← Chapters

နဂါးဖြူလေး

Vol. 139 Ch. 1931

နဂါးဖြူလေး

Vol. 139 Ch. 1931

ရှားယွီတွင် ရှင်းလင်းသော နောက်ကြောင်း ရှိ၏။ သူမက ရေဘုံ၏ ဘုံအရှင်ဖြစ်သော ရှားမျိုးနွယ်ခေါင်းဆောင်၏ အငယ်ဆုံးသမီးတော်ပင်။ သူမ၏ ပါရမီမှာ ငယ်စဉ်ကတည်းက အံ့အားသင့်စရာကောင်းခဲ့သည်။ သူမသည် ရေဘုံရှိ ရှားပါးပါရမီရှင်တစ်ယောက်ပင်။

ကောင်းကင်ဘုံသို့ တက်လာပြီးနောက် ရှားယွီသည် လျင်မြန်စွာ ရာထူးအဆင့်တက်လာပြီး တိုက်ပွဲများစွာတွင် ဝင်ပါခဲ့သည်။ သူမ၏ တိုက်ပွဲစွမ်း‌ဆောင်ချက်များကြောင့် တစ်ဆင့်ပြီးတစ်ဆင့် ဆက်တက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သူမသည် မိုးပြာမဟာဧကရာဇ်၏ တပည့်ဖြစ်လာသည်။ ထိုအခါ သူမ၏ ဂုဏ်သတင်းက မိုးထိုးသွားတော့သည်။ မကြာသေးခင်ကလည်း ကောင်းကင်စကြဝဠာဘုံမှ တိုက်ပွဲကြောင့် သူမသည် ကောင်းကင်ဘုံ၏ ထိပ်တန်းသခင်မလေးများထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပေသည်။

ယခင်တွင် ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့သည် ရှားယွီနှင့် ပခုံးချင်းယှဉ်၍ တိုက်ခိုက်ခဲ့ဖူးသည်။ ချီလင်းဧကရီက သူမတို့အား ရှားယွီကို စူးစမ်းကြည့်ရန် အမိန့်ပေးခဲ့ခြင်းပင်။ သို့သော် ရှားယွီနှင့် ပတ်သတ်၍ မည်သည့်အမှားကိုမှ ရှာမတွေ့ခဲ့ချေ။။ ကျန်းရီသည်လည်း သူမနှင့် ပတ်သတ်၍ တစ်ခုခု မှားနေသည်ဟု ခံစားနေရသော်လည်း မည်သည်က မှားနေကြောင်းကို ထောက်မပြနိုင်ပါ။

လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ ထွက်လာချိန်တွင် ကျန်းရီသည်လည်း ကောင်းကင်မိစ္ဆာဘုံထဲမှထွက်၍ ကင်းလှည့်တပ်သားတစ်ယောက်ကို ဖမ်းခဲ့သည်။ ထိုတပ်သားဆီမှ သတင်းများ မေးမြန်းပြီးနောက် သူ စစ်တပ်ထဲ ခိုးဝင်ကာ သတင်းစုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် ပတ်သတ်၍ တစ်ခုခု မှားနေသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် ယခုတွင် ကျန်းရီသည် တောဆိတ် ရသေ့ကြီးနှင့် ဧကရာဇ်ရွေကိုပါ သံသယဝင်နေပြီဖြစ်သည်။

ထိုမျိုးနွယ်သုံးခုက နှစ်သောင်းနှင့်ချီအောင် လျှို့ဝှက်၍ နေခဲ့ကြသည်။ သို့ဖြစ်ရာ အဘယ်ကြောင့် ယခုတစ်ခေါက်မှ အပြင်ထွက်လာရသနည်း။ အရေးအကြီးဆုံးမှာ မိုးပြာမဟာဧကရာဇ်က ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစ ရှိနေသေးကြောင်း သိသွားခြင်းပင်။ အတိတ်တွင် ထိုမျိုးနွယ်သုံးခုသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဖိနှိပ်မှုကို ခံခဲ့ကြရသည်။ ထို့ကြောင့်လည်း သူတို့သည် သူတို့၏မူလဘုံများထဲမှ ထွက်ပြေး၍ လျှို့ဝှက်ဆန်းကြယ်နယ်မြေသုံးခုထဲတွင် ပုန်းအောင်းနေခဲ့ရခြင်းပင်။

မိုးပြာမဟာဧကရာဇ်နှင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးတို့ကြားမှ ဆက်ဆံရေးအရ မိုးပြာမဟာဧကရာဇ်က ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစ ရှိနေသေးကြောင်းကို မသေမျိုးတစ်ပိုင်း ရသေ့ကြီးအား ပြောပြပြီးလောက်ပေပြီ။ အကျိုးအကြောင်းသင့်သင့် ပြောရမည်ဆိုလျှင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် ထိုသတင်းကို ကြားသည်နှင့် သူ၏ဆန်းကြယ်နယ်မြေဆီ ချက်ချင်း ပြန်ပြေးကာ ပြန်ထွက်မလာသင့်တော့သည် မဟုတ်လော။ သို့သော် ယခုတွင် သူက ထွက်မပြေးရုံသာမက တောဆိတ် ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့ကိုလည်း အပြင်သို့ ခေါ်လိုက်သေးသည်။ ထို့ပြင် ထိုမျိုးနွယ်နှစ်ခုက ကောင်းကင်ကြယ်စုဘုံကို အပြည့်အဝ ထိန်းချုပ်လိုက်ကြပေသည်။

ထိုကိစ္စများနှင့် ပတ်သတ်၍ သံသယဖြစ်စရာများ ရှိနေသည်။

မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် ပတ်သတ်၍ မည်သည်မှ မှားမနေဟု ကျန်းရီ မယုံချေ။ ယခု လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့လည်း ထွက်လာပေပြီ။ ထို့ကြောင့် ကျန်းရီသည် သတင်းစုံစမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။

ကျန်းရီ စစ်တပ်ထဲ ခိုးဝင်ခဲ့ပုံမှာ အလွန်ရိုးရှင်းသည်။ သူ စစ်တပ်နောက်သို့ လိုက်နေသည်မှာ တစ်ရက်၊ နှစ်ရက် ရှိခဲ့ပြီဖြစ်သည်။ ကံကောင်းစွာပင် စစ်တပ်က တမလွန်ဘုံမျိုးနွယ်စစ်တပ်တစ်တပ်နှင့် တိုးခဲ့သည်။ သို့ဖြင့် စစ်တပ်က တမလွန်ဘုံမျိုးနွယ်ဝင်များကို သတ်ဖြတ်ရင်း ရှုပ်ထွေးနေစဉ် သူ အလွယ်တကူ ခိုးဝင်ခဲ့ခြင်းဖြစ်ပေသည်။

သို့သော်...

ကျန်းရီသည် ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ကို မသေမျိုးတစ်ပိုင်း ရသေ့ကြီးအကြောင်း ပြောပြ၍မရပေ။ ထို့ကြောင့် ရှားယွီအကြောင်းသာ ပြောလိုက်သည်။ ရှားယွီနှင့် ပတ်သတ်၍ တစ်ခုခု မှားနေသည်ဟု သူ အလိုလို ခံစားနေရကြောင်း ပြောသည်။ သူမကို စုံစမ်းနိုင်မည်ဆိုလျှင် ကောင်းပေလိမ့်မည်။

“စစ်သူကြီးရှားနဲ့ ပတ်သတ်ပြီး ဘာပြဿနာမှ မရှိပါဘူး။ သူက လူကောင်းတစ်ယောက်လို့ ကျွန်မ ခံစားရတယ်”

ယွင်ပင်း နားမလည်နိုင်ပေ။ သူမသည် ရှားယွီနှင့် အကြိမ်ပေါင်းများစွာ ဆုံခဲ့ဖူးသည်။ ရှားယွီက မိုးပြာမဟာဧကရာဇ်၏ တပည့်ဖြစ်သော်လည်း မာနထောင်လွှားနေခြင်းမျိုး တစ်ကြိမ်မှ မရှိပါ။ သူမကို တွေ့ဖူးသူတိုင်း သူမအား အထင်ကြီးလေးစားသွားရသည်ချည်းသာ။

ဟယ်နုန်ယင်းက မျက်မှောင်ကြုတ်၍ ကျန်းရီကို ကြည့်လိုက်၏။ ထို့နောက် ရုတ်တရက် ပြောလိုက်သည်။

“ကျန်းရီ... ရှင် သခင်လေးရှားယွီကို စိတ်ဝင်စားနေတာလား။ ဘာလို့ ရှင် သူ့ကို အဲ့လောက်စိတ်ဝင်စားနေရတာလဲ။ ရှင်းရှင်းပြောရရင် သူနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့ ကျွန်မတော့ မခံစားရဘူး။ သူက ဖြောင့်မတ်တဲ့သူပါ။ သူက မိုးပြာမဟာဧကရာဇ်ရဲ့ တပည့် ဆိုပေမဲ့ လူသားမျိုးနွယ်ရဲ့ သေရေးရှင်ရေးနှင့် ယှဉ်လာရင် လူသားမျိုးနွယ်ဘက်မှာ သေချာပေါက် ရပ်မဲ့သူပဲ”

“သခင်မလေးဟယ်က ဘာတွေ ပြောနေတာလဲ။ ကျွန်တော်က ဘာလို့ သူ့ကို စိတ်ဝင်စားရမှာလဲ။ သူ့ကိုတောင် တစ်‌ခါမှ မတွေ့ဖူးတဲ့ဟာကို”

ကျန်းရီ မျက်လုံးပင့်၍ ပြောလိုက်၏။ သူ စိတ်လည်းဝင်စားသွားသည်။ ယွင်ပင်းက ရှားယွီကို လူကောင်းတစ်ယောက်အဖြစ် ပြောခြင်းအား ကျန်းရီ များစွာအရေးမထားပါ။ သို့သော် ဟယ်နုန်ယင်းမှာ အလွယ်တကူ ယုံတတ်သူမျိုး၊ အထင်ကြီးတတ်သူမျိုး မဟုတ်ပေ။ သို့သော် သူမကပင် ရှားယွီကို ချီးကျူးနေသည်လော။ သို့ဖြစ်ရာ သူ့ခံစားချက်က မှားနေခြင်းလော။

ကျန်းရီ လက်ဝှေ့ယမ်းလိုက်သည်။ ယခုတွင် ပြောစကားများက အသုံးမဝင်တော့ပေ။ သူကိုယ်တိုင် ရှားယွီကို အကြိမ်အနည်းငယ် တွေ့ကြည့်ကာ ဆုံးဖြတ်ရပေမည်။ သူ ပြောလိုက်သည်။

“ကောင်းပြီ... နောက်စားသောက်ပွဲကျရင် ကျွန်တော့်ကိုပါ ခေါ်သွားပေးပါ”

“ရှင် ကိုယ်ရံတော်လို့ ရုပ်ဖျက်ပြီး သွားလို့ရမှာ မဟုတ်ဘူး”

ဟယ်နုန်ယင်းက အတန်ငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤတစ်ခေါက်တွင် သူမတို့က အင်အားတစ်သန်းစစ်တပ်၏ အလယ်တွင်ဖြစ်ပြီး အလွန်လုံခြုံနေသည်။ ထို့ကြောင့် မည်သူကမှ စားသောက်ပွဲများဆီ ကိုယ်ရံတော်များ ခေါ်မသွားပေ။ အကယ်၍ ကျန်းရီက ကိုယ်ရံတော်တစ်ယောက်အဖြစ် ရုပ်ဖျက်ထားမည်ဆိုလျှင် သေချာပေါက် သံသယဝင်ခံရပေလိမ့်မည်။

ဟယ်နုန်ယင်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန်းရီ စိတ်ပျက်သွား၏။ စားသောက်ပွဲထဲ သခင်လေးများနှင့် သခင်မလေးများသာ ဝင်နိုင်သည်။ တောက်လန်နှင့် ခွမ်လူမှလွဲ၍ စစ်တပ်ထဲရှိ စစ်သူကြီးများပင် ဝင်ခွင့်မရှိပေ။ သို့သော် အစေခံမလေးများကတော့ ဝင်နိုင်သည်။ ကျန်းရီက သူ့ကိုယ်သူ အစေခံမလေးတစ်ယောက်အဖြစ် ရုပ်ဖျက်ရမည်လော။

‘မဖြစ်ဘူး...’

ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့၏ အကြည့်ကို တွေ့သောအခါ ကျန်းရီ ထိုအတွေးကို ချက်ချင်း ခေါင်းထဲမှ ‌မောင်းထုတ်လိုက်၏။ သူသည် တမလွန်ဘုံမျိုးနွယ်ဝင် တစ်ယောက်အဖြစ် ရုပ်ဖျက်နိုင်သော်လည်း အမျိုးသမီးတစ်ယောက်အဖြစ်တော့ မည်သည့်အခါတွင်မှ ရုပ်မဖျက်နိုင်ပါ။

“ကျွန်မသိပြီ”

ဟယ်နုန်ယင်းက တစ်ခဏမျှ တွေးတောကာ ပြောလိုက်၏။

“ကျန်းရီ... ရှင် သခင်လေးတစ်ယောက်ပုံစံ ရုပ်ဖျက်လို့ရတာပဲ။ ရှင် သူ့ကို အရင်ကလည်း မြင်ဖူးမှာပါ။ ယွင်ပင်းဆီမှာ သူ့အကြောင်း အသေးစိတ်ရှိတယ်။ ပြီးတော့ သူက သိပ်သံသယဝင်စရာ မကောင်းဘူး။ ရှင် သူ့ပုံစံ ရုပ်ဖျက်ဖို့ လွယ်လောက်မှာပါ။ ပြီးတော့ ရှင်က ဒီမှာ ကြာကြာနေမှာလည်း မဟုတ်ဘူးလေ။ အဲ့လူရဲ့ စိတ်ဝိညာဉ်ကို တစ်ခဏလောက် ချိပ်ပိတ်ထားဖို့ ကျွန်မ ကူညီမယ်”

ယွင်ပင်း၏ မျက်ဝန်းများ လင်းလက်လာ၏။ သူမ ထပ်ဖြည့်ပြောလိုက်သည်။

“ဟုတ်တယ်... မူဟယ်ယွီက အရမ်းကောင်းတဲ့ ရွေးချယ်မှုပဲ”

“မူဟယ်ယွီလား”

ကျန်းရီသည် ထိုလူကို ကောင်းကောင်းသိ၏။ ထိုသုံးစားမရသူမှာ ကောင်းကင်ဘုရင်မူ၏ မြေးဖြစ်သည်။ သူသည် အုပ်ချုပ်သူအဆင့်သို့ တက်လှမ်းပြီးသော်လည်း တောက်မျိုးနွယ်၏ လက်ပါးစေတစ်ယောက်ဖြစ်နေသည်။ သူ့စကားများက အလေးထားမခံရပေ။ ထို့ပြင် သူက များစွာလည်း အာရုံစိုက်ခံရမည် မဟုတ်ချေ။

ထိုမူဟယ်ယွီသည် ငှက်တောင်ပျံတပ်တွင် ကျန်းရီကို အန္တရာယ်ပေးရန် ကြိုးစားခဲ့ဖူးသည်။ ထို့ကြောင့် သူ့ကို သတ်ပစ်ရလျှင်ပင် ကျန်းရီ အပြစ်ရှိစိတ် ခံစားရမည် မဟုတ်ပါ။

သို့သော် ကျန်းရီ အတန်ငယ် ချီတုံချတုံ ဖြစ်နေ၏။ မူဟယ်ယွီက တောက်မျိုးနွယ်နှင့် အလွန်ရင်းနှီးသည် မဟုတ်ပါလား။ သူ မေးလိုက်သည်။

“တောက်မျိုးနွယ်က သူတွေရော ပါလာသေးလား”

“မိန်းမပျက်တစ်ယောက် ပါလာတယ်”

ဟယ်နုန်ယင်းက ခပ်ရွဲ့ရွဲ့ပြန်ဖြေသည်။

“ဒါပေမဲ့ တောက်မင်က ရှင့်ကို ဂရုစိုက်မှာ မဟုတ်ပါဘူး။ သူက ခွမ်ဟူတို့ ယန်ချီတို့နဲ့ အလုပ်များနေတယ်။ မကြာသေးခင်တုန်းက သူ ဧကရာဇ်ငယ်ရွေနဲ့လည်း အရမ်းရင်းနှီးသွားတယ်လို့ ကျွန်မကြားတယ်။ ဘာလို့ သူက မူဟယ်ယွီ‌လေးကို အရေးစိုက်ရမှာလဲ”

“အဲ့လိုဆိုလည်း ကောင်းပြီလေ”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။

“မူဟယ်ယွီကို ဒီကိုခေါ်နိုင်မဲ့ နည်းလမ်းတစ်ခု စဉ်းစားပေးပါ။ စစ်သူကြီးယွင်.. ကျွန်တော့်ကို မူဟယ်ယွီရဲ့ အကြောင်းနဲ့၊ အလေ့အကျင့်တွေကို ပြောပြပါ”

မူမျိုးနွယ်နှင့် ယွင်မျိုးနွယ်တို့ မိတ်ဆွေဖြစ်နေခဲ့သည်မှာ မျိုးဆက်များစွာ ရှိခဲ့ပြီဖြစ်သည်။ မူဟယ်ယွီသည် ယွင်ပင်းကို ပိုးပန်းရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် သူ သူမကို သတ်ရန်ပင် ကြိုးစားခဲ့သည်။ ယွင်ပင်းသည် သူ့အကြောင်းကို အလွန်ရှင်းလင်းစွာ သိထားပေသည်။

ယွင်ပင်းက ကျန်းရီကို မူဟယ်ယွီ၏ အကြောင်းများ ပြောပြလိုက်ပြီး ဟယ်နုန်ယင်းက အပြင်ထွက်၍ သတင်းများ ထပ်စုံစမ်းလိုက်သည်။ စားသောက်ပွဲ ပြီးသွားသောအခါ သူမသည် အကြောင်းပြချက်တစ်ခုရှာ၍ မူဟယ်ယွီကို ဖိတ်လိုက်လေသည်။

ယွင်ပင်းက နှစ်နာရီကြာ‌အောင် အသေးစိတ် ပြောပြခဲ့ပြီး ကျန်းရီက သူမပြောသမျှကို မှတ်သားထားလိုက်သည်။ မူဟယ်ယွီထံတွင် ထူးခြားမှု မရှိသလို၊ ပါရမီလည်း မရှိပေ။ သူ့တွင် ဝါသနာနှစ်မျိုးသားရှိသည်။ ယင်းတို့မှာ မိန်းမနှင့် ဂီတဖြစ်သည်။ သူက ပုလွေမှုတ်အလွန်တော်သည်။ မကြာသေးမီက သူသည် အားလုံး၏ အရှေ့တွင် ပုလွေမှုတ်ပြကာ လက်ခုပ်ဩဘာသံအချို့ ရရှိခဲ့သေးသည်။

မိန်းမကြိုက်သည့် အကျင့်ကို တုပရန်မှာ လွယ်ကူသည်။ ပုလွေမှုတ်ခြင်းမှာလည်း ကျန်းရီအတွက် အသေးအဖွဲသာ။ ထို့ပြင် သူ သိုသိုသိပ်သိပ်သာ နေလိုသည်။ မူဟယ်ယွီ၏ အဆင့်အတန်းက ယခု သခင်လေး၊ သခင်မလေး အယောက်နှစ်ဆယ်ထဲတွင် အနိမ့်ဆုံးဖြစ်သည်။ ထို့ကြောင့် သူသာ သိုသိုသိပ်သိပ်နေလျှင် မည်သူကမှ သူ့ကို သတိပြုမိမည် မဟုတ်ပေ။

တစ်နာရီကြာပြီးနောက် မူဟယ်ယွီ ရောက်လာ၏။ ဟယ်နုန်ယင်းက သူ့ကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ရာ သူ မည်သို့ မလာဘဲနေနိုင်မည်နည်း။ အရှေ့လှေဝမး၏ အကာအရံများကို ပိတ်ပေးထားသည်။ မူဟယ်ယွီသည် မည်သည်ကိုမှ သတိမထားဘဲ လှေဝမ်းထဲ တန်းတန်းမတ်မတ် ဝင်သွားလိုက်၏။ တံခါးဝတွင် ကိုယ်ရံတော်အဖြစ် စောင့်နေသော ကျန်းရီကိုပင် အရေးမစိုက်ပေ။

ရွှီး...

ကျန်းရီသည် လှေဝမ်း၏ အကာအရံများကို နှိုးလိုက်၏။ သို့သော် မည်သို့မှတော့ မလုပ်ပေ။ မူဟယ်ယွီ လှေဝမ်းထဲ ဝင်သွားသည်နှင့် သူ့ထံသို့ အဖြူရောင်အလင်းတန်းနှစ်တန်း ပျံဝင်လာ၏။ ဟယ်နုန်ယင်းက သူမ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို သုံး၍ တိုက်ခိုက်လိုက်ခြင်းပင်။ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်အတွက် အုပ်ချုပ်သူအဆင့်သို့ ရောက်ခါစသူတစ်ယောက်ကို ကိုင်တွယ်ရန်မှာ အလွန်လွယ်ပေသည်။ မူဟယ်ယွီသည် မည်သည့်အရာ ဖြစ်သွားကြောင်းကိုပင် မသိလိုက်ရဘဲ သတိမေ့ကာ ကြမ်းပြင်ပေါ် လဲကျသွားလေသည်။

ထိုအခါ ဟယ်နုန်ယင်းသည် မူဟယ်ယွီ၏ အမိန့်ပြား၊ ကျောက်စိမ်းဖြူပုလွေနှင့် သိုလှောင်လက်စွပ်တို့ကို ယူလိုက်၏။ ပြီးလျှင် ၎င်းတို့ကို ကျန်းရီအား ပေးကာ ပြောလိုက်လေသည်။

“ကျွန်မ သူ့ကို ချုပ်ထားလိုက်မယ်။ သူ နိုးလာရင်လည်း ကျွန်မ သူ့ရဲ့ စိတ်ဝိညာဉ်ကို ဆက်ပြီး ချိပ်ပိတ်ထားလိုက်မယ်။ ရှင် ထွက်သွားပြီးတော့မှ ကျွန်မ သူ့ကို လွှတ်ပေးမယ်”

“ကောင်းပြီ”

ဟယ်နုန်ယင်းက အလွန်စေ့စပ်၏။ ကျန်းရီ သူမကို အလွန်ယုံကြည်ပေသည်။ ကျန်းရီ လှေဝမ်းအပြင် ထွက်လိုက်ပြီး အဝတ်အစားအသစ်များ လဲဝတ်၍ ဝိညာဉ်တံလျှပ်အတတ်ကို သုံးကာ မူဟယ်ယွီ၏ပုံစံ ပြောင်းလိုက်သည်။ အမိန့်ပြားနှင့် ပုလွေတို့ကို ခါးတွင်ထိုး၍ လက်စွပ် စွပ်ပြီးနောက် သူ အရှေ့လှေဝမ်းထဲ ပြန်ဝင်သွားလိုက်သည်။

ကျန်းရီသည် လှေဝမ်းထဲ ရောက်လျှင် တဏှာခိုးများ ဝေနေသော မျက်ဝန်းများနှင့် ဟယ်နုန်ယင်း၏ ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်၏။ သူ့အကြည့်မှာ သူက သူမ၏ အဝတ်များကို ဆွဲချွတ်၍ သူမနှင့် ဆယ်ရက်၊ ဆယ်ည ပျော်ပါးလိုနေသည့်အတိုင်းပင်။

“ရှင် ဆက်ကြည့်နေရင် ကျွန်မ ရှင့်ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်”

ဟယ်နုန်ယင်းသည် ကျန်းရီ၏ အကြည့်ကြောင့် မျက်နှာရဲသွား၏။ သူမ ကျန်းရီကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကျန်းရီ... ရှင့်အကြည့်က မူဟယ်ယွီရဲ့အကြည့်ထက် ပိုဆိုးတယ်။ ရှင်ကလည်း လူကောင်းတစ်ယောက် မဟုတ်တဲ့ပုံပဲ”

“ဟားဟားဟား...”

ကျန်းရီသည် မူဟယ်ယွီ၏ ဟန်ကို တုပ၍ ခြေလှမ်းအနည်းငယ် လျှောက်လိုက်၏။ သူ ဆံပင်ကိုပင် နောက်လှန်သပ်လိုက်ပြီး ပြည်တည်တည်နှင့် ပြောလိုက်သည်။

“ကျွန်တော်က ခံ့ညားတယ်၊ ချေငံတယ်၊ ပါရမီထူးတယ်။ ကောင်းကင်ဘုံတစ်ခွင်လုံးမှာ ကျော်ကြားတယ်။ လူတွေက ကျွန်တော့်ကို နဂါးဖြူလေးလို့ အမည်ပေးထားတယ်။ မိန်းကလေးတို့ မင်းတို့ ကြောက်လား”

“ထွီ...”

***

All Chapters