← Chapters

မသင်္ကာစရာကောင်းသူ

Vol. 139 Ch. 1930

မသင်္ကာစရာကောင်းသူ

Vol. 139 Ch. 1930

အင်အားတစ်သန်းစစ်တပ်သည် ပျံသန်း၍ မသွားနိုင်ပေ။ ဤနေရာက အသူရာတောင်နှင့် အလွန်ဝေးသည်။ ဘော်ကြော့နေခဲ့သော သခင်လေးများနှင့် သခင်မလေးများကလည်း ပျံသန်း၍ မသွားနိုင်လောက်ပါ။ ကောင်းကင်ကြယ်စုဘုံမှနေ၍ အသူရာတောင်သို့ရောက်ရန် အနည်းဆုံး ဆယ်ရက်မှ လဝက်ကြာအောင် ပျံသန်းရမည်ဖြစ်သည်။ သခင်လေးများ၊ သခင်မလေးများ ဒဏ်ခံနိုင်မည် မဟုတ်ပါ။

ဟွင့်သွမ့်နတ်ဘုရားလှေ အစီးတစ်ရာကျော်က အရှေ့မြောက်ဘက်သို့ ပျံသန်းနေ၏။ ကောင်းကင်ကြယ်စုဘုံ၏ အနောက်မြောက်ဘက်တွင် တမလွန်ဘုံမျိုးနွယ်က ထိန်းချုပ်ထားသော ဘုံကြီးတစ်ဘုံရှိသည်။ ထို့ကြောင့် သူတို့ ကွေ့ပတ်၍ သွားရပေမည်။

တောက်လန်က ရှေ့ဆုံးမှနေ၏။ ထောက်လှမ်းရေးများစွာကိုလည်း အရှေ့ ကီလိုမီတာငါးသန်းအကွာအထိ ပို့ထားသည်။ ခွမ်မျိုးနွယ်မှ အကြီးအကဲခွမ်လူက နောက်ဆုံးတွင်နေ၍ တမလွန်ဘုံမျိုးနွယ်ဝင်များ သူတို့ကို မထောက်လှမ်းမိရန် တာဝန်ယူသည်။ တပ်သားတစ်သန်းလည်း ရှိနေရာ လူသားမျိုးနွယ်၏ ထိပ်တန်းမျိုးဆက်သစ် အယောက်နှစ်ဆယ်ကျော်သည် ဘေးကင်းမှု ရှိပေသည်။ အနာဂတ်တွင် လူသားမျိုးနွယ်က ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား တစ်ယောက်၊ နှစ်ယောက် မွေးထုတ်နိုင်၊ မထုတ်နိုင်မှာ ထိုလူအယောက်နှစ်ဆယ်ကျော်အပေါ်တွင် မူတည်ပေသည်။

လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့လည်း လိုက်လာကြသည်။ ထိုနှစ်ယောက် ထပ်တိုးလာသဖြင့် ခွမ်ဟူ၊ ယန်ချီနှင့် အခြားသူများ ဖိအားကို ခံစားလာရလေသည်။

ထိုနှစ်ယောက်က အလွန်စွမ်းအားကြီးသည်။ အထူးသဖြင့် လင်းဖေးရှန်းပင်။ သူမ၏ တိုက်ခိုက်စွမ်းအားက တောက်လန်၊ ခွမ်ဟူနှင့် ယန်ချီတို့၏ တိုက်ခိုက်စွမ်းအားထက်ပင် ပိုကြီးနိုင်သည်။

ဧကရာဇ်ငယ်ရွေက အတန်ငယ် ပိုအားနည်းသည်။ သို့သော် သူက အမြဲနွေးထွေးစွာ ပြုံးနေ၍ အန္တရာယ်မရှိသူတစ်ယောက်ဟု ထင်ရသည်။ ထိုကဲ့သို့သော သူမျိုးက ကြောက်စရာအကောင်းဆုံးပင်။ သူ ဘာကိုတွေးနေကြောင်း မည်သူမှ မသိနိုင်။

စစ်တပ်က တစ်စုတစ်‌ဝေးတည်း ရှိနေပြီး သတိမပြတ် ထားထားကြသည်။ စစ်တပ်အလယ်ရှိ ဟွင့်သွမ့်နတ်ဘုရားလှေ ဆယ်စီးကျော်မှာလည်း အလွန်အေးချမ်းနေသည်။ အချိန်ကြာလာသောအခါ ထိုသခင်လေးများနှင့် သခင်မလေးများသည် မကျင့်ကြံနိုင်ကြတော့ဘဲ စားသောက်ပွဲများ ကျင်းပကာ စကားစမြည်များပြော၊ လက်ရှိအခြေအနေအကြောင်းကို ဆွေးနွေး၊ ကောင်းကင်ဘုံခုံရုံး၏ အကြောင်းများကို ဝေမျှ၊ သိုင်းသမားနှင့် အနှစ်သာရများအကြောင်းကို ဆွေးနွေးလျက် ရှိကြသည်။ အားလုံး အလွန်ဝမ်းမြောက်နေကြသည်။

ဟွင့်သွမ့်နတ်ဘုရားလှေများအားလုံးမှာ ထိပ်တန်းအဆင့်များဖြစ်ကြပြီး အလွန်လျင်မြန်ကြသည်။ ၎င်းတို့၏ အမြန်နှုန်းက တောက်လန်၏ အမြန်နှုန်းထက် မနှေးပေ။

သို့သော် လုံခြုံရေးအရ ထောက်လှမ်းရေးများကို အရင်ထောက်လှမ်းစေ၍ တောက်လန်က နောက်မှ ဖြည်းဖြည်းချင်းလိုက်သည်။ ထို့ကြောင့် သူတို့ အသူရာတောင်သို့ ရောက်ရန် အနည်းဆုံး ရက်နှစ်ဆယ်လိုအပ်လိမ့်မည်ဟု သူ တွက်ချက်ထားသည်။

တောက်လန်သည် ကျန်းရီက ကောင်းကင်ဘုံခုံရုံးအား ယူသွားမည်ကို မစိုးရိမ်ပါ။ မိုးပြာမဟာဧကရာဇ်က အသူရာတောင်သို့ သွားကြောင်းကို မည်သူမှ မသိရာ ကျန်းရီလည်း မခန့်မှန်းနိုင်လောက်သည် မဟုတ်ပါလား။

ကျန်းရီက မြေဘုံသို့ ပြန်သွားသည်။ မျိုးနွယ်အားလုံးသည် မိုးပြာမဟာဧကရာဇ်က ကျန်းရီနှင့် တိုက်ခိုက်ခဲ့သော်လည်း ကျန်းရီကို မသတ်နိုင်ခဲ့ကြောင်း သတင်းရထားပြီးဖြစ်သည်။ မည်သူကမှ အတွင်းသတင်းများကို မသိသော်လည်း ကိစ္စတစ်ခုကိုတော့ သေချာသည်။ ကျန်းရီက လူတစ်စုကိုခေါ်၍ အဝေးသို့ ထွက်သွားခဲ့သည်။ သို့ဖြစ်ရာ သူ အချိန်တစ်ခုအတွင်း ပြန်ပေါ်မလာလောက်သေးပေ။ သူက သူနှင့်အတူ လူများစွာ ခေါ်သွားသည် မဟုတ်ပါလား။

အရေးအကြီးဆုံးမှာ လူများစွာသည် မိုးပြာမဟာဧကရာဇ်က အသူရာတောင်တွင် ရှိနေကြောင်း လျှို့ဝှက်သတင်း ရထားခြင်းပင်။ ထို့ကြောင့် အားလုံး စိတ်အေးနေကြသည်။ မိုးပြာမဟာဧကရာဇ် ရှိနေလျှင် ကျန်းရီက မည်သို့မှ လုပ်နိုင်မည် မဟုတ်ပါ။ အကယ်၍ သူ ထွက်ပေါ်လာဝံ့လျှင် မိုးပြာမဟာဧကရာဇ်က သူ့ကို လွှတ်ပေးတော့မည် မဟုတ်ချေ။

ဟယ်နုန်ယင်းက စားသောက်ပွဲတိုင်းကို တက်ကာ အားလုံးကို အံ့အားသင့်စေခဲ့သည်။ သို့သော် သူမ စကားများစွာ မပြောပါ။ သူမသည် တိတ်တဆိတ်သာထိုင်၍ သခင်လေးများ အာပေါင်အာရင်းသန်သန်နှင့် ပြောနေသော စကားများ၊ သခင်မလေးများ၏ ချစ်စဖွယ်ရယ်သံလေးများကိုသာ နားထောင်နေသည်။ သူမသည် စည်ကားနေသော မြို့တစ်မြို့အလယ်တွင် ရပ်နေသော တစ္ဆေတစ်ကောင်ကဲ့သို့ လူများကို အေးစက်စက်ခံစားချက် ပေးနေသည်။ သို့သော် ယင်းကပင် သူမကို ဆွဲဆောင်မှုရှိကာ ထူးခြားစေခြင်းဖြစ်သည်။

တစ်ရက်၊ နှစ်ရက်၊ ငါးရက်...

လမ်းခရီးက အလွန်အေးချမ်းနေသည်။ တပ်ဖွဲ့အများစုက တမလွန်ဘုံမျိုးနွယ် လွှမ်းမိုးနိုင်သော အဝန်းအဝိုင်းနှင့် ဝေးနေပြီဖြစ်သည်။ မြောက်ဘက်တွင် ဗလာဟင်းလင်းပြင်ကြီးသာ ရှိသည်။ ထိုဟင်းလင်းပြင်ကြီးထဲ၌ ဆန်းကြယ်နယ်မြေများမှာလည်း ဟိုတစ်ခု၊ သည်တစ်ခု အနည်းငယ်သာ။

တမလွန်ဘုံမျိုးနွယ်က ထိုအပိုင်းတွင် ထောက်လှမ်းရေးများ ထားခဲသည်။ ထို့ကြောင့် သခင်လေးများနှင့် သခင်မလေးများက အလွန်စိတ်အေးနေကြသည်။ ယခု သူတို့သည် အသူရာတောင်သို့ ရောက်သည်အထိ စောင့်၍ ကောင်းကင်ဘုံခုံရုံးအတွက် ယှဉ်ပြိုင်ကြရုံသာ။

သို့သော် မိမိကိုယ်ကိုယ် လုံခြုံဘေးကင်းသည်ဟု ထင်လေလေ၊ တစ်စုံတစ်ခု လွဲမှားသွားရန် ပိုလွယ်လာလေလေပင်။

နောက်ထပ် နေ့တစ်ဝက်ကြာ ပျံသန်းပြီးနောက် ဟွင့်သွမ့်နတ်ဘုရားလှေများထဲရှိ စစ်သူကြီးအားလုံး၏ လက်ထဲမှ ကျောက်စိမ်းအဆောင်များက တစ်ချိန်တည်းတွင် လင်းလက်လာ၏။ သူတို့အရှေ့တွင် တမလွန်ဘုံမျိုးနွယ်စစ်တပ်တစ်တပ် ပေါ်လာသည်။ ထိုစစ်တပ်တွင် အင်အားသုံးသိန်းနီးပါးရှိသည်။ ထို့ပြင် တမလွန်ဘုံဘုရင်တစ်ပါးလည်း ပါလာပေသည်။ တောက်လန်သည် စစ်တပ်တစ်တပ်လုံးကို တိုက်ခိုက်စေလိုက်၏။ တမလွန်ဘုံမျိုးနွယ်ဝင် တစ်‌ယောက်မှ လွတ်သွား၍ မဖြစ်ပေ။

ဝှစ်...ဝှစ်...ဝှစ်...

ဟွင့်သွမ့်နတ်ဘုရားလှေထဲမှ တပ်သားအားလုံး လှုပ်ရှားလိုက်ကြ၏။ ခွမ်ဟူ၊ ဟယ်နုန်ယင်းနှင့် အခြားသူများလည်း လှုပ်ရှားလိုက်ကြသည်။ ကောင်းကင်ဘုံခုံရုံးသို့သွားသည့် ဤခရီးကို လျှို့ဝှက်ထားမှရမည်။ မဟုတ်လျှင် သူတို့ တမလွန်ဘုံမျိုးနွယ်၏ အလစ်ဝင်တိုက်မှုကို ခံရနိုင်သည်။ ထိုအခါ အားလုံး သေရပေလိမ့်မည်။ ထို့ကြောင့် တမလွန်ဘုံမျိုးနွယ်ဝင် သုံးသိန်းတွင် တစ်ယောက်မှ လွတ်သွားစေ၍ မဖြစ်ပေ။

အင်အားတစ်သန်းစစ်တပ်သည် ဧရာမပိုက်ကွန်ကြီးသဖွယ် တမလွန်ဘုံမျိုးနွယ်ဝင်များကို ဝိုင်းရံလိုက်ကြ၏။ ထို့နောက် ရုတ်ခြည်းပင် သတ်ဖြတ်မှု စတင်လေသည်။ တမလွန်ဘုံမျိုးနွယ်ဝင်များက သူတို့ကို ပစ်မှတ်ထားကာ ရောက်လာခြင်း မဟုတ်ကြောင်း ထင်ရှားသည်။ မဟုတ်လျှင် အင်အားသုံးသိန်းတည်း ပါလာမည် မဟုတ်ပါ။ ထို့ပြင် စွမ်းအားကြီးသူများမှာလည်း အနည်းငယ်သာ ပါပေသည်။

ထိုတမလွန်ဘုံဘုရင်သည် လူသားများက သူတို့ကို ဤနေရာတွင် တမင်စောင့်နေခြင်းဟု ထင်၏။ ထို့ကြောင့် သူ တစ်တပ်လုံးကို ချက်ချင်း ထွက်ပြေးရန် အမိန့်ပေးလိုက်သည်။ တိုက်ပွဲမှာ စရုံသာ ရှိသေးသော်လည်း တမလွန်ဘုံမျိုးနွယ်စစ်တပ်က ဖရိုဖရဲ ဖြစ်သွားပေပြီ။

တောက်လန်နှင့် ခွမ်လူတို့ တုန်လှုပ်သွားကြသည်။ သူတို့သည် တမလွန်ဘုံဘုရင်ကို သတ်ပြီးသည်နှင့် ချက်ချင်းပင် တပ်သားတစ်သိန်းကို အနောက်ဘက်လမ်းကြောင်းအား ပိတ်ဆို့ထားရန် အမိန့်ပေးလိုက်သည်။ ထိုတမလွန်ဘုံမျိုးနွယ်ဝင်များကို ထွက်ပြေးခွင့်ပေး၍ မဖြစ်ပေ။

တောက်လန်သည် ခွမ်လူနှင့် အခြားသူများကို သူတို့၏ တပ်ဖွဲ့များကို ဦး‌ဆောင်၍ တမလွန်ဘုံမျိုးနွယ်ဝင်များကို လိုက်သတ်ရန် ပြောလိုက်၏။ သူတို့ တမလွန်ဘုံမျိုးနွယ်ဝင် အယောက်တိုင်းကို ရေတွက်ထားရမည်။ တစ်ယောက်မှ လွတ်သွား၍ မဖြစ်ပါ။

တပ်သားတစ်သိန်းက ဧရာမပိုက်ကွန်ကြီးသဖွယ် ထွက်ပြေးနေကြသော တမလွန်ဘုံမျိုးနွယ်ဝင်များကို ဆီးတားထား၏။ ခွမ်ဟူ၊ ယန်ချီ၊ ဟယ်နုန်ယင်းနှင့် အခြား သခင်လေးများနှင့် သခင်မလေးများသည်လည်း တပ်ဖွဲ့တစ်ဖွဲ့စီ ဦးဆောင်ကာ အရပ်မျက်နှာအနှံ့သို့ သွား၍ ထွက်ပြေးရန် ကြိုးစားနေကြသော တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို သတ်ပစ်လိုက်ကြလေသည်။

ယခုတွင် အစွမ်းထုတ်ပြရန် အခွင့်အရေးတစ်ခု ရပြီဖြစ်ရာ သခင်လေးများနှင့် သခင်မလေးများသည် သူ့ထက်ငါ ကြိုးစားကြတော့သည်။ အားလုံး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြသည်။ ထို့ကြောင့် တမလွန်ဘုံမျိုးနွယ်ဝင်များကို အလွန်လျင်မြန်စွာ ရှင်းပစ်နိုင်လိုက်ပေသည်။ နေ့တစ်ဝက်အတွင်းမှာပင် တပ်ဖွဲ့အသီးသီးသည် ကီလိုမီတာ သန်းဆယ်ချီ အဝန်းအဝိုင်းအတွင်း ဖြန့်ကျက်သွားသည်။ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံး အသတ်ခံလိုက်ရသည်။

တောက်လန်မှာ စိုးရိမ်နေဆဲပင်။ ထို့ကြောင့် သူ ခွမ်ဟူနှင့် အခြားသူများကို ဆက်ဖြန့်ကျက်စေ၍ လွတ်သွားသော တမလွန်ဘုံမျိုးနွယ်ဝင်များ ရှိမရှိ လိုက်ရှာခိုင်းလိုက်သည်။ သူတို့ အမှားမရှိအောင် အထပ်ထပ် စစ်ဆေးရပေမည်။ အချိန်အနည်းငယ် ဖြုန်းလိုက်ရခြင်းက ကိစ္စမရှိပါ။ သို့သော် သူတို့ အသူရာတောင်သို့ သွားနေသည်ဆိုသော သတင်းသာ ပေါက်ကြားသွားလျှင် ပြဿနာအကြီးအကျယ် တက်ပေလိမ့်မည်။

တောက်လန်သည် တမလွန်ဘုံမျိုးနွယ်စစ်တပ်ဘက်မှ တပ်မှူးတစ်ယောက်ကို ဖမ်း၍ ၎င်း၏ စိတ်ဝိညာဉ်ကို ရှာကာ စစ်တပ်တွင် ပါလာသော တမလွန်ဘုံမျိုးနွယ်ဝင် အရေအတွက် အတိအကျကို အတည်ပြုလိုက်သည်။ ထို့ပြင် အဘယ်ကြောင့် တမလွန်ဘုံမျိုးနွယ်စစ်တပ်က ဤနေရာတွင် ရှိနေရကြောင်းကိုလည်း သူ သိသွားသည်။

ဤနေရာနှင့် အနီးတွင် ဆန်းကြယ်နယ်မြေတစ်ခု ရှိသည်။ ထိုဆန်းကြယ်နယ်မြေထဲ၌ ရှားပါးသော ဝိညာဉ်ဆေးပင်တစ်ပင် ရှိ၏။ ၎င်းဆေးပင်က လူသားမျိုးနွယ်အတွက် များစွာအသုံးမဝင်သော်လည်း တမလွန်ဘုံ တော်ဝင်မိသားစုဝင်များ၏ ကျင့်ကြံခြင်းအတွက်မူ အလွန်အရေးပါပေသည်။ ထို့ကြောင့် သိန်းချီသော တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တမလွန်ဘုံဘုရင်တစ်ပါးက ထိုဆေးပင်ကို လာခူးကြခြင်းပင်။

တောက်လန်တို့ အလွန်ကံကောင်း၏။

တမလွန်ဘုံမျိုးနွယ်ဝင်များ၏ အလောင်းအရေအတွက်ကို တင်ပြလာသောအခါ ရှိခဲ့သော အရေအတွက်နှင့် ကိုက်ညီနေသည်။ တစ်ယောက်မှ လွတ်မသွားခဲ့ပါ။ ထို့ကြောင့် လူသားများက အသူရာတောင်သို့ သွားနေသော သတင်းမှာ ပေါက်ကြားသွားတော့မည် မဟုတ်ပေ။ တမလွန်ဘုံမျိုးနွယ်စစ်တပ်က တမလွန်ဘုံသို့ ပြန်ရောက်ရန် အနည်းဆုံး အချိန်နှစ်လလိုပေလိမ့်မည်။ နှစ်လပြည့်၍ ထိုစစ်တပ် ပြန်မလာသဖြင့် တမလွန်ဘုံမျိုးနွယ်က စုံစမ်းလျှင်လည်း ထိုအချိန်တွင် လူသားများက ဘေးကင်းကင်းနှင့် ပြန်ရောက်ပြီးနေလောက်ပေပြီ။

တစ်ခုတည်းသော စိတ်ရှုပ်စရာမှာ တမလွန်ဘုံမျိုးနွယ်ဝင်များက တော်တော်‌ဝေးသောနေရာအထိ တစ်ကွဲတစ်ပြား ထွက်ပြေးခဲ့ကြခြင်းပင်။ ထို့ကြောင့် လူသားမျိုးနွယ်စစ်တပ်လည်း အတန်ငယ် ဖရိုဖရဲဖြစ်နေသည်။ တပ်သား‌ထောင်ကျော်လည်း သေခဲ့ရသည်။

တပ်သားထောင်ကျော်မျှ သေသွားခြင်းမှာ မျိုးနွယ်များမှ သခင်လေးများနှင့် သခင်မလေးများအတွက် မပြောပလောက်ပါ။ ရှင်ကျန်သော တပ်သားများ ပြန်ရောက်လာသောအခါ ခွမ်ဟူသည် ချက်ချင်းပင် အောင်မြင်မှုကို ဂုဏ်ပြုရန် စားသောက်ပွဲတစ်ပွဲ ကျင်းပပေးလိုက်သည်။ ဤတစ်ကြိမ်တွင် ခွမ်ဟူက တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်၍ တမလွန်ဘုံမျိုးနွယ်ဝင်များကို အများဆုံး သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် အချိန်တစ်ခုအထိ သူက ထင်ပေါ်နေပေသည်။

ထိုစားသောက်ပွဲကို အားလုံး မတက်ရောက်ကြပါ။ ယွင်ပင်း မတက်ရောက်သလို ဟယ်နုန်ယင်းလည်း မတက်ရောက်ပါ။ ယွင်ပင်းက တိုက်ပွဲတွင် တမလွန်ဘုံအရှိန်အဝါ၏ သက်ရောက်မှုကို ခံခဲ့ရသဖြင့် ဟယ်နုန်ယင်းက သူမကို ကူညီကာ တမလွန်ဘုံအရှိန်အဝါများ ရှင်းပေးနေသည်ဟု ဆိုပေသည်။

ယွင်ပင်း အုပ်ချုပ်သူအဆင့်သို့ ရောက်သည်မှာ မကြာသေးပါ။ ထို့ကြောင့် သူမ တမလွန်ဘုံအရှိန်အဝါ၏ သက်ရောက်မှုကို ခံရသည်မှာ ပုံမှန်သာဖြစ်သည်။ ထို့ကြောင့် မည်သူကမှ သူမကို များစွာ အရေးမစိုက်ကြပေ။ ယွင်ပင်းက အတော်လေးလှသည်။ သူမက ကောင်းကင်ဘုရင်ယွင်၏ မြေးမလည်းဖြစ်သည်။ သို့သော် ရှားယွီ၊ လင်းဖေးရှန်း၊ ဟယ်နုန်ယင်းတို့နှင့် ယှဉ်လိုက်သောအခါ သူမ၏တိုက်ခိုက်စွမ်းအား၊ အငွေ့အသက်နှင့် အဆင့်အတန်းတို့က နိမ့်သွားရသည်။ ထို့ကြောင့် သခင်လေးများက သူမကို များစွာ အရေးမစိုက်ကြခြင်းပင်။ ထို့ပြင် သူမက ကျန်းရီနှင့် ရင်းနှီးသည့်အတွက်လည်း မျက်စောင်းထိုးခံရပေသည်။ မည်သူမှ သူမဆီ သတင်းမေးပင် မလာကြချေ။

အမှန်တွင်...

ထိုအခိုက်၌ ယွင်ပင်း၏ ဟွင့်သွမ့်နတ်ဘုရားလှေမှ အကာအရံများကို နှိုးထား၏။ အကယ်၍ တစ်ယောက်ယောက်က သတင်းမေးလာလျှင်ပင် လှေထဲ ဝင်နိုင်မည် မဟုတ်ပေ။ ဟွင့်သွမ့်နတ်ဘုရားလှေ၏ အရှေ့လှေဝမ်းထဲ၌ အစေခံတစ်ယောက်မှ ရှိမနေ။ ယွင်ပင်း၊ ဟယ်နုန်ယင်းနှင့် အသက်လတ်ပိုင်းအရွယ် ကိုယ်ရံတော်တစ်ယောက်တို့သာ ရှိနေကြသည်။

ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့က ခါးသက်သက်ပြုံး၍ အသက်လတ်ပိုင်းအရွယ် ကိုယ်ရံတော်ကို ကြည့်လိုက်ကြ၏။ သူမတို့နှစ်ယောက်၏ မျက်နှာထားများက လေးနက်နေသည်။ ထိုကိုယ်ရံတော်က အလွန်ဆန်းကြယ်သည်။ သူသည် ခြေရာလက်ရာတစ်ခု မကျန်စေဘဲ သွားနိုင်၊ လာနိုင်သည်။ သူသည် နဂါးတစ်ကောင်ကဲ့သို့လည်း သဲလွန်စမချန်ဘဲ ပျောက်ကွယ်သွားနိုင်သည်။ သူသည် ကိုယ်ရံတော်တစ်ယောက်အဖြစ် ရုပ်ဖျက်၍ ယွင်ပင်း၏ ဟွင့်သွမ့်နတ်ဘုရားလှေထဲ ဝင်လာခဲ့ခြင်းပင်။

“ကျန်းရီ... ရှင် ဒီကိုလာတာ ကောင်းကင်ဘုံခုံရုံးကြောင့် မဟုတ်လား”

ဟယ်နုန်ယင်းသည် သူမအရှေ့ရှိ အသက်လတ်ပိုင်းအရွယ် ကိုယ်ရံတော်ကို ကြည့်၍ မေးလိုက်၏။

“ကျွန်မ နားမလည်တာက ရှင် အသူရာတောင်ကို တန်းသွားပြီး ကောင်းကင်ဘုံခုံရုံးကို ကြိုယူလိုက်နိုင်ရယ်သားနဲ့ ဘာလို့ စစ်တပ်ထဲ စွန့်စားပြီး ခိုးဝင်လာရတယ်ဆိုတာပဲ”

“လူတစ်ယောက်ကြောင့်ပါ”

အသက်လတ်ပိုင်းအရွယ် ကိုယ်ရံတော်၏ ခန္ဓာကိုယ်က အဖြူရောင်အလင်း တောက်ပလာပြီး သူ ခံ့ညားသော သခင်လေးတစ်ယောက်အဖြစ် ပြောင်းလြသွားသည်။ သူသည် အရှုပ်အထွေးများကို အခွင့်ကောင်းယူ၍ ခိုးဝင်လာခဲ့သော ကျန်းရီပင်။ သူ ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။

“ကျွန်တော် အချိန်မရွေးထွက်သွားနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ဝိညာဉ်တံလျှပ်အတတ်ကို ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား မဟုတ်ရင် ဖောက်မြင်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့်လည်း ကျွန်တော် စွန့်စားခဲ့တာပါ။ ကျွန်တော် ခိုးဝင်လာတာ မိန်းကလေးတစ်ယောက်ကြောင့်ပါ။ အဲ့မိန်းကလေးနဲ့ ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့ ကျွန်တော် ခံစားနေရတယ်။ ကျွန်တော် သူ့အကြောင်းကို စိုးရိမ်တယ်၊ အဲ့ဒါကြောင့် ကျွန်တော် သူ့ကို တွေ့ချင်တယ်”

ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ထို့နောက် နှစ်ယောက်သား တစ်ပြိုင်တည်း ပြောလိုက်ကြသည်။

“ရှားယွီလား”

***

All Chapters