← Chapters

ကြွားကြွားရွားရွား

Vol. 139 Ch. 1932

ကြွားကြွားရွားရွား

Vol. 139 Ch. 1932

ကျန်းရီသည် ယွင်ပင်း၏ ဟွင့်သွမ့်နတ်ဘုရားလှေထဲတွင် နှစ်နာရီကြာနေ၍ မူဟယ်ယွီ၏ အမူအယာအမျိုးမျိုးနှင့် အပြုအမူအမျိုးမျိုးကို တုပလေ့ကျင်နေခဲ့သည်။ ဟယ်နုန်ယင်း၏ သတိပေးမှုကြောင့် သူ အလွန်တဏှာရူးနေသည့်ပုံစံ မပြုဝံ့တော့ပါ။ မူဟယ်ယွီ၏ အဆင့်အတန်းက ဤ သခင်လေး၊ သခင်မလေး အုပ်စုတွင် အနိမ့်ဆုံး မဟုတ်ပါလား။ အကယ်၍ သူက အလွန်အကြူးဖြစ်နေလျှင် ယုံဖွယ်ကောင်းမည် မဟုတ်ချေ။

ကျန်းရီ ဟွင့်သွမ့်နတ်ဘုရားလှေထဲမှ ပျံထွက်လိုက်သောအခါ မူမျိုးနွယ်မှ ကိုယ်ရံတော်နှစ်ယောက်က ချက်ချင်း နောက်မှ လိုက်လာကြသည်။ ကျန်းရီသည် စကားတစ်ခွန်းမှမပြောဘဲ မူဟယ်ယွီ၏ ဟွင့်သွမ့်နတ်ဘုရားလှေဆီသို့ ပျံသန်းသွား၏။ ကိုယ်ရံတော်တစ်ယောက်က လေသံတိုးတိုးနှင့် မေးလိုက်သည်။

“သခင်လေး... ဘာလို့ သခင်မလေးနုန်ယင်းက သခင်လေးကို ဖိတ်တာပါလဲ”

“ဟွန်း... ဘာဖြစ်နိုင်သေးလို့လဲ”

ကျန်းရီသည် နှာခေါင်းရှုံး၍ ဒေါသနှင့် ပြောလိုက်၏။

“အဲ့ခွေးမယွင်ပင်းရဲ့ တမလွန်ဘုံအရှိန်အဝါကို ကူဖယ်ပေးဖို့ပဲပေါ့။ ငါ့မှာက ဝိညာဉ်ဆေးပင်တစ်ပင် ရှိတယ်။ သူတို့က အဲ့ဆေးပင်ကို အားမနာဘဲ တောင်းနေကြတာ။ မဟုတ်ရင် သူတို့က ငါ့ကို ဘာလို့ ရှာမှာလဲ။ အဲ့ခွေးမနှစ်ကောင်က အရမ်းတရားလွန်တာပဲ”

ကျန်းရီ၏ အသံနှင့် အပြုအမူက မူဟယ်ယွီနှင့် အလွန်ဆင်တူ၏။ ထို့ပြင် သူက ဒေါသထွက်နေပုံ ပေါ်နေ၍ ကိုယ်ရံတော်နှစ်ယောက်သည် မေးခွန်းများ ထပ်မမေးဝံ့တော့ပေ။ ကျန်းရီ နတ်ဘုရားလှေဆီသို့ တိုက်ရိုက်ပျံသန်းသွားသည်။ သူ လှေထဲဝင်လိုက်သည်နှင့် အထဲတွင် မိန်းမလှ ငါးယောက်၊ ခြောက်ယောက်လောက်နှင့် အစေခံမလေး ဆယ်ယောက်ကျော်လောက်ကို တွေ့လိုက်ရ၏။

“သခင်လေး...”

မိန်းမလှတစ်စုက ကျန်းရီကို ဝိုင်းလိုက်ကြ၏။ ကျန်းရီ၏ မျက်နှာထား မည်းမှောင်သွား၏။ သူ ချက်ချင်း အော်ပြောလိုက်သည်။

“မင်းတို့အကုန်လုံး ထွက်သွားကြစမ်း။ ဒီနေ့ ငါ စိတ်ကြည်မနေဘူး”

ထို မိန်းမလှ ငါးယောက်၊ ခြောက်ယောက်သည် မူဟယ်ယွီ၏ ကိုယ်လုပ်တော်များပင်။ ထိုအကြောင်းကို ယွင်ပင်းက ပြောပြလိုက်ပြီးဖြစ်ရာ ကျန်းရီ ယဉ်ကျေးမနေတော့ပါ။ သူ ထိုမိန်းမများနှင့် မပတ်သတ်လို၍ ဒေါသတကြီး ကြိမ်းမောင်းကာ အရှေ့လှေဝမ်း ခပ်သွက်သွက် ဝင်၍ အကာအရံများကို နှိုးလိုက်သည်။ အ‌ရှေ့လှေဝမ်းထဲ မည်သူ့ကိုမှ အဝင်မခံတော့ပါ။

အရှေ့လှေဝမ်းထဲတွင် ကျန်းရီသည် လျှပ်စီးက သစ်သားကို ဖန်တီးနိုင်သော အကြောင်းကို ဆက်လေ့လာနေလိုက်၏။ သူ ၎င်းကို လေ့လာရခြင်းမှာ အသူရာတောင်တွင် သစ်သားမိစ္ဆာများနှင့် သစ်သားဝိညာဉ်များ ပြည့်နှက်နေ၍ဖြစ်သည်။

အသူရာတောင်၌ တစ္ဆေများ မရှိပါ။ မိစ္ဆာများသာရှိသည်။ ပန်းများ၊ အပင်များနှင့် သစ်ပင်များ အားလုံးက အသက်ရှိလာကြသည်။ ထို့ပြင် ၎င်းတို့က သာမန်ဝိညာဉ်၊ သာမန်မိစ္ဆာများ မဟုတ်ကြဘဲ သန္ဓေပြောင်းနေကြပေသည်။

ကျန်းရီသည် ၎င်းတို့က မည်ကဲ့သို့ သန္ဓေပြောင်းခဲ့ကြကြောင်းကို အတိအကျ မသိပေ။ သူ လျှပ်စီးက သစ်သားကို ဖန်တီးနိုင်သည့် အကြောင်းကိုသာ လေ့လာနိုင်သည်။ ၎င်းက အချိန်ကျလာလျှင် သူ့အား ကူညီနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သူ့ကို ဘေးကင်းသော လမ်းကြောင်းတစ်ခု ပေးခဲ့သော်လည်း အချိန်များစွာ ကြာခဲ့ပြီဖြစ်ရာ ထိုလမ်းကြောင်းက ဘေးကင်းချင်မှ ဘေးကင်းပေတော့မည်။

ကျင့်ကြံနေချိန်တွင် အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားတတ်သည်။ နေ့တစ်ဝက်ကြာပြီးနောက် အပြင်ဘက်မှ အကာအရံများက အဆက်မပြတ် လင်းလက်နေသည်။ ကျန်းရီသည် အကာအရံများကို ပိတ်လိုက်ပြီး အပြင်သို့ ကောင်းကင်စိတ်အာရုံပို့လွှတ်၍ မေးလိုက်၏။

“ဘာကိစ္စလဲ”

“သခင်လေး.. သခင်မလေးလင်းဖေးရှန်းက လူတစ်ယောက် စေလွှတ်ပြီး သခင်လေးကို စားသောက်ပွဲဆီ ဖိတ်ခိုင်းလိုက်ပါတယ်”

ကိုယ်ရံတော်က တင်ပြလိုက်သောအခါ ကျန်းရီ ပြုံးသွား၏။ ထို သခင်လေး၊ သခင်မလေး တစ်စုက အမှန်ပင် အားအားရှိ စားသောက်ပွဲများ ကျင်းပကြပေသည်။ တစ်ပွဲကျင်းပပြီးသည်မှာ နေ့တစ်ဝက်သာ ရှိသေးသည်။ သို့သော် နောက်တစ်ပွဲ ထပ်မံကျင်းပကြပေပြီ။ ထို့ပြင် ဤတစ်ပွဲက လင်းဖေးရှန်း၏ စားသောက်ပွဲလော။ ယင်းမှာ သူမကို လေ့လာရန် အခွင့်ရေးကောင်းတစ်ခုပင်။

ကျန်းရီသည် ခမ်းနားသော ငွေချည်ထိုး ဝတ်ရုံတစ်ထည် လဲဝတ်လိုက်၏။ သူ၏ အနက်ရောင်ဆံပင်ကိုလည်း ဆံချည်တစ်မျှင်မျှ ထောင်ထွက်မနေစေရန် ဖီးလိုက်ပြီးမှ အပြင်သို့ ခြေလှမ်းကျဲများနှင့် ထွက်၍ လက်ဝှေ့ယမ်းလိုက်သည်။

“သွားကြစို့”

ဤတစ်ခေါက်တွင် တောက်လန်၊ ခွမ်လူနှင့် အင်အားတစ်သန်းစစ်တပ်ကြောင့် မူမျိုးနွယ်သည် ကိုယ်ရံတော်များစွာ ထည့်မပေးလိုက်ပေ။ သူတို့ နောက်ယောက်သာ ထည့်ပေးလိုက်သည်။ ထိုနှစ်ယောက်စလုံးမှာ အုပ်ချုပ်သူအဆင့် သိုင်းသမားများဖြစ်ကြသည်။ သို့သော် သူတို့၏ တိုက်ခိုက်စွမ်းအားမှာ ပြောပလောက်သည် မဟုတ်ပါ။

ကျန်းရီသည် မည်သည့်ဟွင့်သွမ့်နတ်ဘုရားလှေတွင် မည်သည့် သခင်လေး၊ သခင်မလေးများ ရှိကြောင်းကို မေးထားပြီးပြီဖြစ်သည်။ ထို့ကြောင့် သူ အမှားအယွင်းမရှိဘဲ လင်းဖေးရှန်း၏ ဟွင့်သွမ့်နတ်ဘုရားလှေကို မှန်မှန်ကန်ကန် ရှာဖွေနိုင်လိုက်လေသည်။

“နှုတ်ခွန်းဆက်ပါတယ် သခင်လေးမူ”

လင်းဖေးရှန်းသည် အစေခံမလေးနှစ်ယောက်နှင့်အတူ ဟွင့်သွမ့်နတ်ဘုရားလှေ၏ ဝင်ပေါက်တွင် ကျန်းရီကို ကိုယ်တိုင်ကြိုဆို၏။ ကျန်းရီ လင်းဖေးရှန်းကို ကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲ၌ တပ်မက်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ထိုတပ်မက်မှုက အတုအယောင်ဖြစ်သော်လည်း ထိုမိန်းမက အမှန်ပင် သူမ၏ဂုဏ်သတင်းနှင့် ထိုက်တန်ကြောင်း သူ စိတ်ထဲမှ ဝန်ခံရပေသည်။

လင်းဖေးရှန်းသည် ယ‌နေ့တွင် မြစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမသည် ညင်သာစွာ လှုပ်ယမ်းနေသော မိုးမခပင်တစ်ပင်ကဲ့သို့ပင်။ သူမ၏ ဆံပင်ကို မြင့်မြင့်ထုံးထားပြီး သူမ၏ နှင်းကဲ့သို့ ဖြူဝင်းသော လည်တိုင်ကို ဖော်ပြထားသည်။ သူမ၏ ကြည်လင်သော နားကွင်းနှစ်ဘက်မှ တွဲလဲကျနေသည့် ခရမ်းရောင်ကျောက် နားဆွဲနှစ်ခုနှင့် ရင်ဘတ်ပေါ်မှ ခရမ်းရောင်ပုလဲလည်ဆွဲတို့မှာ သူမ၏ ဖြူဝင်းသော အသားအရေနှင့် ပနံသင့်နေသည်။ ကျန်းရီ၏ ရင်ထဲတွင် သူမ၏ပုံရိပ်က ဆွဲထင်သွားပေပြီ။

ဟယ်နုန်ယင်း၏ အရှိန်အဝါမှာ အတော်လေး အေးစက်ပြီး ယွင်ပင်း၏ အရှိန်အဝါမှာ ရေခဲငုံထားသည့် မီးလုံးတစ်လုံးကဲ့သို့ ဖြစ်သည်။ ထိုလင်းဖေးရှန်း၏ အရှိန်အဝါမှာမူ ကျန်းရီအတွက် ရေကဲ့သို့ ကြည်လင်နေသည်ဟု ခံစားရပေသည်။

မိန်းမများကို ရေဖြင့် ဖွဲ့စည်းထားခြင်းပင်။ လင်းဖေးရှန်းမှာ ထိုဆိုရိုးအတွက် ပြီးပြည့်စုံသော သာဓကဖြစ်သည်။ သူမ၏ မျက်မှောင်ကြုတ်လိုက်မှု၊ ပြုံးလိုက်မှုတိုင်းက ယောက်ျားတစ်ယောက်ကို အရူးအမူး ဖြစ်သွားစေနိုင်လေသည်။

ကျန်းရီ၏ မိန်းမောနေသော မျက်နှာထားကို တွေ့သောအခါ လင်ဖေးရှန်း၏ မျက်ဝန်းများထဲတွင် ရွံရှာသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။ သို့သော် သူမ ညင်သာစွာ လက်ဝှေ့ယမ်း၍ ပြောလိုက်လေသည်။

“သခင်လေးမူ... အထဲဝင်ပြီး ထိုင်ပါဦး။ စားသောက်ပွဲက စတော့မှာပါ”

“အာ... ဟုတ်ကဲ့”

ကျန်းရီ၏ မျက်ဝန်းများ ပြန်ကြည်လင်လာပြီး သူ အိုးတိုးအမ်းတမ်း လက်ဆုတ်လိုက်၏။ ထို့ကြောင့် လင်းဖေးရှန်း သူ့ကို ပို၍ပင် အထင်သေးသွားသည်။ မိန်းမများမှာ ထိုကဲ့သို့ပင်ဖြစ်သည်။ သူမတို့သည် အလိုက်ခံရလေ၊ ပြေးလေပင်။ လိုက်သူကိုလည်း ပိုအထင်သေးလေပင်။

အစေခံမလေးတစ်ယောက်သည် ကျန်းရီကို လှေဝမ်းထဲ ခေါ်သွားပေး၏။ အတွင်းပိုင်းကို ပြင်ဆင်ထားပြီးဖြစ်သည်။ ထိုလှေဝမ်းက ကြီးမားပြီး ဧရာမခန်းမကြီးတစ်ခုနှင့် ပိုတူသည်။ အထဲတွင် သစ်သားစားပွဲခုံ နှစ်ဆယ့်နှစ်ခုံရှိသည်။ အစေခံမလေးသည် ကျန်းရီကို ချောင်အကျဆုံး စားပွဲသို့ ခေါ်သွား၏။

လှေဝမ်းထဲသို့ လူ ခုနစ်ယောက်၊ ရှစ်ယောက်လောက် ရောက်နေပြီဖြစ်သည်။ ကျန်းရီသည် သူတို့အများစုကို မသိသော်လည်း ယွင်ပင်းပေးထားသော ပုံတူပန်းချီများကို ကြည့်ထား၍ မည်သူက မည်သူဖြစ်ကြောင်း ပြောနိုင်ပေသည်။ သူတို့အားလုံးက မျိုးနွယ်ကြီးများမှ သခင်လေးများ၊ သခင်မလေးများပင်။ ကျန်းရီသည် သူတို့ထဲမှ နှစ်ယောက်ကိုတော့ သိ၏။ ထိုနှစ်ယောက်မှာ ခွမ်ကျန့်နှင့် တောက်မင်တို့ပင်။ ထိုအခိုက်တွင် တောက်မင်က သခင်လေးတစ်စုနှင့် ပရောပရီလုပ်နေသည်။ ကျန်းရီသည် လှေဝမ်းထဲရောက်သောအခါ နှုတ်ဆက်သည့်အနေဖြင့် ခေါင်းဆတ်ပြလိုက်၏။ သခင်လေးများသည် သူ့ကို ကြည့်ရုံသာ ကြည့်လိုက်ကြပြီး အရေးမစိုက်ကြပေ။

မည်သူကမှ သူ့ကို အရေးမစိုက်သဖြင့် ကျန်းရီ ပို၍စိတ်အေးရသည်။ သူ သစ်သားစားပွဲတွင် ဝင်ထိုင်လိုက်ပြီး သိုသိုသိပ်သိပ်ဟန်ဖြင့် သေရည်သောက်လိုက်၏။ ထို့နောက် တောက်မင်နှင့် အခြားသခင်လေးများ တစ်ယောက်ကိုတစ်ယောက် စနောက်နေသည့် အသံများကို နားထောင်နေလိုက်ပေသည်။

တဖြည်းဖြည်းဖြင့် လူများ တဖွဲဖွဲ ရောက်လာကြသည်။ ခွမ်ဟူ၊ ယန်ချီ၊ ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့လည်း ရောက်လာကြသည်။ ဧကရာဇ်ငယ်ရွေနှင့် ဟယ်နုန်ယင်းတို့က ရှေ့ဆင့်နောက်ဆင့် ဝင်လာခြင်းပင်။

ကျန်းရီသည် ဝင်လာသူအားလုံးကို ယဉ်ကျေးစွာ ခေါင်းဆတ်ပြ၏။ သူ့အကြည့်သည် ဧကရာဇ်ငယ်ရွေအပေါ်တွင် အကြာကြီး ရှိမနေခဲ့ပါ။ သို့သော် သူ ဧကရာဇ်ရွေမိသားစု၏ မြစ်ကို မသိမသာ စတင် အာရုံစိုက်နေလိုက်ပေသည်။

ဧကရာဇ်ငယ်ရွေမှာ အမှန်ပင် အနေအထိုင် အဆင့်အတန်းရှိပြီး သိမ်မွေ့သည်။ သူက အလွန်ယဉ်ကျေးပြီး မျက်နှာပေါ်တွင် ဖော်ရွေသည့် အပြုံးတစ်ခု ရှိနေသည်။ သူ့ပုံစံက အန္တရာယ်မရှိသော ယုန်သူငယ်လေးကဲ့သို့ပင်။ ခွမ်ဟူနှင့် အခြားသူများလည်း ကျန်းရီကဲ့သို့ပင် ခံစားကြရသည်။ ထိုပုဂ္ဂိုလ်သည် သေချာပေါက် စွမ်းအားကြီးသူတစ်ယောက် ဖြစ်ပေလိမ့်မည်။ ကိုက်သောခွေးက မဟောင်ပါ။

“ကျွန်မ နောက်ကျသွားပါတယ်။ တောင်းပန်ပါတယ်”

သိမ်မွေ့သော အသံတစ်သံ ထွက်ပေါ်လာ၏။ အားလုံး ခေါင်းထောင်လာကြသည်။ ကျန်းရီလည်း မော့ကြည့်လိုက်၏။ သူ့မျက်ဝန်းများ လင်းလက်လာသည်။ နောက်ဆုံးတွင် မျိုးဆက်သစ်၏ ထင်ရှားသော ပါရမီရှင် ရှားယွီကို သူ မြင်လိုက်ရလေသည်။

ရှားယွီက ကောင်းကင်ဘုံ၏ မျိုးနွယ်ကြီးတစ်ခုမှ မဟုတ်ပါ။ ရေဘုံအရှင်၏ သမီးတော်သာဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံမှ ထိပ်တန်းမျိုးနွယ်များ၏ မျက်လုံးများထဲတွင် သူမက ဘာမှမဟုတ်ပေ။ သို့သော် ယခုတွင် သူမသည် မိုးပြာမဟာဧကရာဇ်၏ ချစ်တပည့်ဖြစ်နေပေပြီ။ သူမ၏ အဆင့်အတန်းက အလွန့်မြင့်သွားသည်။ သူမ၏အဆင့်အတန်းနှင့်သာဆိုလျှင် ထိုမျှပြောစရာမရှိပါ။ သို့သော် သူမက တမလွန်ဘုံအရှိန်အဝါကို တန်ပြန်နိုင်သော အလင်းအနှစ်သာရကို ကျင့်ကြံပေသည်။

ထို့ပြင် သူမသည် စစ်ရေးအနုပညာနှင့် ဗျူဟာအပိုင်းတွင် အလွန်ကျွမ်းကျင်သည်။ သူမသည် ကောင်းကင်စကြဝဠာဘုံကို သိမ်းနိုင်ခဲ့ခြင်းတွင် အဓိက စွမ်းဆောင်ခဲ့သူတစ်ယောက်လည်း ဖြစ်သည်။ သူမ၏ စွမ်းဆောင်ချက်များကို ပေါင်းလိုက်သောအခါ ခွမ်ဟူနှင့် ယန်ချီတို့ပင် မှေးမှိန်သွားရသည်။ ဟယ်နုန်ယင်းပင် သူမ၏ လောင်းရိပ်မိသွားပေသည်။

ကျန်းရီအတွက် ရှားယွီ၏ အထင်ရှားဆုံးအရာမှာ မှုန်မှိုင်းနေသော မျက်ဝန်းတစ်စုံဖြစ်သည်။ ထိုမျက်ဝန်းများကို ပန်းချီကားများထဲတွင် ထည့်ဆွဲသင့်သည်။ ၎င်းတို့က သူ့ကို စိတ်ထဲ ဗလာဖြစ်သွားစေသည်။ အကြောင့်အချို့ကြောင့် ယင်းက သေနိုင်လောက်အောင် ဆွဲဆောင်မှုရှိနေသည်။ ထိုမျက်ဝန်းများကို မြင်လိုက်သည်နှင့် သူမ၏ အဝတ်များကို စုတ်ဖြဲကာ သူမ၏ နှလုံးသားကို ကြည့်လိုစိတ်များပင် ပေါ်လာပေသည်။

မူဟယ်ယွီ၏ အဆင့်အတန်းအရ ကျန်းရီ ရှားယွီကို ထရပ်၍ နှုတ်ဆက်လိုက်ရ၏။ ထိုစစ်သူကြီးရှားမှာ အမှန်ပင် အလွန်ယဉ်ကျေးပေသည်။ သူမသည် တစ်ယောက်ချင်းစီကို ပြန်နှုတ်ဆက်သည်။ သခင်လေးများ၊ သခင်မလေးများနှင့် အာလာပသလ္လာပများ အပြန်အလှန်ပြောပြီးနောက် သူမ ကျန်းရီကို လှည့်ကြည့်လိုက်သည်။

ရွှီး...

ရှားယွီ၏ မျက်ဝန်းများ အမှန်ပင် လင်းလက်လာ၏။ သူမ၏ မျက်ဝန်းများထဲမှ မှုန်မှိုင်းမှုမှာ ပျောက်ကွယ်သွားသည်။ သူမ၏ လှပသော မျက်နှာလေးမှာလည်း အတန်ငယ် နီမြန်းသွားသည်။ ထို့ကြောင့် လူများစွာ သူမကို သတိထားကြည့်လိုက်ကြလေသည်။

‘အာ.. သွားပြီ’

ကျန်းရီ စိတ်လေးသွား၏။ ရှားယွီ၏ အကြည့်မှနေ၍ တစ်ခုခု မှားသွားပြီဖြစ်ကြောင်း ကျန်းရီ ပြောနိုင်သည်။ ရှားယွီက သူ့ကို မှတ်မိသွားခြင်းလော။ အနည်းဆုံးတော့ သူမက သူ့ကို သံသယဖြစ်သွားခြင်းဖြစ်မည်။

“သခင်လေးဟယ်ယွီ... ဘာလို့ သခင်လေးက ဒီနေ့ ဒီလောက်ကြွားကြွားရွားရွား ဝတ်ထားရတာလဲ”

ရှားယွီက လျင်မြန်စွာ ပြောလိုက်၏။ သူမ ခါးသက်သက်လည်း ပြုံးလိုက်သည်။

“သခင်လေးက ကျွန်မရဲ့ ဆုံးသွားတဲ့ အစ်ကိုနှစ်လို ဝတ်ထားတာပဲ။ ကျွန်မ ခဏလောက် အစ်ကိုနှစ် ပြန်ရှင်လာတာလို့ တွေးမိသွားတယ်”

“အစ်ကိုနှစ်လား”

ကျန်းရီနှင့် လှေဝမ်းထဲရှိ လူများ အတန်ငယ် မှင်တက်သွားကြ၏။ ခွမ်ဟူတို့မှာ သံသယဖြစ်မနေကြတော့ပေ။ ကျန်းရီ၏ ရင်ထဲဝင်မူ သံသယများ ပြည့်နှက်သွားသည်။ ရှားယွီ၏ တုံ့ပြန်မှုက အလွန်မြန်သည်။ ဤအဖြစ်က အမှန်ပင် တိုက်ဆိုင်မှုတစ်ခုလော။

တိုက်ဆိုင်မှုဆိုလျှင် ကိစ္စကြီးတစ်ခု မဟုတ်ပါ။ တိုက်ဆိုင်မှုမဟုတ်လျှင်မူ ထိုမျှလျင်မြန်စွာ တုံ့ပြန်နိုင်သူတစ်ယောက်၏ စိတ်က စူးရှကာ ကြောက်မက်ဖွယ်ကောင်းပေသည်။

***

All Chapters