← Chapters

သီချင်းတစ်ပုဒ်လို နှစ်လေးသောင်း

Vol. 58 Ch. 772

သီချင်းတစ်ပုဒ်လို နှစ်လေးသောင်း

Vol. 58 Ch. 772

“မြေအောက်ဘုံအရှင်သခင်၊ ကျင့်ဝတ်က ဘာမှန်း သိသေးတယ်ပေါ့”

ချင်မူမှာ မကျေမနပ် ဖြစ်နေသော်လည်း ဆက်မပြောရဲပေ။

မြေအောက်ဘုံအရှင်သခင်က သူ့လက်,ငှား၍ ယိုတုထဲရှိ ကောင်းကင်နတ်ဘုံ၏ အင်အားကို ဖယ်ရှားပစ်ချင်၍ ကျောက်စိမ်းအကျဉ်း‌‌ထောင်တံခါးတိုက်ပွဲ ပေါ်ပေါက်လာအောင် တမင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏မိဘနှစ်ပါးစလုံး ယိုတုထဲတွင် ရောက်နေပြီး မြေအောက်ဘုံအရှင်သခင်ကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးထားသည့်အတွက် ချင်မူမှာ သိလျက်နှင့် သူ့ဂွင်ထဲ ဝင်ရုံအပြင် ရွေးချယ်စရာမရှိခဲ့ပေ။

ယခုအခြေအနေအရ ကောင်းကင်နတ်ဘုံမှ အပြစ်တင်မှုအပြင် အမိကမ္ဘာမြေ၏ အပြစ်တင်မှုကလည်း စောင့်ကြိုနေမည့်ပုံပေါ်၏။

ယိုတုကျောက်စိမ်းအကျဉ်းထောင်တံခါးတိုက်ပွဲတွင် သူ့လက်ချက်ဖြင့် သေသွားသော ယန်ကျုံစစ်ဆိုသူက အမိကမ္ဘာမြေ၏ သားဖြစ်ဟန်တူသည်။ ထို့အပြင် ယန်ကျုံရှစ် တတ်မြောက်ထားသော ကောင်းကင်နတ်သိုင်းကလည်း သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်း ဖြစ်သည်။

သူ၏သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းက အဘွားစစ်၏ ကောင်းကင်နတ်သိုင်းလောက် အနုမစိတ်သော်လည်း ထူးခြားသေး၏။ သူက ချင်မူ သူ၏ကောင်းကင်နတ်သိုင်းကို ရင်ဆိုင်ရန် ကောင်းကင်မီးလျှံမဟာတာအိုကိုပင် ထုတ်သုံးခဲ့ရသည်အထိ ဖိအားပေးနိုင်ခဲ့သည်။

ယန်ကျုံရှစ်၏ကံကြမ္မာက ချင်ဖုန်းကျင့်၏ အစားခံလိုက်ရခြင်းဖြင့် နိဂုံးချုပ်သွားချေပြီ။ သို့သော် အမိကမ္ဘာမြေမှာ သေဆုံးနေပြီဖြစ်သည့်အတွက် စိုးရိမ်စရာမလိုပေ။

“အစ်ကိုကြီး စားခဲ့တဲ့ မူလဝိညာဉ်တွေက တစ်ပုံကြီးပဲ... ငါ့ကို အပြစ်တင်မယ့်လူတွေ ဘယ်လောက်တောင် စောင့်နေမလဲ ဘုရားပဲ သိလိမ့်မယ်”

ချင်မူ သူ့ဘာသာသူ တွေးနေမိသည်။ ‘အဘွားစစ် သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်လိုက်လို့ ကမ္ဘာဦးဘုံ ပြန်ပေါ်လာတယ်ဆိုတော့ အမိကမ္ဘာမြေက တကယ် သေသွားတာရော ဟုတ်ပါ့လား.. ဘာကြောင့် သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းက ဒီက အပြောင်းအလဲတွေကို ဖြစ်ပေါ်လာစေတာလဲ”

မဟာမြို့ပျက်သည် ခေါက်ယပ်တောင်တစ်လက်နှင့် တူ၏။

ယခုတွင် ယပ်တောင်ကား ပွင့်သွားချေပြီ။

ခေါက်နေသည့် ယပ်တောင်က မဟာမြို့ပျက် ဖြစ်ပြီး ပွင့်ကျလာသော ယပ်တောင်မှာ အမိကမ္ဘာမြေ ကမ္ဘာဦးဘုံ ဖြစ်သည်။

အဘယ်သို့ပြု၍ အမိကမ္ဘာမြေ ကမ္ဘာဦးဘုံသည် မဟာမြို့ပျက်အတွင်း လိပ်ဝင်နေခဲ့သနည်း။ အဘယ်သို့ပြု၍ ယခုမှ ပြန်ပွင့်လာသနည်း။

မည်သူက ထိုမျှခမ်းနားကြီးကျယ်သော အမိကမ္ဘာမြေ ကမ္ဘာဦးဘုံကဲ့သို့ ကမ္ဘာတစ်ခုကို မဟာမြို့ပျက်အတွင်းသို့ ခေါက်ထည့်ထားခဲ့သနည်း။

တစ်ယောက်ယောက်က သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်း ကျင့်ကြံသော ကောင်းကင်နတ်သိုင်းပညာရှင်အားလုံးကို သတ်လိုက်ခြင်းလော။

‘ဒီကမ္ဘာပေါ်မှာ ကျန်ခဲ့တဲ့ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းတွေဆိုလို့ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲက သိုင်းကွက်တွေပဲ ရှိတော့တယ်... အဲဒါကလည်း နည်းနည်းလေးပဲ... နည်းနေလို့ပဲ ငါ သံလိုက်ဆွဲအား သင်္ကေတအမှတ်အသားတွေကို ဖန်တီးဖို့ အကြံရခဲ့တာ”

ချင်မူ တွေးနေသည်။ ‘ဒါဆို သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းတွေကို ဘယ်သူ ဖျက်စီးခဲ့တာလဲ... သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းတွေကို ဖျက်စီးခဲ့တဲ့ လူတွေက အမိကမ္ဘာမြေကို သတ်ခဲ့တဲ့ လူတွေပဲလား... အဘွားစစ် သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းကို သုံးလိုက်တဲ့အချိန်မှ ကမ္ဘာဦးဘုံက ပွင့်လာတယ်... ဆိုတော့ကား အမိကမ္ဘာမြေက သူ့ကို အသက်ပြန်သွင်းပေးနိုင်မယ့် နည်းလမ်းတစ်ခု ထားခဲ့တာများလား’

သူက ချင်စာလုံးမြေပြင်ထဲမှ အသိစိတ်အလျဉ်ကို ပြန်ခေါ်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ကမ္ဘာဦးဘုံမှာ ကျယ်သထက် ကျယ်လာသဖြင့် အဝေးရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မမြင်ရတော့ပေ။ တောင်ပင်လယ်ကိုပင် မတွေ့ရတော့။

မဟာမြို့ပျက်၏ ပြန့်ကားကျယ်ဝန်းလာမှုက တဖြည်းဖြည်း နှေးကွေးသွားပြီး အဝေးတွင် တိမ်လွှာမြူခိုးများက တောင်ထွတ်များကို ခြုံလွှမ်းရစ်သိုင်းလျက် ရှိနေ၏။

“မဟာမြို့ပျက်မှာ အခုလို အကြီးအကျယ် ပြောင်းလဲနေတာဆိုတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာလည်း ပြောင်းလဲနေလောက်မလား” အဘွားစစ်က မေးသည်။

အားလုံး စိုးရိမ်ထိတ်လန့်လာကြ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း ဤမျှကျယ်ဝန်းသွားလျှင် မြို့တစ်မြို့နှင့် တစ်မြို့ ဝေးကွာသွားပြီး နန်းတွင်း၏အာဏာစက် သက်ရောက်နိုင်တော့မည် မဟုတ်ပေ။

အာဏာစက်၏လွှမ်းမိုးနိုင်မှု အောက်ဆုံးအထိ ကျဆင်းသွားလျှင် အင်ပါယာ ပျက်သုဉ်းတော့မည့် နိမိတ်လက္ခဏာပင် ဖြစ်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ယခင်က အနောက်ကမ္ဘာမြေနှင့် မြောက်ပိုင်းရှိ နှင်းဖုံးတောင်တန်းများကို အုပ်စိုးခဲ့သော်လည်း ယခုမူ ပြောရခက်ချေပြီ။

အကုန်လုံး ရင်ထဲတွင် လေးလံလာကြသည်။

“အရေးအကြီးဆုံးက လူတွေရဲ့ ဘေးကင်းလုံခြုံမှုပဲ”

ချင်မူက လေးနက်သောအသံဖြင့် ပြောလိုက်သည်။ “မဟာမြို့ပျက်က ကမ္ဘာဦးဘုံအဖြစ် ပြောင်းလဲသွားခဲ့ပြီ... အကြွင်းအကျန် ကောင်းကင်နတ်သိုင်းတွေကြောင့် ရောင်စုံနေအလင်းတန်းတွေ ဖြာထွက်နေကြတဲ့ နေရာတွေအများကြီး ရှိနေတယ်... လူတွေ အဲဒီနေရာတွေဆီ မတော်တဆ သွားမိရင် သေကုန်ကြလိမ့်မယ်... အခု မဟာမြို့ပျက်ထဲမှာ အန္တရာယ်တွေ ပြည့်နေပြီ... မဟာမြို့ပျက်သားတွေကို သတိပေးဖို့ လိုတယ်”

အားလုံး ခေါင်းညိတ်ကြ၏။ ယခုအချိန်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် စိတ်ပူနေရမည့်အချိန်မဟုတ်၊ မဟာမြို့ပျက်ထဲရှိ လူများ၏ ဘေးကင်းလုံခြုံမှုက ပိုမိုအရေးကြီးသည်။

“ဆရာကြီးပန်ယု၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေနဲ့ နတ်ဘုရားတွေကို စေလွှတ်ပြီး လူတွေကို သတိပေးဖို့ ဆရာကြီးပန်ယုကိုပဲ ဒုက္ခခံခိုင်းရတော့မယ်”

ချင်မူ ပြောလိုက်သည်။ “ကျန်တဲ့လူတွေလည်း မြို့တိုင်း၊ ရွာတိုင်း၊ နေရာတိုင်းဆီ သွားပြီး အကြောင်းကြားပေးကြပါ”

အစစ်အမှန်နတ်ဘုရားပန်ယုက ပြော၏။ “စိတ်ချ ငါ အခုချက်ချင်း သွားလိုက်မယ်”

သူ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားမြို့ဆီသို့ ပြန်တော့မည့်အချိန် ကမ္ဘာဦးဘုံ၏ တောအုပ်ထဲမှ ကြောက်ရွံ့ထိတ်လန့်ဖွယ် ဟိန်းသံကြီး ကြားလိုက်ရသည်။ အစစ်အမှန်နတ်ဘုရားပန်ယု ခြေလှမ်းများကို ရပ်၍ လှမ်းကြည့်လိုက်မိ၏။

အဆုံးမဲ့သော တောင်တန်းများအကြားတွင် သားရဲကြီးတစ်ကောင်၏ ဧရာမကျောပြင်ကြီးကို လှမ်းမြင်လိုက်ရသည်။

အားလုံး ကြောက်လန့်သွားပြီး နတ်ဘုရားစန်းယဲ့က ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အဲဒါ ဘာကြီးတုန်း... ကြီးလိုက်တဲ့ ခန္ဓာကိုယ်ကြီးပါလား...”

ချင်မူမှာ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားကာ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်လိုက်သည်။ “နတ်ဘုရားတစ်ပိုင်းပဲ”

အကုန်လုံး ဇဝေဇဝါ ဖြစ်သွားကြပြီး သူ့ကို မေးကြသည်။ “နတ်ဘုရားတစ်ပိုင်းတဲ့လား... နတ်ဘုရားအတုလိုမျိုးလား”

ချင်မူက လေးနက်စွာ ရှင်းပြလိုက်၏။ “ဒီနတ်ဘုရားတစ်ပိုင်းတွေက အင်မတန် အန္တရာယ်များတယ်... သူတို့က ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကလေးတွေ... ရှေးဟောင်းသွေးဆက်အနွယ်တွေမလို့ သတိထားရမယ်... အားလုံး ဂရုစိုက်ကြပါ... မဟာမြို့ပျက် ကမ္ဘာဦးဘုံအဖြစ် ပြောင်းလဲသွားပြီးတဲ့နောက် နတ်ဘုရားတစ်ပိုင်းတွေအများကြီး အသက်ရှင်နေမှာ စိုးရိမ်မိတယ်”

စန်းယဲ့ ဇဝေဇဝါ ဖြစ်သွားသည်။ “ရှေးဟောင်းနတ်ဘုရားတွေက ဘာတွေလဲ”

ချင်မူ ဆက်လက်ရှင်းပြလိုက်သည်။ “ရှေးဟောင်းနတ်ဘုရားတွေက သဘာဝကနေ မွေးဖွားလာတဲ့ နတ်ဘုရားတွေပဲ... ကောင်းကင်နယ်စားမင်းလို၊ မြေအောက်ဘုံအရှင်သခင်၊ အမိကမ္ဘာမြေလို နတ်ဘုရားတွေပေါ့... နတ်ဘုရားတစ်ပိုင်းတွေကတော့ သူတို့ရဲ့ သွေးသားတွေ... နဂါးချီလင်ကိုလည်း နတ်ဘုရားတစ်ပိုင်းလို့ ပြောနိုင်တယ်... သူတို့လို နတ်ဘုရားတစ်ပိုင်းတွေက အရွယ်ရောက်လာလေလေ၊ သာမန်အား‌ကောင်းလာလေလေပဲ... အရင်တုန်းက သွေးဆက်ရဲ့ စွမ်းအားကို အားကိုးခဲ့ရပေမယ့် အခုဆို ကျွန်တော်တို့လို ကျင့်ကြံနိုင်နေကြပြီ... ဒါ့အပြင် သိုင်းကျင့်ကြံပြီးရင် သူတို့က ပိုလို့‌တောင် သန်မာအားကောင်းလာကြတယ်... အားလုံး သတိနဲ့ သွားလာကြပါ”

အစစ်အမှန်နတ်ဘုရားပန်ယုက ကျယ်‌လောင်စွာ အော်လိုက်၏။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ စစ်သည်တော်အပေါင်းတို့၊ လိုက်ခဲ့ကြ”

သူ အားလုံးကို ခေါ်၍ ထွက်သွားသည့်အချိန်တွင် ရှုရှန်းဟွာက ပြောသည်။ “ငါ အနောက်ကမ္ဘာမြေဆီ ပြန်ပြီး အန္တရာယ်ကင်းရဲ့လား ကြည့်လိုက်ဦးမယ်”

ချင်မူ ခေါင်းညိတ်လိုက်သည်။ “အနောက်ကမ္ဘာမြေကို ရောက်ဖို့ မင်း တစ်နှစ်၊ နှစ်နှစ်လောက် ကြာလောက်တယ်... လမ်းမှာ ဂရုစိုက်”

“စိတ်ချ မင့်လက်ထဲမှာ‌တောင် မသေသေးတာပဲ ... နတ်ဘုရားတစ်ပိုင်းတွေကြောင့် မသေပါဘူး” ရှုရှန်းဟွာ အလျင်အမြန် ထွက်သွားသည်။

အဘွားစစ်က ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကျောင်းသားများကို အထုတ်အပိုးများ ထုပ်ခိုင်းလိုက်၏။ “မူအာ၊ ဘွားဘွား ဒီကျောင်းသားတွေနဲ့ အနောက်ဘက် မဟာမြို့ပျက်ထဲက ရွာတွေဆီ အကြောင်းသွားကြားလိုက်မယ်... မင်း ဂရုစိုက်နော်”

ချင်မူက ပြောလိုက်သည်။ “ဘွားဘွား ကျွန်တော့်ကို စိတ်မပူနဲ့... ဘွားဘွားက အနောက်ဘက်သွား... ကျွန်တော်က အရှေ့ဘက်သွားမယ်... ပြီးတော့ မူလဝိညာဉ်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ မဆက်သွယ်နဲ့ဦးနော်... ကမ္ဘာဦးဘုံထဲမှာ တိုက်ပွဲကွင်းပြင်တွေ အများကြီး ရှိနေတယ်... အန္တရာယ်တွေလည်း အပြည့်ပဲ... နတ်ဘုရားတစ်ပိုင်းတွေလည်း ပေါ်ထွက်လာပြီဆိုတော့ ဘွားဘွားရဲ့ မူလဝိညာဉ် ထိခိုက်မသွားအောင် ဂရုစိုက်ရမယ်”

“ကောင်စုတ်လေး၊ အခုတော့ ငါ့ကို ဆုံးမနေပြီပေါ့”

အဘွားစစ်က ကျောင်းသားများကို ဦးဆောင်၍ ထွက်ခွာသွားရင်း အပြုံးတစ်ခုဖြင့် လှမ်းပြော၏။ “မင်းကို ဘွားဘွား သင်ပေးထားတာပါ... ဘွားဘွား မသင်ပေးထားတဲ့ လှည့်နည်း၊ ပတ်နည်းတွေ ရှိလို့လား”

ချင်မူ သူတို့ထွက်သွားသည်ကို ကြည့်ပြီး သူ့ဘာသာသူ တွေးသည်။ ‘သို့နျိုကမ္ဘာဆီ သွားပြီး သိုင်းပညာကောင်းကင်ဆရာသခင်ကို သွားရှာသင့်တယ်... ပြီးရင် သို့နျိုကမ္ဘာရဲ့ သိုင်းသမားတွေကို အကူအညီတောင်းရမယ်... ဒါမှ မဟာမြို့ပျက်ထဲက လူတွေဆီ မြန်မြန် အကြောင်းကြားနိုင်မှာ”

သူက ဦးတည်ရာပြောင်းလိုက်ပြီး ကောင်းကင်နတ်အရှင်ယွီနှင့်အတူ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှ ဆင်း၍ သိုင်းရွာလေးဆီ ပြေးသွားသည်။ ‘သို့နျိုကမ္ဘာ အပြင်ထုတ်ခံလိုက်ပြီလား မသိဘူး...’

မဟာြမို့ပျက် အကြီးအကျယ် ပြောင်းလဲသွားသည့်အခါ သဘာဝကမ်းပါးကြီးဆီမှ ကမ္ဘာလောကများ ပျံထွက်လာခဲ့ပြီး ကောင်းကင်ထဲသို့ တွန်းထုတ်ခံခဲ့ရ၏။

သို့နျိုကမ္ဘာကလည်း သို့နျိုကောင်းကင်နန်းဆောင်မှ ဖွဲ့တည်ထားသော ကမ္ဘာတစ်ခု ဖြစ်သည်။ သိုင်းပညာ ကောင်းကင်ဆရာသခင်က မဟာမြို့ပျက်အတွင်း၌ ဤကမ္ဘာကို ဖုံးဝှက်ထားခဲ့သဖြင့် ကောင်းကင်ထက်သို့ တွန်းထုတ်ခံလိုက်ရသည့်အထဲ ပါသွားနိုင်သည်။

“အစ်ကိုကြီးမူ ဖြေးဖြေး” ကောင်းကင်နတ်အရှင်ယွီမှာ သူ့နောက်မှ ပြေးလိုက်ရင်း လျှာထွက်နေသည်။

ချင်မူက မှော်စွမ်းအင်ဖြင့် ကောင်းကင်နတ်အရှင်ယွီကို ပင့်မြှောက်လိုက်ကာ အရှိန်တင်လိုက်သည်။ ယခုတွင် သူ၏သိုင်းအခြေခံသည် အလွန်သိပ်သည်းခိုင်မာနေပြီ ဖြစ်သည့်အတွက် ကောင်းကင်နတ်အရှင်ယွီကို ပင့်မြှောက်ရန် အပန်းမကြီးတော့ပေ။

ချင်မူမှာ တရှိန်ထိုး ပြေးနေရင်း သူနှင့် လုံးဝမရင်းနှီးသော ကမ္ဘာဦးတောအုပ်တစ်အုပ်ထဲ ဝင်ရောက်သွားသလို ခံစားနေရသည်။ မိုးထိလုအောင် မြင့်မားသည့် တောင်တန်းများက ပတ်ဝန်းကျင်တွင် ပြည့်နှက်နေပြီး သစ်ပင်များကလည်း မူမမှန်စွာ ကြီးမားနေ၏။ မဟာမြို့ပျက်ထဲရှိ သစ်ပင်များထက် အဆများစွာ မြင့်မားကြီးထွားကြလေသည်။

ဤကမ္ဘာဦးဘုံတွင် တိမ်မြုပ်နေသော လျှို့ဝှက်ချက်များစွာ ရှိ၍ ချင်မူ့အတွက် အစိမ်းသက်သက် ဖြစ်နေသော်လည်း မည်မျှအန္တရာယ်များစေကာမူ ဝင်မှဖြစ်မည်။

မဟာမြို့ပျက်သည် သူ ကြီးပြင်းလာခဲ့သည့် ဇာတိဖြစ်ပြီး မဟာမြို့ပျက်သားတို့က သူ၏မိသားစု ဖြစ်သည်။

ချင်မူ မိုင်ပေါင်းများစွာ ပြေးလာပြီးနောက်တွင် အရှိန်လျှော့ကာ အရှေ့ရှိ တောင်တန်းများဆီသို့ ကြည့်လိုက်သည်။ ရောင်စုံနေအလင်းတန်းများက တောင်တန်းများဆီမှ ဖြည်းဖြည်းချင်း ကွန့်မြူးမြင့်တက်လာနေ၏။

သူ ကျောက်စိမ်းကောင်းကင်မျက်လုံးများဖြင့် ကြည့်လိုက်သည့်အခါ ထိုရောင်စုံနေအလင်းတန်းများမှာ အတိုင်းထက်အလွန် အန္တရာယ်များသော ကောင်းကင်နတ်သိုင်းများ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

‘ပတ်သွားရမယ်’

ချင်မူက တမုဟုတ်ချင်း ဆုံးဖြတ်ချက်ချကာ တောင်ခြေမှ ပတ်သွားသည်။ တောင်၏အရိပ်ထဲသို့ ရောက်လာသည့်အချိန်တွင် သူ မှင်သက်သွား၏။

အရှေ့၌ ရှေးဟောင်းစစ်မြေပြင်တစ်ခု ရှိနေသည်။ မရေမတွက်နိုင်သော ရောင်စုံနေအလင်းတန်းများမှာ စစ်မီးလျှံများမှ တငွေ့ငွေ့ထနေသော မီးခိုးများသဖွယ် စစ်မြေပြင်တစ်ခုလုံး ပျံ့လွင့်နေသည်။ ၎င်းတို့က ပျက်စီးနေသော နံရံများ၊ ပြိုကျနေသော တံတိုင်းများအကြား နစ်မြုပ်နေကာ အလွန်လှပသော မြင်ကွင်းတစ်ခုကို ဖန်တီးနေ၏။

ချင်မူမှာ စိတ်ငြိမ်အောင် ထားပြီး ကောင်းကင်သို့ ပျံတက်လိုက်သည်။ ဆယ်မိုင်ကျော် ပျံသန်းပြီး‌နောက် အောက်ငုံ့ကြည့်လိုက်သည့်အခါ ဤရှေးဟောင်းစစ်မြေပြင်သည် အလွန်ရှည်လျားကြောင်း မြင်လိုက်ရသည်။ သို့သော် ထင်ထားသလောက် မကျယ်ပေ။ အကျယ်က မိုင်တစ်ထောင်ခန့်သာ ရှိသည်။

‘ကောင်းကင်ကနေ ဖြတ်သွားရမလား’

ချင်မူ စစ်မြေပြင်အပေါ်ရှိ ကောင်းကင်ဆီသို့ အကဲခတ်လိုက်ရာ ကောင်းကင်သည် အလွန်ရှင်းလင်းနေ၏။ သူ ဖြတ်သန်းတော့မည့်အချိန် ရွှေရောင်ငှက်တစ်ကောင်က ‌တောင်ပံခတ်လျက် သူ့ခေါင်းအပေါ်မှ ပျံသန်းသွားသည်။

ထိုရွှေရောင်ငှက်မှာ ဆယ်မိုင်ကျော် ပျံသန်းပြီးသည့်အခါ အပိုင်းပိုင်း ကွဲထွက်သွား၏။ အသားတုံးများက ကောင်းကင်ထက်မှ ပြုတ်ကျသွားကြသည်။

ထို့နောက် ပြုတ်ကျလာနေသော အသားတုံးများမှာ အဆက်မပြတ် ကွဲထုတ်ကုန်ကာ အသားမြှောင်းများ ဖြစ်သွားကြ၏။ အသားမြှောင်းများသည် ပြုတ်ကျနေစဉ် သေးငယ်သထက် သေးငယ်သွားပြီး မြေကြီးပေါ် ရောက်သည့်အချိန်တွင် မြင်ပင်မမြင်ရတော့ပေ။

ချင်မူ တုန်လှုပ်သွားပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကို ဖွင့်လိုက်သည်။ သူ၏ကောင်းကင်မျက်လုံး သုံးလုံးစလုံးဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည့်အခါမှ ဤရှေးဟောင်းစစ်မြေပြင်၏အ‌ပေါ်တွင် အနက်ရောင်မျဉ်းကြောင်းများ တွေ့လိုက်ရ၏။ မျဉ်းများက အရပ်မျက်နှာတစ်ခွင် ဖြာထွက်နေပြီး ပင့်ကူအိမ်များသဖွယ် ထွေးယှက်နေကြသည်။

‘နေရာဟင်းလင်းပြင် အက်ကွဲကြောင်းတွေ’

ချင်မူ ခေါင်းကြိမ်းသွားသည်။ အက်ကွဲကြောင်းများမှာ အထူမရှိသဖြင့် သတိထားမိရန် ခက်ခဲလေသည်။ သူ ပျံသန်းသွားခဲ့လျှင် ထိုရွှေရောင်ငှက်ကဲ့သို့ အဆုံးသတ်သွားလိမ့်မည်။

‘မိုင်တစ်ထောင်က လမ်းလျှောက်ရတာ မကြာပေမယ့် ပတ်သွားရင် အချိန်အများကြီး ကြာမှာ’

ချင်မူက အောက်ပြန်ဆင်း၍ ကောင်းကင်နတ်အရှင်ယွီဆီသို့ ပြောလိုက်သည်။ “နောက်က လိုက်ခဲ့ လျှောက်မသွားနဲ့”

ကောင်းကင်နတ်အရှင်ယွီမှာလည်း အန္တရာယ်ကို မြင်နေရသဖြင့် ပုတ်သင်ညိုလို ခေါင်းညိတ်နေ၏။

နှစ်ယောက်လုံး ဤရှေးဟောင်းစစ်မြေပြင်အတွင်းသို့ ဝင်လိုက်ကြသည်။ ချင်မူက ရောင်စုံနေအလင်းတန်းများနှင့် အရိုးဖြူများဆီမှ တထောင်းထောင်း ထနေသော အခိုးအငွေ့များကို ရှောင်တိမ်းရင်း ဓားစက်လုံးကို အရှေ့သို့ ပို့လွှတ်ထားကာ အန္တရာယ်ရှိမရှိ ဦးစွာစမ်းသပ်စေ၏။

ဤသို့ဖြင့် မိုင်တစ်ရာ လျှောက်ပြီးသော် ပျက်စီးနေသော မြို့တစ်မြို့ သူတို့အရှေ့တွင် ပေါ်လာသည်။

နှစ်ယောက်သား မြို့အရှေ့သို့ ရောက်သွားပြီး မြို့ထဲမှ ဗျပ်စောင်းသံများ ခပ်သဲ့သဲ့ ကြားလိုက်ရ၏။ ဗျပ်စောင်းသံများမှာ မိန်းမငယ်လေးတစ်ယောက် အတိတ်ကို လွမ်းဆွေးတမ်းတရင်း ငိုချင်းချနေသယောင် ထင်ရသည်။

ချင်မူ ခေါင်းနပန်းကြီးသွားသည်။ ဤရှေးဟောင်းစစ်မြေပြင်တွင် အရိုးဖြူများ ပြည့်နှက်နေရာ အဘယ်သို့ပြု၍ ဗျပ်စောင်းသံ ရှိနေသနည်း။

မြို့ဂိတ်တံခါး၏အရှေ့တွင် လဲကျနေသော ကျောက်ပြားများစွာ တွေ့မြင်ရ၏။ ကျောက်ပြားတို့အပေါ်ရှိ အက်ကွဲကြောင်းများမှာ လောလောလတ်လတ်ကမှ ပေါ်ထွက်လာခြင်း ဖြစ်၍ ချင်မူ ကောင်းကင်နတ်အရှင်ယွီကို တိတ်တိတ်နေခိုင်းလိုက်သည်။ သူက ကျောက်ပြားအပေါ်ရှိ ကျောက်ခဲအမှုန်အမွှားများကို ဂရုတစိုက် ဖယ်လိုက်ရာ စစ်ပွဲတစ်ပွဲ၏ မှတ်တမ်းကို မြင်လိုက်ရသည်။

“ချုံဧကရာဇ် ခန်းမ ၇၂ ခုမှ ဇာမဏီခန်းမ၊ ခန်းမသခင် ချီရှားယွီ။ ဤနေရာတွင် ပြင်ပကောင်းကင်နတ်ဘုံ၏ ဇာမဏီနတ်မင်း ယန်ချန်းကျောင်းကို သတ်ဖြတ်ခဲ့သည်”

ဤကျောက်ပြား၏ဘေး၌ ကျိုးပဲ့နေသော ကျောက်ပြားနောက်တစ်ချပ် ရှိပြီး စစ်ပွဲနောက်တစ်ပွဲအကြောင်း မှတ်သားထား၏။ ချင်မူ ဖတ်ကြည့်သည့်အခါ အိမ်ရှေ့စံမင်းသားက ချီရှားယွီကို ဤနေရာတွင် ဖမ်းဆီးခဲ့၍ ချီရှားယွီ အညံ့ခံခဲ့သည့်အကြောင်း မှတ်တမ်းတင်ထားသည်။ အိမ်ရှေ့မင်းသားက သူမကို တောင်ကောင်းကင်ဘုံ ဇာမဏီနတ်မင်းအသစ်အဖြစ် ချီးမြှောက်ခဲ့ကာ သူ၏ကောင်းမှုကုသိုလ်အဖြစ် မှတ်တမ်းတင်ရန် ဤကျောက်စာကို စိုက်ထူခဲ့သည်ဟု ဆိုထား၏။

“ဒီဗျပ်စောင်းက...”

ချင်မူ အနည်းငယ် မှင်သက်သွားသည်။ “ဇာမဏီနတ်မင်း ချီရှားယွီရဲ့ ဗျပ်စောင်းများလား... ဒါကြောင့် ရင်းနှီးနေတယ်လို့ ခံစားနေရတာကိုး ... သူ သိကြားဗုဒ္ဓနောက် လိုက်သွားတာမဟုတ်လား... သိကြားဗုဒ္ဓလည်း မဟာမြို့ပျက်ကို ရောက်လာတာလား”

သူ့အတွေး ဤနေရာအရောက်တွင် အမျိုးသမီးအသံတစ်သံ ထွက်လာ၏။ “ဇာမဏီခန်းမသခင် ချီရှားယွီ”

ချင်မူ ကြက်သေသေသွားသည်။ ‘ဒီအသံကို ရင်းနှီးနေသလိုပဲ...’

ဗျပ်‌စောင်းသံက ရပ်တန့်သွားပြီး ရောင်စုံနေအလင်းတန်းများ မြောက်တက်လာသည်။ လှပတင့်တယ်သော ဇာမဏီမီးငှက်သင်္ဘောတစ်စင်းသည် နေအလင်းတန်းများ ဖြန့်ကျက်လျက် ပျံတက်သွား၏။ သင်္ဘော၏ မီးငှက်တောင်ပံနှစ်ဖက်က တဖတ်ဖတ် ခတ်လိုက်သဖြင့် လေကြမ်းများ တိုက်ခတ်လာသည်။

“ဇာမဏီခန်းမသခင်၊ မသွားပါနဲ့ ... ပိုင်ဖန်းရုံမြို့ရဲ့ ပိုင်ချွီအာ တွေ့လိုပါတယ်”

ချင်မူ စိတ်ထဲတွင် အကြီးအကျယ် လှုပ်ခတ်သွားကာ ငေး၍ ကြည့်နေမိသည်။ မီးငှက်သင်္ဘောတစ်စင်း လေကို ခွင်းလျက် ထွက်သွားသည်ကို တွေ့လိုက်ရပြီး မီးငှက်သင်္ဘော၏အနောက်မှ မိန်းကလေးတစ်ယောက်သည် ဓားမတစ်လက်ကို ကိုင်ဆွဲလျက် ပျံတက်လာ၏။ သူမက ဟင်းလင်းပြင်အက်ကွဲကြောင်းများကို ဖြိုခွင်း၍ ခန္ဓာကိုယ်ကို လှုပ်ခါကာ နဂါးဖြူတစ်ကောင်အသွင် ပြောင်းလဲလိုက်ပြီး မီးငှက်သင်္ဘော၏ အနောက်သို့ လိုက်သွားလေသည်။

“ပိုင်ဖန်းရုံမြို့ရဲ့ ပိုင်ချွီအာ...”

ချင်မူမှာ ပျံသန်းသွားသော နဂါးဖြူကို ကြည့်ရင်း ရေရွတ်နေမိသည်။ “သူ အသက်ရှင်နေသေးတာပဲ... သူ အသက်ရှင်နေသေးတာပဲ... သူလည်း မဟာမြို့ပျက်ကို ရောက်လာတာလား”

လွန်ခဲ့သော နှစ်လေးသောင်းတုန်းက သူ၊ နဂါးချီလင်၊ သေတ္တာကြီးနှင့် ပန်ကုန်းစုန်တို့ ပိုင်ဖန်းရုံမြို့သားများကို စောင့်ရှောက်၍ အရှေ့အရပ်သို့ သွားခဲ့ရသော ညကို ချင်မူ ပြန်သတိရမိသည်။

ပိုင်ချွီအာသည် အားနည်းသော်လည်း ခေါင်းမာ၏။ သူမက ချုံဧကရာဇ်ခေတ်၏ ‌နောက်ဆုံးလက်ကျန် လူသားမျိုးနွယ်ကို ဦးဆောင်၍ အသက်ရှင်နိုင်မည့်လမ်းတစ်လမ်းကို အခက်အခဲများကြားမှ လိုက်ရှာခဲ့လေသည်။

နေထွက်လာသည့်အခါ ချင်မူတို့မှာ အနက်ရောင်သဲမှုန်များသဖွယ် ပြောင်းလဲပြီး အမှောင်ထုနှင့်အတူ ဆုတ်ခွာပျောက်ကွယ်သွားသဖြင့် ထိုမိန်းမငယ်လေးတစ်ယောက်တည်းသာ ကူကယ်ရာမဲ့နေသော လူသားမျိုးနွယ်ကို စောင့်ရှောက်ပေးရန် ကျန်ရစ်ခဲ့သည်။

ဤနှစ်လေးသောင်းကို သူမ မည်ကဲ့သို့ ကျော်ဖြတ်ခဲ့ရသနည်း။

“သံယောဇဉ်တွေ မပြတ်နိုင်ဘဲ ငါ ဘာကြောင့်ဘုန်းကြီးဝတ်ခဲ့မိတာလဲ”

မြို့ထဲမှ ညည်းတွားနေဟန်တူသော အသံတစ်သံ ပျံလွင့်လာသည်။ “အချိန်ဟာ သီချင်းတစ်ပုဒ်လို၊ လမ်းဟာ အဆုံးမသတ်သလို၊ ထာဝရတည်မြဲနေမယ့် ချစ်ခြင်းမေတ္တာသတဲ့”

All Chapters