အတူပေါင်းကြံခြင်း
Vol. 139 Ch. 1938
ဟယ်နုန်ယင်း၏ အကျင့်စရိုက်က ပြတ်သားခိုင်မာ၏။ သူမသည် အားလုံးကို ချစ်ခင် ဂရုစိုက်တတ်သူဖြစ်သည်။ သူမ၏ ကြင်နာမှုက လူများစွာကို အရှက်သွားစေနိုင်ပေသည်။
ဟယ်နုန်ယင်းသည် ကျော်ကြားလာပြီးနောက် သင့်တော်သူများစွာကို တွေ့ခဲ့သည်။ ကမ္ဘာဦးကောင်းကင်ဘုံမှ သခင်လေးများသည် သူမကို နတ်မိမယ်တစ်ပါးအဖြစ် မြင်ကြသည်။ သခင်လေးများစွာသည် သူမကို ကြိုးစားပမ်းစား ပိုးပန်းခဲ့ကြသည်။ သူမအကြောင်းကို နေ့နေ့ညည တွေးခဲ့ကြသည်။
ခွမ်ဟူနှင့် အခြားသူများက ဟယ်နုန်ယင်း၏ ယင်ဓာတ်လွန်ကဲခန္ဓာအကြောင်းကို အမှန်ပင် မသိဘဲ နေပါမည်လော။ ယင်းမှာ မဖြစ်နိုင်ပါ။ သို့သော် ခွမ်ဟူနှင့် အခြားသူများသည် ဟယ်နုန်ယင်းကို ပိုးပန်းခဲ့သည်သာ။ ထို့ကြောင့် ဟယ်နုန်ယင်းက မည်မျှစွဲမက်ဖွယ်ကောင်းကြောင်း သိနိုင်ပေသည်။
သို့သော် ဟယ်နုန်ယင်းသည် မည်သည့်ယောက်ျားအပေါ်မှ ဟန်ဆောင်၍ ကောင်းမပြခဲ့ပေ။ သူမက အခြားသခင်မလေးများနှင့် ကွဲပြားသည်။ သခင်မလေးများစွာသည် သခင်လေးများနှင့် ပရောပရည်လုပ်တတ်ကြသည်။ သို့သော် ဟယ်နုန်ယင်းသည် မည်သည့်ယောက်ျားကိုမှ အခွင့်အရေးတစ်ခုပင် မပေးခဲ့ချေ။ ကျန်းရီမှာမူ ခြွင်းချက်ဖြစ်သည်။
ဟယ်နုန်ယင်းက ကျန်းရီကို သဘောကျကြောင်း ထင်ရှား၏။ သို့သော် သူမက သူမ၏ခံစားချက်အား ထုတ်ပြသည်ကို ကျန်းရီ မမြင်ဖူးခဲ့ပေ။ သူမက ကျန်းရီ သတိမပြုမိအောင် သူမ၏ခံစားချက်များကို အမြဲ ချိုးနှိမ်ဖိနှိပ်ထားခဲ့သည်။ သူမသည် အထီးကျန်ရရန် ကံကြမ္မာပါလာပေသည်။
ဟယ်နုန်ယင်း၏ အကျင့်စရိုက်က သူမ၏ကံကြမ္မာကို ဆုံးဖြတ်ပေးခဲ့ခြင်းပင်။ သူမသည် သေသည်အထိ တစ်ကိုယ်တည်း ဖြစ်နေပေလိမ့်မည်။ သို့သော် ရင်ထဲမှ မာနကြောင့် သူမသည် အလျှော့ပေးမည့်အစား အသေခံမည်ဖြစ်သည်။ ထို့ကြောင့် သူမ၏ရောဂါကို ကုသ၍ မရနိုင်ပေ။
ကျန်းရီသည် အတော်ကြာအောင် တွေးတောပြီးသည်အထိ ကောင်းမွန်သော ဖြေရှင်းနည်းတစ်ခုကို စဉ်းစားမရသေးပေ။ သူ အလေးအနက် မေးလိုက်သည်။
“သူ့အခြေအနေအရဆို သူ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်ဦးမလဲ”
“အလွန်ဆုံး နှစ်တစ်ဝက်ပဲ”
ယွင်ပင်းက သက်ပြင်းသဲ့သဲ့ချ၍ ပြော၏။
“အခုတစ်လော သူ သွေးစအန်လာတယ်။ အဲ့ဒါက ဝိညာဉ်ခန္ဓာရဲ့ ဘေးထွက်ဆိုးကျိုး ထလာတဲ့ လက္ခာပဲ။ ရှင် ကျွန်မတို့ကို တမလွန်ဘုံမျိုးနွယ်ရဲ့ ပိုင်နက်ထဲ ခေါ်သွားခဲ့တုန်းက သူ ဆောင်းဥတုပုလဲထဲမှာ ပြောခဲ့တယ်.. သူ အဆက်မပြတ် သွေးအန်လာရင် လနည်းနည်းပဲ ဆက်နေနိုင်လိမ့်မယ်တဲ့။ အလွန်ဆုံးမှ သူ နှစ်တစ်ဝက်ပဲ နေနိုင်လိမ့်မယ်”
“နှစ်တစ်ဝက်လား”
ကျန်းရီ နာကျင်စွာ မျက်လုံးမှိတ်လိုက်သည်။ သူ့တွင် အခြားဖြေရှင်းနည်း မရှိပေ။ အသူရာတောင်သို့ခရီး ဆုံးသွားပြီး ကောင်းကင်မိစ္ဆာဘုံသို့ ပြန်ရောက်မှ သူ ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့ကို နည်းလမ်းတစ်ခု မေးရပေမည်။ သူတို့လည်း မည်သို့မှ မတတ်နိုင်လျှင် ဟယ်နုန်ယင်းကို ကယ်နိုင်တော့မည် မဟုတ်ပေ။
***
ကျန်းရီသည် တစ်စုံတစ်ယောက်က သံသယဖြစ်မည်ကို စိုး၍ တစ်ခဏမျှ စောင့်ပြီးမှ ထွက်သွားလိုက်သည်။ ယွင်ပင်းသည်လည်း ဟယ်နုန်ယင်း ပြန်ကောင်းလာသည်အထိ စောင့်ပြီးမှ တောက်လန်၏ ဟွင့်သွမ့်နတ်ဘုရားလှေဆီ ပျံသန်းသွားလိုက်သည်။ သူမသည် ကောင်းကင်ဘုရင်ဝေ၏ အမိန့်ကို ထမ်းဆောင်ရန်ဟုဆိုကာ တောက်လန်ထံမှ တပ်သားထောင်ကျော် တောင်းလိုက်ပေသည်။
တောက်လန်သည် မည်သည်ကိုမှ သံသယမဖြစ်ပါ။ ယွင်ပင်းတောင်းသည်မှာ တပ်သားထောင်ဂဏန်းလောက်သာ မဟုတ်ပါလား။ ထို့ကြောင့် သူ ယွင်ပင်းအား တပ်သားများ ပေးလိုက်ပြီး တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာရန် ပြောလိုက်သည်။ ယင်းနောက် ယွင်ပင်းသည် တပ်သားထောင်ကျော်နှင့် အင်တင်တင်ဖြစ်နေသော မူဟယ်ယွီကို ခေါ်ကာ အရှေ့မြောက်ဘက်ရှိ ဆန်းကြယ်နယ်မြေတစ်ခုဆီသို့ ပျံသန်းသွားလိုက်လေသည်။
ကောင်းကင်ဘုရင်ဝေက စစ်မိန့်ပေး၍ တောက်လန်ကိုပင် တပ်သားထောင်ကျော် ပေးလိုက်စေသည်။ ထို့ကြောင့် သခင်လေးများနှင့် သခင်မလေးများက မည်သည်ကိုမှ သံသယမဖြစ်ကြပါ။ စားသောက်ပွဲများကို ပုံမှန်အတိုင်း ကျင်းပကြသည်။ ပရောပရည်လုပ်မှုများလည်း ဆက်ဖြစ်နေကြပေသည်။
ဟယ်နုန်ယင်း၏ သတင်းအချက်အလက်က မမှားပေ။ အနီးတွင် ဆန်းကြယ်နယ်မြေတစ်ခု အမှန်ပင် ရှိနေသည်။ ထို့ပြင် ၎င်းဆန်းကြယ်နယ်မြေထဲ၌ မည်သည့် တမလွန်ဘုံမျိုးနွယ်ဝင်မှ မရှိချေ။ ထိုအစား အဆိပ်အခိုးအငွေ့အချို့သာ ရှိနေသည်။
ကျန်းရီနှင့် ယွင်ပင်းတို့သည် ဆန်းကြယ်နယ်မြေထဲသို့ ဖြည်းဖြည်းချင်း ဝင်၍ ဝိညာဉ်ဆေးပင်နှစ်ပင်ကို ရှာလိုက်၏။ ထို့နောက် အဆိပ်မိမည်ကိုစိုးသဖြင့် ချက်ချင်း ပြန်ဆုတ်ရမည်ဟု ပြောလိုက်ကြသည်။ သူတို့ ဆန်းကြယ်နယ်မြေအပြင်ဘက်တွင် နေ့တစ်ဝက်ကြာ အနားယူပြီးမှ ဆေးပင်များ ထပ်ရှားရန် နယ်မြေထဲ ပြန်ဝင်ကြပေသည်။
အကြိမ်အနည်းငယ် သွားလိုက်၊ ပြန်လိုက် လုပ်ပြီးနောက် နှစ်ရက်ကုန်ဆုံးသွားသည်။ ကျန်းရီနှင့် ယွင်ပင်းတို့ အဖွဲ့ကို ဦးဆောင်ကာ ပြန်သွားကြသည်။ စစ်တပ်ကြီးက ထွက်ခွာသွားပြီဖြစ်သည်။ သူတို့ စစ်တပ်နောက်သို့ အရှိန်အပြည့်နှင့် လိုက်မည်ဆိုလျှင်ပင် နေ့တစ်ဝက်လောက် လိုက်ရပေလိမ့်မည်။
ယွင်ပင်းသည် စစ်တပ်ကို မီသောအခါ ဟယ်နုန်ယင်းထံ အသံပို့လွှတ်လိုက်၏။ အရာအားလုံး ပုံမှန်အတိုင်းသာ ရှိနေကြောင်း အတည်ပြုပြီးနောက် သူမတို့အဖွဲ့ စစ်တပ်ထဲ ပြန်ဝင်လိုက်သည်။ ပထမအကြိမ် ဟန်ဆောင်ထွက်ခွာပြခြင်းမှာ အောင်မြင်ခဲ့ပေပြီ။
“သခင်လေးမူ...”
ကျန်းရီသည် သူ့ဟွင့်သွမ့်နတ်ဘုရားလှေသို့ ပြန်ရောက်သောအခါ ဖိတ်ခေါ်မှုတစ်ခုကို လက်ခံရလိုက်၏။ သို့သော် ဤတစ်ခေါက်က စားသောက်ပွဲသို့ ဖိတ်ခေါ်မှု မဟုတ်ဘဲ ဧကရာဇ်ငယ်ရွေ၏ သီးသန်းဖိတ်ခေါ်မှုဖြစ်သည်။ သူက ဂီတပညာဖလှယ်ရန် မူဟယ်ယွီကို ဖိတ်ခေါ်ခြင်းပင်။ ထို့ပြင် ထိုပွဲသို့ လင်းဖေးရှန်းကိုလည်း ဖိတ်ခေါ်ထားသည်။ လျှို့ဝှက်မျိုးနွယ်နှစ်ခု၏ ကိုယ်စားလှယ်နှစ်ယောက်က မူဟယ်ယွီကို ဖိတ်ခေါ်နေသည်လော။
ကျန်းရီသည် ထိုကဲ့သို့သော ဖိတ်ခေါ်မှုတစ်ခုကို မည်သို့ ငြင်းဆန်နိုင်မည်နည်း။ သူ ငြင်းလိုက်သည်နှင့် သူ့အကြောင်း ပေါ်သွားပေလိမ့်မည်။ မူဟယ်ယွီ၏ အဆင့်အတန်းက ဧကရာဇ်ငယ်ရွေနှင့် လင်းဖေးရှန်းတို့၏ အဆင့်အတန်းထက် များစွာပိုနိမ့်သည် မဟုတ်ပါလား။
ကျန်းရီသည်လည်း ဖိတ်ခေါ်မှုကို မငြင်းဆန်လိုပါ။ ဤတစ်ခေါက် သူ ဤစစ်တပ်ထဲ ဘာလာလုပ်ခြင်းနည်း။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးအကြောင်းကို စုံစမ်းရန် မဟုတ်ပါလား။ ယခုဖိတ်သည့်ပွဲမှာ အပြင်လူများမပါဘဲ ဧကရာဇ်ငယ်ရွေနှင့် လင်းဖေးရှန်းတို့ နှစ်ယောက်တည်းသာဖြစ်ရာ ကျန်းရီ သူတို့ထံမှ သတင်းအချို့ နှိုက်ထုတ်နိုင်မည့် နည်းလမ်းတစ်ခုကို တွေးနိုင်ပေလိမ့်မည်။
ကျန်းရီသည် ကိုယ်လက်သန့်စင်ပြီးနောက် သူ့ကိုယ်ရံတော်များကို ခေါ်၍ ဧကရာဇ်ငယ်ရွေ၏ ဟွင့်သွမ့်နတ်ဘုရားလှေဆီ သွားလိုက်၏။ ဧကရာဇ်ငယ်ရွေ့က အလွန်ယဉ်ကျေးစွာနှင့် ကျန်းရီကို တံခါးဝတွင် ကိုယ်တိုင်ကြိုဆိုသည်။ သို့သော် လင်းဖေးရှန်းက ထွက်မလာပါ။ သူမသည် အထဲတွင် အေးအေးလူလူ ထိုင်နေပြီး ကျန်းရီ ဝင်လာသည်ကိုပင် ထရပ်မနှုတ်ဆက်ချေ။
ကျန်းရီ စိတ်မရှိပါ။ နှုတ်ဆက်စကားများ ပြောပြီးနောက် ကျန်းရီ ထိုင်လိုက်သည်။ ဧကရာဇ်ငယ်ရွေက ဂီတအကြောင်းနှင့် စကားစပြီး ကျန်းရီကို ထိုနေ့က မည်သို့ဈာန်သွင်းခဲ့ကြောင်း မေးလေသည်။ မူဟယ်ယွီ၏ အဆင့်အတန်း၊ အကျင့်စရိုက်များနှင့် ထိုကဲ့သို့သော တေးသွားတစ်ခုအား မှုတ်နိုင်သည်ကို ဧကရာဇ်ငယ်ရွေ အံ့အားသင့်နေပေသည်။
“ဟင်းဟင်း... အမှန်အတိုင်းပြောရရင် ကျွန်တော်က ဂီတဘက်မှာ မထူးချွန်ပါဘူး”
ကျန်းရီသည် အမှန်လည်း ဂီတအကြောင်းကို မသိပေ။ သူ ဧကရာဇ်ငယ်ရွေကို အမှန်အတိုင်းသာ ပြောရသည်။
“ကျွန်တော် အဲ့လိုတေးသွားတစ်ခုကို မှုတ်နိုင်တာ နတ်ဘုရားအသံစည်းမျဉ်းတစ်ခုကို နားလည်ထားလို့ပါ။ အရင်တုန်းက ကျွန်တော် သဘောကျတဲ့ မိန်းကလေးတစ်ယောက် ရှိခဲ့တယ်။ သူက ဂီတကို အရမ်းနှစ်သက်တယ်လေ။ အဲ့ဒါ သူ့ကို ပိုးပန်းဖို့အတွက်နဲ့ ကျွန်တာ်က နတ်ဘုရားအသံစည်းမျဉ်းတွေကို နားလည်တဲ့ စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကို ရှာပြီးတော့ သူ့ဆီကနေ နည်းနည်းပါးပါး သင်ထားတာပါ။ ဒါပေမဲ့ ကျွန်တော်လည်း သင်ပြီးရော သူက ယောက်ျားယူသွားပြီလေ...”
“နတ်ဘုရားအသံစည်းမျဉ်းတွေလား”
ဧကရာဇ်ငယ်ရွေနှင့် လင်းဖေးရှန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့နှစ်ယောက်လုံး အတန်ငယ် အံ့ဩသွားကြသည်။ ဧကရာဇ်ငယ်ရွေက ခေါင်းခါ၍ ပြော၏။
“ဒါပေမဲ့... သခင်လေးမူ.. အဲ့နေ့တုန်းက သခင်လေး နတ်ဘုရားအသံစည်းမျဉ်းတွေ သုံးခဲ့တာကို ကျွန်တော် မခံစားမိခဲ့ပါလား”
ထိုအခါ ကျန်းရီ ဂုဏ်ယူစွာ ပြောလိုက်လေသည်။
“အစွမ်းထက်တဲ့ အတတ်တွေက သိုဝှက်ကြတယ်။ လူတွေက အဲ့ဒါကို မြင်နိုင်ရင် ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ကျွန်တော် လူတွေကို ဘယ်လို့ ခြောက်နိုင်မှာလဲ”
“အစွမ်းထက်တဲ့ အတတ်တွေက သိုဝှက်တယ်တဲ့လား”
လင်းဖေးရှန်း၏ မျက်ဝန်းများ အရောင်လက်သွား၏။ ကျန်းရီက သူမ သတိမပြုမိအောင်ပင် နတ်ဘုရားအသံကောင်းကင်အတတ်ကို သုံးနိုင်သည်လော။ သူမ ထိုတဏှာရူးသခင်လေးကို လျှော့တွက်ခဲ့မိပြီဖြစ်ကြောင်း သူမ သဘောပေါက်သွားလေသည်။
ဧကရာဇ်ငယ်ရွေက ချီးကျူးလိုက်သည်။
“သခင်လေးမူက တကယ်ကို ပါရမီထူးပါပေတယ်။ မိန်းမလှတစ်ယောက်ကို ပိုးပန်းဖို့အတွက်နဲ့ နတ်ဘုရားအသံစည်းမျဉ်းတွေကို ဒီအဆင့်ထိတောင် ကျင့်ကြံနိုင်တယ်။ သခင်လေးက အံ့ဩစရာပါပဲ”
“ဟင်းဟင်း...”
ကျန်းရီသည် အချိန်ကိုက်တွင် ပြုံးလိုက်သည်။ ထိုအပြုံးက အလွန်နှာခေါင်းရှုံးချင်ဖွယ် ကောင်းပေသည်။ ထို့နောက် သူ လင်းဖေးရှင်းကို ဆက်ကြည့်ကာ စိတ်မကောင်းသောလေသံနှင့် ပြောလိုက်လေသည်။
“ဒါပေမဲ့... ကျွန်တော် သခင်မလေးဖေးရှန်းကိုတော့ ပြုံးအောင် မလုပ်နိုင်ခဲ့ဘူး”
“ဟားဟား...”
လင်းဖေးရှန်း ရယ်လိုက်၏။ သူမက အလွန်လှပသဖြင့် ကျန်းရီ မှင်တက်သွားသည်။ လင်းဖေးရှန်းက အရှေ့သို့ အနည်းငယ်ကိုင်းကာ ပြောလေသည်။
“မူဟယ်ယွီ... ရှင်က ကျွန်မကို ပိုးချင်တာလား။ တကယ်တော့ ရှင် အဲ့လောက်ဒုက္ခအများကြီး ခံစရာမလိုပါဘူး။ ရှင် ကျွန်မကို တစ်ခုကူညီပေးရင် ကျွန်မ ရှင့်ကို အခွင့်အရေးတစ်ခု ပေးမယ်”
“အို့...”
ကျန်းရီ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွား၏။ သူ အတန်ငယ်လည်း ရင်ခုန်မြန်သွားသည်။ ထိုမြေခွေးက နောက်ဆုံးတွင် အမြီးထုတ်ပြပြီလော။
ထိုအခိုက်တွင် ကျန်းရီ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ လင်းဖေးရှန်း၏ သူ့ကို ကြည့်သည့် ရွံရှာသော မျက်နှာထားက တမင်ဟန်ဆောင်မှုပင်။ မျိုးနွယ်ကြီးတစ်ခုမှ သခင်မလေးတစ်ယောက်က တဏှာရူးတစ်ယောက်ကို ထိုကဲ့သို့သော မျက်နှာထားနှင့်သာ ကြည့်သင့်သည် မဟုတ်ပါလား။
ဟန်ဆောင်ကာမူပို...
၎င်းမှာ မျိုးနွယ်ကြီးများမှ သခင်မလေးများ သုံးတတ်သော လှည့်ကွက်တစ်ခုပင်။ ကျန်းရီ၏ မျက်နှာပေါ်တွင် လေးစားမှုတစ်ခု ထွက်ပေါ်လာသည်။ သူ ကြက်ကလေး အစာကောက်သလို ခေါင်းတဆတ်ဆတ် ညိတ်၍ ပြောလိုက်လေသည်။
“သခင်မလေးဖေးရှန်းကသာ ကျွန်တော့်ကို ပြန်ကြိုက်မယ်ဆိုရင် သခင်မလေး ကျွန်တော့်ကို တမလွန်ဘုံထဲ သွားခိုင်းရင်တောင် ကျွန်တော် တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး”
“အဲ့လောက်ကြီးမလိုပါဘူး”
လင်းဖေးရှန်းက ချိုသာစွာ ပြုံးလိုက်၏။ သူမ အရှေ့သို့ ပိုကိုင်းလာပြီး ကျန်းရီ၏ နားအနီးသို့ နှုတ်ခမ်းကပ်ကာ တီးတိုးပြောလိုက်လေသည်။
“ကျွန်မက ကောင်းကင်ဘုံခုံရုံးကို လိုချင်တာ။ သခင်လေးမူသာ ကျွန်မကို ကူညီပေးမယ်ဆိုရင် ကျွန်မ သခင်လေးမူရဲ့ တောင်းဆိုချက်တွေကို လက်ခံမှာပါ”
“ကောင်းကင်ဘုံခုံရုံးလား”
ကျန်းရီ သဘောပေါက်သွား၏။ လင်းဖေးရှန်းက သူ၏ နတ်ဘုရားအသံကောင်းကင်အတတ်ကို အသုံးချလိုနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ထိုအတတ်က ဟယ်နုန်ယင်းနှင့် ခွမ်ဟူတို့ကိုပင် ငြိမ်သွားစေနိုင်သည်။ အကယ်၍ ကျန်းရီသာ သူမကို ကူညီပေးမည်ဆိုလျှင် သူမ ကောင်းကင်ဘုံခုံရုံးကို ရနိုင်မည့် အခွင့်အရေးက များစွာ တိုးတက်သွားပေလိမ့်မည်။
ကျန်းရီ တွေးတောလိုက်ပြီး လင်းဖေးရှန်း၏ အတန်ငယ် ဟနေသော အင်္ကျီကော်လာစကို ငေးကြည့်လိုက်၏။ သူ စကားနှင့် မပြောဘဲ အသံပို့လွှတ်လိုက်သည်။
“သခင်မလေးဖေးရှန်... ကျွန်တော် သခင်မလေးကို မယုံတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုရှုပ်မှနောင်ရှင်းဆိုသလို အတည်ပြုစရာရှိတာတွေကိုတော့ ပြုထားရမယ်။ တကယ်လို့ သခင်မလေးသာ ကျွန်တော့်တောင်းဆိုချက်တစ်ခုကို သဘောတူမယ်ဆိုရင် အကုန်လုံးကို ဆွေးနွေးလို့ရပါတယ်။ ကျွန်တော်က ကောင်းကင်ဘုံခုံရုံးကို ယူနိုင်ရင်တောင် ပြန်လုယူခံရမှာပဲ။ ဒါပေမဲ့ သခင်မလေးသာ ကောင်းကင်ဘုံခုံရုံးကို ရသွားရင် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ တောဆိတ် ရသေ့ကြီးနဲ့ ဧကရာဇ်ရွေတို့ရဲ့ အကာအကွယ်ကြောင့် ဘယ်သူမှ ပြန်လုရဲမှာ မဟုတ်ဘူး မဟုတ်လား”
လင်းဖေးရှန်းသည် ကျန်းရီ၏ တဏှာခိုးများဝေနေသော မျက်ဝန်းများကို ကြည့်လိုက်၏။ သူမ အတန်ငယ် မျက်နှာထားပြောင်းသွားသည်။ သူမ အတန်ကြာ တွေးပြီးနောက် အသံပို့လွှတ်လိုက်လေသည်။
“သခင်လေးက ဘာလိုချင်တာလဲ”
ကျန်းရီ၏ မျက်ဝန်းများက ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ပင်။ သူ မျက်မှောင်ကြုတ်ကာ လင်းဖေးရှန်းကို တစ်ကိုယ်လုံး မျိုပစ်လိုသလို ကြည့်၍ အသံပို့လွှတ်လိုက်၏။
“သခင်မလေးဖေးရှန်း ကျွန်တော့်ကို တစ်ညအဖော်ပြုပေးရမယ်”
လင်းဖေးရှန်း၏ မျက်နှာထားက လုံးဝပျက်သွားသည်။ သူမ၏ မျက်ဝန်းများက မီးများ မှုတ်ထုတ်နေသလိုပင်။ ကျန်းရီက ထိုမျှ တည့်တိုးဆန်သည်လော။ သူမက အပျိုဖြစ်ပြီး လက်မထပ်ရသေးပေ။
သို့သော်...
“ကောင်းပြီ...”
လင်းဖေးရှန်းသည် လျင်မြန်စွာ ဆုံးဖြတ်လိုက်၏။ သူမ ကောင်းကင်ဘုံခုံရုံးကို ရပြီးမှ မူဟယ်ယွီကဲ့သို့သော လူတစ်ယောက်ကို သတ်လိုက်မည်ဆိုလျှင်လည်း မူမျိုးနွယ်က သူမကို မည်သို့လုပ်နိုင်မည်နည်း။
“ကောင်းပြီ...”
ကျန်းရီ ပြုံးလိုက်၏။ လင်းဖေးရှန်းက မည်သည်ကို တွေးနေခြင်းဖြစ်ကြောင်း သူ မည်သို့မသိဘဲ နေမည်နည်း။ သူ လင်းဖေးရှန်း၏ ခန္ဓာကိုယ်ကို အမှန်တကယ် မလိုချင်ပါ။ သူက သတင်းနှိုက်ထုတ်လိုခြင်းသာဖြစ်သည်။
***