← Chapters

မိန်းမလှတစ်ယောက် သေဆုံးခြင်း

Vol. 139 Ch. 1937

မိန်းမလှတစ်ယောက် သေဆုံးခြင်း

Vol. 139 Ch. 1937

“ကျွန်တော့်ကို ကယ်ပေးတဲ့အတွက် သခင်မလေးနုန်ယင်းနဲ့ စစ်သူကြီးယွင်ကို ကျေးဇူးတင်ပါတယ်”

ကျန်းရီသည် ယွင်ပင်း၏ ဟွင့်သွမ့်နတ်ဘုရားလှေထဲ ရောက်သည်နှင့် အရှေ့လှေဝမ်းထဲ တန်းဝင်သွားလိုက်၏။ လှေဝမ်းထဲတွင် ဟယ်နုန်ယင်းကို တွေ့သောအခါ ဤအကြံက ဟယ်နုန်ယင်း၏အကြံ ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားသည်။ ကောင်းကင်ဘုရင်ဝေက မည်သည့်အခါက စစ်မိန့်ပေးခဲ့ပါသနည်း။ ဟယ်နုန်ယင်းက သူ့ကို ကျားခံတွင်းထဲမှ ကယ်ရန် လုပ်ခဲ့ခြင်းသာ။

“ဟင်းဟင်း...”

ဟယ်နုန်ယင်းသည် လက်ဖက်ရည်ခွက်တစ်ခွက်ကို ကိုင်၍ မသောက်သေးဘဲ ကျန်းရီကို ခနဲ့တဲ့တဲ့ကြည့်ကာ ပြောလိုက်သည်။

“သခင်လေးကျန်းက ကျွန်မတို့ကို ကျေးဇူးတင်နေတာလား၊ ရွဲ့နေတာလား။ ရှင့်ရဲ့ အချိန်ကောင်းလေးကို ဖျက်ဆီးလိုက်လို့ ကျွန်မတို့ကို အပြစ်မတင်ပါဘူးနော်။ ရှင့်ခန္ဓာကိုယ်မှာ မိန်းကလေးအနံ့အသက်တွေ ရနေတယ်။ ရှင် တောက်မင်ရဲ့ အခန်းထဲ ဝင်ခဲ့တာ မဟုတ်လား”

ကျန်းရီ ခါးသီးစွာ ပြုံး၍ လက်ခါကာ ပြန်ပြောလိုက်၏။

“ကျွန်တော်က သခင်မလေးတို့ထင်သလို လူစားမျိုး မဟုတ်ပါဘူး။ ကျွန်တော်သာ အဲ့လိုမိန်းမမျိုးတွေနဲ့ ကစားချင်ရင် အခုထိတောင် စောင့်နေမှာ မဟုတ်ပါဘူး”

ယွင်ပင်းက ဒေါသတကြီး ဝင်ပြော၏။

“အဲ့ဒါဆို ရှင် ဘာလို့ တောက်မင်ရဲ့ လှေဆီ သွားဖို့ သဘောတူလိုက်လဲ။ ရှင်က သခင်မလေးကုန်းယန်ကိုတောင် ခေါ်သွားသေးတယ်။ ရှင် သူတို့ဆီက သတင်းနှိက်ချင်လို့လို့တော့ ကျွန်မကို လာမပြောနဲ့။ သူတို့နှစ်ယောက်ကရော တမလွန်ဘုံမျိုးနွယ်ရဲ့ သူလျှိုတွေပဲလား”

“အဲ့လို မဟုတ်ဘူးလေ...”

ကျန်းရီ ရှင်းပြလို၏။ သို့သော် မည်သည့်နေရာကစ၍ ရှင်းပြရမည်ကို မသိရာ သူ ဦးညွှတ်၍သာ ပြောလိုက်လေသည်။

“ကျွန်တော်မျိုး မှားပါတယ် မမလေးတို့ခင်ဗျာ။ ကျွန်တော် မှားပါတယ်။ ဟုတ်ပြီလား။ ဒီတစ်ခေါက်တော့ ကျွန်တော့်ကို အလွှတ်ပေးလိုက်ပါတော့”

“ခစ်ခစ်...”

ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့သည် ပွင့်လန်းလာသော ပန်းကလေးနှစ်ပွင့်အလား ပြုံးရယ်လိုက်ကြ၏။ ဟယ်နုန်ယင်းက လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချကာ ပြောလိုက်သည်။

“ရှင် ထွက်သွားဖို့ အသင့်ပြင်ထားတာ ကောင်းလိမ့်မယ်။ ရှင် ဒီမှာ ဆက်နေရင် အနှေးနဲ့အမြန်ဆိုသလို ပေါ်သွားမှာပဲ။ မသိလိုက်ရဘဲ အသတ်မခံချင်နဲ့”

“အွန်း... ကျွန်တော် နှစ်ရက်အတွင်း ထွက်သွားပါမယ်”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ဤနေရာတွင် မနေခြင်းက ပိုကောင်းပေမည်။ အကယ်၍ တစ်စုံတစ်ယောက်က တစ်ခုခုမှားနေကြောင်း ခံစားမိ၍ ထောင်ချောက်တစ်ခု ဆင်လိုက်လျှင် သူ ဒုက္ခတွေ့ရမည်ဖြစ်သည်။ သူ့ကိုကယ်ရန် ချီဟုန်နှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်တို့လည်း ရှိမနေပါ။ ထို့ကြောင့် ကိစ္စများက အလွယ်တကူ မှားယွင်းသွားနိုင်ပေသည်။

“မဟုတ်သေးဘူး...”

ဟယ်နုန်ယင်း၏ မျက်နှာထားက ရုတ်တရက် တည်သွား၏။ သူမ ခေါင်းခါကာ ဆက်ပြောသည်။

“ရှင် အခု ထွက်သွားလို့ မရဘူး။ ရှင်က အဲ့တေးသွားနဲ့ အားလုံးရဲ့ အာရုံစိုက်မှုကို ခံနေရပြီ။ ရှင် ထွက်သွားရင် မူဟယ်ယွီက ဘယ်လိုလုပ်မလဲ။ သူ့ကို ပြန်လွှတ်ပေးပြီး ထိန်းချုပ်ထားမယ်ဆိုရင်တောင် ဟာကွက်တွေ ရှိနေမှာပဲ။ အဲ့လိုဆို ရှင့်အကြောင်း ပေါ်သွားလိမ့်မယ်”

“ကျွန်တော်တို့ အသူရာတောင်ကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ”

ကျန်းရီ ယွင်ပင်းကို ကြည့်လိုက်၏။ ယွင်ပင်းက တွေးတောကာ ပြန်ဖြေသည်။

“အနည်းဆုံး ဆယ်ရက်လောက် လိုသေးတယ်”

“ဆယ်ရက်လား”

ကျန်းရီ တစ်ခဏမျှ တွေးတောကာ ပြောလိုက်သည်။

“အဲ့လိုဆို ကျွန်တော် နောက်ငါးရက် ဆက်နေမယ်။ ငါးရက်ပြည့်ရင် ကျွန်တော် အရင်ထွက်သွားလိုက်မယ်။ စစ်တပ်က နှေးလွန်းတယ်။ ကျွန်တော်သာ အရှိန်အပြည့်နဲ့ သွားမယ်ဆိုရင် အသူရာတောင်ကို တစ်ရက်အတွင်း ရောက်လောက်တယ်။ ကျွန်တော့်အတွက် အချိန်နည်းနည်း ဆွဲထားပေးပါ။ ကျွန်တော့်အကြောင်း ပေါ်သွားရင်တောင် မိုးပြာမဟာဧကရာဇ်က ကျွန်တော့်ကိုသတ်ဖို့ အခွင့်အရေးရမှာ မဟုတ်ပါဘူး”

“ကောင်းပြီ”

ဟယ်နုန်ယင်း၏ မျက်ဝန်းများ တောက်ပလာသည်။ ထို့နောက် သူမ မြေပုံတစ်ချပ်ကို ထုတ်ကာ ခေတ္တမျှကြည့်၍ ပြောလိုက်လေသည်။

“ဒီနေရာမှာ ဧရာမဆန်းကြယ်နယ်မြေကြီးတစ်ခု ရှိတယ်။ ကျွန်မရဲ့မျိုးနွယ်က အဲ့ဆန်းကြယ်နယ်မြေအကြောင်းကို မှတ်တမ်းတင်ထားတယ်။ အဲ့နယ်မြေထဲမှာ ထူးခြားတဲ့ ဝိညာဉ်ဆေးပင်တစ်ပင် ရှိတယ်တဲ့။ ရှင်နဲ့ ယွင်ပင်းတို့က ကောင်းကင်ဘုရင်ဝေက အဲ့ဆေးပင်ကို ရှာခိုင်းတယ်လို့ အကြောင်းပြပြီး ထွက်သားလို့ရတယ်။ ရှင်တို့ အသွားအပြန်ဆို နှစ်ရက်၊ သုံးရက်လောက် ကြာမှာပဲ။ ပြီးတော့ ရှင်တို့ တောက်လန်ဆီကနေလည်း တပ်သားတွေ တောင်းလိုက်ကြ။ အဲ့ဒါမှ ပိုယုံချင်စရာကောင်းမှာ”

“အကြံကောင်းပဲ... သခင်မလေးနုန်ယင်းက အရမ်းဉာဏ်ကောင်းတာပဲ”

ကျန်းရီ လက်မထောင်ပြလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ဘုရင်ဝေကို ဆက်သွယ်ကာ အမှန်တကယ် အမိန့်ပေးမပေး စစ်ဆေးလျှင်ပင် ကောင်းကင်ဘုရင်ဝေ၏ ဉာဏ်ရည်အရ ကျန်းရီတို့အတွက် အမှန်တရားကို ကူဖုံးပေးထားမည်သာ။

ကျန်းရီ၏ ချီးကျူးမှုကြောင့် ဟယ်နုန်ယင်း၏ မျက်နှာလေး နီရဲသွား၏။ သူမ လက်ဖက်ရည်ခွက်ကို ကောက်ကာ တစ်ငုံသောက်လိုက်သည်။ သို့သော် သူမ ပြင်းထန်စွာ သီးသွားပြီး လက်ဖက်ရည်များကို ကျန်းရီ၏ မျက်နှာဆီ မှုတ်ထုတ်မိသွားလေသည်။

“အာ...”

ကျန်းရီသည် ဟယ်နုန်ယင်းက သတိလက်လွတ်ဖြစ်သွားခြင်းဟု ထင်လိုက်၏။ သို့သော် သူ့မျက်နှာပေါ်မှ လက်ဖက်ရည်များကို သုတ်ပြီးသည်အထိ ဟယ်နုန်ယင်းက ချောင်းဆိုးနေဆဲပင်။ ယွင်ပင်း၏ မျက်နှာထားကလည်း ပူပန်သည့်ပုံ ပေါက်လာသည်။ သူသည် ဟယ်နုန်ယင်း၏ ကျောကို သပ်ပေးရင်း လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ကာ ဟယ်နုန်ယင်းအား ကမ်းပေးလိုက်သည်။

ဟယ်နုန်ယင်း၏ မျက်နှာမှာ ပို၍ ဖြူဖျော့လာသည်။ သူမသည် ပါးစပ်ကို လက်ကိုင်ပုဝါနှင့် တင်းကြပ်စွာအုပ်၍ ခါးကိုင်းကာ ကျန်းရီကို ထွက်သွားဖို့ ကျန်လက်တစ်ဘက်နှင့် လက်ဟန်ပြလိုက်သည်။

“သခင်မလေးနုန်ယင်း... ဘာဖြစ်လို့လဲ။ သခင်မလေး ထိခိုက်ထားတာလား”

ကျန်းရီ၏ မျက်ဝန်းများ အေးစက်လာသည်။ ဟယ်နုန်ယင်းက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ပင်။ သူမ၏ ရုပ်ခန္ဓာက အလွန်သန်မာသည်။ သူမ ဖျားနာခြင်းမျိုးလည်း ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် သူမက ဒဏ်ရာရထားခြင်းသာ ဖြစ်မည်။ ဟယ်နုန်ယင်းကို ဒဏ်ရာရအောင် လုပ်ဝံ့သူ ရှိသည်လော။ ထိုသို့တွေးမိသောအခါ ကျန်းရီ ရုတ်ခြည်း ဒေါသထွက်သွားပေသည်။

ဟယ်နုန်ယင်းသည် တစ်ခဏမျှ ချောင်းဆိုးပြီးမှ လက်ဝှေ့ယမ်း၍ ပြော၏။

“ဘာမှ မဖြစ်ပါဘူး။ ကျွန်မ အဆင်ပြေပါတယ်။ ဒါက ကျွန်မရဲ့ ရောဂါဟောင်းပါ။ မိန်းကလေးတွေမှာ... ထူးခြားတဲ့ရောဂါတွေ ရှိတတ်ကြတယ်။ ကျန်းရီ.. အဲ့ဒါကို အရေးစိုက်မနေပါနဲ့။ ရှင် အရင်ထွက်သွားလိုက်ပါ။ ကျွန်မ အားပြန်ဖြည့်လိုက်ရင် ကောင်းသွားမှာပါ”

“ရောဂါဟောင်းလား”

ကျန်းရီသည် လက်စွပ်ထဲမှနေ၍ နတ်ဘုရားသစ်ရွက်ကို ထုတ်ကာ ပြောလိုက်သည်။

“ဒီသစ်ရွက်က ရောဂါအကုန်လုံးကို ကုပေးနိုင်တယ်။ သခင်မလေးနုန်ယင်း.. ကျွန်တော့်ကို ကုပေးခွင့်ပြုပါ”

“မလိုပါဘူး... ကျွန်မဘာသာ ကုနိုင်ပါတယ်”

ဟယ်နုန်ယင်းက မော့မကြည့်ဘဲ လက်ကို ပြတ်သားစွာ ဝှေ့ယမ်းလိုက်၏။ ကျန်းရီသည် ဟယ်နုန်ယင်း၏ ပြတ်သားမှုကို တွေ့သောအခါ ရွေးချယ်စရာမရှိတော့ဘဲ ဟွင့်သွမ့်နတ်ဘုရားလှေထဲမှ ထွက်သွားလိုက်ရသည်။

ကျန်းရီ ထွက်သွားပြီးနောက် ဟယ်နုန်ယင်းက ခေါင်းမော့၍ လက်ကိုင်ပုဝါနှင့် ပါးစပ်ကို သုတ်လိုက်၏။ သူမ လက်ကိုင်ပုဝါကို ဖွင့်လိုက်သောအခါ ပုဝါထဲတွင် နီညိုရောင်သွေးများ ပြည့်နေသည်ကို တွေ့ရလေသည်။

“ဟူး...”

ယွင်ပင်းက သက်ပြင်းသဲ့သဲ့ချကာ ပြောလိုက်သည်။

“မမနုန်ယင်း... မမရဲ့ဝိညာဉ်ခန္ဓာက ပိုဆိုးလာပြီ။ ဒီအတိုင်းဆက်သွားရင်... မမ နှစ်ဝက်ပြည့်အောင်‌တောင် နေနိုင်မှာ မဟုတ်ဘူး”

“ဟင်းဟင်း...”

ဟယ်နုန်ယင်း အားတင်း၍ ပြုံး၏။ သူမ၏ နှုတ်ခမ်းပေါ်မှ သွေးစများက သူမကို ပို၍ပင် လှပစေသည်။ သူမ ညင်သာစွာ ခေါင်း၍ ပြောလိုက်၏။

“မမ အခုအထိ နေခွင့်ရတာ ကောင်းကင်ရဲ့ သနားစာနာမှုကြောင့်ပဲ။ မမကို ဘယ်လိုလုပ် ထပ်ပြီး တောင်းဆိုနိုင်မှာလဲ”

“မမ အဲ့လိုတွေးလို့ မဖြစ်ဘူး”

ယွင်ပင်း၏ မျက်ဝန်းများထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။

“ဆက်တောင့်ခံထားပါ။ မမသေသွားရင် ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး။ ဘဝမှာ လှပတဲ့အရာတွေ အများကြီးရှိတယ်။ လူသားမျိုးနွယ်က တမလွန်ဘုံမျိုးနွယ်ကို ဖိနှိပ်နိုင်တဲ့နေ့ ရောက်လာမှာကို မမ မမြင်ချင်ဘူးလား။ ပြီးတော့ မမရဲ့ တိုက်ခိုက်စွမ်းအားက ကြီးတာပဲ။ မမ လူသားမျိုးနွယ်ကို ကူညီနိုင်တယ်။ မမ လွယ်လွယ်လေးသေသွားလို့ မဖြစ်ဘူး”

ဟယ်နုန်ယင်း ခေါင်းခါ၍ ထရပ်ကာ သူမအခန်းဆီသို့ လျှောက်သွား၏။ တံခါးဝတွင် သူမ နံရံကို မှီကာ ပြောလိုက်သည်။

“ဘဝမှာ အလျှော့ပေးလို့ရတဲ့အရာတွေ အများကြီးပါပဲ။ ဒါပေမဲ့ မမ မလျှော့နိုင်တဲ့ဟာ တစ်ခုရှိတယ်။ မမရဲ့ခန္ဓာကိုယ်ကို မမ မချစ်တဲ့သူက မရစေရဘူး။ အဲ့လိုအဖြစ်ခံမဲ့အစား မမ အသေပဲ ခံလိုက်မယ်”

“...”

ယွင်ပင်း၏ မျက်ဝန်းများ မှေးမှိန်သွား၏။ သူမသည် အခန်းထဲ ဝင်သွားသည့် ဟယ်နုန်ယင်း၏ အားနည်းနေသော ခန္ဓာကိုယ်လေးကို ငေးကြည့်နေသည်။ သူမ ရင်နာစွာနှင့် အခန်း၏အကာအရံများကို နှိုးပေးလိုက်ပြီး ဟယ်နုန်ယင်းကို သူမဘာသာ အားဖြည့်ခွင့် ပြုလိုက်ရလေသည်။ မည်သူကမှ ဟယ်နုန်ယင်းကို မကူညီနိုင်ပေ။ ချီလင်းဧကရီပင် မည်သို့မှ မလုပ်နိုင်ပါ။ သို့ဖြစ်ရာ ယွင်ပင်းက ဘာကို တတ်နိုင်မည်နည်း။

ဝှစ်...

ယွင်ပင်း အရှေ့လှေဝမ်း၏ အကာအရံကို ပိတ်လိုက်ချိန်တွင် အပြင်မှနေ၍ လူတစ်ယောက် ပျံဝင်လာ၏။ ယွင်ပင်းသည် ထိုလူကို ကြည့်လိုက်ပြီးနောက် မျက်နှာထားကို ခပ်သွက်သွက် ပြန်ပြင်လိုက်ရ၏။ ထို့နောက် သူမ မေးလိုက်သည်။

“ကျန်းရီ... ရှင် ဘာလို့ ပြန်လာတာလဲ။ အခု ကျွန်မတို့ တောက်လန်ဆီကနေ တပ်သားတွေ သွားတောင်းကြတော့မလို့လား”

“ဘာကို တောင်းရမှာလဲ”

ကျန်းရီသည် ယွင်ပင်းကို အေးစက်စက် စိုက်ကြည့်၍ မေးသည်။

“သခင်မလေးနုန်ယင်းရဲ့ ခန္ဓာကိုယ်က ဘာဖြစ်တာလဲ။ ကျွန်တော့်ကို ဖုံးကွယ်ထားဖို့ မကြိုးစားပါနဲ့။ အမှန်အတိုင်း ပြောပြပါ”

ကျန်းရီသည် ဟယ်နုန်ယင်း၏ အခြေအနေကို အနည်းငယ်သိသော်လည်း သေတော့မသေချာပေ။ သူမထံတွင် ဝိညာဉ်ခန္ဓာတစ်မျိုး ရှိကြောင်းကိုသာ သူသိထားသည်။ အစောတွင် သူ ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့၏ မျက်နှာထားများကို မြင်ခဲ့သည်။ သို့ဖြစ်ရာ သူ မည်သို့ မစိုးရိမ်ဘဲ နေနိုင်ပါမည်နည်း။

ကျန်းရီ၏ အေးစက်စက် မျက်ဝန်းများကို ကြည့်၍ ယွင်ပင်း အတန်ငယ် တုန်လှုပ်သွား၏။ သူမ ခေါင်းခါကာ ပြောလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး။ ကျန်းရီ.. ဆက်မမေးနဲ့တော့။ မမနုန်ယင်းက အဆင်ပြေပါတယ်”

“ကျွန်တော့်ကို ပြောပြပါ”

ကျန်းရီ၏ အသံက ပို၍ အေးစက်လာသည်။ ထို့ကြောင့် ယွင်ပင်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူမသည် ကျန်းရီက သူမအပေါ် ဒေါသထွက်သည်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူမ ခေတ္တမျှ တွေးတောကာ အံကြိတ်၍ ပြောလိုက်လေသည်။

“မမနုန်းယင်းမှာ ယင်ဓာတ်လွန်ကဲခန္ဓာရှိတယ်။ ရှင်လည်း အဲ့ဒါကို သိမှာပါ။ အဲ့လိုဝိညာဉ်ခန္ဓာမျိုးက ထွက်ပေါ်လာခဲတယ်။ အဲ့လိုခန္ဓာမျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေက မြန်မြန် ကျင့်ကြံနိုင်ကြတယ်။ ဒါပေမဲ့ အဲ့ဝိညာဉ်ခန္ဓာမှာ ဆိုးကျိုးကြီးတစ်ခုလည်း ရှိတယ်...”

“သူ အရွယ်ရောက်ရင် ယောက်ျားတစ်ယောက်ရဲ့ ယန်ဓာတ်ကို စုပ်ယူဖို့လိုတယ်။ မဟုတ်ရင် သူ သေရလိမ့်မယ်။ ပြဿနာက... ယန်ဓာတ်ကို စုပ်ယူခံရရင် အဲ့ယောက်ျားက တဖြည်းဖြည်း သေသွားမှာပဲ။ မမနုန်ယင်းက သူ သဘောမကျတဲ့သူကိုလည်း သူ့ခန္ဓာကိုယ်ကို မပေးချင်ဘူး။ ပြီးတော့ သူ သဘောကျတဲ့သူကိုကျတော့လည်း ဘာလို့ သေလမ်းကို ပို့ရမှာလဲ။ အဲ့တော့ သူ့ကံကြမ္မာက သတ်မှတ်ပြီးထားပြီ။ ဘယ်သူကမှ မပြောင်းလဲနိုင်တော့ဘူး။ ချီလင်းဧကရီတောင် သူ့ကို မကယ်နိုင်ဘူး။ ရှင်လည်း ကယ်နိုင်မှာ မဟုတ်ဘူး”

“ယင်ဓာတ်လွန်ကဲခန္ဓာလား”

ကျန်းရီ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။ ဤလောကထဲတွင် ထိုကဲ့သို့ ထူးဆန်းသော ဝိညာဉ်ခန္ဓာတစ်ခု ရှိနေသေးသည်လော။ ချီလင်းဧကရီပင် ယင်းကို မည်သို့မှ မလုပ်နိုင်ပေ။ ဟယ်နုန်ယင်းတစ်ယောက် ညမွှေးပန်းတစ်ပွင့်ကဲ့သို့ ညအချိန်တွင် ပွင့်လန်းပြီးနောက် နေထွက်ချိန်တွင် တဖြည်းဖြည်း ကြွေသွားသည်ကို သူ ထိုင်ကြည့်၍သာ နေရတော့မည်လော။

***

All Chapters