မကောင်းဆိုးဝါးတစ်ကောင်
Vol. 139 Ch. 1933
“စစ်သူကြီးရှား...”
တောက်မင်က ရုတ်တရက် ခေါ်လိုက်သဖြင့် ကျန်းရီ အာရုံစိုက်လိုက်၏။ တောက်မင် လျှောက်လာပြီး ရှားယွီ၏လက်ကို ကိုင်ကာ ပြောလိုက်လေသည်။
“စစ်သူကြီးရဲ့ အစ်ကိုနှစ်က ပါရမီရှင်တစ်ယောက်ပဲ။ တောက်မင်က သူတိုက်ခိုက်ပုံကို ကံကောင်းပြီး တွေ့ခဲ့ရဖူးပါတယ်။ ဒါပေမဲ့ သူက တမလွန်ဘုံမျိုးနွယ်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတာ နှမြောစရာပဲ။ စစ်သူကြီး အရမ်းဝမ်းနည်းမနေပါနဲ့။ စစ်သူကြီးရဲ့ အစ်ကိုနှစ်က လူသားမျိုးနွယ်အတွက် အသေခံခဲ့တာပါ။ အနာဂတ်မျိုးဆက်က သူ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ သူ့ဝိညာဉ်က ထာဝရတည်ရှိနေမှာပါ၊ သူ့နာမည်ကလည်း မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခံရမှာပါ”
“ဟုတ်ပါတယ်...”
သခင်မလေးကုန်းယန်ကလည်း ထရပ်ကာ ခေါင်းညိတ်၍ ဝင်ပြောသည်။
“ရှားမျိုးနွယ်က ရဲရင့်တဲ့အာဇာနည်မျိုးနွယ်ပါ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရှားမျိုးနွယ်က အနည်းဆုံး မျိုးနွယ်ဝင်တစ်ထောင်လောက် ဆုံးရှုံးခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ သူတို့က အများကြီးလည်း စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ မိုးပြာမဟာဧကရာဇ်စစ်တပ်ထဲမှာ ရှားမျိုးနွယ်ဝင်သုံးယောက်က စစ်သူကြီးတွေ ဖြစ်နေကြတယ်။ မျိုးနွယ်တစ်ခုတည်းနဲ့ စစ်သူကြီးသုံးယောက်... အဲ့ဒါက ဘယ်လိုဂုဏ်မျိုးလဲ။ လူသားမျိုးနွယ်က သူတို့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ စစ်သူကြီး အရမ်းဝမ်းနည်းမနေပါနဲ့”
“အာ...”
ကျန်းရီ ထပ်မံ၍ မှင်တက်သွား၏။ ရှားမျိုးနွယ်က ထိုမျှအင်အားကြီးသည်လော။ အစတွင် ရှားယွီက ရေဘုံအရှင်၏ သမီးတော်ဟုသာ သူ တွေးခဲ့သည်။ ရှားမျိုးနွယ်က မိုးပြာမဟာဧကရာဇ်စစ်တပ်ထဲတွင် မျိုးရိုးစဉ်ဆက် တာဝန်ထမ်းခဲ့ပြီး စွမ်းဆောင်မှုများစွာ ပြုခဲ့လိမ့်မည်ဟု သူ မျှော်လင့်မထားပေ။
‘ငါ့အာရုံပဲ မှားတာလား။ ကိုယ်တိုင်ကြည့်ကြည့်တော့ ရှားယွီနဲ့ ပတ်သတ်ပြီး ဘာမှ မှားမနေပါဘူး...’
ကျန်းရီသည် သူ့အာရုံကိုသူ စတင်သံသယဖြစ်လာသည်။ ရှားမျိုးနွယ်က ရဲရင့်သောအာဇာနည်မျိုးနွယ်ဖြစ်ပြီး မရေမတွက်နိုင်သော တမလွန်ဘုံမျိုးနွယ်ဝင်များကို သတ်ခဲ့ရာ အဘယ်သို့ တမလွန်ဘုံမျိုးနွယ်နှင့် ပတ်သတ်နေနိုင်ပါမည်နည်း။
ကျန်းရီသည် ရှားယွီကို သံသယဖြစ်ခဲ့ခြင်းမှာ အလွန်လျင်မြန်စွာ အဆင့်အတန်း မြင့်တက်လာခဲ့၍ဖြစ်သည်။ သူမသည် အားနည်းသော အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း မီးရှူးမီးပန်းတစ်ခုအလား လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ အရေးအကြီးဆုံးမှာ သူမက အင်အားသန်းသုံးဆယ် စစ်တပ်တစ်တပ်ကို ဦးဆောင်၍ ကောင်းကင်စကြဝဠာဘုံကို သိမ်းနိုင်ခဲ့ခြင်းပင်။ ထို့ကြောင့် ကျန်းရီ သံသယဖြစ်ခဲ့ခြင်းဖြစ်သည်။
ယခုတွင် ထိုသံသယများထဲမှ တစ်ချက်ကို ဖြေရှင်းပြီးသွားပေပြီ။ ရှားမျိုးနွယ်က ရဲရင့်သောအာဇာနည်မျိုးနွယ်တစ်ခုပင်။ သူတို့သည် မိုးပြာမဟာဧကရာဇ်စစ်တပ်တွင် မျိုးရိုးစဉ်ဆက် တာဝန်ထမ်းခဲ့သည်။ ထို့ကြောင့် သူမ လျင်မြန်စွာ အဆင့်တက်လာခြင်းမှာ သံသယဖြစ်စရာ မရှိတော့ပါ။ ရှားမျိုးနွယ်က မိုးပြာမဟာဧကရာဇ်ကို နှစ်ပေါင်းများစွာ သစ္စာစောင့်သိခဲ့သည်။ ရှားယွီကိုယ်တိုင်ကလည်း အလွန်ပါရမီထူးသည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ်က ရှားမျိုးနွယ်ကို သူကောင်းပြုရန်အတွက် ရှားယွီကို တပည့်တစ်ယောက်အဖြစ် လက်ခံခဲ့ခြင်းမှာ နားလည်ပေးနိုင်သောအရာပင်။
ယခု တစ်ခုတည်းသော သံသယဖြစ်စရာမှာ ထိုအမျိုးသမီးက ကြောက်မက်ဖွယ် ဉာဏ်ရည်နှင့် ဗျူဟာများကို ပိုင်ဆိုင်ထားခြင်းသာ ရှိတော့သည်။ သူမက အင်အားသန်းသုံးဆယ်စစ်တပ် တစ်တပ်နှင့်ပင် ကောင်းကင်စကြဝဠာဘုံကို သိမ်းပိုက်နိုင်ခဲ့သည်။ သူမ၏ အလင်းနတ်ဘုရားအစီအရင်က ထိုမျှ စွမ်းအားကြီးသည်လော။
ရှားယွီ ခပ်ရေးရေးပြုံးလိုက်၏။ သူမ၏ မျက်ဝန်းများက ထပ်မံ မှုန်မှိုင်းလာသည်။ သို့သော် သူမပုံစံက အတန်ငယ်ဝမ်းနည်းနေပုံ ပေါ်နေဆဲပင်။ သူမ အားတင်းပြုံးကာ ပြန်ပြောလိုက်သည်။
“အားလုံးကို ကျေးဇူးတင်ပါတယ်။ ရှားယွီ အဆင်ပြေပါတယ်။ အစ်ကိုနှစ်အကြောင်းကို ပြန်တွေးမိသွားရုံပါ။ အားလုံးရဲ့ ပျော်နေတဲ့စိတ်ကို နှောင့်ယှက်မိတဲ့အတွက် ရှားယွီ အပြစ်ရှိသလို ခံစားရပါတယ်။ အားလုံးပဲ ထိုင်ကြပါ”
ရှားယွီသည် ကျန်းရီကို ထပ်မကြည့်တော့၍ ကျန်းရီ စိတ်သက်သာရာရသွား၏။ ကြည့်ရသည်မှာ အစောမှ အဖြစ်က တိုက်ဆိုင်မှုသာ ဖြစ်ပေလိမ့်မည်။ သူ၏ ဝိညာဉ်တံလျှပ်အတတ်ကို ဧကရာဇ်အဆင့်အောက်မှ လူများက ဖောက်မြင်နိုင်မည် မဟုတ်ပေ။ ရှားယွီသည် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ပင် မရောက်သေးချေ။ သို့ဖြစ်ရာ သူမက မည်သို့ ဖောက်မြင်နိုင်မည်နည်း။
လှေဝမ်းထဲရှိ သခင်လေးများနှင့် သခင်မလေးများ အားလုံးမှာ မျိုးနွယ်ကြီးများမှဖြစ်သည်။ သို့ဖြစ်ရာ သူတို့ မမြင်ဖူးသည့်မြင်ကွင်းဟူ၍ ရှိပါသေးလော။ စားသောက်ပွဲ၏ အငွေ့အသက်က အလွန်ကောင်းနေသည်။ ခွမ်ဟူသည် စကားအနည်းငယ်နှင့် ကောင်းကင်ဘုံခုံရုံးအကြောင်းကို စကားဝိုင်းထဲ ဆွဲသွင်းလိုက်သည်။ ထိုအခါ သခင်လေးများနှင့် သခင်မလေးများအားလုံးသည် ထိုအကြောင်းကို အားတက်သရော ဆွေးနွေးကြလေသည်။ သို့သော် တောက်မင်နှင့် သခင်မလေးကုန်းယန်တို့က ရံဖန်ရံခါ ပြည်တည်တည်နှင့် ရယ်လိုက်ကြသောအခါ လှေဝမ်းထဲမှ အငွေ့အသက်က တင်းမာသွားပေသည်။
ကျန်းရီဆိုလျှင် ရွံရှာသည်အထိပင် ဖြစ်လာသည်။ သူသည် စကားများစွာ မပြောသောလည်း အခွင့်အရေးရတိုင်း လင်းဖေးရှန်းကို မထိတထိ ပြောသည်။ ထို့ကြောင့် လင်းဖေးရှန်းက သူ့ကို ပို၍၌င် အထင်သေးလာပေသည်။
စကားတစ်ခွန်းမှ ဝင်မပြောသူက ဟယ်နုန်ယင်းပင်။ သူမ ခေါင်းငုံ့၍ လက်ဖက်ရည်ကိုသာ အေးအေးလူလူ ပြောနေသည်။ သူမ၏ လှုပ်ရှားမှုတိုင်းက အလွန်ကြော့ရှင်းသည်။ သူမသည် စကားမပြော၊ မပြုံးသော်လည်း သူမ၏လှုပ်ရှားမှုတိုင်းကို သခင်လေးများက စောင့်ကြည့်နေကြသည်။ သူမ အေးအေးလူလူ လက်ဖက်ရည်သောက်နေပုံကို ကြည့်နေရခြင်းမှာပင် သခင်လေးများအတွက် ကျေနပ်စရာတစ်မျိုး ဖြစ်နေပေသည်။
အားလုံးသည် ကောင်းကင်ဘုံခုံရုံးအကြောင်း ဆွေးနွေးနေ၍ ကျန်းရီ စိတ်ဝင်စားနေ၏။ သူ ထိုင်နေရခြင်းကို ပျင်းမနေတော့ပါ။
ကောင်းကင်ဘုံခုံရုံးက ကောင်းကင်ဧကရာဇ်များ၏ တော်ဝင်နန်းတော်ဖြစ်သည်။ မျိုးနွယ်ကြီးအားလုံးတွင် ကောင်းကင်ဘုံခုံရုံးအကြောင်း သတင်းအချက်အလက်များ ရှိကြသည်။ ကောင်းကင်ဘုံခုံရုံးမှာ အမှန်တွင် အမှီအခိုကင်းသော နေရာတစ်ခု ဖြစ်သည်။ ယင်းမှာ လောကထဲရှိ အကြီးဆုံး၊ အဆန်းကြယ်ဆုံး လေဟာနယ်နတ်ဘုရားအသုံးအဆောင်တစ်ခုပင်။
ကျန်းရီသည် ရှားယွီနှင့် လင်းဖေးရှန်းတို့ကိုလည်း မသိမသာ အကဲခတ်နေသည်။ ရံဖန်ရံခါဆိုသလို ဧကရာဇ်ငယ်ရွေကိုလည်း အကဲခတ်သည်။ သူတို့သုံးယောက်၏ စကားများကို ကြားသောအခါ ကျန်းရီ အတန်ငယ် စိတ်ပျက်မိ၏။ အပေါ်ယံတွင် သူတို့သုံးယောက်သည် တမလွန်ဘုံမျိုးနွယ်နှင့် မည်သို့မှ သက်ဆိုင်ပုံ မပေါ်ပေ။
မည်သည့် တမလွန်ဘုံမျိုးနွယ်ဝင်ဖြစ်စေ၊ တော်ဝင်မိသားစုဝင်များဖြစ်စေ သူတို့ထံတွင် သေချာပေါက် တမလွန်ဘုံအရှိန်အဝါ ရှိနေသည်။ ယင်းမှာ သူတို့ကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ်ပင်။ သို့သော် ကျန်းရီမှာ သူတို့သုံးယောက်ထံတွင် မည်သည့် တမလွန်ဘုံအရှိန်အဝါကိုမှ မခံစားမိပါ။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း လျှို့ဝှက်စွာဝင်၍ပင် အာရုံခံကြည့်သည်။ သို့သော် မည်သည်ကိုမှ မခံစားမိပါ။
သို့သော် ယင်းမှာ ပုံမှန်ပင်။ ချီလင်းဧကရီကလည်း သူတို့သုံးယောက်ကို ကိုယ်တိုင်စူးစမ်းခဲ့ပေလိမ့်မည်။ အကယ်၍ သူတို့ကသာ တမလွန်ဘုံမျိုးနွယ်၏ သူလျှိုများဆိုလျှင် ချီလင်းဧကရီက သေချာပေါက် အာရုံခံမိပေလိမ့်မည်။
ကောင်းကင်ဘုံခုံရုံးအကြောင်းကို အတန်ကြာအောင် ဆွေးနွေးပြီးနောက် ခွမ်ဟူသည် တမလွန်ဘုံမျိုးနွယ်အကြောင်းကို စကားလမ်းကြောင်းပြောင်းလိုက်၏။ သူ တမလွန်ဘုံမျိုးနွယ်၏ အတွင်းရေးပဋိပက္ခများကိုလည်း မကြာမကြာ ပြောသည်။ ယခင်က မင်တဲနှင့် ကျန်းရီတို့က သူတို့ကို တမလွန်ဘုံမျိုးနွယ်၏ ပိုင်နက်ထဲ မည်သို့ ခေါ်သွားခဲ့ကြောင်းများကိုလည်း ပြောလေသည်။
ခွမ်ဟူ ထိုအကြောင်းများကို ပြောနေခြင်းမှာ ကျန်းရီကို ချီးကျူးရန် မဟုတ်ပါ။ သူ့ဂုဏ်သူဖော်ရန်သာဖြစ်သည်။ သူသည် အချက်အလက်များစွာကို တမင်လှီးလွှဲ၍ ပြောပေသည်။
ခွမ်ဟူ၏ စကားလမ်းကြောင်းပေးမှုက ထိရောက်၏။ တောက်မင်သည်လည်း ကျန်းရီ၏ မကောင်းသောလုပ်ရပ်များကို စတင်ဝေဖန်လာသည်။ ကျန်လူများကလည်း သူတို့၏ မကျေနပ်ချက်များကို ပြောကာ ကျန်းရီ၏မကောင်းကြောင်းများကို ဖော်လာကြသည်။ သူတို့အားလုံးသည် ကျန်းရီကို မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပုံဖော်ကြပေသည်။
“ဟင်းဟင်း...”
ဟယ်နုန်ယင်းသည် ပထမဆုံးအကြိမ် ခပ်ရေးရေးပြုံး၍ အားလုံး၏ အာရုံကို ဆွဲဆောင်လိုက်၏။ ဧကရာဇ်ငယ်ရွေသည် ယခုမှ ဟယ်နုန်ယင်း၏အပြုံးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ထို့ကြောင့် သူ စိတ်ဝင်တစား မေးလိုက်သည်။
“သခင်မလေးနုန်ယင်း... သခင်မလေးက ဘာလို့ ရုတ်တရက်ကြီး ပြုံးလိုက်ရတာလဲ။ သခင်မလေးမင်ပြောတာ မှားနေလို့များလား”
ဟယ်နုန်ယင်းက ခပ်ဖွဖွခေါင်းခါ၍ နှုတ်ခမ်း မပွင့်တပွင့်ဟကာ ပြန်ပြောလိုက်သည်။
“ဘာမှမဟုတ်ဘူး။ သခင်မလေးမင်ပြောတာ မှန်လောက်မှာပါ။ ကျန်းရီက မကောင်းတဲ့ နတ်ဆိုးတစ်ကောင်ပဲ၊ အရမ်းဆိုးဝါးတဲ့ နတ်ဆိုးတစ်ကောင်ပေါ့”
‘သူက ငါ့ကို လက်စားချေနေတာပဲ’
ကျန်းရီ အံကြိတ်လိုက်၏။ ဟယ်နုန်ယင်းက သူ သူမကို ပြည်တည်တည်ပြောခဲ့သည်အတွက် ပြန်လက်စားချေနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သူမ ရုတ်တရက် ရယ်လိုက်ခြင်းမှာလည်း တမင်ရယ်လိုက်ခြင်းဖြစ်မည်။ ကျန်းရီအရှေ့တွင် ကျန်းရီ၏မကောင်းကြောင်းကို ဝေဖန်ခြင်းမှာ အလွန်ရယ်ရသော ဟာသပင်။
“အင်း...”
ဧကရာဇ်ငယ်ရွေသည် လက်ဝှေ့ယမ်း၍ ပြောလိုက်၏။
“အခု ကျွန်တော်ပြောမဲ့စကားက အားလုံးကို သဘောမကျ ဖြစ်စေလောက်မယ်။ ကျွန်တော်ကတော့ ကျန်းရီက မကောင်းဆိုးဝါးတစ်ကောင်လို့ မထင်ပါဘူး။ အားလုံးက ရန်ငြိုးတွေရှိလို့ ဆန့်ကျင်ဘက်မှာ ရပ်ကြတာပေါ့။ ဒါပေမဲ့ ကျန်းရီက ကောင်းကင်ဧကရာဇ် ရွေးချယ်ထားတဲ့ ဆက်ခံသူပဲ၊ သူ့မှာ ဘယ်လိုလုပ် အဲ့လိုမကောင်းတဲ့အကျင့်တွေ ရှိနိုင်မှာလဲ။ အမှန်ဆို... ကျွန်တော့်မျိုးနွယ်နဲ့ ကျန်းရီက ရန်သူတွေဖြစ်ရမှာ။ ကျွန်တော်တို့မျိုးနွယ်က ကောင်းကင်ဧကရာဇ်ကြောင့် ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့တာ မဟုတ်လား။ ဒါပေမဲ့ အမုန်းတရားက အမုန်းတရားပဲ။ ကျန်းရီက လေးစားခံရဖို့ ထိုက်တန်တယ်။ သူက အနိုင်မခံ အရှုံးမပေးတတ်တဲ့ ယောက်ျားတစ်ယောက်ပဲ”
ဧကရာဇ်ငယ်ရွေ၏ စကားများက လူများစွာ၏ မျက်နှာများကို မည်းမှောင်သွားစေ၏။ အထူးသဖြင့် တောက်မင်၊ သခင်မလေးကုန်းယန်နှင့် ခွမ်ဟူတို့၏ မျက်နှာများက ပိုမည်းမှောင်သွားကြသည်။ သို့သော် ဧကရာဇ်ငယ်ရွေသည် သူတို့မျိုးနွယ်နှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကြားမှာ ရန်ငြိုးကို အားလုံးအရှေ့တွင် ထုတ်ပြောခဲ့သည်။ ထို့ကြောင့် အားလုံး အတန်ငယ် ပို၍ ခံစားချက်ကောင်းလာကြပေသည်။
“ဟင်းဟင်း...”
ရှားယွီက ရုတ်တရက် ထရပ်၍ ပြောလိုက်၏။
“အားလုံးပဲ... ကျွန်မလည်း ဧကရာဇ်ငယ်ရွေလိုပဲ တွေးပါတယ်။ ကျန်းရီက မိုးပြာမဟာဧကရာဇ်တောင်ထွပ်မှာ သတ်ဖြတ်ခဲ့လို့ ကျွန်မရဲ့ဆရာ မျက်နှာပျက်ခဲ့ရပေမဲ့ ကျွန်မ ကျန်းရီနဲ့ တစ်ခါမှ မဆုံဖူးပါဘူး။ ဒါပေမဲ့ အဲ့ကျန်းရီက သူရဲကောင်းအစစ်အမှန်တစ်ယောက်၊ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ အဲ... ကျွန်မ သူနဲ့တွေ့ရင်တော့ ကျွန်မ သေရမယ်ဆိုရင်တောင် သူနဲ့ သေချာပေါက် တိုက်ခိုက်မှာပါ။ အားလုံးပဲ ကျွန်မကို အဲ့လို မကြည့်ကြပါနဲ့။ ရန်သူတွေကတောင် ကျွန်မကို လေးစားနိုင်တယ်။ ကျွန်မတို့ကလည်း ကျွန်မတို့ရဲ့ ရန်သူတွေကို ပြန်လေးစားနိုင်တာပဲ။ ဒါပေမဲ့ ရင်ဆိုင်စရာရှိလာရင်တော့ ထိပ်တိုက်ရင်ဆိုင်ရမယ်။ ကိုယ့်ကိုယ်ကိုယ်သိပါ၊ ကိုယ့်ရန်သူကိုသိပါ။ အဲ့လိုမှ တိုက်ပွဲတစ်ရာကို အောင်နိုင်မှာ”
ဧကရာဇ်ငယ်ရွေနှင့် ရှားယွီတို့၏ စကားများကြောင့် ကျန်းရီ စိတ်ကြီးဝင်မသွားပါ။ ထိုအစား သူ ပို၍ပင် ခေါင်းရှုပ်သွားသည်။
ထိုနှစ်ယောက်၏ စကားများက အလွန်စစ်မှန်ပြီး နှလုံးသားထဲမှလာသော စကားများဟု ထင်ရသည်။ ထို့ပင် သူတို့သည် ထိုစကားများကို အားလုံး၏ အရှေ့တွင် ပြောဝံ့ကြသည်။ သူတို့၏ ရည်ရွယ်ချက်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့က စိတ်ရင်းအမှန်နှင့် ပြောခြင်းပင်။
အထူးသဖြင့် ယင်းက ရှားယွီအတွက် ပိုမှန်သည်။ မိုးပြာမဟာဧကရာဇ်၏ တပည့်ဖြစ်သော သူမအနေဖြင့် ကျန်းရီက မိုးပြာမဟာဧကရာဇ်ကို အကြိမ်ပေါင်းများစွာ အရှက်ခွဲခဲ့ကြောင်း သေချာပေါက် သိပေလိမ့်မည်။ သိုေ့သာ် သူမသည် ထိုသို့ ပွင့်ပွင့်လင်းလင်း ပြောဝံ့သေးသည်။ ထို့ကြောင့် ကျန်းရီသည် သူမ၏ သတ္တိနှင့် ပွင့်လင်းသော စိတ်ဓာတ်ကို လေးစားသွားရလေသည်။ ကြည့်ရသည်မှာ သူ ဟွင့်သွမ့်နတ်ဘုရားလှေထဲတွင် အတန်ကြာ ဆက်နေရဦးမည့်ပုံပင်။
ကျန်းရီ စိတ်ဆုံးဖြတ်လိုက်၏။ ဧကရာဇ်ငယ်ရွေနှင့် ရှားယွီတို့က သူ၏ အကောင်းမြင်မှုကို ရသွားပေပြီ။ သို့သော် ယင်းက သူ့ကို ပို၍သတိကြီးလာစေသည်။
ကျန်းရီသည် လူများစွာကို မြင်ဖူးခဲ့ပြီး ကိစ္စများကို တွေ့ကြုံခဲ့ပြီးပေပြီ။ အကယ်၍ သူတို့နှစ်ယောက်က သူ့အမြင်နှင့် အတွေးကိုပင် လွှမ်းမိုးနိုင်လျှင် အလွန်ကြောက်စရာကောင်းပေလိမ့်မည်။
***