း လုပ်နိုင်တဲ့အရာ မဟုတ်ဘူး....”

ချင်မူ ရင်ထဲတွင် တုန်လှုပ်သွားပြီး ကမန်းကတန်း ပျံတက်လိုက်သည်။ သူက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ဥမင်လိုဏ်ခေါင်းကို ဖြတ်ကာ မဟာမြို့ပျက်၏ တစ်ဖက်ခြမ်းသို့ ရောက်သွားသည်။ အနောက်ကမ္ဘာမြေလည်း အံ့အားသင့်ဖွယ်ရာ ကျယ်ဝန်းလာနေကြောင်း မြင်တွေ့ရလေသည်။

ထို့အပြင် မဟာမြို့ပျက်၏ သဘာဝကမ်းပါးကြီးတွင် ပို၍ပင် အံ့ဩတုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။ ကမ်းပါးကြီးဆီမှ ကမ္ဘာလောကများ ပျံထွက်လာကြပြီး ကြီးမားသည်ထက် ကြီးမားလာကြကာ ကောင်းကင်ယံသို့ မျောလွင့်သွားကြ၏။

မကြာမီ ကောင်းကင်ထက်ရှိ တိမ်လွှာမြူခိုးများအကြား၌ ကမ္ဘာအထပ်ထပ် ငုပ်လျိုးသွားကြချေပြီ။

အဘွားစစ်နှင့် ကျန်ရှိသူများလည်း သူ့နောက်သို့ ကပျာကယာ လိုက်လာကြပြီး ဤမြင်ကွင်းကို ငေး၍ ကြည့်နေကြသည်။

သဘာဝကမ်းပါးကြီးမှာ တရစပ် အက်ကွဲလာသဖြင့် ကမ္ဘာမြေတုန်ဟည်းသွားစေနိုင်သော မြည်သံကြီးများ ထွက်ပေါ်နေသည်။ ကမ်းပါးဆီမှ ကျဆင်းနေသည့် မြစ်ရေများမှာ ပို၍နောက်ကျိလာပြီး ရေစီးအဟုန်သည်လည်း အားကောင်းပြင်းထန်လာ၏။ ဤနေရာတွင် ခေတ်လေးခေတ်စလုံး ဖိနှိပ်ခံထားရသော ကမ္ဘာလောကများ လွတ်မြောက်လာသည့်အလား ထင်ရပေသည်။

“ငါ့ကြောင့် ဖြစ်တာလား” အဘွားစစ်မှာ မျက်တောင်လေးပုတ်ခတ်ကာ ရေရွတ်လိုက်မိသည်။

“ဖြစ်နိုင်တယ်”

ချင်မူက မြင့်တက်နေသော ကမ်းပါးကြီးဆီသို့ ကြည့်နေသည်။ ရုတ်တရက် ကျောက်ပြားတစ်ချပ် ‌‌ပေါ်လာပြီး ကျောက်ပြားအပေါ်၌ ရေးထွင်းထားသော စာလုံးများက ရှင်းလင်းပြတ်သားလာ၏။ သူက ကျောက်ပြားပေါ်ရှိ စာလုံးများကို ကြည့်ကာ အက်ကွဲကွဲအသံဖြင့် ရေရွတ်လိုက်သည်။ “ဒါက ဘွားဘွားကြောင့် ဖြစ်လာတာ သေချာတယ်... ဘွားဘွား သံလိုက်ဆွဲအား သင်္ကေတတွေကို ထုတ်လွှတ်လိုက်တုန်းက သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းနဲ့ ဒီနေရာမှာ မြှုပ်နှံ့ခံထားရတဲ့ ကြောက်စရာဖြစ်တည်မှုတွေကို နိုးလိုက်မိတာ ဖြစ်မယ်”

သို့သော်‌ ကျောက်ပြားအပေါ်တွင် ရေးထားသော စာလုံးများက ပို၍ရှေးကျသဖြင့် ချင်မူ အနည်းအကျဉ်းသာ ဖတ်မိသည်။

“.... အမိ... ကမ္ဘာဦး... ကျန်တဲ့စာလုံးနှစ်လုံးကို ငါ မသိဘူး”

ချင်မူ ဖတ်ရန် ကြိုးစားကြည့်သော်လည်း တခဏကြာသော် ခေါင်းယမ်းလိုက်သည်။ “ဒီစာသားတွေက ရှေးကျလွန်းတယ်”

“အမိကမ္ဘာမြေ ကမ္ဘာဦးဘုံ” သူ့ဘေးရှိ ကောင်းကင်နတ်အရှင်ယွီက ရုတ်တရက် ထပြောလေသည်။

All Chapters