← Chapters

တမလွန်ဘုံဧကရာဇ်က မည်သူနည်း

Vol. 139 Ch. 1939

တမလွန်ဘုံဧကရာဇ်က မည်သူနည်း

Vol. 139 Ch. 1939

လင်းဖေးရှန်းသည် သူမ၏စကားများကို ဧကရာဇ်ငယ်ရွေအား ဖုံးကွယ်မထားပါ။ သူတို့နှစ်ယောက်က တစ်ဘက်တည်းဖြစ်သည်။ ထိုအခိုက်တွင် ကျန်းရီသည် လင်းဖေးရှန်းအပေါ် အမြင်ပြောင်းလာပေပြီ။ သူမက ပေါ့ပေါ့နေတတ်သူဟု ထင်ရသော်လည်း အမှန်တွင် အလွန်တွက်ချက်တတ်သည်။ သူမက အခြားသူများကို အမြင်လွှဲရန် တမင်လုပ်နေခြင်းဖြစ်ပေသည်။

‘မျိုးနွယ်ကြီးတွေက လူတွေက ကိုယ်တွယ်ဖို့ မလွယ်ဘူး...’

ကျန်းရီသည် လောကထဲမှ လူစွမ်းကောင်းများကို အထင်သေး၍ မရကြောင်း ထပ်မံ သဘောပေါက်သွားသည်။ ထို မျိုးနွယ်ကြီးများမှ သခင်လေးများနှင့် သခင်မလေးများက ငယ်စဉ်ကတည်းက သူတို့မျိုးနွယ်များ၏ လွှမ်းမိုးမှုကို ခံခဲ့ကြရသည်။ သူတို့သည် လှည့်ကွက်များ၊ ဗျူဟာများနှင့် ပခုံးဖက်၍ မွေးဖွားလာသူများပင်။ သာမန်လူများသည် ထိုသခင်လေး၊ သခင်မလေးများ၏ ရောင်စားခြင်းကိုခံရလျှင်ပင် ထိုသူတို့အတွက် ရောင်းရငွေကို ကိုယ်တိုင်ရေတွက်ပေးရပေလိမ့်မည်။

ယခု ကျန်းရီတို့က အတူပူးပေါင်းလိုက်ပြီဖြစ်၍ ကျန်းရီ သတင်းအချို့ ရနိုင်လောက်သည်။ ထို့ကြောင့် သူ မျက်မှောင်တင်းတင်းကြုတ်ကာ ပြောလိုက်လေသည်။

“သခင်မလေးဖေးရှန်း.. သခင်မလေး ကောင်းကင်ဘုံခုံရုံးကို လိုချင်ရင် သခင်မလေးရဲ့ အကြီးဆုံးရန်သူက ခွမ်ဟူရော၊ ဟယ်နုန်ယင်းရော မဟုတ်ဘူး။ ယန်ချီပဲ...”

“ယန်ချီလား”

လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ အတန်ငယ် အံ့ဩသွားကြ၏။ ခွမ်ဟူက ကျောက်စိမ်းကဲ့သို့ ခံ့ညားသည်ဟု တင်စားခံရပြီး ယန်ချီက ဗျပ်စောင်းကဲ့သို့ သိမ်မွေ့သည်ဟု တင်စားခံရသည်။ ယန်ချီ၏ အကျင့်စရိုက်က ရှက်တတ်သော လူငယ်လေးတစ်ယောက်လို အလွန်သိမ်မွေ့သည်။ သူ့ပုံစံမှာ လူချစ်လူခင်များတတ်သည့် ပုံစံပင်။

သို့သော် ယခုတွင် ကျန်းရီက ယန်ချီကို သတိထားရမည်ဟု ပြောနေသည်လော။

လင်းဖေးရှန်းရော ဧကရာဇ်ငယ်ရွေပါ နားမလည်ကြပေ။ ယန်ချီ၏ တိုက်ခိုက်စွမ်းအားက ခွမ်ဟူထက် နိမ့်သည်။ ထို့ပြင် သူက ဟယ်နုန်ယင်းလောက်လည်း မကျော်ကြားချေ။ ထို့ကြောင့် လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့က သူ့ကို များစွာအရေးမစိုက်ခဲ့ကြခြင်းဖြစ်သည်။

“ဟုတ်ပါတယ်...”

လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့က အလွန်ဉာဏ်ကောင်းကြ၏။ သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်ကာ သတိရှိလာကြသည်။ ယန်ချီက သူတို့ကို သူ့အပေါ် အရေးမစိုက်အောင် လုပ်နိုင်၏။ ယင်းသည်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အစွမ်းအစတစ်ခု ဖြစ်နေပေပြီ။ အကယ်၍ မည်သူကမှ သူ့ကို အရေးမစိုက်လျှင် သူတို့ အလိုလို သူ့ကို အထင်သေးမိပေလိမ့်မည်။ မိမိ၏ ရန်သူကို အထင်‌သေးခြင်းက ကြီးမားသော အမှားတစ်ခုပင်။

“သခင်လေးမူရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်”

လင်းဖေးရှန်း ထရပ်ကာ ဦးညွှတ်လိုက်သည်။ ကျန်းရီသည် သူမကို လျင်မြန်စွာ ထူလိုက်ပြီး အခွင့်အရေးကို အသုံးချ၍ သူမလက်ကို ကိုင်လိုက်၏။ ထို့နောက် သူ ပြုံးကာ ပြောလိုက်လေသည်။

“သခင်မလေးဖေးရှန်းက ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကျွန်တော်တို့အကုန်လုံးက တစ်လှေတည်းစီးတွေပဲ။ သခင်မလေးရဲ့ကိစ္စက ကျွန်တော့်ကိစ္စပဲပေါ့။ သခင်မလေးရဲ့ဆန္ဒ ပြည့်မြောက်ဖို့ ကျွန်တော် အကောင်းဆုံး ကူညီပေးမှာပါ”

လင်းဖေးရှန်းသည် သူမ၏လက်ကို ပြန်ဆွဲလိုက်၏။ သူမ၏ မျက်နှာပေါ်တွင် ရွံရှာမှု မပြပေ။ သို့သော် ရင်ထဲတွင်တော့ ဆဲနေလောက်ပေသည်။ သူမ မေးလိုက်သည်။

“ယန်ချီအပြင် တခြားဘယ်သူတွေကို ဂရုစိုက်ရဦးမလဲ”

ကျန်းရီသည် တစ်ခဏမျှ တွေးတောပြီးမှ ပြန်ပြော၏။

“ဟယ်နုန်ယင်းအတွက်တော့ အများကြီး ပူစရာမလိုဘူး။ ယန်ချီအပြင်... သခင်မလေးတို့ ရှားယွီကို သတိထားရမယ်”

“အို့...”

လင်းဖေးရှန်း ပို၍ အံ့အားသင့်သွားပြီး မေးလိုက်လေသည်။

“ကျွန်မတို့က ဘာလို့ ဟယ်နုန်ယင်းကို မပူရမှာလဲ။ ရှားယွီက အရမ်းနာမည်ကြီးတယ်ဆိုပေမဲ့ သူ့ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေသေးတယ် မဟုတ်လား”

“ဟားဟားဟား...”

ကျန်းရီ ကျယ်လောင်စွာ ရယ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

“ဟယ်နုန်ယင်းမှာ ထူးခြားတဲ့ ဝိညာဉ်ခန္ဓာရှိတယ်။ သူက အကြာကြီး အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။ မကြာသေးခင်တုန်းက သူ မကြာမကြာ သွေးအန်လာတယ်.. သူ့ခန္ဓာကိုယ်က အရမ်းအားနည်းနေပြီ။ သူ ကောင်းကင်ဘုံခုံရုံးထဲမှာတင် သေသွားနိုင်တယ်။ ရှားယွီ... သူ့ကိုတော့ လျှော့မတွက်နဲ့။ အင်အားသန်းနှစ်ဆယ်စစ်တပ် တစ်တပ်တည်းနဲ့ ကောင်းကင်စကြာဝဠာမြို့ထဲ ဖောက်ဝင်နိုင်ခဲ့သူတစ်ယောက်က အရည်အချင်းရှိတဲ့သူပဲ။ သူက သူ့ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်။ သူ့ရဲ့ တကယ့် တိုက်ခိုက်စွမ်းအားက ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်နေလောက်ပြီ”

ဟယ်နုန်ယင်း၏ အကြောင်းက အမှန်ဖြစ်သည်။ သို့သော် ရှားယွီ၏ အကြောင်းများမှာမူ ကျန်းရီ လျှောက်ပြောနေခြင်းသာ။ သူက လင်းဖေးရှန်းတို့ကို ကပ်၍ သတင်းနှိုက်ထုတ်ရန် ဆုံးဖြတ်ပြီးဖြစ်၍ လင်းဖေးရှန်းနှင် ဧကရာဇ်ငယ်ရွေတို့ သူ့ကို အပြည့်အဝယုံရန် မှန်သောအကြောင်းအရာအချို့ကို ပြောပြရန် လိုအပ်ပေသည်။

မျှော်လင့်ထားသလိုပင်...

လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့သည် ကျန်းရီ၏ တုန်လှုပ်ဖွယ် သတင်းနှစ်ခုကြောင့် မျက်လုံးပြူးသွားကြ၏။ ဟယ်နုန်ယင်းက သေတော့မည်လော။ ရှားယွီကလည်း ဧကရာဇ်တစ်ပိုင်းအဆင့်လော။ သူတို့ပင် ထိုအဆင့်ကို မမြင်နိုင်လျှင် သူမ၏ ဖုံးကွယ်အတတ်က အလွန်ကောင်းပုံရသည်။

လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ အတော်ကြာအောင် နှုတ်ဆိတ်သွားကြသည်။ လင်းဖေးရှန်းသည် ကျန်းရီကို ထပ်မံ၍ အထင်ကြီးသွား၏။ သူမ ခေါင်းညိတ်ကာ ချီးကျူးလိုက်လေသည်။

“သခင်လေးမူက တော်တော်လုံအောင် ပုန်းနေခဲ့တာပဲ။ သာမန်လူတွေကတော့ သခင်လေးရဲ့ သုံးစားမရတဲ့ ပုံရိပ်ကိုပဲ ကြည့်ပြီး အရူးလုပ်ခံရမှာပဲ။ သခင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင်ပေမဲ့ သခင်လေးရဲ့ နတ်ဘုရားအသံစည်းမျဉ်းက အရမ်းစွမ်းအားကြီးတယ်။ ကမ္ဘာဦးကောင်းကင်ဘုံထဲမှာ တကယ်ကို ရွက်ပုန်းသီးတွေ များတာပဲ”

“ဟားဟားဟား...”

ကျန်းရီ ကျယ်လောင်စွာ ရယ်၍ လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

“ကျွန်တော်က ရည်မှန်းချက် မကြီးပါဘူး။ ပြီးတော့ ကျွန်တော်က ရည်မှန်းချက်ကြီးရင်လည်း ဘာများဖြစ်မြောက်အောင် စွမ်းဆောင်နိုင်မှာလဲ။ ကျွန်တော် အလွန်ဆုံးတက်နိုင်မှ ယန်ကိုးပါးစစ်တပ်ရဲ့ ခေါင်းဆောင်တစ်နေရာလောက်အထိပဲပေါ့။ ကျွန်တော် မဟာဧကရာဇ်လေးပါးကို ကျော်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ လူသားမျိုးနွယ်က ဖျက်ဆီးခံရတော့မယ်။ ရာထူးဂုဏ်ရှိန်တွေအတွက် တိုက်ခိုက်နေတာ ဘာအဓိပ္ပာယ်ရှိမှာလဲ။ ကျွန်တော်က ပစ္စုပ္ပန်မှာပဲ ပျော်ပျော်နေချင်တယ်။ မိုးပြိုကျရင်တောင် မဟာဧကရာဇ်လေးပါးက ထမ်းထားပေးမှာ မဟုတ်လား”

ကျန်းရီ၏ စကားများက ဧကရာဇ်ငယ်ရွေနှင့် လင်းဖေးရှန်းတို့ကို ဆွံ့အသွားစေ၏။ ဧကရာဇ်ငယ်ရွေ ထရပ်ကာ ပြောလိုက်သည်။

“သခင်လေးမူက တကယ်ကို ဖြောင့်မတ်တာပဲ။ ဒါပေမဲ့ အသိုက်ဖျက်ခံရရင် ဥတွေလည်း အကောင်းအတိုင်း ကျန်နိုင်မှာ မဟုတ်ဘူးမလား။ လူသားမျိုးနွယ်က ဒုက္ခနဲ့ ကြုံနေရပြီ။ သခင်လေးမူက အစွမ်းအစရှိတော့ လူသားမျိုးနွယ်အတွက် တစ်ထောင့်တစ်နေရာကနေပြီး ဝင်ကူသင့်တယ် မဟုတ်လား”

“နောက်မနေပါနဲ့တော့...”

ကျန်းရီ မျက်လုံးပင့်ကာ ပြန်ပြော၏။

“အတိတ်တုန်းက လူသားမျိုးနွယ်ရဲ့ ဘုံတွေက တစ်ဘုံပြီးတစ်ဘုံ သိမ်းပိုက်ခံခဲ့ရတယ်။ ဒါပေမဲ့ သခင်လေးတို့ မျိုးနွယ်သုံးခုက ပုန်းအောင်းနေခဲ့ကြတယ်။ သခင်လေးတို့သာ စောစော ထွက်လာခဲ့ရင် လူသားမျိုးနွယ်က ဒီနေ့လို အခြေအနေနဲ့ အဆုံးသတ်စရာ မရှိပါဘူး”

ကျန်းရီ စတင်၍ စကားလမ်းကြောင်းပေးလာ၏။ မျိုးနွယ်သုံးခုသည် ယခင်က ထွက်မလာခဲ့ပေ။ ယခုမှ သူတို့က ရုတ်တရက်ကြီး ထွက်လာကြခြင်းဖြစ်သည်။ ယင်းမှာ သံသယဖြစ်စရာ အကောင်းဆုံး အချက်ပင်။

ကျန်းရီထံတွင် လူသားမျိုးနွယ်ကို ကာကွယ်ရမည့်တာဝန် ရှိသည်။ အကယ်၍ သူ တမလွန်ဘုံမျိုးနွယ်ကို ဖိနှိပ်လိုလျှင် လူသားမျိုးနွယ်မှ သစ္စာဖောက်များကို ရှင်းထုတ်ရမည်ဖြစ်သည်။ မဟုတ်လျှင် မည်သူက မည်သည့်အချိန်တွင် နောက်ကျော ဓားနှင့်ထိုးမည်ကို မသိနိုင်ပေ။ နောက်ကျော ဓားထိုးခံရမည်ဆိုလျှင် ပြန်ပင် တိုက်ခိုက်နိုင်လိုက်မည် မဟုတ်ပါ။

ကျန်းရီ၏ စကားများက အလွန်စူးရှ၏။ ဧကရာဇ်ငယ်ရွေ သက်ပြင်းသဲ့သဲ့ချလိုက်ပြီး လင်းဖေးရှန်း နှုတ်ဆိတ်သွားသည်။ တစ်ခဏကြာပြီးနောက် ဧကရာဇ်ငယ်ရွေက ရှင်းပြလေသည်။

“တကယ်တော့ အရင်တုန်းက ကျွန်တော်တို့ ထွက်မလာခဲ့တာ မသေမျိုးတစ်ပိုင်းမျိုးနွယ်က သူတော်စင်ဘိုးဘေးတစ်ယောက်က ဟောကိန်းတစ်ခု ချန်ခဲ့လို့ပါ။ ဧကရာဇ်ကြယ် မထွက်ပေါ်လာသေးသ၍ မျိုးနွယ်သုံးခုက အပြင်မထွက်ရဘူး။ ဒီတစ်ခေါက် ကျွန်တော်တို့ အပြင်ထွက်လာတာက မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ဧကရာဇ်ကြယ် ထွက်ပေါ်လာပြီဖို့ ပြောခဲ့လို့ပဲ။ အဲ့ဒါကြောင့် မျိုးနွယ်သုံးခုက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာအတွက် တိုက်ခိုက်ဖို့ တစ်ချိန်တည်းအတူ ထွက်လာကြတာပဲ”

‘သောက်ပိုတွေ...’

ကျန်းရီက အပေါ်ယံတွင် ချင့်ချိန်နေပုံ ပေါ်သော်လည်း ရင်ထဲတွင်မူ အေးစက်စက် ရယ်မောနေသည်။ မသေမျိုးတစ်ပိုင်းမျိုးနွယ်က လူလိမ်မျိုးနွယ်ဟု ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ပြောခဲ့သည်။ အကယ်၍ မသေမျိုးတစ်ပိုင်းမျိုးနွယ်က အမှန်တကယ် အနာဂတ်ကို ခန့်မှန်းနိုင်လျှင် အဘယ်သို့ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကြောင့် မျိုးပြုတ်လုနီးပါး ရှင်းပစ်ခံခဲ့ရမည်နည်း။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ကြင်နာမှုကြောင့်သာ မဟုတ်လျှင် မသေမျိုးတစ်ပိုင်းမျိုးနွယ်က ယခုလောက်ဆို ရှင်းပစ်ခံရပြီးလောက်ပြီဖြစ်သည်။

မိမိမျိုးနွယ်၏ ကံကြမ္မာကိုပင် နမိတ်မဖတ်နိုင်သော မသေမျိုးတစ်ပိုင်း တစ်ယောက်က ကောင်းကင်၏ အလိုကို ခန့်မှန်းနိုင်ပါမည်လော။

ဧကရာဇ်ငယ်ရွေ၏ ရှင်းပြမှုက ကျန်းရီကို ပို၍ သံသယဖြစ်သွားစေသည်။ အစတွင် သူ ရက်အနည်းငယ်အတွင်း ထွက်သွားလိုခဲ့သော်လည်း ယခုတွင်မူ မသွားလိုတော့ပေ။ သူ ထိုနှစ်ယောက်အ‌နောက်လိုက်၍ သူတို့၏ ယုံကြည်မှုကို အပြည့်အဝရအောင် လုပ်လိုလာသည်။ ထိုမှတဆင့် သူ မျိုးနွယ်သုံးခုအကြောင်းကို ဆက်စုံစမ်းရမည်ဖြစ်သည်။

ကျန်းရီသည် သမိုင်းအကြောင်းကို အနည်းငယ် သိ၏။

အမှန်တွင် လူသားမျိုးနွယ်ကသာ စည်းလုံးခဲ့ပါက တမလွန်ဘုံမျိုးနွယ်သည် လူသားမျိုးနွယ်ကို ဤမျှလွယ်ကူစွာ ဖိနှိပ်နိုင်ခဲမည် မဟုတ်ပါ။ ဥပမာအနေဖြင့် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ကို ကြည့်ပါ။ သစ္စာဖောက်များကြောင့်သာ မဟုတ်လျှင် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ် သေဆုံးခဲ့မည် မဟုတ်ပေ။

လူသားမျိုးနွယ်တွင် စွမ်းအားကြီး သိုင်းသမားများစွာ ရှိခဲ့ဖူးပြီး ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများလည်း အများအပြား ရှိခဲ့သည်။ သို့သော် တမလွန်ဘုံဧကရာဇ် ထွက်လာတိုင်း ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားအချို့က တိုက်ပွဲကျခဲ့ရသည်။ သူတို့ထဲမှ အချို့မှာ ထူးဆန်းသော ပုံစံများနှင့် သေခဲ့ခြင်းပင်။ ထို့ကြောင့် လူသားမျိုးနွယ်ထဲတွင် သစ္စာဖောက်များနှင့် သူလျှိုများရှိကြောင်း ထင်ရှားပေသည်။

‘တကယ်လို့... တမလွန်ဘုံဧကရာဇ်က မသေမျိုးတစ်ပိုင်းမျိုးနွယ်ထဲမှာ ပြန်ဝင်စားခဲ့ပြီး မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို ထိန်းချုပ်နေတာဆိုရင်ရော... ဒါမှမဟုတ် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ တောဆိတ် ရသေ့ကြီး၊ ဧကရာဇ်ရွေတို့ သုံးယောက်ထဲက တစ်ယောက်ယောက်က တမလွန်ဘုံဧကရာဇ် ဖြစ်နေတယ်ဆိုရင်ရော...’

ထိုသို့တွေးမိသောအခါ ကျန်းရီ တုန်သွားသည်။ ယခုတွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက မိုးပြာမဟာဧကရာဇ်ပြီးလျှင် ဒုတိယလိုက်နေသည်။ အကယ်၍ ထိုသုံးယောက်က တမလွန်ဘုံဧကရာဇ်ဘက်မှ ဖြစ်နေလျှင် မိုးပြာမဟာဧကရာဇ်နှင့် ချီလင်းဧကရီတို့ကို သတ်ရန် အလွန်လွယ်ပေလိမ့်မည်။ မိုးပြမဟာဧကရာဇ်တို့ သေသွားသည်နှင့် လူသားမျိုးနွယ်က အင်အားမဲ့သွားမည်ဖြစ်သည်။

‘မိုးပြာမဟဧကရာဇ်.. ဟုတ်သား...’

ကျန်းရီသည် မိုးပြာမဟာဧကရာဇ်အကြောင်းကို တွေးမိသောအခါ တစ်စုံတစ်ခုကို အမှတ်ရသွားပြီး ဧကရာဇ်ငယ်ရွေကို ကြည့်၍ မေးလိုက်လေသည်။

“မိုးပြာမဟာဧကရာဇ်က အသူရာတောင်ပေါ်မှာလား ဆိုတာကို သခင်လေးတို့နှစ်ယောက် သိကြလား။ သူသာ အသူရာတောင်ပေါ်မှာဆိုရင် သခင်မလေးဖေးရှန်းက ကောင်းကင်ဘုံခုံရုံးကို ယူနိုင်လိုက်ရင်တောင် တခြားသူတွေပဲ အကျိုးရှိသွားမှာ”

“အဲ့ဒါက ပြဿနာမဟုတ်ပါဘူး”

လင်းဖေးရှန်းက ခေါင်းခါကာ ပြောသည်။

“ကျွန်မရဲ့ သတင်းက တိကျပါတယ်။ မိုးပြာမဟာဧကရာဇ်က အခု အသူရာတောင်ပေါ်မှာ ရှိမနေလောက်ဘူး။ သူ မိုးကြိုးလျှပ်စီးလမ်းကြောင်း ဒါမှမဟုတ် မီးမိစ္ဆာပင်လယ်ကို သွားနေလောက်တယ်။ မိုးပြာမဟာဧကရာဇ်က ကောင်းကင်ဘုံခုံရုံးကို လိုချင်တာ မဟုတ်ဘူး။ သူ ပလ္လင်ပေါ် မတက်နိုင်ရင် ကောင်းကင်ဘုံခုံရုံးက သူ့အတွက် ဘာမှအသုံးဝင်မှာ မဟုတ်ဘူးလေ...”

“အခု သူ အလိုအပ်ဆုံးက အဆင့်တက်ပြီး ယန်ကိုးပါးကောင်းကင်ဧကရာဇ်ရဲ့ အဆင့်ကို ရောက်ဖို့ပဲ။ သူ အသူရာတောင်ထိပ်ကို ရောက်ခဲ့ပြီးပြီဆိုတော့ အဲ့နေရာက သူ့အတွက် အသုံးမဝင်တော့ဘူး။ အဲ့တော့ သူ အဲ့မှာ အချိန်ဆက်ဖြုန်းနေလောက်မှာ မဟုတ်ဘူး”

“မိုးပြာမဟာဧကရာဇ်က အဲ့မှာ မရှိဘူးလား”

ကျန်းရီ အတန်ငယ် မှင်တက်သွား၏။ သို့သော် သူ လျင်မြန်စွာ စိတ်ဆုံးဖြတ်လိုက်ပြီး ကောင်းကင်ဘုံခုံရုံးအထိ ဧကရာဇ်ငယ်ရွေတို့နှင့်အတူ လိုက်သွားရန် ရွေးချယ်လိုက်သည်။ လမ်းတစ်လျှောက်တွင် သူ လင်းဖေးရှန်းကို ကူညီ၍ သူမ၏ယုံကြည်မှုကို ရယူနိုင်ရန် ကြိုးစားရပေမည်။ ဤတစ်ခေါက်တွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် ပတ်သတ်သော ပြဿနာကို သူ အတည်ပြုနိုင်လောက်ပေသည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကျန်းရီကို သတင်းအချို့ ပေးခဲ့၏။ ထိုသခင်းအချက်အလက်များက သူ ကောင်းကင်ဘုံခုံရုံးထဲ အလွယ်တကူ ဝင်နိုင်ရန် လုံလောက်သည်။ ထို့ကြောင့် သူသည် ကောင်းကင်ဘုံခုံရုံးအတွက် မစိုးရိမ်ပေ။ သူ ပိုစိတ်ဝင်စားသည်မှာ မည်သူက သစ္စာဖောက်ဟူသည်ကိုပင်။ ဤတစ်ကြိမ်တွင် တမလွန်ဘုံဧကရာဇ်က လူသားတစ်ယောက်အဖြစ် ပြန်မွေးဖွားလာသည်လော။ သို့ဆိုလျှင် တမလွန်ဘုံဧကရာဇ်က မည်သူနည်း။

***

All Chapters