မိုးပြာမဟာဧကရာဇ်ထံ တင်ပြမည်
Vol. 139 Ch. 1936
ကျန်းရီသည် တောက်မင်နှင့် မပတ်သက်လိုပါ။ သူမအား မည်သို့ ငြင်းရမည်နှင့် ပတ်သက်၍ သူ ခေါင်းကိုက်နေစဉ်တွင် သခင်မလေးကုန်းယန်က ဟွင့်သွမ့်နတ်ဘုရားလှေထဲမှ ပျံထွက်လာပြီး ပြုံး၍ ပြောလိုက်သည်။
“အစ်မမင်... ညီမလည်း နားထောင်ချင်တယ်။ သခင်လေးဟယ်ယွီ... ကျွန်မတို့အတွက် မှုတ်ပြလို့ရမလား”
တောက်မင်သည် သခင်မလေးကုန်းယန်ကို အတန်ငယ် မကျေနပ်ဟန်နှင့် ကြည့်လိုက်၏။ ကျန်းရီကမူ ဝမ်းသာသွားသည်။ သူ တောက်မင်ကို မည်သို့ ငြင်းရမည်ကို မသိခဲ့ပေ။ မူဟယ်ယွီက တောက်မျိုးနွယ်၏ လက်ပါးစေ မဟုတ်ပါလား။ သူ့အနေနှင့် ထပ်ခါ ထပ်ခါ ငြင်းနေရန် ကောင်းမည် မဟုတ်ချေ။ သို့သော် ယခုတွင်မူ သခင်မလေးကုန်းယန်က ဝင်ရှုပ်လိုက်ပြီဖြစ်၍ တောက်မင်က သခင်မလေးကုန်းယန်အရှေ့တွင်တော့ ‘ထိုအရာ’ကို မလုပ်နိုင်လောက်သည် မဟုတ်လော။
ကျန်းရီသည် တောက်မင်နှင့် သခင်မလေးကုန်းယန်တို့ကို ကြည့်၍ တဏှာရူးဟန်ဆောင်၍ ပြောလိုက်သည်။
“ကောင်းပါပြီ... သခင်မလေးမင်ရဲ့ လှေဆီ သွားကြတာပေါ့။ သခင်မလေးကုန်းယန်လည်း လိုက်ခဲ့လိုက်ပါ”
“ကောင်းပြီး သွားကြစို့”
တောက်မင်က လက်ဝှေ့ယမ်း၍ ကျန်းရီနှင့် သခင်မလေးကုန်းယန်တို့ကို သူမ၏ ဟွင့်သွမ့်နတ်ဘုရားလှေဆီ ဦးဆောင်ခေါ်သွားလိုက်လေသည်။ အနောက်မှ လိုက်ထွက်လာသော လင်းဖေးရှန်းသည် သူမတို့ ထွက်သွားသည်ကို ကြည့်နေ၏။ သူ ကျန်းရီကို ပို၍ပင် ရွံ့ရှာသွားပေသည်။
လင်းဖေးရှန်းသည် တောက်မင်နှင့် သခင်မလေးကုန်းယန်တို့က မည်သို့သော မိန်းမစားမျိုးများဖြစ်ကြောင်းကို ကောင်းစွာ သိထားသည်။ သူမတို့နှစ်ယောက်နှင့် အတူထွက်သွားသော ကျန်းရီသည်လည်း ကောင်းသောလူ ဟုတ်လိမ့်မည် မဟုတ်ချေ။
ကျန်းရီတို့သည် တောက်မ၏ ဟွင့်သွမ့်နတ်ဘုရားလှေထဲ ဝင်ပြီးနောက် အရှေ့လှေဝမ်းထဲ တန်းသွားလိုက်ကြ၏။ အရှေ့လှေဝမ်းကို ပြင်ဆင်ထားပြီး ဧည့်ခန်းမငယ်လေးတစ်ခုနှင့် အခန်းသုံးခန်း ခွဲထားသည်။ အတွင်းပိုင်းမှာ အလွန်ခမ်းနားကာ လှပပေသည်။ သူတို့ ဝင်သွားလိုက်သည်နှင့် ရင်းနှီးသည့် အငွေ့အသက်တစ်ခုကို ခံစားလိုက်ကြရလေသည်။
လက်ဖက်ရည်နှင့် မုန့်များ ဧည့်ခံပြီးနောက် တောက်မင်က အဝတ်အစားအသစ်များ လဲလိုက်၏။ သူမ ပြန်ထွက်လာချိန်တွင် ကျန်းရီ ချက်ချင်းပင် ထူးခြားမှုကို တွေ့လိုက်ရသည်။
တောက်မင်သည် ဖောက်မြင်နိုင်သော အဝတ်များကို ဝတ်ထားသည်။ ထို့ကြောင့် သူမ၏ ပန်းရောင်အတွင်းဝတ်ကို ရှင်းလင်းစွာ မြင်နေရသည်။ သူမသည် ဆံပင်ပုံစံလည်း ပြောင်းကာ လည်တိုင်ကို ဖော်ထားသည်။ သူမတစ်ကိုယ်လုံးက ဖြားယောင်းသော အငွေ့အသက်များ ပေးနေပေသည်။
ရိုးရိုးသားသား ဆိုရလျှင် တောက်မင်ကသာ မိန်းမပျက်တစ်ယောက် မဟုတ်ပါက အတော်လှသော မိန်းမပျိုတစ်ယောက်အဖြစ် အလေးထားခံရပေလိမ့်မည်။ အရေးအကြီးဆုံးမှာ သူမ၏ အရှိန်အဝါက ယောက်ျားများ၏ နှလုံးသားထဲမှ တဏှာမီးစာကို မီးငြှိနိုင်ခြင်းပင်။ ကျန်းရီသည် ထိုအခိုက်တွင် အာခေါင်ခြောက်လာသည်။ ထိုမိန်းမပျက်က ယောက်ျားများကို မြူဆွယ်ရန်အတွက် သူမ၏ခန္ဓာကိုယ်အား မည်သို့ အသုံးချရမည်ကို ကောင်းစွာ သိပေသည်။
သခင်မလေးကုန်းယန်သည် တောက်မင်ကိုကြည့်၍ ခိုးခိုးခစ်ခစ် ရယ်လိုက်၏။
“အစ်မမင်က ဒီလောက်ဆွဲဆောင်မှုရှိရှိ ဝတ်ထားတော့ သခင်လေးဟယ်ယွီက ဘယ်လိုလုပ် ပုလွေမှုတ်တဲ့အထဲ စိတ်ရှိတော့မှာလဲ”
တောက်မင်သည် ကျန်းရီသည် ပြည်တည်တည်ကြည့်၍ ပြောလိုက်သည်။
“သခင်လေးဟယ်ယွီက အတွေ့အကြုံရှိပြီးတဲ့သူပဲ။ သူ မမြင်ဖူးတာ ဘာရှိသေးလို့လဲ။ သခင်မလေးကုန်းယန်ကတော့.. သခင်မလေးကုန်းယန်ပေါ့”
“ဟားဟားဟား...”
ကျန်းရီ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် တဏှာခိုးများ ဝေသွားသည်။ သူသည် ဖွံ့ထွားသော ခန္ဓာကိုယ်များကို ကြည့်လိုက်ပြီး မပွင့်တပွင့် ပြောလိုက်လေသည်။
“သခင်မလေးတို့ နှစ်ယောက်စလုံးက ထိပ်တန်းအလှပဂေးလေးတွေ ချည်းပါပဲ။ ဟယ်ယွီက ဘယ်လောက်ပဲ အတွေ့အကြုံရှိရှိ ပုလွေမှုတ်ဖို့ စိတ်မပါတော့မှာ စိုးမိပါတယ်။ ကျွန်တော်တို့ အခန်းထဲ သွားလိုက်ရင်ရော ဘယ်လိုလဲ၊ ကျွန်တော် သခင်မလေးတို့ကို ပုလွေဘယ်လိုမှုတ်ရမယ်ဆိုတာ သင်ပေးမယ်လေ”
ကျန်းရီ၏ စကားများက အဓိပ္ပာယ်များ ပါ၏။ သူက သူမတို့နှစ်ယောက်နှင့် အတူအိပ်လိုနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သူသည် သူမတို့နှစ်ယောက်က မိန်းမသိက္ခာကို ငဲ့၍ သူ့ကို ပြန်လွှတ်လိုက်အောင် ကြိုးစားနေခြင်းဖြစ်သည်။ ထိုမှသာ သူ လွတ်မြောက်နိုင်ပေလိမ့်မည်။
“သခင်လေးဟယ်ယွီက သိပ်ဆိုးတာပဲ”
သို့သော် တောက်မင်က လက်သီးလေးဆုပ်၍ ကျန်းရီ၏ ရင်ဘတ်ကို အကြိမ်အနည်းငယ် ထုလိုက်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သခင်မလေးကုန်းယန်၏ မျက်နှာမှာလည်း နီမြန်းသွားသည်။ သူမ ကျန်းရီကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
“ဟွန်း... သခင်လေးဟယ်ယွီက အစ်မမင်တစ်ယောက်တည်းနဲ့ မလုံလောက်သေးဘူးလား။ သခင်လေးက သူ့ကို စချင်နေတာပဲ... လူဆိုးကြီး...”
‘သွားပြီ’
ကျန်းရီ စိတ်ပျက်သွားသည်။ သခင်မလေးကုန်းယန်က တောက်မင်လောက် တဏှာမကြီးဟု သူ ထင်ခဲ့ဖူးသည်။ သို့သော် ယခု သူမတို့နှစ်ယောက်ကို ကြည့်ရသည်မှာ သူမတို့က အတူတကွ ပျော်ပါးရန် ပြင်ဆင်ထားသည့်ပုံပင်။
ကျန်းရီသည် ထိုနှစ်ယောက်နှင့် မပတ်သက်လိုပါ။ သူတို့ အတူအိပ်လိုက်လျှင် သူ့အကြောင်း ပေါ်သွားနိုင်ခြေရှိသည်။ ကျန်းရီ အသည်းအသန် တွေးတောလိုက်သည်။ နောက်ဆုံးတွင် သူ အံကြိတ်ကာ တောက်မင်၏လက်ကို ဆွဲ၍ သူမကို ပွေ့ဖက်လိုက်၏။ သူ့အခြားလက်တစ်ဘက်ကလည်း သခင်မလေးကုန်းယန်၏ သေးသိမ်သော ခါးလေးဆီ လျှပ်စီးအလျင်နှင့် ရွေ့လျားသွားသည်။ ထို့နောက် သူ သခင်မလေးကုန်းယန်ကို ပွေ့ချီ၍ ရယ်ကာ ပြောလိုက်လေသည်။
“သခင်မလေးတို့... ဟယ်ယွီဆီမှာ ဘိုးဘေးတွေက လက်ဆင့်ကမ်းထားတဲ့ နတ်ဘုရားတေးသွားတစ်ပုဒ်ရှိတယ်။ အဲ့တေးသွားကို သားတွေဆီပဲ လက်ဆင့်ကမ်းတာ၊ သမီးတွေဆီ လက်ဆင့်မကမ်းဘူး။ ဒီနေ့ ကျွန်တော် ခြွင်းချက်ထားပြီး သခင်မလေးတို့ကို အဲ့တေးသွား ဘယ်လိုမှုတ်ရမယ်ဆိုတာကို သင်ပေးမယ်..ဟားဟားဟား...”
“လွှတ်ပါ...လွှတ်ပါ”
သခင်မလေးကုန်းယန် အလွန်ရှက်သွား၏။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးက တွန့်လိမ်နေသည်။ သူမ၏ ကျောက်စိမ်းလက်ကလေးများကလည်း ကျန်းရီ၏ ပခုံးကို ရိုက်နေသည်။ တောက်မင်မှာလည်း ဟန်ပိုစွာဖြင့် မရုန်းချင်ရုန်းချင်း ရုန်းနေသည်။ ကျန်းရီသည် သူမတို့၏ “အားကောင်းလှသော” ရုန်းကန်မှုကို ကြည့်၍ လုံးဝ စိတ်ဓာတ်ကျသွား၏။ သူ မည်သို့ဆက်လုပ်ရမည်ကို မသိတော့ပေ။
ကျန်းရီ တောက်မင်နှင့် သခင်မလေးကုန်းယန်တို့၏ အရှက်မဲ့မှုကို လျှော့တွက်ခဲ့မိပေပြီ။ ထိုသခင်မလေးနှစ်ယောက်က မျိုးနွယ်ကြီးများမှဖြစ်၍ ယောက်ျားတစ်ယောက်တည်းနှင့် တစ်ချိန်တည်း အတူမနေလောက်ဟု သူ တွေးခဲ့သည်။ ထို့ပြင် မူဟယ်ယွီ၏ အဆင့်အတန်းက နိမ့်သည် မဟုတ်ပါလား။ သူ့အတွက်ကြောင့်နှင့် သူမတို့၏ သိက္ခာ အကျခံလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည်။ သို့သော် သူမတို့နှစ်ယောက်က အလွန်အပေးအယူတည့်နေကြသည်။ သူမတို့ပုံစံက တောင့်တနေပုံပင် ပေါ်သည်။ ထို့ကြောင့် ကျန်းရီ ခေါင်းရှုပ်လာပေသည်။
အတူကစားလိုက်ရမည်လော။
မဖြစ်နိုင်ပါ။ ကျန်းရီက ထိုကဲ့သို့သော လူစားမျိုး မဟုတ်ပေ။ ထို့ပြင် ယင်းသို့ လုပ်လိုက်လျှင် သူ ပြဿနာလည်း တက်သွားနိုင်သည်။ သို့သော် သူ မကစားလျှင် မည်သို့ လွတ်မြောက်နိုင်မည်နည်း။ လေးတွင် မြားကို တင်လိုက်ပြီဖြစ်သည်။ မြားကို မလွှတ်ဘဲ သူ ဤအတိုင်း ထွက်သွားမည်ဆိုလျှင် အရူးတစ်ယောက်ပင် တစ်ခုခုမှားနေကြောင်း ပြောနိုင်ပေလိမ့်မည်။ မူဟယ်ယွီမှာ အလွန်တဏှာကြီးသူပင်။ သူ့အနေဖြင့် ဤအခြေအနေတွင် မည်သို့မှ မလုပ်ဘဲ ပြန်ထွက်သွားနိုင်စရာ မရှိပါ။
ကျန်းရီသည် မိန်းမပျိုနှစ်ယောက်ကို လက်တစ်ဘက်စီနှင့် ပွေ့၍ အခန်းထဲ လျှောက်သွားလိုက်၏။ လက်တစ်ဘက်လျှင် မိန်းမတစ်ယောက် ပွေ့ထားရခြင်းမှာ အလွန်သဘောကျစရာကောင်းသော အရာပင်။ သို့သော် ထိုအခိုက်တွင် ကျန်းရီတစ်ယောက် မီးဖိုကြီးနှစ်ခုကို ပွေ့ထားရသလို ခံစားနေရသည်။ သူ တောက်မင်၏ အခန်းသို့ လျှောက်သွားနေရင်း ငရဲဆီသို့ လျှောက်သွားနေရသလို ခံစားနေရပေသည်။
‘ငါ အစွမ်းကုန် ထုတ်သုံးရမှာပဲ’
ကျန်းရီသည် အံကြိတ်၍ မိန်းမပျိုနှစ်ယောက်ကို သတိလစ်သွားအောင် လုပ်ရန် ဟန်ပြင်လိုက်၏။ နောက်အကြောင်းကို နောက်မှနည်းလမ်းရှာရမည်။ လက်ဦးမှုရယူခြင်းက ခံရခြင်းထက် ကောင်းပေသည်။ သူ ခန္ဓာကိုယ်ထဲတွင် မသိမသာ မိုးမြေစွမ်းအား လှည့်ပတ်လိုက်ပြီး သူမတို့ကို ရိုက်ရန် ပြင်ဆင်လိုက်လေသည်။
ရွှီး...
ထိုအခိုက်တွင် အပြင်မှ အကာအရံများက ရုတ်တရက် လင်းလက်လာ၏။ ကျန်းရီ၊ တောက်မင်နှင့် သခင်မလေးကုန်းယန်တို့ တစ်ပြိုင်တည်း မျက်မှောင်ကြုတ်လိုက်ကြ၏။ ဤကဲ့သို့သော အချိန်တစ်ခုတွင် နှောင့်ယှက်ခံရခြင်းမှာ ယောက်ျားရော၊ မိန်းမပါ အလွန်ဒေါသထွက်ပေလိမ့်မည်။
သို့သော် တောက်မင်၏ လက်အောက်ငယ်သားများက အရေးကြီးကိစ္စ မရှိဘဲ သူမကို ဤကဲ့သို့သော အချိန်တွင် နှောင့်ယှက်မည် မဟုတ်ပါ။ ထို့ကြောင့် တောက်မင် ကျန်းရီ၏ လက်ထဲမှ ထွက်လိုက်ရပြီး အကာအရံများကို ပိတ်၍ မေးလိုက်ရသည်။
“ဘာကိစ္စလဲ”
“သခင်မလေး... သခင်မလေးယွင်ပင်းက သခင်လေးမူကို လာရှာပါတယ်”
အစေခံမလေးတစ်ယောက်က တင်ပြလာသည်။
“ကောင်းကင်ဘုရင်ဝေက အရေးကြီး စစ်မိန့်တစ်ခုကို ပေးလိုက်တယ်လို့ ကျွန်မ ကြားပါတယ်”
“ကောင်းကင်ဘုရင်ဝေလား.. စိတ်ပျက်စရာပဲ”
ကျန်းရီသည် ရင်ထဲမှ အလုံးကြီး ကျသွားသလို ခံစားလိုက်ရ၏။ သို့သော် အပေါ်ယံတွင်တော့ စိတ်ပျက်သွားယောင် ဆောင်လိုက်သည်။ သူ တစ်ခွန်း၊ နှစ်ခွန်း ဆဲဆိုလိုက်ပြီး သခင်မလေးကုန်းယန်၏ ဖွံ့ထွားသော ခန္ဓာကိုယ်ကိုပင် ပုတ်လိုက်သေးသည်။ ပြီးမှ သူ အပြင်သို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်ထွက်သွားလေသည်။
“သခင်မလေးတို့... အချိန်ရမှ ပုလွေဘယ်လိုမှုတ်ရတယ်ဆိုတာကို သင်ပေးပါတော့မယ်”
“ကောင်းပါပြီ သခင်လေးဟယ်ယွီ။ လုပ်စရာရှိတာ သွားလုပ်ပါ။ စစ်ရေးတွေက အရေးအကြီးဆုံးပါပဲ”
သခင်မလေးကုန်းယန်သည် အပုတ်ခံရပြီးနောက် မျက်ဝန်းထဲတွင် တဏှာခိုးများ ဝေသွား၏။ သူမ နီမြန်းသောမျက်နှာနှင့် ကျန်းရီကို နှုတ်ဆက်လိုက်သည်။ မူဟယ်ယွီက ယန်ကိုးပါးစစ်တပ်မှဖြစ်သည်။ သို့ဖြစ်ရာ ကောင်းကင်ဘုရင်ဝေက စစ်မိန့်ပေးလျှင် သူ မည်သို့ မနာခံဘဲ နေနိုင်ပါမည်နည်း။
တောက်မင်သည် ကျန်းရီကို အပြင်လိုက်ပို့၏။ ကျန်းရီက ကိုယ်ရံတော်များကို ဦးဆောင်၍ ယွင်ပင်း၏ ဟွင့်သွမ့်နတ်ဘုရားလှေဆီ ပျံသွားသည်ကို ကြည့်ပြီးမှ သူမ အရှေ့လှေဝမ်းထဲ ပြန်ဝင်သွားလိုက်သည်။ အကာအရံများကို နှိုးပြီးနောက် သူမ၏ မျက်နှာထားက အေးစက်သွား၏။ သူမ သခင်မလေးကုန်းယန်ကို ကြည့်ကာ မေးလိုက်သည်။
“ညီမလေး... တစ်ခုခု ကွဲပြားနေတာကို ညီမလေး သတိထားမိလား”
“ဟင့်အင်း...”
သခင်မလေးကုန်းယန်က ခေါင်းခါ၍ ပြောသည်။
“အကုန်လုံးက ပုံမှန်ပါပဲ။ ဘာမှ ကွဲမနေဘူးလားလို့။ ဒါပေမဲ့... တစ်ခုခုတော့ တစ်ခုခုပဲလို့ ညီမ ခံစားနေရတယ်။ ညီမ အထင်မှားတာလည်း ဖြစ်နိုင်ပါတယ်။ အစ်မမင်က တစ်ခုခုကို သတိထားမိလို့လား”
“အစ်မလည်း ဘာမှ သတိမထားမိပါဘူး။ မူဟယ်ယွီက တဏှာရူးနေတုန်းပဲ”
တောက်မင်က အတန်ငယ် ခေါင်းခါ၍ ပြန်ပြောသည်။
“ဒါပေမဲ့... တစ်ခုခုမှားနေတယ်လို့ ခံစားရတာက အစ်မတစ်ယောက်တည်းဆို ပြဿနာမရှိဘူး။ အခုက ညီမလေးပါ အဲ့လိုခံစားနေရတော့ တကယ်ကို တစ်ခုခု မှားနေလောက်တယ်။ အဲ့မူဟယ်ယွီက အစ်မတို့သိတဲ့ မူဟယ်ယွီ မဟုတ်နိုင်ဘူး။ သူက ရုပ်ဖျက်ထားတာပဲဖြစ်မယ်။ ဒါမှမဟုတ် မူဟယ်ယွီက အစ်မတို့ကို နှစ်အကြာကြီး လိမ်ထားတာလည်း ဖြစ်နိုင်တယ်။ အဲ့လို ပွေရှုပ်တဲ့သခင်လေးတစ်ယောက်က ဘယ်လိုလုပ် နက်ရှိုင်းအားကောင်းတဲ့ ခံစားချက်တွေ ရှိမှာလဲ။ ဘယ်လိုလုပ် သူ့တေးသွားတစ်ပုဒ်က အစ်မတို့ကို ငြိမ်သွားစေနိုင်မှာလဲ။ သူ့မှာသာ အဲ့လိုအစွမ်းအစမျိုးရှိရင် အရင်ကတည်းက ကျော်ကြားနေပြီပေါ့”
“အခုကျမှ ကောင်းကင်ဘုရင်ဝေက စစ်မိန့်ပေးလိုက်တာ နှမြောစရာပဲ။ မဟုတ်ရင် ကျွန်မတို့ သူနဲ့ အတူအိပ်တဲ့အခါကျ ဟာကွက်တွေကို ရှာနိုင်မှာ”
သခင်မလေးကုန်းယန် သက်ပြင်းသဲ့သဲ့ချသည်။ ထို့နောက် သူမ မေးလိုက်သည်။
“အစ်မမင်... အခု ညီမတို့ ဘာလုပ်ကြမလဲ။ ကျွန်မတို့ မူဟယ်ယွီကို ထပ်ချိန်းသင့်လား ဒါမှမဟုတ် ခေါင်းဆောင်လန်ဆီ တိုက်ရိုက်တင်ပြလိုက်ရမလား”
“အရင်ဆုံး မတင်ပြသေးဘဲ နေကြတာပေါ့။ အစ်မတို့မှားနေရင် ဦးလေးလန်က အစ်မတို့ကို အပြစ်တင်လိမ့်မယ်”
တောက်မင်သည် ခေတ္တမျှ တွေးတောလိုက်၏။ သူမ၏ မျက်ဝန်းများလည်း အေးစက်လာသည်။
“သူနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်ဆိုတာ အစ်မတို့ အတည်ပြုဖို့လိုတယ်။ အတည်ပြုပြီးတာနဲ့ အစ်မတို့ ဦးလေးလန်ဆီကို မဟုတ်ဘူး မိုးပြာမဟာဧကရာဇ်ဆီ တိုက်ရိုက်တင်ပြမယ်။ ပြီးရင် အစ်မတို့ သူ့ကို သတ်ဖို့ ထောင်ချောက်တစ်ခု ဆင်ကြမယ်”
***