← Chapters

ပိုးပန်းမှု

Vol. 139 Ch. 1934

ပိုးပန်းမှု

Vol. 139 Ch. 1934

ကျန်းရီသည် သူစိမ်းများကို တစ်ခေါက်တွေ့ရရုံနှင့် များစွာကောက်ချက်မချနိုင်ပါ။ သူတို့က အသူရာတောင်နှင့် အတော်လေး လှမ်းနေသေးရာ ကျန်းရီ အဖွဲ့နောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဟွင့်သွမ့်နတ်ဘုရားလှေထဲတွင် နေရခြင်းက ပို၍သက်တောင့်သက်သာရှိသည်။ ထို့ပြင် သူ ထွက်သွားလိုချိန်တွင် ထွက်သွားနိုင်သည် မဟုတ်ပါလား။ မည်သူကမှ သူ့ကို မတားနိုင်ပေ။

အကယ်၍ သူ့အကြောင်း ပေါ်သွားလျှင် မည်သို့လုပ်မည်နည်း။

သူ ဝန်းရံထားမှုကို အလွယ်တကူ ဖောက်ထွက်နိုင်သည်။ တောက်လန်၊ ခွမ်လူနှင့် ခွမ်ဟူတို့ကို သူ့ကို တားနိုင်မည် မဟုတ်ပါ။

တစ်နာရီကြာပြီးနောက် စားသောက်ပွဲ ပြီးဆုံးသွား၏။ ဤ အသူရာတောင်သို့ ခရီးသည် ရှည်လည်း မရှည်သလို၊ တိုလည်း မတိုပါ။ သခင်လေးများနှင့် သခင်မလေးများသည် မကျင့်ကြံနိုင်သဖြင့် ဟွင့်သွမ့်နတ်ဘုရားလှေထဲတွင် ဤအတိုင်း ထိုင်နေရမည်ကို ပျင်းကြသည်။ ထို့ကြောင့် သူတို့ မကြာခဏ စုဝေးခြင်းကို နားလည်ပေးနိုင်ပေသည်။

ကျန်းရီသည် စိတ်ဝင်စားဖွယ် အရာအချို့ကိုလည်း မြင်ရသည်။ ဥပမာအားဖြင့် တောက်မင်နှင့် သခင်မလေးကုန်းယန်တို့က ခွမ်ဟူ၊ ယန်ချီနှင့် ဧကရာဇ်ငယ်ရွေတို့ကို ဖြားယောင်းလိုနေခြင်းမျိုးပင်။ သို့သော် ခွမ်ဟူနှင့် ယန်ချီတို့က ဟယ်နုန်ယင်း၊ ရှားယွီနှင့် လင်းဖေးရှန်းတို့ကို ပိုးပန်းလိုနေကြသည်။ ဧကရာဇ်ငယ်ရွေမှာ ဟယ်နုန်ယင်းကို ပိုစိတ်ဝင်စားပြီး လင်းဖေးရှန်းကာ ယန်ချီကို စိတ်ဝင်စားနေလေသည်။

ထိုသခင်လေးများနှင့် သခင်မလေးများကြားမှာ ပတ်သတ်မှုများက သပွတ်အူပင်။ သို့သော် ကျန်းရီ အရေးမစိုက်ပါ။ စားသောက်ပွဲပြီးသွားသောအခါ သူ မည်သူ့ကိုမှ မနှုတ်ဆက်တော့ဘဲ မူဟယ်ယွီ၏ ဟွင့်သွမ့်နတ်ဘုရားလှေဆီသို့ တစ်ယောက်တည်း ပြန်သွားလိုက်သည်။ ထို့နောက် ဒေါသတကြီးနှင့် အရှေ့လှေဝမ်းထဲဝင်ကာ တံခါးပိတ်၍ အားလုံးကို လျစ်လျူရှုလိုက်ပေသည်။

ကိုယ်ရံတော်နှစ်ယောက်၊ ကိုယ်လုပ်တော်အချို့နှင့် အစေခံမလေး တစ်ဒါဇင်သည် အဘယ်ကြောင့် ကျန်းရီက ဒေါသဖြစ်နေကြောင်းကို မသိကြပါ။ သူတို့ မေးလည်းမမေးဝံ့သဖြင့် အနောက်လှေဝမ်းထဲတွင်သာ ကြောက်ကြောက်ရွံ့ရွံ့နှင့် နေနေကြရလေသည်။ ကျန်းရီသည် သူတို့ကို ဂရုမစိုက်ဘဲ အရှေ့လှေဝမ်းထဲတွင် ကျင့်ကြံနေလိုက်သည်။

နောက်သုံးရက်အတွင်း နေ့တစ်ဝက်လျှင် တစ်ကြိမ် စားသောက်ပွဲတစ်ပွဲ ကျင်းပခဲ့သည်။ ကျန်းရီကလည်း စားသောက်ပွဲတိုင်းကို တက်သည်။ သူသည် သွားတိုင်း သိုသိုသိပ်သိပ်သာ ထိုင်ခဲ့သည်။ ရံဖန်ရံခါဆိုသလို အခွင့်အရေးရလျှင် သူ လင်းဖေးရှန်းကို မထိတထိစကားများ ပြောပေသည်။ သူ့သရုပ်ဆောင်မှုမှာ ပီပြင်လှ၏။ အကယ်၍ ယွင်ပင်းသာ ကျန်းရီအကြောင်းကို ကြိုမသိထားလျှင် ကျန်းရီက အမှန်ပင် မူဟယ်ယွီဟု ထင်မိသွားမည်ဖြစ်သည်။

ရှားယွီသည် ဤအတောအတွင်း ထူးထူးဆန်းဆန်း မပြုမူခဲ့ပါ။ ကျန်းရီကိုလည်း အရေးမစိုက်ခဲ့ပါ။ မည်သူကမှလည်း သူ့ကို အရေးမစိုက်ကြပါ။ ကောင်းကင်ဘုရင်ဝေက ယန်ကိုးပါးစစ်တပ်၏ ခေါင်းဆောင်ဖြစ်သည်။ သူပြီးလျှင်လည်း ကောင်းကင်ဘုရင်ယွင်ဖြစ်သည်။ ထို့ကြောင့် ယွင်ပင်းကသာ ယန်ကိုးပါးစစ်တပ်ကို ကိုယ်စားပြုပြီး မူဟယ်ယွီက အရေးမပါပေ။ ထို့ပြင် မူဟယ်ယွီက တောက်မျိုးနွယ်၏ လက်ပါးစေတစ်ယောက်လည်း ဖြစ်နေသည်။ လက်ပါးစေများမှာ အထင်သေးခြင်း ခံရပေသည်။

သို့သော် ကျန်းရီသည် ယင်းကို စိတ်မရှိသည့်အပြင် ဝမ်းပင်သာမိသည်။ ထိုကဲ့သို့ နေရခြင်းက ပို၍ သက်တောင့်သက်သာ ရှိသည်။ အကယ်၍ သူက အာရုံစိုက်ခံနေရလျှင် စားသောက်ပွဲတွင် အကြာကြီး နေနိုင်မည် မဟုတ်ပါ။

ထိုသုံးရက်အတွင်း တောက်မင်သည် ကျန်းရီကို အချိန်ရလျှင် သူမ၏ ဟွင့်သွမ့်နတ်ဘုရားလှေဆီ လာလည်ရန် အရိပ်အမြွက်များ ပေးခဲ့၏။ သူမက မူဟယ်ယွီနှင့် အတူအိပ်လိုခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် ကျန်းရီက ပါးနပ်စွာ ငြင်းဆန်လိုက်ပြီး ခွမ်ဟူနှင့် အခြားသူများက ဒေါသထွက်ကာ မနာလိုဖြစ်မည်ကို စိုးသည်ဟုပင် မသိမသာ ပြောလိုက်သေးသည်။

ကျန်းရီသည် တောက်မင်နှင့် မအိပ်လိုပေ။ သူသည် သူမကဲ့သို့သော အညှာလွယ်သည့် မိန်းမမျိုးကို အမုန်းဆုံးဖြစ်သည်။ သူမကို ထိမိရုံနှင့်ပင် သူ့ကို ညစ်နွမ်းစေပေလိမ့်မည်။ ထို့ပြင် မိန်းမများသည် သူမတို့နှင့် အတူအိပ်ဖူးသော ယောက်များများ၏ ခန္ဓာကိုယ်များကို မှတ်မိကြ၏။ ထို့ကြောင့် သူမနှင့် အတူအိပ်မည်ဆိုလျှင် သူ့အကြောင်းပေါ်သွားနိုင်ချေ ပိုများပေသည်။

ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ကလည်း ဤရက်ပိုင်းအတွင်း အလွန်ကောင်းစွာ သရုပ်ဆောင်နိုင်ကြ၏။ သူမတို့သည် ကျန်းရီကို တစ်ချက်မှ စကားမပြောသလို ကြည့်ပင် မကြည့်ပေ။ မတော်တဆ အကြည့်ချင်းဆုံမိလျှင်ပင် သူမတို့သည် သူ့ကို အေးစက်စက်သာ ကြည့်ကြသည်။ သူမတို့၏ သရုပ်ဆောင်မှုက အလွန်ကောင်းပေသည်။

ယနေ့တွင် ဧကရာဇ်ငယ်ရွေက စားသောက်ပွဲကျင်းပသည်။ ကျန်းရီလည်း တက်ရောက်ရန် ဖိတ်ကြားမှု ခံရသည်။ သူသည် စားသောက်ပွဲတိုင်းကို တက်သည်။ သို့သော် အကျိုးရှိသော သတင်းအချက်အလက်များကို မရဘဲ သခင်‌လေးများနှင့် သခင်မလေးများ၏ ပြည်တည်တည် ရယ်သံများကိုသာ နားထောင်နေရသည်။ ထို့ကြောင့် သူ အတန်ငယ် စိတ်မကျေမနပ်ဖြစ်နေပေသည်။

ကျန်းရီသည် နောက်နှစ်ရက်ဆက်၍ စူးစမ်းပြီးလျှင် ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လည်း သူ မည်သည့်အချက်အလက်ကိုမှ ရှာမတွေ့သည် မဟုတ်ပါလော။

ယနေ့စားသောက်ပွဲက ပြီးခဲ့သော စားသောက်ပွဲများနှင့် ကွာခြား၏။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ငယ်ရွေက သူ့စားသောက်ပွဲဖြစ်၍ အားလုံးအတွက် တေးသွားတစ်ပုဒ် တီးပြခဲ့ပြီး လင်းဖေးရှန်းကလည်း ကပြခဲ့၍ပင်။

ဧကရာဇ်ငယ်ရွေက ဗျပ်စောင်းကို တီးခတ်နေသည်။ သူက အလွန်လက်ရည်ကောင်းသည်။ လင်းဖေးရှန်း၏ အကမှာလည်း အလွန်လှပသည်။ သူမ၏ အမည်အတိုင်း သူမသည် ကကြိုးစင်နေသော နတ်မိမယ်လေးတစ်ပါးကဲ့သို့ပင်။ ကျန်းရီသည် ဂီတနှင့် အကကြောင့် စိတ်ကြည်နေသည်။ ဤစားသောက်ပွဲက တန်ပေသည်။

“ကောင်းတယ်...”

စကားပြောခဲသော ဟယ်နုန်ယင်းပင် ချီးကျူးလိုက်၏။ ဧကရာဇ်ငယ်ရွေ၏ တီးခတ်မှု ပြီးဆုံးသွားသောအခါ သူမက ဦးဆောင်၍ လက်ခုပ်လက်ဝါးတီးလိုက်သည်။ ထို့နောက် သူမသည် ဧကရာဇ်ငယ်ရွေ၏ ဗျပ်စောင်းကို တောက်ပနေသော မျက်ဝန်းများနှင့် ကြည့်ကာ ပြောလိုက်လေသည်။

“အဲ့ဗျပ်စောင်းက ဗျပ်စောင်းကောင်းတစ်လက်ပဲ။ တေးသွားကလည်းကောင်းတယ်၊ နည်းစနစ်ကလည်း ကောင်းတယ်။ နုန်ယင်း ကြားခဲ့ဖူးတဲ့ တေးသွားတွေထဲမှာ ဧကရာဇ်ငယ်ရွေရဲ့ တေးသွားက ထိပ်တန်းတေးသွားငါးခုထဲမှာ ပါတယ်”

ဧကရာဇ်ငယ်ရွေ၏ မျက်ဝန်းများ အရောင်လက်သွား၏။ သို့သော် သူ့မျက်နှာပေါ်တွင် စိတ်ကြီးဝင်သည့် အရိပ်အယောင်များ ပေါ်မလာပါ။ ထိုအစား သူ ထရပ်ကာ ဦးညွှတ်လိုက်သည်။

“သခင်မလေးနုန်ယင်းရဲ့ ချီးကျူးမှုကို လက်ခံရတာ ကျွန်တော် ဒီဘဝမှာ နောင်တမရှိတော့ပါဘူး။ သခင်မလေးနုန်ယင်းက သဘောကျမှတော့ ကျွန်တော် ထပ်ပြီး ဖျော်ဖြေပေးပါမယ်။ ကျွန်တော် ဒီတေးသွားကို လေ့ကျင့်ခဲ့တာ အတော်ကြာပါပြီ... ဒါပေမဲ့ ဘယ်သူ့အတွက်မှ တီးမပြခဲ့ဖူးပါဘူး။ ဒီနေ့ သခင်မလေးနုန်ယင်းအတွက် ကျွန်တော် အထူးတီးခတ်ပြပါမယ်”

ဧကရာဇ်ငယ်ရွေ၏ လေသံက အလွန်သိမ်မွေ့ကာ တည်ငြိမ်၏။ နားဝင်အလွန်ချိုသည်။ သူ့စကားလုံးများထဲတွင် မောက်မာမှုများလည်း လုံးဝမရှိချေ။ သို့သော် ခွမ်ဟူ၊ ယန်ချီနှင့် အခြားသခင်လေးများကတော့ မနှစ်မြို့ကြပါ။

ဟယ်နုန်ယင်းသည် အမြဲပင် ရေခဲတောင်ကြီးတစ်ခုကဲ့သို့ ရှိနေခဲ့သည်။ သခင်လေးများက သူမနှင့် ပေအနည်းငယ်အကွာတွင်သာ ရှိသော်လည်း သူမ၏ အပြုံးကို ရံဖန်ရံခါမှသာ မြင်ခွင့်ရပြီး သူမ၏ ချီးကျူးမှုကို ခံရရန်ကိုမူ အိပ်မက်ပင် မမက်နိုင်ကြပေ။ သူမ၏ ချီးကျူးမှုကို ခံခဲ့ရသူများမှာ ကျန်းရီက ပထမတစ်ယောက်ဖြစ်ပြီး ဧကရာဇ်ငယ်ရွေက ဒုတိယတစ်ယောက်ဖြစ်သည်။

တန်...တောင်...

ဧကရာဇ်ငယ်ရွေက မျက်လုံးမှိတ်၍ စတင်တီးခတ်လိုက်၏။ ဤတစ်ခေါက်တေးသွားက ပို၍ သာယာသည်။ ပြီးခဲ့သော တေးသွားနှင့်ယှဉ်လျှင် လူများကို ပိုလွယ်ကူစွာ ငြိမ်သွားအောင် လုပ်နိုင်သည်။ တဖြည်းဖြည်းနှင့် ခွမ်ဟူနှင့် ယန်ချီတို့ပင် ဆိတ်ငြိမ်သွားကြသည်။ ဟယ်နုန်ယင်းကမူ မျက်လုံးမှိတ်၍ နားအရသာခံနေသည်။ သူမ၏ မျက်နှာပေါ်တွင် နှစ်သက်ပျော်ရွှင်မှုများ ပြည့်နေပေသည်။

‘တစ်ခုခု မှားနေပြီ...’

ခွမ်ဟူနှင့် ယန်ချီတို့သည် တစ်ခဏမျှ နားထောင်နေပြီးနောက် ရုတ်တရက် မျက်လုံးဖွင့်လိုက်ကြ၏။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏မျက်ဝန်းများထဲတွင်လည်း ဒေါသများ ပြည့်နှက်နေပေသည်။ သူတို့ ထိုတေးသွားကို ကြားဖူးသည်။ ဤစားသောက်ပွဲရှိ လူတိုင်းနီးပါးလည်း ကြားဖူးလောက်သည်။ ၎င်းတေးသွားက အလွန်ကျော်ကြားသော တေးသွားပင်။ သို့သော် ဧကရာဇ်ငယ်ရွေက ‌တေးသွားကို အတန်ငယ် ပြောင်းလဲ၍ ပို၍ နှစ်လိုဖွယ်ကောင်းအောင်၊ ပို၍ အဓိပ္ပာယ်ရှိအောင် လုပ်ထားလေသည်။

“ဖီးနစ်ပိုးပန်းတေးသွား”

ယောက်ျားများသည် ထိုတေးသွားကို အသုံးပြု၍ သူတို့လက်ထပ်လိုသော မိန်းကလေးများအား သူတို့၏ အချစ်ကို ဖော်ပြကြသည်။ ဧကရာဇ်ငယ်ရွေက ထိုတေးသွားကို အားလုံး၏ အရှေ့တွင် တီးခတ်နေသည်။ ထို့ပြင် သူသည် ၎င်းကို ဟယ်နုန်ယင်းအတွက် တီးခတ်ခြင်းဟုလည်း ပြောခဲ့သည်။ ထို့ကြောင့် သူက သူမကို ပိုးပန်းနေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

ယင်းမှာ အရေးမကြီးပါ။

အရေးကြီးသည်မှာ ဟယ်နုန်ယင်းက မျက်လုံးမှိတ်ထားဆဲ ဖြစ်နေခြင်းပင်။ သူမ၏ မျက်နှာက အတန်ငယ် နီမြန်းနေသည်။ သူမပုံစံက အလွန်ပျော်ရွှင်နေပုံလည်း ပေါ်သည်။ ထိုကဲ့သို့သော အရာမျိုးမှာ ယခင်က တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ ကမ္ဘာဦးကောင်းကင်ဘုံ၏ နံပါတ်တစ် သခင်မလေးဖြစ်သော ဟယ်မျိုးနွယ်၏ ထိုပုလဲလေးသည် ဧကရာဇ်ငယ်ရွေ၏ လက်ထဲ ရောက်သွားတော့မည်လော။

အရှက်ရဖွယ်ပင်...

ကမ္ဘာဦးကောင်းကင်ဘုံတွင် ပါရမီရှင်များနှင့် ပြည့်နှက်နေသည်။ ခွမ်ဟူနှင့် ယန်ချီတို့က ထိပ်တန်း ပါရမီရှင်များဖြစ်သည်။ အကယ်၍ ကမ္ဘာဦးကောင်းကင်ဘုံ၏ နံပါတ်တစ်သခင်မလေးကို ဧကရာဇ်ငယ်ရွေက ရယူသွားလျှင် သူတို့၏မျက်နှာကို မည်သည့်နေရာတွင် သွားထားရမည်နည်း။

ထို့ပြင် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ တောဆိတ် ရ‌သေ့ကြီးနှင့် ဧကရာဇ်ရွေတို့က ပူးပေါင်းထားကြောင်း ထင်ရှား၏။ မိုးပြာမဟာဧကရာဇ်ကလည်း ထိုမျိုးနွယ်သုံးခုကို အထင်ကြီးသည်။ မကြာသေးမီက သူသည် ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ကိုပင် လျစ်လျူရှု၍ ထိုမျိုးနွယ်များကို ကောင်းကင်ကြယ်စုဘုံ ပေးခဲ့လေသည်။

ထို့ကြောင့် ယန်မျိုးနွယ်နှင့် ခွမ်မျိုးနွယ်တို့က ထိုမျိုးနွယ်သုံးခုကို မကြည်ပါ။ အကယ်၍ ဟယ်မျိုးနွယ်ပါ ထိုမျိုးနွယ်သုံးခုဘက် ရောက်သွားလျှင် ယန်မျိုးနွယ်နှင့် ခွမ်မျိုးနွယ်တို့က မည်သို့ ရှင်သန်နိုင်မည်နည်း။

‘ဖီးနစ်ပိုးပန်းတေးသွားလား’

သခင်လေးများစွာ သတိကပ်လာကြ၏။ သူတို့သည် ဟယ်နုန်ယင်း၏ မျက်နှာထားကို မြင်လိုက်သောအခါ စိတ်ထဲ မရွှင်မပြ ဖြစ်သွားကြသည်။ သူတို့သည် သူမကို မရနိုင်သော်လည်း ဧကရာဇ်ငယ်ရွေ ယူသွားမည်ကိုလည်း မကြည်ဖြူနိုင်ကြပါ။ ယင်းမှာ ကမ္ဘာဦးကောင်းကင်ဘုံရှိ မျိုးနွယ်ကြီးများအားလုံးကို အရှက်ခွဲခြင်းပင်။

‘ဟင်းဟင်း...’

ကျန်းရီလည်း စိတ်ထဲတွင် ခိုးလိုးခုလု ဖြစ်လာ၏။ ဟယ်နုန်ယင်းက ယင်းသို့ တမင်လုပ်နေခြင်းဖြစ်ကြောင်း သူသိသည်။ သူမသည် သူမြင်စေရန် တမင်အရွဲ့တိုက်ပြခြင်းပင်။ သို့ပင်လျှင် သူ စိတ်ထဲ မနာလိုသလိုလို ခံစားနေရသည်။

တန်...

ဧကရာဇ်ငယ်ရွေသည် နောက်ဆုံးဂီတသံကို အရှည်ဆွဲလိုက်၏။ ထို့နောက် သူ ဟယ်နုန်ယင်းကို တောက်ပနေသော မျက်ဝန်းများနှင့် ကြည့်လိုက်ပြီး ခံ့ညားစွာ ပြုံးကာ ပြောလိုက်လေသည်။

“ကျွန်တော်က ပညာရှင်တစ်ယောက်အရှေ့မှာ ဂုဏ်ဖော်ဖို့ ကြိုးစားမိပါပြီ။ သခင်မလေးနုန်ယင်းနဲ့ အားလုံးရဲ့ အရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အရှက်ရစေမိပါပြီ။ သခင်မလေးနုန်ယင်းနဲ့ အားလုံး ကျွန်တော့်ကို ပြုပြင်သင်ပြပေးကြပါ”

“မင်းကို ပြုပြင်သင်ပြပေးရမှာတဲ့လား”

ခွမ်ဟူနှင့် ယန်ချီတို့ တစ်ယောက်ကိုတစ်ယောက် ခါးသက်သက် ကြည့်လိုက်၏။ သူတို့နှစ်ယောက်သည် ငယ်စဉ်ကတည်းက ဂီတပညာကို သင်ပြပေးခံခဲ့ရသည်။ သို့သော် ဧကရာဇ်ငယ်ရွေ၏ ဂီတပညာက အလွန်နက်ရှိုင်းသည်။ မည်သူက သူ့ကို ပြုပြင်သင်ပြပေးဝံ့မည်နည်း။ သို့ဆိုလျှင် ရှက်စရာကောင်းနေမည် မဟုတ်လော။

ဟယ်နုန်ယင်းက မျက်လုံးဖွင့်၍ ပြုံးလိုက်၏။ သူမ မည်သို့မှ မပြောပေ။ သို့သော် ထိုအခိုက်တွင် တောက်မင်က ဝင်ပြောလိုက်လေ၏။

“ဧကရာဇ်ငယ်ရွေရဲ့ တေးသွားထဲမှာ ခံစားချက်တွေနဲ့ ပြည့်နေတာပဲ၊ အရမ်း နားထောင်လို့ကောင်းတယ်။ အရမ်းလည်း စိတ်ထဲမှာ ဆွဲတယ်။ ကျွန်မတို့က ဘယ်လိုလုပ် ဧကရာဇ်ငယ်ကို ပြုပြင်သင်ပြပေးရဲမှာလဲ။ တကယ်လို့ ဒီနေရာမှာ ဧကရာဇ်ငယ်ကို ပြုပြင်ပေးဖို့ အရည်အချင်းမီတဲ့သူရှိရင် အဲ့လူက သခင်လေးမူဟယ်ယွီပဲ ဖြစ်လိမ့်မယ်”

ဝှစ်...ဝှစ်...ဝှစ်...

အားလုံး ကျန်းရီကို လှည့်ကြည့်လိုက်ကြသည်။ ဟယ်နုန်ယင်းလည်း ခပ်ရေးရေး ပြုံးလိုက်သည်။ သူမက သူ့ကို လှောင်နေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

‘ကောင်မလေး မင်းက ငါနဲ့ ကစားရဲတယ်လား’

ကျန်းရီ ခါးသက်သက် ပြုံးလိုက်သည်။ ဟယ်နုန်ယင်းက သူ့ကို အကွက်ဆင်နေခြင်းပင်။ သူ ချက်ချင်း ပြန်မပြောလိုက်ဘဲ တစ်ခဏမျှတွေးတောပြီးမှ ထရပ်လိုက်သည်။

“ဧကရာဇ်ငယ်ရွေရဲ့ ဂီတပညာက ကျွန်တော့်ထက် သာလွန်ပါတယ်။ ကျွန်တော်က ဘယ်လိုလုပ် ဧကရာဇ်ငယ်ကို ပြုပြင်သင်ပြပေးရဲမှာလဲ”

“ဟွန်း...”

ခွမ်ဟူနှင့် အခြားသူများ မကျေမနပ် ဖြစ်သွားကြ၏။ သူတို့သည် မူဟယ်ယွီက ဧကရာဇ်ငယ်ရွေကို ယှဉ်နိုင်လိမ့်မည်ဟု တွေးထားကြသည်။ သို့သော် မူဟယ်ယွီက သူရဲဘောကြောင်သူတစ်ယောက် ဖြစ်နေပေသည်။ ဟယ်နုန်ယင်း၊ တောက်မင်၊ ယွင်ပင်းနှင့် အခြားသူများလည်း အတန်ငယ် စိတ်ပျက်သွားကြလေသည်။

အားလုံးက အကြည့်ပြန်ရုတ်နေစဉ်တွင် ကျန်းရီက ဆက်ပြောသည်။

“ဒါပေမဲ့... ကျွန်တော့်မှာ ကျွန်တော့်ဆရာက ဘယ်သူ့ကိုမှ သင်မပေးဖူးတဲ့ တေးသွားတစ်ပုဒ် ရှိပါတယ်။ အားလုံးက စိတ်ဝင်စားနေမှတော့ ကျွန်တော် ဖျော်ဖြေပြလိုပါတယ်။ အဲ့တေးသွားက သခင်မလေးနုန်ယင်းကို ပြုံးသွားစေဖို့ ကျွန်တော် မျှော်လင့်ပါတယ်”

“ကောင်းပြီ...”

အခြေအနေက ပြောင်းပြန်ဖြစ်လာပေပြီ။ ခွမ်ဟူနှင့် အခြားသူများအားလုံး ပြုံးကာ အားပေးလိုက်ကြသည်။ ကျန်းရီက စမတီးမှုတ်ရသေးခင်မှာပင် ဟယ်နုန်ယင်းက ပြုံးနေပြီဖြစ်သည်။ သူမ၏ အပြုံးမှာ ပန်းလေးတစ်ပွင့်ကဲ့သို့ အလွန်လှပကာ ယစ်မူးစေပေသည်။

***

All Chapters