သံလိုက် လက်ငါးချောင်း တောင်
Vol. 58 Ch. 773
ချင်မူမှာ အသံကို ကြားလျှင် အံ့ဩဝမ်းသာသွားပြီး ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။ “သိကြားဗုဒ္ဓ လီရုံလန်”
ညည်းညူနေသော အသံက တိခနဲ ရပ်သွားပြီး တခဏကြာသော် သိကြားဗုဒ္ဓက သတိအနေအထားဖြင့် လှမ်းအော်သည်။ “ဘယ်သူလဲ”
“တပည့်တော် ချင်မူပါ”
ချင်မူ စိတ်လှုပ်ရှားစွာ လှမ်းပြောလိုက်၏။ “ဗုဒ္ဓဘုံမှာ အသုံးချခံခဲ့ရတဲ့ ကောင်လေး ချင်မူလေ”
တခဏကြာသော် သိကြားဗုဒ္ဓသည် ရဟန်းပျိုလေးအသွင်ဖြင့် မြို့ပျက်ထဲမှ လမ်းလျှောက်ထွက်လာ၏။ သူက ခြေဗလာဖြင့် လျှောက်နေဆဲ ဖြစ်ပြီး ဖုန်တစ်စက်မှ သူ့ခြေထောက်တွင် ကပ်ငြိမနေပေ။
ကမ္ဘာပေါ်တွင် ချောမောသော ယောက်ျားသားများစွာ ရှိသော်လည်း သိကြားဗုဒ္ဓထက် ချောမောသူမှာတော့ အနည်းငယ်သာ ရှိလိမ့်မည်။
ဤရဟန်းပျို၏ အပြင်ပန်းရုပ်သွင်မှာ သပ္ပါယ်ဖွယ်ကောင်းပြီး ခေါင်းအနောက်ရှိ ရောင်ခြည်တော်စက်ကွင်းများက သူ့အား ပို၍ပင် တည်ကြည်လေးနက်နေစေသည်။
“ဒကာလေးချင်ပါလား”
သိကြားဗုဒ္ဓ စိတ်သက်သာရသွားကာ အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ဒကာ ဘာလို့ ဒီရောက်နေတာလဲ... မဟာမြို့ပျက်ရဲ့ အပြောင်းအလဲတွေ၊ ထပ်နေတဲ့ နေရာဟင်းလင်းပြင် ထွက်ပေါ်လာတဲ့ အဖြစ်အပျက်က ဒကာ့ကြောင့်လား”
ချင်မူ ခေါင်းယမ်းလိုက်၏။ “တပည့်တော်ကြောင့် မဟုတ်ဘူး... တပည့်တော်တို့ရွာက အဘွားစစ်ကြောင့်ပါ... အဘွားစစ်က သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်လိုက်လို့ အမိကမ္ဘာမြေရဲ့ တစ်ပိုင်းတစဝိညာဉ် နိုးထသွားတာနဲ့ ကမ္ဘာဦးဘုံ အခုလို ပြန်လည်ထွက်ပေါ်လာတော့တာပဲ”
သိကြားဗုဒ္ဓက တအံ့တဩ မေးမြန်းသည်။ “ဒကာတို့ရွာက အဘွားစစ်ဟုတ်လား... ဒီလောက်ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်နဲ့ ကိုယ်တော်တော့ တွေ့ချင်မိတယ်”
ချင်မူ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် အပြစ်ကင်းစင်သော ကလေးတစ်ယောက်သဖွယ် ပြုံးလိုက်၏။ “ဗုဒ္ဓ ဘာလို့ ဒီရောက်နေတာလဲ... စောစောက ဇာမဏီနတ်မင်းချီရှားယွီရဲ့ သင်္ဘောတောင် မြင်လိုက်ရသေးတယ်... သူ့ရဲ့ ဗျပ်စောင်းသံ မြို့ထဲက ထွက်လာတာလည်း ကြားခဲ့ရတယ်... ဇာမဏီနတ်မင်း ကြည့်ရတာ ချုံဧကရာဇ်ခေတ်ရဲ့ ခမ်းနားထည်ဝါမှုကို လွမ်းဆွေးတမ်းတနေတဲ့ပုံပဲ”
သိကြားဗုဒ္ဓက တဟားဟား ရယ်၍ ပြောသည်။ “ပိုင်အိမ်တော်က မိန်းကလေးတစ်ယောက် ရောက်လာလို့ သူ လန့်ပြီး ပြေးသွားတယ်လေ... ပိုင်အိမ်တော်က အဲဒီမိန်းကလေးက ချုံဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ... ကိုယ်တော် ခိုင်ဧကရာဇ်ခေတ်တုန်းက သူနဲ့ တစ်ခါတွေ့ဖူးတယ်... ဇာမဏီနတ်မင်းက ချုံဧကရာဇ်ရဲ့ အမှုထမ်းဟောင်းဆိုတော့ ပြင်ပကောင်းကင်နတ်ဘုံဆီမှာ အညံ့ခံပြီးနောက်ပိုင်း မိတ်ဆွေဟောင်းကြီးနဲ့ မတွေ့ရဲဘူး ဖြစ်နေတာလေ”
ချင်မူက ဆက်ပြောသည်။ “ဇာမဏီနတ်မင်းက ဗုဒ္ဓနောက် တောက်လျှောက်လိုက်ခဲ့တာနော်... ဗုဒ္ဓဘုံရဲ့ ကောင်းကင်ဘုံအထပ်နှစ်ဆယ်ကနေ ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်ဘုံ ၃၃ ဘုံအထိ တောက်လျှောက်ပဲ... ဗုဒ္ဓတော့ စိတ်ညစ်ပြီး ရှက်နေမယ်ထင်တာ အခုလို တက်ကြွလန်းဆန်းနေမယ် ထင်မထားဘူး... တကယ်ပါ တပည့်တော်ဖြင့် အံ့ဩမိပါတယ်”
သိကြားဗုဒ္ဓက ပြော၏။ “ခိုင်ဧကရာဇ်ခေတ်မှာတုန်းက ပိုင်အိမ်တော်ရဲ့ အဲဒီမိန်းကလေး ဓားသိုင်းကျွမ်းတဲ့ ချင်မျိုးရိုးနဲ့ လူငယ်တစ်ယောက်ကို တစ်ခါ လာရှာတယ်... ဒါပေမဲ့ ရှာမတွေ့ခဲ့ဘူး... ခိုင်ဧကရာဇ်လည်း ချင်မျိုးရိုးနဲ့လူငယ်ကို ကူရှာပေးသေးတယ်... မတွေ့ခဲ့ပါဘူး”
ချင်မူက ပြောနေသည်။ “စဉ်းစားကြည့်တော့ဗျ... ဟင်္သာမောင်နှံ ပျံသန်းနေသလိုပဲနော်... ဒီရက်ပိုင်း ဗုဒ္ဓ လူဝတ်ပြန်လဲလိုက်သေးလား... လီရုံလန်လို့ ပြန်ခေါ်ရတော့မှာလား”
ကောင်းကင်နတ်အရှင်ယွီမှာ သူတို့နှစ်ယောက် ပြောနေသည်ကို နားထောင်ရင်း အူကြောင်ကြောင် ဖြစ်နေ၏။ သူ နားကန်းတစ်လုံးမျှ နားမလည်ပေ။
ချင်မူနှင့် သိကြားဗုဒ္ဓသည် ဆက်ဆံရေးကောင်းပုံပေါ်သော်လည်း မြင်သည်နှင့် ထကိုက်မည့် ကျားနှစ်ကောင်နှင့် တူ၏။ တစ်ယောက်နှင့်တစ်ယောက် အောက်ဖဲလှန်ရင်း မှန်ကင်းတစ်လှည့်၊ ထင်းတစ်လှည့် ဖြစ်နေကြသည်။
နောက်ဆုံးတော့ ချင်မူနှင့် သိကြားဗုဒ္ဓ တစ်ယောက်နှင့်တစ်ယောက် အောက်ဖဲလှန်နေခြင်း ရပ်သွားကြသည်။ သူတို့က တဟားဟား ရယ်မောလိုက်ကြပြီး ယခုမှ ပထမဆုံးတွေ့ဖူးသလို ပြန်တည့်သွားကြ၏။
“ဗုဒ္ဓ၊ ချီးထုပ် သယ်ထားရတုန်းလား” ချင်မူက စိုးရိမ်စိတ်ဖြင့် မေးလိုက်မိသည်။
“သယ်ထားရတုန်းပဲ”
သိကြားဗုဒ္ဓက ပြန်ဖြေ၏။ “ငါ့ကို လိုက်ဖမ်းနေတာက ဇာမဏီနတ်မင်း ဖြစ်နေတာ တော်သေးတယ်... နည်းနည်းတော့ အသက်ရှူချောင်တာပေါ့... ဒါပေမဲ့ ကောင်းကင်နတ်ဘုံက ငါ့ကို ဘယ်လိုပဲဖြစ်ဖြစ် ရအောင် သတ်ဖို့ နောက်တစ်ယောက် ထပ်လွှတ်မယ် ကြားထားတယ်... သူတို့က ဗုဒ္ဓအိုကြီးရဲ့ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ကို ငါ့ဆီက လိုချင်ကြတာလေ... အဲဒီဗုဒ္ဓအိုကြီး ငါ့ကို ပေးလိုက်တဲ့ ချီးထုပ်က တော်တော်ကောင်းတာကိုး.... ဒကာရော ဘယ်လိုလဲ”
“ပိုလို့တောင် များလာသေးတယ်” ချင်မူ ပြောလိုက်သည်။
နှစ်ယောက်လုံး တစ်အူထုံဆင်း ညီအစ်ကိုနှစ်ယောက်ပမာ တစ်ယောက်ကိုတစ်ယောက် စာနာသနားသွားကြ၏။
“ဇာမဏီနတ်မင်းက ဒီအထိ လိုက်လာခဲ့ပေမယ့် ကံကောင်းလို့ ပိုင်အိမ်တော်ရဲ့ မိန်းကလေးကြောင့် ထွက်ပြေးသွားပြီ... မဟုတ်ရင် သူ့ဖမ်းတာ ခံလိုက်ရလို့ကတော့ ငါ့ဘဝတစ်ဝက်လောက် ကျင့်ကြံအားထုတ်ခဲ့ရတာတွေ အလကား ဖြစ်သွားလိမ့်မယ်”
သိကြားဗုဒ္ဓသည် ကောင်းကင်နတ်အရှင်ယွီဆီသို့ ကြည့်၍ စပ်စု၏။ “ဒီညီလေးက ဘယ်သူများလဲ”
“သူက လန်ယွီထျန်းတဲ့”
ချင်မူက ထွေထွေထူးထူး မိတ်ဆက်ပေးမနေဘဲ ပြောလိုက်သည်။ “လောကသခင်ခန္ဓာ နောက်တစ်ယောက်ပေါ့.... အင်မတန် ထက်မြက်တယ်... တပည့်တော်အောက် မနိမ့်ကျဘူး... တပည့်တော်က သူ့ကို စောင့်ရှောက်ပြီး ကျင့်ကြံတတ်အောင် သင်ပေးဖို့ တာဝန်ရှိလို့ ခေါ်ထားရတာ... သူက ဘာမဆို သင်လွယ်တတ်လွယ်တဲ့အပြင် သူ့ရဲ့သိုင်းအခြေခံကလည်း နတ်ဘုရားလို တိုးတက်နေပြီ... ဗုဒ္ဓ၊ တပည့်တော် မဟာမြို့ပျက်ထဲက လူတွေကို သွားကယ်ပေးမလို့... ဗုဒ္ဓလည်း ဒီမှာရောက်နေတာနဲ့ အတော်ပဲ... တပည့်တော်နဲ့ လိုက်ခဲ့မလား... လန်ယွီထျန်းကိုလည်း ဗုဒ္ဓလမ်းစဉ်ရဲ့ အခြေခံသင်္ကေတအမှတ်အသားတွေ သင်ပေးလို့ရတာပေါ့”
သိကြားဗုဒ္ဓမှာ တွန့်ဆုတ်နေပြီး ပြောသည်။ “ဒကာ အခုသွားမယ့် နေရာက လူတွေနဲ့ ငါ သိလား”
ချင်မူ ခေါင်းယမ်းလိုက်၏။ “မသိပါဘူး... သူတို့က မဟာမြို့ပျက်ထဲက သာမန်ရွာသားတွေပါပဲ”
သိကြားဗုဒ္ဓ စိတ်အေးလက်အေး ဖြစ်သွားကာ ပြောလိုက်သည်။ “သတ္တဝါတွေကို ကယ်တင်ပေးဖို့က ဗုဒ္ဓရဲ့ အလုပ်ပဲ... ကိုယ်တော် ဒကာနဲ့ လိုက်ခဲ့မယ်”
ချင်မူလည်း စိတ်သက်သာရာရသွားတော့သည်။ သူတို့သုံးယောက်သား ခရီးဆက်နေကြစဉ် သိကြားဗုဒ္ဓက ကောင်းကင်နတ်အရှင်ယွီကို ဗုဒ္ဓလမ်းစဉ်၏ အခြေခံသင်္ကေတအမှတ်အသားများ သင်ပေးနေ၏။ တခဏကြာသော် သူ့မှာ တအံ့တဩ စုတ်သပ်နေတော့သည်။ “ဒကာလေးချင်၊ ဒီဒကာလေးလန်က တကယ် လောကသခင်ခန္ဓာပဲ ထင်ပါရဲ့... ဗုဒ္ဓလမ်းစဉ်ရဲ့ အခြေခံသင်္ကေတအမှတ်အသားတွေကို သူ တတ်မြောက်သွားတဲ့ အမြန်နှုန်းက ဒကာ့ထက်တောင် သာသေးတယ်”
ချင်မူ့မျက်နှာ မည်းခြစ်သွား၏။
သိကြားဗုဒ္ဓမှာ ကောင်းကင်နတ်အရှင်ယွီကို ကြည့်လေ၊ သဘောကျလေ ဖြစ်နေသည်။ “ဗုဒ္ဓအိုကြီးသာ ဒီမှာရှိလို့ကတော့ သူ့ရဲ့ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ကို ဒီဒကာလေးဆီ တန်းသင်ပေးမှာပဲ... ဘာလို့ အခြေခံသင်္ကေတအမှတ်အသားတွေပဲ သင်ပေးနေတာလဲ... ငါလည်း ဗုဒ္ဓအိုကြီးရဲ့ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ကို လေ့လာထားပြီးသားဆိုတော့ သူ့ကို သင်ပေးလိုက်မယ်လေ”
ချင်မူ ကပျာကယာ တားလိုက်ရသည်။ “မရဘူး... သင်ပေးလိုက်ရင် မျိုးကောင်းမျိုးသန့်ကို ဖျက်စီးလိုက်သလို ဖြစ်လိမ့်မယ်... သူ့ကို ဘာကျင့်စဉ်မှ မသင်ပေးရဘူး... ကောင်းကင်နတ်သိုင်းတွေလည်း မသင်ပေးရဘူး... ကောင်းကင်ရတနာတွေ၊ ကောင်းကင်နန်းဆောင်တွေ ဘာတစ်ခုမှ မသင်ပေးရဘူး... သဘောတရားကိုပဲ သင်ပေးလို့ရတယ်”
သိကြားဗုဒ္ဓမှာ နားမလည်သော်လည်း သူ တောင်းဆိုထားသည့်အတိုင်း ဗုဒ္ဓလမ်းစဉ်၏ အခြေခံသင်္ကေတအမှတ်အသားများကို ဆက်သင်ပေးနေသည်။
ဗုဒ္ဓလမ်းစဉ်၏ အခြေခံသင်္ကေတအမှတ်အသားများကို သက္ကတဟု ခေါ်ပြီး ဗြဟ္မဗုဒ္ဓ တည်ထောင်ခဲ့သော ဘာသာစကားတစ်ခု ဖြစ်သည်။ စာလုံးများနှင့် အသံနေအသံထားတို့တွင် တာအိုသဘောတရားတို့ ကိန်းဝပ်နေကာ ရှေးဟောင်းနတ်ဘုရားစာသားများနှင့် ခပ်ဆင်ဆင် တူ၏။
လန်လွီထျန်းသည် အလွန်သင်မြန်တတ်မြန်သည့်အပြင် အကြောင်းတစ်ခုမှ အကျိုးများစွာ ထုတ်နုတ်နိုင်၏။ သိကြားဗုဒ္ဓမှာ တအံ့တဩ စုပ်သပ်မဆုံး ဖြစ်နေတော့သည်။
သို့သော် မကြာခင် လန်ယွီထျန်းက အလွန်ထက်မြက်သော်လည်း အရူးနှင့် တူနေကြောင်း သိကြားဗုဒ္ဓ သတိထားမိသွားသည်။
“သူ့ဝိညာဉ်မှာ တစ်ခုခုလွတ်နေသလိုပဲ”
သိကြားဗုဒ္ဓသည် ဗဟုသုတကြွယ်ဝသူ မဟုတ်ပါ၏လော။ များစွာမကြာလိုက်ဘဲ လန်ယွီထျန်း၏ပြဿနာကို ရှာတွေ့သွားသည်။ “သူ့ဝိညာဉ်က နည်းနည်း မတည်မငြိမ် ဖြစ်နေတယ်... သူ့ရဲ့ တခြားဝိညာဉ်တွေက အပြင်မှာ ပြန့်ကြဲနေတာပါလား”
သူတို့ ရှေးဟောင်းစစ်မြေပြင်၏ အပြင်ရောက်သည့်အခါ မြေပြင်သည် ပြင်းပြင်းထန်ထန် လှုပ်ခတ်တုန်ရီလာ၏။ မြေကြီးက နှစ်ခြမ်းကွဲသွားပြီး နတ်သားရဲကြီးတစ်ကောင်၏ ကျောက်ရုပ်တုတစ်ရုပ် ထိုးထွက်လာသည်။ ကျောက်ရုပ်တုကြီးသည် မြင့်မားသထက် မြင့်မားလာပြီး မြေကြီးထဲမှ မြေအောက်ရေများ စိမ့်ထွက်လာ၏။ ရေများက များသထက် များလာကာ မကြာမီတွင် သူတို့အရှေ့၌ မြစ်ကြီးတစ်စင်း ဖွဲ့တည်သွားတော့သည်။
ထိုအချိန်တွင် နတ်သားရဲကြီး၏ ကျောက်ရုပ်တုမှာ ရေထဲတွင် တစ်ဝက်မြုပ်၍ တစ်ဝက်ပေါ်နေသည်။
“နတ်ဘုရားတစ်ပိုင်း၊ ရေချီလင်”
ချင်မူ ခြေလှမ်းများကို ရပ်လိုက်ပြီး ထိုနတ်ဘုရားတစ်ပိုင်း၏ ကျောက်ရုပ်တုက လျင်မြန်စွာ ပြောင်းလဲနေကြောင်း မြင်လိုက်ရဿည်။ သူ့ကိုယ်ပေါ်ရှိ ကျောက်သားများ ပျောက်ကွယ်ကာ အသွေးအသားအဖြစ် ပြောင်းလဲနေ၏။
ရေချီလင်က ခေါင်းယမ်း၍ ကိုယ်ပေါ်ရှိ လည်ဆံမွှေးများကို လှုပ်ခတ်လိုက်သည်။ ထို့နောက် ရေပြင်ကို နင်း၍ ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။ ၎င်းအောက်ရှိ မြစ်ကြီးကလည်း နတ်ဘုရားတစ်ပိုင်းနှင့်အတူ မြောက်တက်ကာ သူ့ခြေထောက်အောက်သို့ ရောက်သွားသည်။
ရေချီလင်သည် လေလယ်ရှိ မြစ်ပြင်ထက်၌ ရပ်နေပြီး သူ့ခန္ဓာကိုယ်ပေါ်၌ လှိုင်းဂယက်များ ဖြာထွက်လာသည်။ နောက်တခဏတွင် ၎င်းက မတ်တပ်ရပ်၍ ချီလင်ခေါင်း၊ လူကိုယ်ရှိသော နတ်ဘုရားတစ်ပိုင်းအသွင် ပြောင်းသွား၏။ သူ့ကိုယ်ပေါ်ရှိ လည်ဆံမွှေးများက အပြာရောင်ဝတ်ရုံ ဖြစ်လာပြီး သူ၏အရှိန်အဝါမှာ ပြင်းထန်ကြမ်းတမ်းနေသည်။
“အမိကမ္ဘာမြေ ငါ့ကို ဆင့်ခေါ်နေတယ်... မြန်မြန်သွားရမယ်”
ရေချီလင်၏ အမွှေးဖွားဖွား နားရွက်များ လှုပ်ခတ်သွားကာ သူက ထွက်ခွာတော့မည့်အချိန် မျက်ဝန်းထောင့်စွန်းမှ ချင်မူတို့ကို လှမ်းမြင်လိုက်၍ ပြုံးလိုက်သည်။ “အခုအချိန်အထိ အိပ်ပျော်နေခဲ့တော့ မစားရတာ ကြာပြီ... ဒီလူသားသုံးယောက်က နည်းနည်းသေးပေမယ့် ဗိုက်ဝဖို့တော့ လုံလောက်ပါတယ်”
သူက ကောင်းကင်ထက်မှ ဆင်း၍ ချင်မူတို့ဆီ ပျံသန်းလာသည်။ ရေလှိုင်းထိန်းချုပ်ခြင်းက သူ၏သဘာဝစွမ်းရည် ဖြစ်သည့်အတွက် မြစ်ရေများက သူ့ခြေထောက်အောက်၌ တဝုန်းဝုန်း အုံကြွနေ၏။
ဤရေချီလင်သည် လူတစ်ပိုင်း၊ နတ်ဘုရားတစ်ပိုင်းအသွင် ဖွဲ့တည်နိုင်ရာ နတ်ဘုရားတစ်ပိုင်းများအကြား၌ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်လိမ့်မည်။ ကောင်းကင်ရတနာကျင့်စဉ်စနစ်ကိုလည်း ကျင့်ကြံထားလိမ့်မည်။
ရေလှိုင်းလုံးကြီးက အားကောင်းပြင်းထန်စွာ လိမ့်ဆင်းလာသည်။ ရေကောင်းကင်နတ်သိုင်းတွင် ဤနတ်ဘုရားတစ်ပိုင်း၏ စွမ်းရည်က မျက်ကန်းနှင့် နီးကပ်၏။
ချင်မူ သိကြားဗုဒ္ဓဆီသို့ ကြည့်လိုက်သည့်အခါ သိကြားဗုဒ္ဓက နတ်ဘုရားတစ်ပိုင်းကို အာရုံမရှိဘဲ ကောင်းကင်နတ်အရှင်ယွီကို သင်ပေးနေသည်။
ချင်မူမှာ ကူကယ်ရာမဲ့သွားတော့သည်။ သူက လက်တစ်ချောင်း ဆန့်ထုတ်၍ ဓားစက်လုံးကို စေစားကာ မြစ်ကြီးကို ရင်ဆိုင်လိုက်သည်။
ဓားစက်လုံးသည် မြစ်ဆီသို့ ပြေးဝင်သွားပြီး ဓားရောင်တစ်ချက်နှင့်အတူ မြစ်ရေလှိုင်းအား နှစ်ခြမ်းခွဲလိုက်၏။ မြစ်ကြီးက သူတို့သုံးယောက်ကို ဖြတ်ကျော်၍ စီးဆင်းသွားလေသည်။
“အမ် ကောင်းကင်နတ်သိုင်းပညာရှင်ပါလား”
ရေချီလင်နတ်ဘုရားတစ်ပိုင်းက အပြုံးတစ်ခုဖြင့် ပြောသည်။ “အစွမ်းအစက မဆိုးဘူး.. ဒါပေမဲ့ အဲဒီထက် မပိုနိုင်တော့တာ နှမြောစရာပဲ”
နှစ်ခြမ်းကွဲသွားသည့် မြစ်ကြီးက လှည့်ပတ်ပြီး သူတို့ကို ဝန်းရံလိုက်သည်။ တဝုန်းဝုန်း ထကြွနေသော ရေများအတွင်း၌ သာမန်မျက်စိဖြင့် မမြင်ရသော ရေဓားများ ငုပ်လျှိုးနေ၏။
မြစ်ရေသည် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းအောင် လေးလံနေပြီး မြစ်ကြီး၏အလေးချိန်က ဗုဒ္ဓစွမ်းအင်သတ္ထုအနီများဖြင့် သွန်းလုပ်ထားသော ချင်မူ၏ဓားစက်လုံးထက်ပင် လေးလံသည်။ ဤမျှလေးလံသည့် ရေများကို ထိန်းချုပ်နိုင်သည့်ပုံအရ ရေချီလင်၏ မှော်စွမ်းအင်ကား လူသားကောင်းကင်နတ်သိုင်းပညာရှင်များထက် များစွာအားကောင်းလိမ့်မည်။
ချင်မူ့အမူအရာ လေးနက်သွားသည်။ သူ လက်သီးဆုပ် ဖြေလိုက်သည့်အခါ ဓားစက်လုံးက ဓားပျံများအဖြစ် ကွဲထွက်သွားပြီး သူ့ကို လှည့်ပတ်နေ၏။ သူက ဓားပျံများကို ရှေ့သို့ထိုးစိုက်လျက် မြစ်ထဲ၌ တိမ်မြုပ်နေသည့် ရေဓားများကို ဖျက်စီးလိုက်သည်။
ထိုရေချီလင်၏ မှော်စွမ်းအင်က တုန်ခါလှိုင်းများဖြင့် ချင်မူ၏ချီစွမ်းအားကို ပြန့်ကြွဲသွားစေသည်။ သူ၏စွမ်းအားကြောင့် ချင်မူ ထိတ်လန့်သွား၏။
နဂါးဟန်ခေတ်၏ ပထမနှစ်တွင် နဂါးသွဲ့ရေကန်ရှိ နတ်ဘုရားတစ်ပိုင်းများနှင့် တိုက်ခိုက်ခဲ့တုန်းက ချင်မူအနေဖြင့် ကောင်းကင်နတ်အရှင်ဟောင်၏ ဘက်တော်သားများအား သတ်ဖြတ်ခဲ့ဖူး၏။ ထိုစဉ်အခါက နတ်ဘုရားတစ်ပိုင်းများမှာ ကောင်းကင်ရတနာကျင့်စဉ်စနစ်ကို မကျင့်ကြရသေးပေ။ ကောင်းကင်နတ်အရှင်ဟောင်က နတ်ဘုရားတစ်ပိုင်းများ လူသားများအသွင် ပြောင်းလဲနိုင်သော ပြဿနာကိုသာ ဖြေရှင်းပေးရသေးသည်။
အခြားတစ်ဖက်တွင် ဤရေချီလင်နတ်ဘုရားတစ်ပိုင်းသည် ချုံဧကရာဇ်ခေတ်အတွင်းက နတ်သားရဲတစ်ကောင် ဖြစ်၏။ ထိုခေတ်တွင် နတ်ဘုရားတစ်ပိုင်းတို့၏ ကျင့်စဉ်စနစ်မှာ ပြည့်စုံသွားခဲ့ပြီးဖြစ်သည့်အတွက် သူတို့၏မှော်စွမ်းအင်ဖြစ်စေ၊ ရုပ်ခန္ဓာဖြစ်စေ လူသားမျိုးနွယ်ထက် များစွာသာလွန်ပေသည်။ သူတို့က အလွန်တရာ ကြောက်စရာကောင်းသော ပြိုင်ဘက်များ ဖြစ်ကြ၏။
ရေချီလင်က ချင်မူ သူ့သိုင်းကွက်များကို နှစ်ခါတားလိုက်နိုင်မှန်း မြင်လျှင် အံ့အားသင့်သွားသည်။ သူက ရုတ်တရက် မြစ်ကြီးကို လက်နှစ်ဖက်ဖြင့် လှမ်းဆွဲ၍ ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။ ရေများက ကြာပွတ်သဖွယ် ဖွဲ့တည်သွားကာ ချင်မူ့အပေါ် ရိုက်ချလိုက်၏။
“မင်းရဲ့ အစွမ်းအစတွေက မဆိုးသလို၊ ငါ့အောက် သိပ်မနိမ့်ကျဘူး... ရှားတယ်... သိပ်ရှားတယ်... နှစ်ပေါင်းများစွာ ငုပ်လျှိုးနေခဲ့ရပြီးနောက်မှာ နိုးလာလာချင်း ငါ့အစွမ်းအစတွေ ပြသခွင့်ပေးမယ့် သိုင်းပညာရှင်တစ်ယောက်နဲ့ တွေ့ရဖို့ အင်မတန် ရှားတယ်”
ချင်မူက ကောင်းကင်သို့ ပျံတက်၍ ကြာပွတ်ကို ထိပ်တိုက်ရင်ဆိုင်ရင်း နတ်ဘုရားတစ်ပိုင်းဆီသို့ ပြေးဝင်သွားသည်။ လည်နေသော ဓားပျံများသည် ကြာပွတ်ကို ခုတ်ဖြတ်လိုက်သဖြင့် ရေများ အရပ်လေးမျက်နှာတစ်ခွင် လွင့်စင်ပြန့်ကြဲသွား၏။ ပြင်းထန်အားကောင်းသည့် ရေလှိုင်းကြီးများက သူတို့အနားပတ်ဝန်းကျင်ရှိ တောအုပ်များအပေါ် ရွာကျသွားတော့သည်။
ချင်မူက ရေကြာပွတ်ကို ဖြိုခွင်းလျက် တရှိန်ထိုး ပြေးနေသည်။ သူကား ရေချီလင်နတ်ဘုရားတစ်ပိုင်း၏အရှေ့သို့ ရောက်လာချေပြီ။
ရေချီလင်နတ်ဘုရားတစ်ပိုင်းမှာ အံ့အားသင့်သွားပြီး ကပျာကယာ နောက်ဆုတ်သည်။ ရေလှိုင်းများက မြောက်တက်လာပြီး သူ့မျက်နှာဆီ ပြေးဝင်လာနေသော ချင်မူ့အား ကာဆီးလိုက်၏။
ဘုန်း ဘုန်း ဘုန်း
ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး ရေလှိုင်းများ ပေါက်ကွဲကုန်၏။ နောက်ဆုံးရေလှိုင်း ပေါက်ကွဲသွားသည့်အခါ ဓားပျံများက နတ်ဘုရားတစ်ပိုင်း၏ ခန္ဓာကိုယ်ထဲ စိုက်ဝင်၍ သူ့အား အနောက်ရှိ ကမ်းပါးနံရံတွင် ထိုးချိတ်လိုက်သည်။
ဘုန်း
ခပ်အုပ်အုပ်အသံများ ဆူညံသွားပြီး နတ်ဘုရားတစ်ပိုင်းမှာ ကမ်းပါးနံရံနှင့် ဝင်ဆောင့်သွား၏။ သူ ကမ်းပါးနံရံမှ ဆင်းလာတော့သည့်အချိန် ချင်မူ့လက်က သူ့မျက်နှာအပေါ် ဖိလိုက်သည်။ သူက လက်ဝါးထဲ၌ အားထည့်လိုက်၍ နတ်ဘုရားတစ်ပိုင်း၏ခေါင်းမှာ တောင်ထဲ နစ်ဝင်သွားလေသည်။
တောင်မှာ တို့ဖူးသားဖြင့် ဖွဲ့တည်ထားသည့်အလား သူ့ခေါင်းက တောင်အထဲသို့ လွယ်ကူစွာ နစ်ဝင်သွား၏။ သူ၏အမြီးတုတ်တုတ်ကြီးသာ အပြင်၌ ကျန်ခဲ့သည်။
ချင်မူက အမြီးကို ဆွဲ၍ အတင်းဆွဲထုတ်ပြီး သူ့ကို ကိုင်မြှောက်ကာ အောက်သို့ ရိုက်ချလိုက်သည်။
မြေကြီးတစ်ခုလုံး တသိမ့်သိမ့် လှုပ်ခတ်သွားကာ နတ်ဘုရားတစ်ပိုင်းမှာ တွင်းနက်ကြီးထဲသို့ ကျသွားတော့သည်။ နတ်ဘုရားတစ်ပိုင်းက မသေသေးဘဲ ကပျာကယာ ထရပ်သည်။ ချင်မူ့လက်ငါးချောင်းက လေအပေါ် ဖိချလိုက်သည်။ “သံလိုက် လက်ငါးချောင်း တောင်”
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း
မြင့်းမိုရ်တောင် ပိကျလာသကဲ့သို့ ပေါက်ကွဲသံငါးချက် မြည်ဟည်းလာသည်။ မြေပြင်မှာ ဂျိုးဂျိုးဂျိမ့်ဂျိမ့် တုန်ခါသွားပြီး အောက်သို့ နိမ့်ဆင်းသွား၏။ တွင်းထဲ၌ ဒူးထောက်၍ ရပ်ရန် ပြင်နေသော နတ်ဘုရားလည်း အတွင်းထဲသို့ ထပ်နိမ့်ဆင်းသွားသည်။ ဖိအားကြောင့် သူ့ရုပ်ခန္ဓာမှ သွေးများ ယိုစီးကျလာသည်။ သူ့မှာ မတတ်သာတော့ဘဲ ပုံစံအစစ်သို့ ပြန်လည်ပြောင်းကာ အော်ဟစ်နေသည်။ “အညံ့ခံပါတယ် မသတ်ပါနဲ့”
ချင်မူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည့်အခါ ဓားပျံများက ဓားစက်လုံးအတွင်း ဝင်ရောက်လာသည်။ ဓားစက်လုံးက သူ့ထောင်ကျယ်အိတ်ထဲ ပျံသန်းသွားလေသည်။
သိကြားဗုဒ္ဓက ကောင်းကင်နတ်အရှင်ယွီကို ခေါ်လာပြီး အပြုံးတစ်ခုဖြင့် ပြော၏။ “ဒကာရဲ့အစွမ်းအစတွေ အတော်လေး တိုးတက်လာတာပဲ... အဲဒီ လက်ငါးချောင်းတောင် ဆိုတာ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းလား”
“ဟုတ်တယ် ဘွားဘွားဆီက သံလိုက်သင်္ကေတအမှတ်အသားတွေကို လေ့လာမိတုန်းက ဖန်တီးလိုက်တဲ့ သံလိုက်ကောင်းကင်နတ်သိုင်းပါ”
ချင်မူက တွင်းထဲရှိ နတ်ဘုရားတစ်ပိုင်းဆီသို့ ကြည့်၍ မေးမြန်းသည်။ “စောစောက အမိကမ္ဘာမြေ ခင်ဗျားတို့တွေကို ဆင့်ခေါ်နေတယ်လို့ ခင်ဗျား ပြောခဲ့တယ်... အမိကမ္ဘာမြေက သေသွားပြီမဟုတ်ဘူးလား”
ရေချီလင်မှာ ဖိအားကြောင့် မလှုပ်နိုင်ဖြစ်နေရာမှ အော်လိုက်သည်။ “အမိကမ္ဘာမြေက ဘယ်လိုလုပ် အဲဒီလောက်လွယ်လွယ် အသတ်ခံရမှာလဲ... ငါ အိပ်ပျော်နေရာက နိုးလာတုန်းက အမိကမ္ဘာမြေ ဆင့်ခေါ်နေတာကို ပြတ်ပြတ်သားသား ကြားခဲ့ရတယ်... ငါ့အပြင် ကျန်တဲ့နတ်ဘုရားတစ်ပိုင်းအားလုံးလည်း သူ့ခေါ်သံကို ကြားရလိမ့်မယ်”
ချင်မူ မဆိုစလောက် မျက်မှောင်ကြုတ်သွား၏။ “နတ်ဘုရားတစ်ပိုင်းအားလုံး ဟုတ်လား”
ရုတ်တရက် သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်ကို ဖုံးလွှမ်းလျက် ဖြတ်သန်းနေကြသော ရွှေရောင်အလင်းတန်းများအား မြင်လိုက်ရသည်။ ယင်းကား ဧရာမခန္ဓာကိုယ်ကြီးများ ရှိသည့် ငှက်ခေါင်းနတ်ဘုရားတစ်ပိုင်းအဖွဲ့ ဖြစ်၏။ သူတို့၏တောင်ပံများသည် ကောင်းကင်တစ်လျှောက် ဆန့်တန်းနေကြပြီး အလျင်ကား အလွန်မြန်လေသည်။
နောက်တခဏတွင် တောအုပ်တစ်အုပ်စလုံး တသိမ့်သိမ့် လှုပ်ခတ်သွားသည်။ တောအုပ်ထဲတွင် ဧရာမသားရဲကြီးများက တူညီသောလားရာဘက်သို့ တရှိန်ထိုး ပြေးနေကြချေ၏။