← Chapters

မအောင်မြင်သော လေးနက်ယောင်ဆောင်မှု

Vol. 139 Ch. 1935

မအောင်မြင်သော လေးနက်ယောင်ဆောင်မှု

Vol. 139 Ch. 1935

ကျန်းရီ၏ ဂီတအပေါ် နားလည်မှုက မနက်ရှိုင်းပါ။ သူက စနစ်တကျ သင်ခဲ့ရသူ မဟုတ်ပေ။ သို့သော် သူ့တွင် အတတ်တစ်ခုရှိ၏။ နတ်ဘုရားအသံ ကောင်းကင်အတတ်ပင်။

နတ်ဘုရားအသံ ကောင်းကင်အတတ်က အလွန်ဆန်းကြယ်သော အတတ်တစ်ခုဖြစ်၏။ အသံလှိုင်းဧကရာဇ်သည် နတ်ဘုရားအသံ ကောင်းကင်အတတ်၏ ပထမအဆင့်ကို ဝိညာဉ်တိုက်ခိုက်၊ ဒုတိယအဆင့်ကို ဝိညာဉ်ဖမ်းချုပ်၊ တတိယအဆင့်ကို ဝိညာဉ်ဖျက်သိမ်းဟု ခေါ်ကြောင်း ကျန်းရီအား ပြောခဲ့သည်။

ဒုတိယအဆင့်မှာ အလွန်စွမ်းအားကြီးသည်။ ၎င်းအဆင့်သည် ဂီတကို အသုံးပြု၍ လူတစ်ယောက်၏ ခံစားချက်များကို လှုံ့ဆော်ကာ သူ့ဝိညာဉ်၏ နက်ရှိုင်းသော နေရာမှ မှတ်ဉာဏ်များကို ပြန်ဖော်ထုတ်ခြင်းပင်။ ၎င်းသည် လူများကို အလိုလို ရူးသွပ်သွားစေနိုင်သည်၊ ပျော်ရွှင်သွားစေနိုင်သည်၊ ငိုကြွေးသွားစေနိုင်သည်၊ အသက်စွန့်သွားစေနိုင်ပေသည်။

လူတစ်ယောက်၏ ဂီတအပေါ် နားလည်မှုက မည်မျှနက်ရှိုင်းပါစေ ထိုနက်ရှိုင်းမှုမှာ နားဆင်သူ၏ ခံစားချက်များကို ‌လှုံ့ဆော်ရန်သာ ဖြစ်သည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်၏ ဒုတိယအဆင့်မှာမူ ယင်းကို အလွယ်တကူ ရရှိနိုင်ပေသည်။ ထို့ကြောင့် ဂီတမှာ ကျန်းရီအတွက် အသေးအဖွဲတစ်ခု ဖြစ်နေလေသည်။

ဤစားသောက်ပွဲရှိ လူတိုင်း၏ စိတ်ဝိညာဉ်များက အလွန်အားကောင်းကြ၏။ ထို့ကြောင့် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို မကောင်းသောအရှိန်အဝါနှင့် မပေါင်းစည်းလျှင် သူတို့၏ စိတ်ဝိညာဉ်ကို ဖမ်းဆုပ်နိုင်မည် မဟုတ်ပါ။ ကျန်းရီသည် သူတို့ကို သတ်ရန်လုပ်နေခြင်း မဟုတ်ဘဲ တေးသွားတစ်ပုဒ် တီးပြရန်သာ လုပ်နေခြင်းဖြစ်သည်။ သို့ဖြစ်ရာ ထိုသို့လုပ်နိုင်ရန် မည်မျှခက်ခဲပါမည်နည်း။

အစတွင် ကျန်းရီသည် အားလုံးအရှေ့တွင် အစွမ်းအစ မပြလိုပါ။ တောထဲရှိ အမြင့်ဆုံးအပင်က လေအတိုက်ခံရဆုံး မဟုတ်ပါလား။ အကယ်၍ သူက ထင်ပေါ်နေလျှင် အားလုံး၏ အပြစ်ရှာမှုကို ခံရပေလိမ့်မည်။ ထိုအခါ သံသယများ ပေါ်လာနိုင်ပေသည်။ ထိုအခါ သူ ရွေးချယ်စရာမရှိတော့ဘဲ စောစောထွက်သွားရပေလိမ့်မည်။ သို့သော် ဟယ်နုန်ယင်း၏ နောက်ဆုံးမျက်နှာထားက သူ့ကို အတန်ငယ် စိတ်ထဲခံစားသွားရစေခဲ့၏။ သူ ထိုအမျိုးသမီးအပေါ် အကြွေးများစွာ တင်နေသည်။ သို့ဖြစ်ရာ ဤကဲ့သို့သော တောင်းဆိုမှုအသေးစားလေးကို သူ မည်သို့ ငြင်းဆန်နိုင်ပါမည်နည်း။ အလွန်ဆုံးမှ သူ စောစောထွက်သားရရုံသာ မဟုတ်ပါလား။

လင်းဖေးရှန်းသည် ကျန်းရီက ရှေ့ထွက်လာသောအခါ အတန်ငယ် အံ့အားသင့်သွား၏။ မထိတထိစကားများကိုသာ ပြောတတ်သော ထိုအထင်သေးဖွယ်လူက မိန်းမများကို ပိုးပန်းရန် ပုလွေမှုတ်သင်ထားလောက်သော်လည်း သူ့အဆင့်က ဧကရာဇ်ငယ်ရွေ၏ အဆင့်လောက်တော့ မမြင့်နိုင်သည် မဟုတ်လော။ ထို့ပြင် သူက ဤကဲ့သို့သော အခြေအနေတွင် ရှေ့ထွက်ဝံ့သည်လော။ ဧကရာဇ်ငယ်ရွေအပေါ် အပြစ်ပြုမိသလို ဖြစ်သွားမည်ကို မကြောက်သည်လော။

ဧကရာဇ်ငယ်ရွေက စိတ်မရှိပါ။ သူ ခပ်ဖွဖွ ခေါင်းညိတ်၍ လက်ဆုပ်ကာ ပြောလိုက်သည်။

“သခင်လေးမူက စိတ်ပါနေမှတော့ သခင်‌လေးရဲ့ တေးသွားကို ကျွန်တော် နားဆင်ဖို့ အသင့်ပါပဲ”

ယနေ့တွင် ကျန်းရီက ကြွားကြွားရွားရွား ဝတ်စားမလာပါ။ အနက်ရောင် ပိုးချည်ထိုးဝတ်ရုံကိုသာ ဝတ်လာသည်။ အမှန်တွင် မူဟယ်ယွီ၏ ရုပ်ရည်မှာ မဆိုးပေ။ သူက အရပ်မြင့်၊ ပခုံးကျယ်ကာ ခါးသေးသည်။ သူ့ခြေလက်များကလည်း သန်မာပြီး အတိုအရှည် သင့်တော်ကြသည်။ သို့သော် သူ့အကျင့်စရိုက်က ဆိုးနေရာ နှမြောစရာပင်။ သူက မိန်းကလေးများကို မထိတထိပြောကာ ပိုးပန်းတတ်သဖြင့် အခြားသူများ၏ အထင်သေးမှုကို ခံရပေသည်။

ကျန်းရီသည် လှေဝမ်းအလယ်သို့ လျှောက်သွားပြီး ခါးမှ ပုလွေကို ထုတ်လိုက်၏။ သူ့မျက်နှာထားက တည်ငြိမ်နေသည်။ ထိုအခိုက်တွင် လှေဝမ်းတစ်ခုလုံး တိတ်ဆိတ်နေပေသည်။ အကြောင်းတစ်ခုကြောင့် အားလုံးသည် မူဟယ်ယွီ၏ အရှိန်အဝါက အတန်ငယ် ပြောင်းလဲသွားသည်ဟု ခံစားနေကြရသည်။ သူ့အရှိန်အဝါ ယခင်ကနှင့်မတူသော ဆွဲဆောင်မှုတစ်ခု ရှိနေလေသည်။

ပုလွေမှာ ထိပ်တန်းပုလွေတစ်လက်ဖြစ်ပြီး ကျောက်စိမ်းအေးဖြင့် ပြုလုပ်ထားခြင်းပင်။ ၎င်းက လက်မှုပညာရှင်တစ်ယောက်၏ အကောင်းဆုံးလက်ရာဖြစ်ကြောင်း ထင်ရှားသည်။ ကျန်းရီသည် ပုလွေသံကို အတန်ငယ် စမ်းပြီးနောက် မျက်လုံးမှိုတ်၍ စတင်ပုလွေမှုတ်လိုက်လေသည်။

အားလုံးသည် ကျန်းရီ၏ တေးသွားကို မရင်းနှီးပါ။ မည်သူကမှ ထိုတေးသွားကို မကြားဖူးပေ။ အဘယ်ကြောင့်ဆိုသော် တေးသွားက ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ တေးသွား ဖြစ်နေ၍ပင်။ ၎င်းတေးသွားက ချစ်ခင်သူနှင့် ဝေးကွာနေရသော လူတစ်ယောက်၏ ခံစားချက်ကို ဖော်ပြ၏။ ကျန်းရီသည် အစပိုင်းတွင် ပုံမှန်သာ တီးမှုတ်လိုက်ပြီး နတ်ဘုရားအသံ ကောင်းကင်အတတ်ကို မသုံးသေးချေ။

သို့သော်...

ကျန်းရီသည် ပုလွေမှုတ်သည်နှင့် နန်ကုန်းချီလင်း၊ ထန်ရွှယ်၊ ထန်ယန်၊ ဟူတန်နီ၊ ဖုန့်လန်၊ ချင်းယွီ၊ ကျန်းယွင်ဟိုင်နှင့် ကျန်းပိုင်လီတို့အကြောင်းကို တွေးလိုက်သည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို မသုံးထား၍ အစပိုင်း ပုလွေသံမှာ နားဝင်ပီယံမချိုလှပါ။ ကျန်းရီ၏ ဂီတပညာက ဧကရာဇ်ငယ်ရွေ၏ ဂီတပညာထက် နိမ့်ကြောင်း ခွမ်ဟူတို့ ပြောနိုင်ကြသည်။ သို့ငြားလည်း တဖြည်းဖြည်းနှင့် အားလုံး၏ နှလုံးသားများ တည်ငြိမ်လာကြ၏။ သူတို့အားလုံး ပုလွေသံထဲတွင် စိတ်နှစ်မိလာကြသည်။ လူများစွာဆိုလျှင် အလိုလိုပင် မျက်လုံးမှိတ်မိသွားကြပေသည်။

ဟယ်နုန်ယင်းတစ်ယောက် မျက်လုံးမှိတ်နေသည်မှာ ကြာပေပြီ။ သူမသည် ကျန်းရီအကြောင်းကို အပြည့်အဝ သိထားသည်။ သူမ ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို လေးစားနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယနေ့တွင် သူမသည် သူမ၏‌‌နောင်တများအတွက် စိတ်ဖြေလိုနေပေသည်။

သို့သော် ဟယ်နုန်ယင်းသည် ပုလွေသံထဲ၌ မည်သည့် အသံစည်းမျဉ်းကိုမှ မကြားရပါ။ ထို့ပြင် ကျန်းရီက ကောင်းကင်စွမ်းအား တစ်စကိုပင် သုံးမနေပါ။ ပုလွေသံမှာ အလွန်ရိုးရှင်းနေသည်။ သို့သော် သူမ၏ စိတ်ဝိညာဉ်ထဲကို ဖောက်ဝင်နိုင်ပေသည်။

အားလုံးသည် ပုလွေသံမှနေ၍ နက်ရှိုင်းသော လွမ်းဆွတ်မှု၊ တမ်းတမှု၊ အားကောင်းသော မလိုလားမှု၊ ကူကယ်ရာမဲ့မှုခပ်ရေးရေးနှင့် စိတ်ဝိညာဉ်၏ နက်ရှိုင်းသော နေရာမှ လာသည့် နာကျင်မှုတို့ကို ခံစားနေရသည်။

အချိန်အများစုတွင် ကိစ္စများက စီစဉ်ထားသလို မဖြစ်တတ်ပါ။

မည်သူ၏ ဘဝကမှ ပြီးပြည့်စုံနေသည် မဟုတ်ပေ။ အားလုံးတွင် နောင်တများရှိကြသည်။ အားလုံးတွင် အတိတ်တစ်ခု ရှိကြသည်။ အားလုံး ဝမ်းနည်းကာ ကူကယ်ရာမဲ့ခဲ့ဖူးကြသည်။ ထိုပုလွေသံက အားလုံး၏ စိတ်ဝိညာဉ်များထဲမှ ထိုခံစားချက်များကို လှုံ့ဆော်နေသည်။ သူတို့၏ အတိတ်ကို ပြန်တူးဆွကာ သူတို့၏ ဒဏ်ရာဟောင်းကို ပြန်ဖွင့်၍ သူတို့နှလုံးသားကို ထိုးဖောက်နေပေသည်။

အဆုံးသတ်နား ရောက်လာသောအခါ မည်သူကမှ ကျန်းရီကို အာရုံထားမနေကြတော့ပေ။ ဆိုရလျှင် မည်သူကမှ ပုလွေသံကို အာရုံစိုက် နားထောင်မနေကြတော့ပါ။ အားလုံး သူတို့၏ ကိုယ်ပိုင်လောကထဲတွင် နစ်မြော၍ မိမိတို့၏ နောင်တတရားများ၊ လွမ်းဆွတ်တမ်းတမှုများကိုသာ ပြန်တွေးမိနေကြပေသည်။

အတော်၊ အတော်ကြာပြီးနောက်...

ကျန်းရီ၏ ပုလွေသံက ရပ်သွားသည်မှာ ကြာပြီဖြစ်သည်။ သို့သော် မည်သူကမှ လက်တွေ့လောကထဲ ပြန်ရောက်မလာသေးပါ။ စွမ်းအားအကြီးဆုံးသူများဖြစ်ကြသည်။ လင်းဖေးရှန်း၊ ဟယ်နုန်ယင်းနှင့် ရှားယွီတို့ပင် မိန်းမောနေကြသေးသည်။ ကျန်းရီကိုယ်တိုင်လည်း အဆုံးမဲ့သော ဝမ်းနည်းမှုများနှင့် နှုတ်ဆိတ်နေသည်။ သူက ပုလွေကို မှုတ်နေသူဖြစ်၍သာ အားလုံးထက် ပိုစော၍ လက်တွေ့လောကထဲ ပြန်ရောက်လာခြင်းဖြစ်သည်။

“အာ...”

ကျန်းရီ မျက်လုံးမဖွင့်ဘဲ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ အခြေအနေကို အာရုံခံလိုက်၏။ အားလုံးက တိတ်ဆိတ်နေပြီး သူတို့၏ စိတ်ဝိညာဉ်များက အတန်ငယ် လှုပ်ခတ်နေကြောင်းကို သူ သိလိုက်ရသည်။ အစောတွင် သူ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို မသုံးလိုက်ရပါ။ သို့ပင်လျှင် အားလုံး၏ စိတ်ဝိညာဉ်ကို ဆွဲဆောင်နိုင်လိုက်သည်။ ယင်းမှာ အသံစည်းမျဉ်းများ၏ ပိုနက်ရှိုင်းသောအဆင့်ပေလော။

သို့သော် ထိုအခိုက်တွင် ကျန်းရီထံ၌ ယင်းအကြောင်းကို တွေးနေရန် အချိန်မရှိပေ။ ယခု သူ အမှားကြီးတစ်ခုကို ကျူးလွန်လိုက်မိပေပြီ။ မူဟယ်ယွီထံတွင် သေချာပေါက် ထိုမျှနက်ရှိုင်းသော ခံစားချက်များ ရှိလိမ့်မည် မဟုတ်ချေ။ ဘော်ကြော့နေခဲ့၍သော သခင်လေးတစ်ယောက်၊ ပါရမီမရှိသော မိန်းမပွေသူတစ်ယောက်က အဘယ်သို့ ရုတ်တရက်ကြီး ထိုမျှခံစားချက် အားကောင်းသွားနိုင်မည်နည်း။ ယင်းမှာ ကြီးမားသော ဟာကွက်တစ်ခုပင်။ ကျန်းရီ ၎င်းကို ဖုံးဖိရန် နည်းလမ်းတစ်ခု ချက်ချင်း စဉ်းစားရပေမည်။

ပထမဆုံး အသိပြန်ကပ်လာသူမှာ ဧကရာဇ်ငယ်ရွေပင်။ သူ ကျန်းရီကို စိုက်ကြည့်ကာ အော်ပြောလိုက်သည်။

“ကောင်းတယ်... အံ့ဩစရာပဲ၊ နှိုင်းယှဉ်လို့ မရလောက်အောင် ပြောင်မြောက်တယ်”

ဧကရာဇ်ငယ်ရွေ၏ ချီးကျူးသံကြောင့် အားလုံး အသိကပ်လာကြ၏။ ယခုတွင် ကျန်းရီကို ကြည့်နေကြသော အားလုံး၏ အကြည့်များက ကွဲပြားသွားပြီဖြစ်သည်။

ထိုအခိုက်တွင် ကျန်းရီ၏ မျက်လုံးမှိတ်ထားဆဲဖြစ်၏။ သူ့မျက်နှာက အတန်ငယ် မော်ထားသည်။ သူ့မျက်နှာထားက အထီးကျန်ကာ ဝမ်းနည်းနေသည်။ သူ သက်ပြင်းသဲ့သဲ့ချ၍ ရေရွတ်လိုက်လေသည်။

“ဘာလို့ ဘဝက ဒီလောက်ခက်ခဲရတာလဲ။ ဘာလို့ ဒုက္ခတွေ အများကြီးရှိနေရတာလဲ။ ဘာလို့ ပိုပြီး မပြီးပြည့်စုံနိုင်ရတာလဲ။ လူသားမျိုးနွယ်မှာ ကပ်ဘေးတွေ ရာနဲ့ချီပြီးရှိနေတယ်။ ကျွန်တော်တို့ ဘယ်နေ့ကျမှ ဒီမုန်တိုင်းကို ဖြတ်ကျော်ပြီး ကြည်လင်တဲ့နေ့ရက်တွေကို တွေ့ရမှာလဲ”

ကျန်းရီ စကားမပြောလိုက်လျှင် ကောင်းပေလိမ့်မည်။ သူ ပြောလိုက်သောအခါ လှေဝမ်းထဲမှ အငွေ့အသက်က လုံးဝပျက်စီးသွားလေသည်။

ကျန်းရီကို အထင်ကြီးမှုနှင့် ကြည့်နေပြီဖြစ်သော လင်းဖေးရှန်းသည် ချက်ချင်း အမြင်ပြန်ပြောင်းလိုက်သည်။ ယင်းအခိုက်၌ သူမ၏ မျက်ဝန်းများထဲ၌ အထင်သေးမှုများ ပြန်ပေါ်လာသည်။ ၎င်းအခြင်းအရာမှာ ထင်ရှားလွန်းပေသည်။

ကျန်းရီ၏ လှည့်ကွက်လေးက အတွေ့အကြုံနုသော သခင်မလေးများအပေါ်တွင် အလုပ်ဖြစ်နိုင်ပါ၏။ သို့သော် ဤနေရာမှ သခင်မလေးအားလုံးက အလွန်ဉာဏ်ကောင်းကြသည်။ သူမတို့သည် ကျန်းရီ၏ လှည့်ကွက်ကို ချက်ချင်း မြင်လိုက်ကြသည်။ သူက အားလုံး၏ အာရုံကို ဆွဲဆောင်၍ သခင်မလေးများ၏ နှလုံးသားကို ရယူနိုင်ရန် ကြိုးစားနေခြင်းပင်။

ထိုလှည့်ကွက်မှာ မိန်းကလေးများကို ပိုးပန်းရာတွင် သုံးသည့် ရှေးရိုးနည်းကြီးဖြစ်သည်။ သို့သော် အကြိမ်တိုင်းလည်း အလုပ်ဖြစ်ခဲ့ပေသည်။ အမျိုးသမီးများမှာ ရေဓာတ်ပင်။ သူမတို့က အလွန်ကိုယ်ချင်းစာတတ်ကြသည်။ သာမန်မိန်းမပျို‌လေးများဆိုလျှင် ကျန်းရီ၏ လှည့်ကွက်ထဲ အလွယ်တကူ ကျသွားပေလိမ့်မည်။

သို့သော် လင်းဖေးရှန်း၊ ရှားယွီနှင့် ဤလှေဝမ်းထဲရှိ အခြားသခင်မလေးများက အဘယ်သို့ ထိုလှည့်ကွက်ထဲ ကျပါမည်နည်း။ သူမတို့သည် ကျန်းရီ၏ သဘာဝကို ချက်ချင်း မြင်လိုက်ကြသည်။ ကျန်းရီ၏ လေးနက်ယောင်ဆောင်မှုက မအောင်မြင်ဘဲ အားလုံး၏ အထင်သေးမှုကိုသာ ရလိုက်ပေသည်။

‘ဉာဏ်ကောင်းတယ်’

ဟယ်နုန်ယင်း၏ မျက်ဝန်းများထဲတွင် အထင်သေးမှုများ ပြည့်နှက်နေသည်။ သို့သော် သူမသည် စိတ်ထဲတွင် ကျန်းရီကို ချီူးကျူးလိုက်ပေသည်။ ကျန်းရီ၏ မိမိကိုယ်ကိုယ် သိက္ခာချလိုက်မှုက လှပလွန်း၏။ မူဟယ်ယွီ၏ အကျင့်စရိုက်နှင့် တစ်ထပ်တည်းကျနေသည်။ သူသည် အားလုံး၏ သူ့အပေါ်သံသယများကို အလွယ်တကူ ဖယ်ရှားနိုင်လိုက်လေသည်။

‘သူက တကယ်ကို အထင်ကြီးစရာပဲ။ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို မသုံးဘဲနဲ့တောင် ငါတို့ရဲ့ ခံစားချက်တွေကို လှုံ့ဆော်နိုင်တယ်’

ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါကြည့်လိုက်ကြ၏။ ထူးကဲသူများက အမှန်ပင် ထူးကဲကြသည်။ သူတို့၏ ရိုးရှင်းသော တစ်ကွက်ကပင် အလွန်စွမ်းအားကြီးပေသည်။

ဤအခြေအနေတွင် စားသောက်ပွဲကို အဆုံးသတ်သင့်ပြီဟု အားလုံး ခံစားနေကြရသည်။ မူဟယ်ယွီက လေးနက်ချင်ယောင် ဟန်ဆောင်ရာတွင် မအောင်မြင်ခဲ့သော်လည်း ဧကရာဇ်ငယ်ရွေကိုတော့ အောင်အောင်မြင်မြင် ဖိနှိပ်နိုင်ခဲ့သည်။ ထို့ကြောင့် ခွမ်ဟူတို့ ကျေကျေနပ်နပ် ထရပ်ကာ ထွက်သွားကြလေသည်။

ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့က အတူထွက်သွားကြ၏။ သူမတို့သည် မူဟယ်ယွီကို ကြည့်ပင် မကြည့်ကြချေ။ လင်းဖေးရှန်းနှင့် ရှားယွီတို့ကလည်း ကျန်းရီကို အရေးမစိုက်ကြပါ။ ဧကရာဇ်ငယ်ရွေကသာ ကျန်းရီကို ဂီတအကြောင်း ဆက်ပြောရန် ဖိတ်ခေါ်လိုက်သည်။ သို့သော် ကျန်းရီက ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်ပေသည်။

ဧကရာဇ်ငယ်ရွေကို နှုတ်ဆက်ပြီးနောက် ကျန်းရီ သူ့ဟွင့်သွမ့်နတ်ဘုရားလှေစီ ပြန်သွားရန် ဟန်ပြင်လိုက်၏။ ထိုစဉ် ဆွဲဆောင်မှုရှိသူတစ်ယောက်က သူ့နောက်ကို ရုတ်တရက် လိုက်လာသည်။ တောက်မင်သည် မြေခွေးမတစ်ကောင်ကဲ့သို့ ပြုံး၍ ကျန်းရီကို ကြည့်ကာ ပြောလိုက်လေသည်။

“သခင်လေးဟယ်ယွီ... သခင်လေးရဲ့ ဂီတအပေါ် နားလည်မှုက အဲ့လောက်နက်ရှိုင်းလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး။ ကျွန်မ နားထောင်ရတာ မဝသေးဘူး။ သခင်လေး ကျွန်မရဲ့ လှေထဲမှာ နောက်တပ်တေးသွားတစ်ပုဒ်လောက် ထပ်မှုတ်ပြပါလား”

“အာ...”

ကျန်းရီသည် တောက်မင်၏ နီမြန်းနေသော မျက်နှာကို ကြည့်၍ တိတ်တဆိတ် ခေါင်းခါလိုက်၏။ ထိုမိန်းမပျက်က သူ့ကို ပုလွေတေးသွားသာ မှုတ်ခိုင်းခြင်း မဟုတ်လော၊ အခြားအရာကို မှုတ်ခိုင်းခြင်း မဟုတ်လောက်သည် မဟုတ်လော။

***

All Chapters