ချောင်းကြည့်တတ်သူ
Vol. 58 Ch. 771
ချင်မူ တအံ့တဩ မေးလိုက်မိသည်။ “ညီလေးယွီထျန်း၊ ဒီစာလုံးတွေကို ဖတ်တတ်တယ်လား”
ကောင်းကင်နတ်အရှင်ယွီမှာ ငေးငေးကြောင်ကြောင် ဖြစ်နေ၏။ “ဒီစာလုံးတွေနဲ့ ရင်းနှီးသလို ခံစားလိုက်ရလို့ အဲဒီတိုင်း ဖတ်ကြည့်လိုက်တာ”
ကျန်ရှိသူများ အံ့ဩမဆုံးတော့ပေ။ ချင်မူက နတ်ဘုရားဘာသာစကား၊ မိစ္ဆာဘာသာစကား၊ ယိုတုဘာသာစကားအပြင် ရှေးဟောင်းဘာသာစကားများ စသဖြင့် မည်သည့်ဘာသာစကားတွင်မဆို ကျွမ်းကျင်နှံ့စပ်သည့်အကြောင်း အားလုံး သိထားကြသည်။
သူ့ဘေးရှိ လူငယ်လေးက ချင်မူပင် မသိသော စာလုံးများကို ဖတ်တတ်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
သို့သော် အားလုံး ထွေထွေထူးထူး တွေးမနေကြ။ မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် နစ်မျောနေကြသည်။
မဟာမြို့ပျက်သည် အဆက်မပြတ် ပြန့်ကားလာနေဆဲ ဖြစ်၏။ မဟာမြို့ပျက်ထဲရှိ တောင်တန်းများမှာ အဝေးသို့ ရောက်သွားကြပြီဖြစ်သော်လည်း မြေပြင်အနေအထား ပြောင်းလဲမှုကြောင့် ဖောက်ပြန်မည့်လက္ခဏာများ မမြင်တွေ့ရသေးပေ။ ပုံမှန်ဆိုလျှင် တောင်တန်းများ ဖွဲ့တည်လာပါက မြေငလျင်များ လှုပ်ခတ်ကာ မီးတောက်များ ပေါက်ကွဲပြီး တစ်နေရာလုံး ချော်ရည်ပူတို့ လွှမ်းခြုံသွားတတ်သည်။
မဟာမြို့ပျက်က ပြန့်ကားကျယ်ပြန့်နေသော်လည်း အတော်လေး တိတ်ဆိတ်နေ၏။ ပေါ်ထွက်လာသည့် တောင်တန်းများ၊ ပြန့်ကားနေသော မြေပြင်များမှာ နေရာဟင်းလင်းပြင်ထဲမှ ဘွားခနဲ ထွက်ပေါ်လာနေသယောင် ထင်ရပေသည်။ ထို့ကြောင့် မဟာမြို့ပျက်အတွင်း နေထိုင်နေသော သက်ရှိသတ္တဝါများအပေါ် သက်ရောက်မှုမရှိပေ။
သို့သော် ကားထွက်သွားသော မြေပြင်မှာ ကျယ်ဝန်းလွန်း၏။ ချင်မူ အနီးဆုံးတောင်ကို လိုက်ရှာကြည့်သည့်အခါ ထိုတောင်မှာ အဆလေးဆယ်ခန့် ဝေးကွာသွားပြီဖြစ်ကြောင်း မြင်လိုက်ရသည်။
ဆိုလိုသည်ကား ယခုတွင် မဟာမြို့ပျက်သည် အနည်းဆုံး အဆလေးဆယ် ရှည်လျားကျယ်ဝန်းလာခဲ့ချေပြီ။
မဟာမြို့ပျက်၏ ဧရိယာအကျယ်အဝန်းသည် အဆပေါင်း ၁၆၀၀ တိုးများသွားလိမ့်မည်။
မဟာမြို့ပျက်ထဲသို့ စိုက်ဝင်လျက် နံရံတစ်ချပ်ပမာ ထူမတ်နေခဲ့သော ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ ယခင်ကလောက် အံ့အားသင့်ဖွယ်မကောင်းတော့ပေ။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို မဟာမြို့ပျက်၏အလယ်၌ မြင်တွေ့ရသည်မှာ ရင်သပ်ရှုမောဖွယ်ရာ ဖြစ်ခဲ့သော်လည်း မဟာမြို့ပျက်၏ ဧရိယာကျယ်ဝန်းသွားမှုကြောင့် အံ့ဩရသည့်ခံစားချက်သည် သိပ်ပြင်းထန်တော့မည်မဟုတ်။
ချင်မူ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ခင်းထားသော လမ်းကြီးလည်း ယခုတွင် အပိုင်းပိုင်း ပြတ်တောက်နေချေပြီ။
ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်မှာ အသစ်ထွက်ပေါ်လာသော တောင်တန်းများတွင် ရောင်စုံမြူခိုးများ လွှမ်းခြုံရစ်သိုင်းနေခြင်း ဖြစ်သည်။ တချို့နေရာများ၌ ရောင်စုံနေရောင်များပင် ကူးလူးဖြာထွက်နေ၏။ ရှေးဟောင်းမြို့များ၊ အပျက်အစီးများနှင့် မားမားမတ်မတ် ရပ်တည်နေသည့် ကျောက်ရုပ်တုများကိုလည်း တွေ့မြင်ရသည်။
“ချိတ်ပိတ်ခံထားရတဲ့ မြေပြင် ပွင့်လာလို့ ပြောင်းလဲသွားတာဖြစ်မယ်” အစစ်အမှန်နတ်ဘုရားပန်ယုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
နတ်ဘုရားစန်းယဲ့က မေးသည်။ “အရင်မဟာမြို့ပျက်က ဒီလိုလား”
အစစ်အမှန်နတ်ဘုရားပန်ယုသည် အသက်ပိုကြီးသူဖြစ်၍ ခေါင်းယမ်းလိုက်သည်။ “ခိုင်ဧကရာဇ်ခေတ်ရဲ့ မဟာမြို့ပျက်က အခုမဟာမြို့ပျက်လို မဟုတ်ပေမယ့် အခြေခံအရတော့ တူတယ်... ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ ကောင်းကင်ဘုံတွေကနေ ဒီနေရာဆီ ပြုတ်ကျလာတုန်းက မဟာမြို့ပျက်ထဲမှာ ကောင်းကင်နတ်ဘုံမြို့ပျက်တွေ အများကြီး ပေါ်လာခဲ့တယ်လေ.... အဲဒီတုန်းက ခိုင်ဧကရာဇ်ခေတ်က အပြီးတိုင် နိဂုံးမချုပ်သေးတော့ နတ်ဘုရားတွေလည်း နေခဲ့ကြသေးတယ်”
အဘွားစစ်လည်း မေးကြည့်သည်။ “အဲဒါဆို ချုံဧကရာဇ်ခေတ်ကရော... ချုံဧကရာဇ်ခေတ်ရဲ့ မဟာမြို့ပျက် ဘာနဲ့တူလဲ”
အစစ်အမှန်နတ်ဘုရားပန်ယုက ခါးသီးနေသော အပြုံးတစ်ခုဖြင့် ပြန်ဖြေ၏။ “ကျုပ်က ချုံဧကရာဇ်ခေတ်တုန်းက အဖြစ်အပျက်တွေကို ဘယ်သိပါ့မလဲ”
အဘွားစစ် စဉ်းစားကြည့်ကာ ပြောလိုက်သည်။ “ဒီတစ်ခေါက် ကားထွက်သွားတဲ့ မြေပြင်က မဟာမြို့ပျက်ကနေ ဖိနှိပ်ထားတဲ့ အမိကမ္ဘာမြေ ကမ္ဘာဦးဘုံ ဖြစ်လောက်မယ်... ကျွန်မ စောစောက သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်း ထုတ်လွှတ်လိုက်တော့ မိခင်ကမ္ဘာမြေ ကမ္ဘာဦးဘုံကို သွားထိမိပြီး လွှတ်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်... အဲဒါဆို မိခင်ကမ္ဘာမြေ ကမ္ဘာဦးဘုံက ဘာလို့ မဟာမြို့ပျက်အောက်မှာ ဖိနှိပ်ခံထားရတာလဲ”
အားလုံး အစစ်အမှန်နတ်ဘုရားပန်ယုဆီသို့ ကြည့်ကာ အဖြေစောင့်နေကြသည်။ အစစ်အမှန်နတ်ဘုရားပန်ယုမှာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိသည်။ သူ့မျက်လုံးများက နဂိုကတည်းက ပြူးကျယ်ပါသော်လည်း ယခုတွင် ပို၍ပင် ပြူးနေ၏။ သူ့မှာ ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ “ကျုပ်က ဘယ်လိုလုပ် သိမှာလဲဗျာ.... မကြည့်ပါနဲ့၊ ခင်ဗျားတို့ ကြည့်နေလည်း ကျုပ် သိလာမှာမဟုတ်ဘူး.. တန်ခိုးရှင်သစ်ခုတ်သမားကို မေးကြည့်ကြ... သူက အသိဆုံးပဲ”
“တန်ခိုးရှင်သစ်ခုတ်သမားက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဧကရာဇ်အတိုင်ပင်ခံနဲ့အတူ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတယ်... သူတို့ အမြန်လာရင်တောင် ဒီရောက်ဖို့ အချိန်အဆလေးဆယ်လောက် ကုန်သွားလိမ့်မယ်”
ချင်မူက အဝေးရှိ တောင်တစ်လုံးဆီသို့ ဆက်ကြည့်နေသည်။ တောင်သည် အဝေးသို့ ဆက်လက်ရွေ့လျားနေဆဲ ဖြစ်၏။ “မကြာခင် အချိန်အဆငါးဆယ် ဖြစ်တော့မယ်.... အမိကမ္ဘာမြေ ကမ္ဘာဦးဘုံက မမိကမ္ဘာမြေကို မွေးထုတ်ပေးခဲ့တဲ့ ကမ္ဘာလား”
မည်သူမှ ပြန်မဖြေနိုင်ကြပေ။
ရုတ်တရက် ရေလှိုင်းပုတ်သံများ ထွက်ပေါ်လာပြီး သူတို့အရှေ့တွင် အက်ရာတစ်ခု ပေါ်လာသည်။ အက်ရာ၏အနောက်၌ အပြာရောင်ရေများ ပြည့်လာပြီး များစွာမကြာလိုက်ဘဲ ထိုအက်ရာသည် ဘေးနှစ်ဖက်သို့ ပွင့်ထွက်သွား၏။ မိုးပြာရောင်ရေများက အက်ကွဲကြောင်းထဲမှ တဝေါဝေါ စိမ့်ထွက်လာရာ မိုင်တစ်ရာကျယ်ဝန်းသော ကန်တစ်ကန် အလျင်အမြန် ဖွဲ့တည်လာသည်။ သို့သော် ကန်က ဆက်လက်ကြီးထွားလာရင်း တဖြည်းဖြည်း ပင်လယ်တစ်စင်း ဖြစ်လာတော့သည်။
ပင်လယ်မှာ အလွန်ကျယ်ဝန်းသွားသဖြင့် အဆုံးကိုပင် မမြင်ရတော့ပေ။
ချင်မူ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ဥမင်လိုဏ်ခေါင်းမှ ဖြတ်ကာ အရှေ့မဟာမြို့ပျက်ဆီသို့ ရောက်လာသည်။
ရှုရှန်းဟွာလည်း ရင်ထဲတွင် လှုပ်ခတ်သွားပြီး သူနှင့်အတူ ကောင်းကင်နတ်အရှင်ယွီကို ခေါ်လာသည်။ ကျန်ရှိသူများလည်း အပြေးအလွှား လာနေကြသည်။
ချင်မူက တောင်တန်းများ အဆုံးမရှိ သွယ်တန်းနေသော မဟာမြို့ပျက်အရှေ့ခြမ်းဆီသို့ ကြည့်လိုက်သည်။ ထို့နောက် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ မြေပြင်တစ်လျှောက် အပေါ်သို့ ပျံတက်လိုက်ပြီး အမြင့်ရောက်လေလေ၊ ဝေးဝေး မြင်လာရ၏။ နောက်ဆုံးတော့ မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းနေသော ပင်လယ်တစ်စင်းအား ချင်မူ တွေ့လိုက်ရသည်။
အစစ်အမှန်နတ်ဘုရားပန်ယုက အော်လိုက်လေသည်။ “အဲဒါ ခိုင်ဧကရာဇ်ခေတ်တုန်းက အရှေ့ပင်လယ်ပဲ... ဒီအရှေ့ပင်လယ်က ပျောက်ကွယ်သွားရာကနေ ဘယ်လိုလုပ်ပြီး ပြန်ပေါ်လာတာလဲ”
အရှေ့ပင်လယ်သည် မိုးပြာရောင်သမ်းနေပြီး လှိုင်းလုံးများ ပြင်းထန်စွာ လှုပ်ရှားအုံကြွနေကြသည်။ ရေများက မည်သည့်နေရာကမှန်းမသိ ထွက်လာခဲ့ကာ မိုင်ပေါင်းထောင်ချီ ရှည်လျားသော ပင်လယ်တစ်စင်းကို ဖန်တီးလိုက်ချေသည်။
ပင်လယ်ဖြစ်တည်နေသော နေရာမှာ ယခင်တုန်းက သိပ်မကြီးသော ချိုင့်ဝှမ်းတစ်ခု ဖြစ်ခဲ့သည်။ ချိုင့်ဝှမ်း၏ မြောက်အရပ်တွင် မဟာမိုးခြိမ်သံကျောင်းတော်၏ မြင့်းမိုရ်တောင် ရှိပြီး တောင်အရပ်တွင် မာန်ဟုန်မြစ်မှ စီးဆင်းဝင်ရောက်သွားသော လျှို့ဝှက်ရေတံခါး ရှိသည်။ အရှေ့အရပ်၌မူ နတ်သက်ကြွေတောင်ကြော တည်ရှိသည်။
ယခုတွင် မြင့်းမိုရ်တောင် တည်ရှိရာဘက်၌ တိမ်မြူခိုးများ ခြုံလွှမ်းနေသည်။ ကောင်းကင်ထက်သို့ ထောင်မတ်နေသော တိုင်လုံးကြီးတစ်လုံးကို ခပ်ရေးရေး မြင်ရရုံမှအပ တောင်ထိပ်ကို မမြင်ရတော့ပေ။
ချင်မူ နတ်သက်ကြွေတောင်ကြောဘက်သို့ လှမ်းကြည့်လိုက်သည့်အခါတွင်လည်း ပျက်စီးနေသော တောင်ထိပ်များ ပျောက်ကွယ်နေပြီဖြစ်သည်။
မာန်ဟုန်မြစ်ကိုလည်း သူ မမှတ်မိတော့ပေ။ အရှေ့အရပ်သို့ အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေသော မိုင်ရှစ်ရာအကျယ် မြစ်ကြီးတစ်စင်းကိုသာ မြင်တွေ့ရသည်။ မြစ်ကြီး၏အရှည်မှာလည်း မယုံနိုင်စရာကောင်းပေသည်။
“မာန်ဟုန်မြစ်နဂါးမင်းတော့ ပွတာပဲ”
ချင်မူ ခပ်တိုးတိုး ရေရွတ်နေမိသည်။ “သူ့ကို မာန်ဟုန်မြစ်နဂါးမင်းအဖြစ် မခန့်ထားသင့်ဘူး... အခုတော့ မြေအောက်ဘုံအရှင်သခင်ပဋိညာဉ်ကြောင့် စကားပြန်ရုပ်သိမ်းလို့ မရတော့ဘူး”
သူက မျက်ခုံးနှစ်ဖက်ကြားမှ မိုးမခသစ်ရွက်ကို ခွာလိုက်ပြီး အသိစိတ်အလျဉ်ဖြင့် ချင်စာလုံးမြေပြင်ထဲ ဝင်လိုက်ကာ စပ်စုကြည့်သည်။ “ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင် မဟာမြို့ပျက်ထဲက အပြောင်းအလဲတွေ သတိထားမိလား”
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်က သူ၏တတိယမျက်လုံးမှတစ်ဆင့် အပြင်သို့ ကြည့်ကာ တုန်လှုပ်သွားကြသည်။ ရှေးဟောင်းနတ်ဘုရားနှစ်ပါး တစ်ယောက်ကိုတစ်ယောက် ကြည့်၍ အကြီးအကျယ် ချောက်ချားမှင်သက်နေကြ၏။
မဟာနေဧကရာဇ်လည်း အပြင်သို့ ကြည့်ကာ အော်ဟစ်တော့သည်။ “ရှေးဟောင်းယွမ်တု... အမိကမ္ဘာမြေ ဖွားမြင်ခဲ့တဲ့ နေရာပဲ”
ချင်မူ သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။ “ဒါက အမိကမ္ဘာမြေ ကမ္ဘာဦးဘုံ မဟုတ်ဘူးလား... ဘာလို့ မဟာနေဧကရာဇ်က ရှေးဟောင်းယွမ်တုလို့ ခေါ်တာလဲ”
“အမိကမ္ဘာမြေ ကမ္ဘာဦးဘုံဆိုတာ ကောင်းကင်နတ်ဘုံ ထူထောင်ပြီးတဲ့နောက်မှ ခေါ်တဲ့နာမည်.... အရင်တုန်းက ယွမ်တုလို့ ခေါ်ခဲ့ကြတာ... အဲဒီနေရာက အမိကမ္ဘာမြေရဲ့ ပိုင်နက်ပဲ... ကောင်းကင်နတ်ဘုံ ထူထောင်ပြီးတော့ ရှေးဟောင်းယွမ်တုအပေါ်မှ ထပ်ပြီးတည်ဆောက်ထားတဲ့ နေရာပေါ့ ”
မဟာနေဧကရာဇ်က ဆက်ပြောသည်။ “နတ်ဘုရားတွေက ကောင်းကင်နတ်ဘုံကို ထူထောင်ဖို့ ယွမ်တုကနေ ကောင်းကင်သတ္ထုတွေ ယူကြတော့ အမိကမ္ဘာမြေ မကျေမနပ် ဖြစ်လာတယ်... ရတနာတွေအများကြီး ပါသွားတဲ့အပြင် ကောင်းကင်နတ်ဘုံက ယွမ်တုရဲ့ကံတရားကို ခြယ်လှယ်နေတယ်လို့ သူ ခံစားခဲ့ရတယ်လေ... အဲဒီနောက်ပိုင်း ကောင်းကင်နတ်ဘုံက ကောင်းကင်နန်းဆောင် ၃၆ ဆောင်နဲ့ ပလ္လင်ခန်းမ ၇၂ ခု ဖွင့်လှစ်တဲ့အချိန်မှာလည်း ကောင်းကင်သတ္ထုတွေ ထပ်ယူကြတယ်... အမိကမ္ဘာမြေလည်း စိတ်တိုပြီး နာမည်ကို မိခင်ကမ္ဘာမြေ ကမ္ဘာဦးဘုံလို့ ပြောင်းပစ်လိုက်ရော... သူ့ပိုင်နက်မှန်း သူတို့ သိအောင်လို့တဲ့... နောက်တော့ ကောင်းကင်နတ်အရှင်ကိုးပါးထဲက ကောင်းကင်နတ်အရှင်ယွင် ပုန်ကန်ပြီး ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံကို တည်ထောင်တော့ အဲဒီနေရာမှာ တည်ထောင်ခဲ့တာ... အဲဒီတုန်းက ငါလည်း ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံကို တိုက်ခိုက်နေတုန်း အသတ်ခံခဲ့ရတာပဲ...”
ကောင်းကင်နယ်စားမင်း၏ကိုယ်ပွားက ပြောသည်။ “မင်းက ကြယ်တာရာအားလုံး အုပ်ချုပ်တဲ့ နတ်ဘုရားလေ... နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ ဘယ်လျှို့ဝှက်ချက်မဆို မင်းမျက်လုံးကနေမှ မလွတ်တာ မင်းမှမသေလို့ ဘယ်သူ သေမလဲ”
မဟာနေဧကရာဇ်မှာ စကားဆက်မပြောရဲတော့ပေ။
ချင်မူက ပြောလိုက်သည်။ “ကောင်းကင်နယ်စားမင်းလည်း အမိကမ္ဘာမြေ ကမ္ဘာဦးဘုံရဲ့ လျှို့ဝှက်ချက်တွေ သိထားပါတယ် ဟုတ်တယ်မလား”
ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားသည် မြေအောက်ဘုံအရှင်သခင်ဆီသို့ လှမ်းကြည့်လိုက်၍ မြေအောက်ဘုံအရှင်သခင်က ပြောသည်။ “အဆွေတော်၊ မင်းပဲ ပြောသင့်တယ်နော်”
ကောင်းကင်နယ်စားမင်းက ပြောသည်။ “တချို့တလေတော့ သိထားတာပေါ့... ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံက အမိကမ္ဘာမြေ ကမ္ဘာဦးဘုံမှာ တည်ဆောက်ခဲ့တာ မှန်သလို၊ နောက်ပိုင်း ချိမင် ကောင်းကင်နတ်ဘုံကိုလည်း အဲဒီနေရာပဲ တည်ဆောက်ခဲ့တယ်... ချိဧကရာဇ်၊ မင်း မှတ်မိပါတယ် ဟုတ်တယ်မလား”
ချိဧကရာဇ်၏ အသိစိတ်အလျဉ်က ဖြေသည်။ “မှတ်မိပေမယ့် အဲဒီတုန်းက ကမ္ဘာဦးဘုံက အရင်ကလောက် မကျယ်တော့ဘူး... ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံရဲ့ ပျက်သုဉ်းမှုကြောင့် ကမ္ဘာဦးဘုံရဲ့ တစ်စိတ်တစ်ပိုင်းကို နတ်ဘုရားတွေ ဖျက်စီးပစ်ခဲ့ကြတယ် ကြားတယ်... ငါ အဲဒီအချိန်တုန်းက မြင်ခဲ့ရတာ မဟာမြို့ပျက်ပဲ... ဒါပေမယ့် နဂါးဟန်မဟာမြို့ပျက်က တော်တော်ကျယ်တယ်... ဒီထက်တောင် ကျယ်သေးတယ်”
“မင်း သေသွားတော့ မင်ဧကရာဇ်က မင်းရဲ့အခြေခံအုတ်မြစ်ကို အမွေဆက်ခံပြီး ချိမင်ခေတ်ကို ဆက်လက်ထူထောင်ခဲ့တယ်... မင်ဧကရာဇ်လည်း ကမ္ဘာဦးဘုံမှာ အင်အားကြီးထွားလာခဲ့တာပဲ”
ကောင်းကင်နယ်စားမင်းက ဆက်ပြောသည်။ “မင်ဧကရာဇ်ကောင်းကင်နတ်ဘုံ ဖယ်ရှားခံလိုက်ရလို့ ချိမင်ခေတ်ပြည်သူတွေ ချိမင်ရွှမ်ခုံးကမ္ဘာဆီ ပြောင်းရွှေ့သွားတဲ့နောက်ပိုင်း ကမ္ဘာဦးဘုံက အရွယ်အစား ထပ်ကျုံ့သွားပြန်တယ်... ချုံဧကရာဇ်ခေတ်က ချိမင်မဟာမြို့ပျက်အပေါ်မှာ ထပ်တည်ဆောက်ခဲ့တယ်... အဲဒီလိုနဲ့ သူတို့လည်း ဖျက်စီးခံလိုက်ရပြီး ချုံဧကရာဇ်မဟာမြို့ပျက် ဖြစ်လာခဲ့တယ်... လွန်ခဲ့တဲ့ နှစ်လေးသောင်းတုန်းက ခိုင်ဧကရာဇ်က ချုံဧကရာဇ်မဟာမြို့ပျက်မှာ နိုင်ငံတော် စတင်တည်ထောင်ခဲ့တယ်... သူ့နိုင်ငံတော်က ယနေ့ခေတ်ရဲ့ ခိုင်ဧကရာဇ်မဟာမြို့ပျက် ဖြစ်လာတာပဲ... ပြောရရင် ခေတ်လေးခေတ်က ကမ္ဘာဦးဘုံအပေါ်မှာ တည်ဆောက်ခဲ့တာ”
ချင်မူ အံ့အားသင့်မှင်သက်သွားသည်။ ခေတ်လေးခေတ်၏ ကောင်းကင်နတ်ဘုံများသည် ဤနေရာမှ စတင်၍ ဤနေရာတွင် ကောင်းကင်နတ်ဘုံများ ဖြစ်လာသည်တဲ့လော။
ထိုမျှခမ်းနားကြီးမြတ်သော ကံကြမ္မာမျိုး ပိုင်ဆိုင်ထားသော အမိကမ္ဘာမြေ ကမ္ဘာဦးဘုံသည် မည်ကဲ့သို့သော နေရာပေနည်း။
“ကောင်းကင်နယ်စားမင်းက အဓိကအကြောင်းအရာတွေကိုတော့ မပြောဘဲ သေးသေးမွှားမွှားလေးတွေပဲ ပြောနေတယ်... တစ်ခါတုန်းက ရှေးဟောင်းယွမ်တုက ဘယ်လိုလုပ်ပြီး လက်ရှိမဟာမြို့ပျက် ဖြစ်လာတာလဲ မပြောရသေးဘူး... အမိကမ္ဘာမြေ ဘယ်နေရာရောက်နေလဲ ပြောမသွားတဲ့အပြင် ဘာကြောင့် အမိကမ္ဘာမြေ ကမ္ဘာဦးဘုံ ပြန်ပေါ်လာမှန်းကိုလည်း မရှင်းပြသွားဘူး”
ချင်မူ ခါးသီးစွာ ခနဲ့လိုက်မိသည်။ “ကောင်းကင်နယ်စားမင်းက အများကြီး ပြောသလို ထင်ရပေမယ့် တကယ့်တကယ် မဟာနေဧကရာဇ်ထက် ပိုမပြောသွားခဲ့ဘူး”
မုတ်ဆိတ်ဖြူအဘိုးအိုက မုတ်ဆိတ်များကို မှုတ်ထုတ်ပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ “အဲဒီငှက် အများကြီး ပြောလို့ အစောကြီး သေသွားတာလေ”
ချင်မူ အေးစက်စက် မေးလိုက်သည်။ “အမိကမ္ဘာမြေ သေသွားပြီလား... အမိကမ္ဘာမြေ သေနိုင်ရင် ကောင်းကင်နယ်စားမင်းလည်း ဘာလို့မသေနိုင်ဘဲ နေမလဲ... ခင်ဗျား ပြောပြောမပြောပြော အဲဒီလူတွေက ခင်ဗျားကို အလွှတ်ပေးမှာ မဟုတ်ဘူး”
ကောင်းကင်နယ်စားမင်း တခဏ ချီတုံချတုံဖြစ်သွားကာ ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်ဆီ လှမ်းကြည့်သည်။
မြေအောက်ဘုံအရှင်သခင်၏အကြည့်က လေးနက်နေ၏။ “ငါက ချောင်းကြည့်တတ်တဲ့သူ မဟုတ်တော့ အမိကမ္ဘာမြေ ကမ္ဘာဦးဘုံမှာ တစ်ချိန်လုံး ဘာတွေ ဖြစ်နေလဲ မသိဘူး.. ဒါ့အပြင် ယိုတုကနေလည်း ကမ္ဘာဦးဘုံဆီ လှမ်းမမြင်ရဘူး... ဝိညာဉ်တွေ ယိုတုထဲ ရောက်လာတော့မှ အမိကမ္ဘာမြေ ကမ္ဘာဦးဘုံမှာ အပြောင်းအလဲတွေ ဖြစ်နေမှန်း သိရတာ”
ကောင်းကင်နယ်စားမင်းက မဟာနေဧကရာဇ်ဆီသို့ ကြည့်လိုက်၍ မဟာနေဧကရာဇ်၏ ငှက်ခေါင်း ပုဝင်သွားသည်။ “ကျုပ်ကို မကြည့်နဲ့... မြားတစ်စင်းကြောင့် ကျုပ် တစ်ခါသေပြီးသွားပြီ... အမိကမ္ဘာမြေ ကမ္ဘာဦးဘုံမှာ ဘာဖြစ်ခဲ့လဲ ကျုပ် မသိဘူး”
ကောင်းကင်နယ်စားမင်း သက်ပြင်းချကာ ပြောလိုက်၏။ “အေးကွာ ငါက ချောင်းကြည့်တတ်တဲ့သူ ဟုတ်ပြီးလား... ကမ္ဘာဦးဘုံရဲ့ အဖြစ်အပျက်တွေကို ငါ သိထားတယ်”
သူက တခဏ ရပ်လိုက်ပြီးမှ ဆက်ပြောသည်။ “တကယ်တော့ ချုံဧကရာဇ်ခေတ်က အမိကမ္ဘာမြေနဲ့ ပတ်သက်နေသလို ကောင်းကင်နတ်ဘုံနဲ့လည်း ပတ်သက်နေတယ်... အဲဒီအချိန်တုန်းက ချုံဧကရာဇ်ခေတ်မှာ ဥပဒေနှစ်ခု ကွဲနေပြီး ကောင်းကင်နတ်ဘုံနှစ်ခုက အာဏာစက်နှစ်ခုကို ကိုယ်စားပြုထားကြတယ်... အမိကမ္ဘာမြေ သေသွားပြီးတဲ့နောက်မှ ချုံဧကရာဇ်ခေတ် ဖယ်ရှားခံလိုက်ရတာ... ငါ ဒီလောက်ပဲ ပြောနိုင်တယ်... ကျန်တာ မင်းဘာသာမင်း ဆက်ရှာ”
ချင်မူ၏ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး ကပျာကယာ ပြောလိုက်သည်။ “မြောက်ချုံဧကရာဇ်နဲ့ တောင်ချုံဧကရာဇ် ထွက်ပေါ်လာပြီး ချုံဧကရာဇ်ခေတ်က တောင်နဲ့မြောက် နှစ်ခြမ်းကွဲသွားတာ မဟုတ်လား... ဒါဆို ဘယ်ဘက်က ဘယ်သူ့ကို ထောက်ခံတာလဲ... ပြီးတော့ အမိကမ္ဘာမြေ သေသွားတယ်ဆိုတာ ဘယ်သူ သူ့ကို သတ်လိုက်လို့လဲ”
ကောင်းကင်နယ်စားမင်း တိတ်ဆိတ်နေသည်။
ချင်မူက ဆက်တိုက် မေးနေ၍ ကောင်းကင်နယ်စားမင်း စိတ်မရှည်တော့ပေ။ “ငါ မင်းကို အများကြီး ပြောပြပြီးပြီးလေ... ဘာလို့အနှောင့်အယှက်ပေးနေသေးတာတုန်း... ပြီးတော့ ငါလည်း အမိကမ္ဘာမြေ ဘယ်လိုသေသွားမှန်း မသိဘူး... ခန့်မှန်းရုံပဲ ခန့်မှန်းနေတာကွ... ငါ့မြင်ကွင်းကို ပိတ်ကွယ်ထားနိုင်တဲ့ ဖြစ်တည်မှုတွေ တစ်ပုံကြီး ရှိတယ်... ယိုတုကိုလည်း ငါ မမြင်ရဘူး... ကောင်းကင်ယင်ကမ္ဘာကိုလည်း မမြင်ရဘူး... ကောင်းကင်နတ်ဘုံကိုတောင် မမြင်ရဘူးကွ... ချုံဧကရာဇ်ခေတ်နှောင်းပိုင်းကာလမှာဆို မဟာမြို့ပျက်ကိုတောင် မမြင်ခဲ့ရဘူး.... ဒါကြောင့် ငါက ဒီနှစ်တွေအတွင်း ဘာတွေဖြစ်ပျက်နေလဲ မြင်ချင်လို့ မင့်မျက်လုံးထဲမှာ လာပုန်းနေတာ ဟုတ်ပြီလား”
ဤနေရာအထိ ပြောပြီးနောက် သူ့မှာ စိတ်ဓာတ်ကျလာတော့သည်။ “ငါ အခြားကမ္ဘာတွေကို မြင်နိုင်ပေမယ့် ငါ မမြင်နိုင်တာတွေက တဖြည်းဖြည်း များနေပြီ... ကန်းနေပြီလို့ လူတွေ နေ့တိုင်း ဆဲဆိုနေတဲ့ ကောင်းကင်တောင် ဖြစ်လာတော့မယ်”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ချင်မူ့ကို ပြောသည်။ “အမိကမ္ဘာမြေ ကမ္ဘာဦးဘုံ ပြန်ပေါ်လာတဲ့ အကြောင်းရင်းက အမိကမ္ဘာမြေရဲ့ လက်ကျန်အသိစိတ်အလျဉ်နဲ့ ပတ်သက်လောက်တယ်... မင်း သတိထား”
ချင်မူ ဇဝေဇဝါဖြင့် မေးလိုက်မိ၏။ “ဘာလို့ သတိထားရမှာလဲ”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ပြောလေသည်။ “မင်းက ကျောက်စိမ်းအကျဉ်းထောင်တံခါးမှာ နတ်ဘုရားတွေရဲ့ မူလဝိညာဉ်တွေကို စားခဲ့တယ်လေ... အဲဒီထဲမှာ နဂါးဟန်ခေတ်တုန်းက အမိကမ္ဘာမြေရဲ့ ကလေးတွေ ပါတယ်... အပြစ်က မင့်အပြစ်ဆိုတော့ ငါလည်း စာအုပ်ထဲမှာ မှတ်ထားရပေမယ့် ကျင့်ဝတ်အရ သတိပေးတာပါ”