မင်းက ငါတို့ရဲ့သခင်လေး မဟုတ်ဘူး
Vol. 139 Ch. 1940
ကျန်းရီသည် လင်းဖေးရှန်းနှင့် ပူးပေါင်းလိုက်ပြီဖြစ်၍ သူမ၏ ဟွင့်သွမ့်နတ်ဘုရားလှေထဲတွင် စိတ်အေးအေးနှင့် နေနေ၏။ သို့သော် တောက်မင်နှင့် သခင်မလေးကုန်းယန်တို့က သူ့ကို ဖိတ်ခေါ်နေ၍ သူ ခေါင်းကိုက်လာရသည်။
ကျန်းရီက တစ်ကြိမ် ငြင်းခဲ့သော်လည်း နေ့တစ်ဝက်အတွင်းမှာပင် သခင်မလေးကုန်းယန်က သူ့ကို ထပ်ဖိတ်ပြန်သည်။ ထို့ကြောင့် တစ်ခုခု မှားနေပြီဟု ကျန်းရီ သဘောပေါက်သွားသည်။ တောက်မင်နှင့် သခင်မလေးကုန်းယန်တို့က သူ့ကို သံသယဝင်နေခြင်းဖြစ်ရမည်။
ကျန်းရီသည် တွေးတောကာ လင်းဖေးရှန်း၏ ဟွင့်သွမ့်နတ်ဘုရားလှေထဲတွင်သာ နေ့တိုင်းနေရန် ဆုံးဖြတ်လိုက်သည်။ သူ လင်းဖေးရှန်းကိုလည်း ခွမ်ဟူက သူ့ကို သိမ်းသွင်းရန် ကြိုးစားနေကြောင်း ပြောလိုက်လေသည်။
လင်းဖေးရှန်းသည် မည်သည်ကိုမှ သံသယမဖြစ်ပေ။ ထိုအစား သူမ ကျန်းရီကိုပင် ပိုယုံကြည်လာသည်။ ခွမ်ဟူက သူ့ကို သိမ်းသွင်းရန် ကြိုးစားနေချိန်တွင် သူက ဤလှေထဲတွင်သာ နေ့တိုင်း နေနေသည် မဟုတ်ပါလား။ ထို့ကြောင့် ကျန်းရီက ဘက်ရွေးလိုက်ပြီဖြစ်ကြောင်း ထင်ရှားသည်။
ခွမ်ဟူနှင့် အခြားသူများသည်လည်း ကောင်းကင်ဘုံခုံရုံးကို ရယူနိုင်ရန်အတွက် ပူးပေါင်းနေကြ၏။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့က အပြင်လူများဖြစ်ကြသည်။ ထို့ပြင် လင်းဖေးရှန်း၏ တိုက်ခိုက်စွမ်းအားက အလွန်ကြီးသည်။ ထို့ကြောင့် သူတို့သည် သူမကို ပယ်ကျဉ်ထားကြပေသည်။
လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့သည် ဤအတောအတွင်း အခြားလူများကို သိမ်းသွင်းရန် ကြိုးစားနေခဲ့သည်။ လင်းဖေးရှန်းသည် ကျန်းရီ၏ ပြတ်သားသော ရွေးချယ်မှုကို အလွန်ကျေနပ်နေသည်။ ထိုရွေးချယ်မှုမှာ ကောင်းကင်ဘုံခုံရုံးအတွက်သာ မဟုတ်ပါ။ အနာဂတ်တွင် မူဟယ်ယွီက မျိုးနွယ်သုံးခုဘက်တွင်သာ ရပ်တည်နိုင်တော့မည်ဖြစ်သည်။ သို့ဖြစ်ရာ သူ့အား အကြောင်းပြု၍ မူမျိုးနွယ်ကိုပါ သိမ်းသွင်းနိုင်လောက်လေသည်။
ကျန်းရီသည် လင်းဖေးရှန်း၏ ဟွင့်သွမ့်နတ်ဘုရားလှေထဲတွင်သာ နေနေပြီး အပြင်မထွက်ပေ။ ထို့ကြောင့် တောက်မင်နှင့် သခင်မလေးကုန်းယန်တို့ ဒေါသထွက်နေကြသည်။ မူမျိုးနွယ်မှာ တောက်မျိုးနွယ်၏ လက်ပါးစေမျိုးနွယ်ပင်။ သို့သော် သူတို့က တောက်မျိုးနွယ်ကို သစ္စာဖောက်ကာ တောဆိတ် ရသေ့ကြီးထံတွင် လက်အောက်ခံကြတော့မည်လော။
အကယ်၍ ကျန်းရီ ထွက်မလာလျှင် တောက်မင်တို့ မည်သို့မှ လုပ်နိုင်မည် မဟုတ်ပါ။ သူတို့ ကျန်းရီအကြောင်းကို တင်ပြ၍လည်း မရပေ။ အပေါ်ယံတွင် မူဟယ်ယွီက အဆင်ပြေနေသည် မဟုတ်ပါလား။ သူမတို့ အမှားတစ်ခု လုပ်မိပါက မိုးပြာမဟာဧကရာဇ်သည် သေချာပေါက် သူမတို့ကို အပြစ်တင်ပေလိမ့်မည်။ ယခုတွင် ကျန်းရီက လင်းဖေးရှန်းကို တွယ်ကပ်နေသည်။ သို့ဖြစ်ရာ သူမတို့ တောက်လန်ဆီ တင်ပြလိုက်လျှင်ပင် တောက်လန်က လင်းဖေးရှန်းကို အပြစ်ပြုဝံ့လိမ့်မည် မဟုတ်ချေ။
သို့ဖြစ်၍ တောက်မင်သည် ကောင်းကင်ဘုံခုံရုံးဆီသို့ ရောက်၍ မိုးပြာမဟာဧကရာဇ်နှင့် တွေ့ရမည့်အချိန်အထိသာ စောင့်နေနိုင်သည်။ မိုးပြာမဟာဧကရာဇ်က မူဟယ်ယွီကို ဖောက်မမြင်နိုင်ဟု သူမ မယုံပေ။
ခွမ်ဟူနှင့် အခြားသူများသည်လည်း မူဟယ်ယွီ၏ လုပ်ရပ်ကြောင့် အလွန်မကျေမနပ် ဖြစ်နေကြ၏။ သူတို့သည် ကြိတ်၍ ဒေါသထွက်နေကြပြီး အခွင့်အရေးရလျှင် မူဟယ်ယွီကို သင်ခန်းစာတစ်ခု ပေးရန် တေးထားကြပေသည်။
ကျန်းရီ၏ သိသာသော သစ္စာဖောက်မှုကြောင့် ခွမ်ဟူနှင့် အခြားသူများသည် စားသောက်ပွဲများ ကျင်းပလိုစိတ် မရှိကြတော့ပါ။ ရက်အနည်းငယ်အတွင်း၌ သူတို့ အသူရာတောင်သို့လည်း ရောက်တော့မည်ဖြစ်သည်။ ထို့ကြောင့် အားလုံးသည် ကောင်းကင်ဘုံခုံရုံးကို ရယူနိုင်ရန်သာ စတင်ပြင်ဆင်လာကြသည်။
နောက်ဆုံးတွင် အသူရာတောင်သို့ ရောက်သွား၏။ ကျန်းရီ၊ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ ဟွင့်သွမ့်နတ်ဘုရားလှေထဲမှ ပျံထွက်လိုက်ကြပြီး သူတို့အရှေ့ရှိ ကြီးမားသော တောင်ကြီးကို ကြည့်လိုက်ကြသည်။ သူတို့အရှေ့ ပေသောင်းကျော်အကွာတွင် ဧရာမအစိမ်းရောင်အရိပ်ကြီးတစ်ခုရှိ၏။ အဝေးမှကြည့်လျှင် လွင့်မျောနေသော တိမ်တစ်အုပ်နှင့်တူသည်။ သို့သော် အနီးကပ် ကြည့်မည်ဆိုလျှင်မူ ၎င်းအရိပ်ကြီးက လွင့်မျောနေသော ဧရာမတောင်တန်းကြီးတစ်ခုဖြစ်ကြောင်း သိရပေလိမ့်မည်။
ထိုတောင်တန်းကြီးက ပေသောင်းကျော် မြင့်ပြီး မိုင်သန်းချီ ရှည်လျားသည်။ တောင်တန်းထိပ်ပိုင်းကို တိမ်များနှင့် မြူခိုးများက လွှမ်းခြုံထားသည်။ ထို့ကြောင့် တောင်ထိပ်ကို ဖောက်မမြင်နိုင်ပေ။ တောင်ဘေးပိုင်းတွင်လည်း မင်းလွင်မြူခိုးများ ရစ်သိုင်းနေသည်။ ထူးဆန်းသည်မှာ ထိုမြူခိုးများထဲ ကောင်းကင်စိတ်အာရုံ ဖောက်မဝင်နိုင်ခြင်းပင်။
တောင်တန်းတစ်ခုလုံးသည် ဟင်းလင်းပြင်ထဲတွင် ကျက်စားနေသော ဧရာမသားရဲတစ်ကောင်၏ အငွေ့အသက်ကို ပေး၏။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် လူကို ရင်ခုန်စေကာ စိတ်မသက်မသာ ဖြစ်သွားစေနိုင်သည်။ ထိုအခိုက်တွင် ကျန်းရီ၏ စိတ်ဝိညာဉ်က အဆက်မပြတ် တုန်ခါနေသည်။ သူ့အလိုလိုသိစိတ်က သူ ထိုတောင်တန်းထဲ မည်သည့်အခါတွင်မှ မဝင်သင့်ဟု ပြောနေသည်။ မဟုတ်လျှင် သူ အစိတ်စိတ်အမွှာမွှာ ဖိချေခံရပေလိမ့်မည်။
‘မိုးကြိုးလျှပ်စီးလမ်းကြောင်း၊ မီးမိစ္ဆာပင်လယ်၊ အသူရာတောင်’
ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ထိုအသူရာတောင်က အဆင့်သုံးတွင်ရှိသည်။ အဝေးမှကြည့်သည်ပင် အန္တရာယ်များသော အငွေ့အသက်ကို ပေးနေပြီဖြစ်သည်။ သို့ဖြစ်ရာ နံပါတ်နှစ်နှင့် နံပါတ်တစ်များ ဖြစ်ကြသော မီးမိစ္ဆာပင်လယ်နှင့် မိုးကြိုးလျှပ်စီးလမ်းကြောင်းတို့က မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။
“တောင်ပေါ်တက်ကြတော့။ ငါတို့က ဒီမှာစောင့်နေမယ်။ တကယ်လို့ တစ်ယောက်ယောက်က ကြောက်တယ်ဆိုရင်၊ ဒါမှမဟုတ် ဒဏ်ရာရသွားရင် ချက်ချင်း ပြန်ဆုတ်လာခဲ့ပါ”
တောက်လန်၏အသံ ထွက်ပေါ်လာ၏။ ထိုအခါ သခင်လေးများ၊ သခင်မလေးများ အားလုံး ပျံထွက်လာကြပြီး အဖွဲ့သုံးဖွဲ့ ခွဲလိုက်ကြသည်။ ခွမ်ဟူ၊ ယန်ချီ၊ ရှားယွီ၊ တောက်မင်နှင့် အခြားသူများက တစ်ဖွဲ့၊ လင်းဖေးရှန်း၊ ဧကရာဇ်ငယ်ရွေ၊ ကျန်းရီတို့က တစ်ဖွဲ့၊ ဟယ်နုန်ယင်းနှင့် ယွင်းပင်းတို့က တစ်ဖွဲ့ ဖွဲ့ကြသည်။
ဝှစ်...ဝှစ်...ဝှစ်...
တောက်လန်သည် သူ့လက်စွပ်ထဲမှနေ၍ စာလိပ်သုံးလိပ်ထုတ်လိုက်ပြီး ခွမ်ဟူ၊ လင်းဖေးရှန်းနှင့် ဟယ်နုန်ယင်းတို့ကို ပေးလိုက်၏။ ၎င်းနောက် သူ ရှင်းပြသည်။
“အဲ့ဒါက မြေပုံပဲ။ မြေပုံပေါ်မှာ ဘေးကင်းတဲ့ လမ်းကြောင်းလေးကြောင်းကို ပြထားတယ်။ ကိုယ့်လမ်းကိုယ်ရွေးပြီး တောင်ပေါ်တက်ကြပါ။ ဘေးကင်းတယ်ဆိုပေမဲ့... အကြွင်းမဲ့ဘေးကင်းတာတော့ မဟုတ်ဘူး။ အားလုံးပဲ သတိထားရမယ်။ တကယ်လို့ သေမှာ ကြောက်တယ်ဆိုရင် မတက်ပါနဲ့”
ကျန်းရီသည် မြေပုံကို ကြည့်လိုက်ပြီးနောက် လမ်းကြောင်းလေးခုထဲတွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ် ပေးလိုက်သော လမ်းကြောင်း မပါကြောင်း သိလိုက်ရ၏။ ထို မြေပုံပေါ်မှ လမ်းကြောင်းများမှာ မိုးပြာမဟာဧကရာဇ် သွားခဲ့ဖူးသော လမ်းကြောင်းများသာ ဖြစ်ရပေမည်။
ကျန်းရီသည် ဟယ်နုန်ယင်းကို မသိမသာ လှမ်းကြည့်လိုက်၏။ သူတို့ အကြည့်ချင်းဆုံသွားကြသည်။ ဟယ်နုန်ယင်းသည် ကျန်းရီ၏ ဆိုလိုရင်းကို နားလည်သဖြင့် ချက်ချင်း ယွင်ပင်းကို ခေါ်ကာ တောင်ပေါ်တက်သွားလိုက်သည်။
“သွားကြစို့...”
ခွမ်ဟူ၊ ယန်ချီ၊ ရှားယွီနှင့် အခြားသူများသည် သခင်လေး၊ သခင်မလေး ဆယ်ယောက်ကျော်ကို ဦးဆောင်၍ ထွက်သွားကြ၏။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ကလည်း အကြည့်ချင်းဖလှယ်ကာ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“သွားကြမယ်”
“သခင်မလေးတို့ အရင်တက်နှင့်ပါ”
ကျန်းရီက ရုတ်တရက် အသံပို့လွှတ်လိုက်သည်။ လင်းဖေးရှန်း မျက်မှောင်ကြုတ်သွားပြီး အသံပြန်ပို့လွှတ်၏။
“ဘာလို့လဲ”
ကျန်းရီက အေးစက်စက် အသံပြန်ပို့လွှတ်လိုက်သည်။
“သခင်မလေးဖေးရှန်း.. ခွမ်ဟူတို့က အရေအတွက်မှာ သာပါတယ်။ ကျွန်တော်တို့က အငိုက်မဖမ်းရင် ဘယ်လိုလုပ် အနိုင်ရနိုင်မှာလဲ။ ကျွန်တော် ကြောက်လို့ ဒီမှာနေခဲ့ချင်ယောင် ဆောင်လိုက်မယ်။ ပြီးမှ ကျွန်တော် ခိုးတက်လာပြီး လိုအပ်တဲ့အချိန် သခင်မလေးတို့ဘက်က ဝင်ကူပေးပါမယ်။ ကျွန်တော် ပေါ်ပေါ်ထင်ထင် တက်သွားရင် သူတို့ကို အမြဲ ကျွန်တော့်ကို သတိထားနေကြလိမ့်မယ်။ အဲ့တော့ ကျွန်တော် အမှောင်ထဲကပဲ ကူညီမှရမယ်။ သခင်မလေးဖေးရှန်း မစိုးရိမ်ပါနဲ့။ သခင်မလေး လိုချင်တာကို ကျွန်တော် သေချာပေါက် ယူပေးမှာပါ။ သခင်မလေးသာ စကားတည်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”
ကျန်းရီ၏ မျက်ဝန်းများထဲတွင် တဏှာခိုးများ ဝေလာပြန်၏။ သူ့မျက်နှာထားကလည်း မချိုမချဉ်ဖြစ်သွားသည်။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့သည် သူ့ကို ကြည့်၍ ပခုံးတွန့်လိုက်ကြသည်။ ထိုအခိုက်တွင် ထိုနှစ်ယောက်သည် သူတို့က ၎င်း သုံးစားမရသော သခင်လေးကို ထပ်၍ အထင်သေးမိခဲ့ပြန်ပြီဖြစ်ကြောင်းလည်း သဘောပေါက်သွားကြပေသည်။ ထိုသခင်လေး၏ ဟန်ဆောင်မှုက နက်ရှိုင်းလွန်းသည်။ သူက လူများကို မကိုက်တတ်သော်လည်း သေသွားအောင် အဆိပ်ခတ်နိုင်ပေသည်။
“ကောင်းပြီ... အဲ့လိုဆို ကျွန်မ သခင်လေးဟယ်ယွီကိုပဲ မှီခိုလိုက်ပါမယ်။ မစိုးရိမ်ပါနဲ့.. ဖေးရှန်းက စကားမဖျက်ပါဘူး။ နောက်ကျရင်လည်း ကျွန်မ သခင်လေးကိုပဲ အားကိုးရမှာ မဟုတ်လား”
လင်းဖေးရှန်း၏ မျက်နှာလေးက အတန်ငယ် နီမြန်းလာ၏။ သူမ ကျန်းရီကို ခံစားချက်များနှင့် ကြည့်လိုက်သည်။ ထို့နောက် သူမသည် ဧကရာဇ်ငယ်ရွေနှင့်အတူ ပျံသန်းသွားလေသည်။ ကျန်းရီသည် သူမတို့ ထွက်သွားသည်ကို ကြည့်နေလိုက်လေသည်။
“မူဟယ်ယွီ... မင်းက မတက်ဘူးလား”
တောက်လန်က အတန်ငယ် အံ့ဩဟန်ဖြင့် လှမ်းကြည့်၏။ ကျန်းရီက ပြုံး၍ လက်ဆုပ်လိုက်သည်။
“ကျွန်တော်က သေရမှာ ကြောက်ပါတယ် အေးစက်ဧကရာဇ်။ ကျွန်တော် သူတို့ကို အရင်သွားခိုင်းလိုက်ပါမယ်။ ဘေးကင်းတဲ့လမ်းကို သေချာတော့မှ ကျွန်တော် လိုက်တက်မှာပါ”
“ဪ...”
တောက်လန်သည် ကျန်းရီကို အတန်ငယ် အထင်သေးဟန်နှင့် ကြည့်လိုက်၏။ ထို့နောက် သူ ကျန်းရီကို လျစ်လျူရှုကာ ဟွင့်သွမ့်နတ်ဘုရားလှေထဲ ဝင်သွားလိုက်လေသည်။ ကျန်းရီသည်လည်း ဟွင့်သွမ့်နတ်ဘုရားလှေထဲ ဝင်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်ကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။
ဟယ်နုန်ယင်းနှင့် လင်းဖေးရှန်းတို့က အသူရာတောင်ပေါ်တွင် မိုးပြာမဟာဧကရာဇ် ရှိမနေလောက်ဟု ခန့်မှန်းကြသော်လည်း ကျန်းရီ သတိထားလိုသေးသည်။ ဟယ်နုန်ယင်းက သူ့ထံ သတင်းပို့လာပြီး မိုးပြာမဟာဧကရာဇ် မရှိကြောင်း အတည်ပြုပေးပြီးမှ သူ လှုပ်ရှားမည်ဖြစ်သည်။
နေ့တစ်ဝက်၊ တစ်ရက်၊ နှစ်ရက်...
နောက်ဆုံးတွင် ကျန်းရီ၏ လက်ထဲရှိ ကျောက်စိမ်းအဆောင်က လင်းလက်လာ၏။ ဟယ်နုန်ယင်းက အသူရာတောင်ထိပ်သို့ ရောက်နေပြီဖြစ်ပြီး မိုးပြာမဟာဧကရာဇ်က ကောင်းကင်ဘုံခုံရုံး အပြင်တွင် မရှိကြောင်း အတည်ပြုပေးလိုက်သည်။
‘သွားမယ်...’
ကျန်းရီ တုံ့ဆိုင်းမနေတော့ဘဲ သူ့ကိုယ်ရံတော်နှစ်ယောက်ကို ခေါ်၍ အသူရာတောင်ဆီသို့ ပျံသန်းသွားလိုက်၏။ ကီလိုမီတာငါးထောင် ပျံသန်းပြီးနောက် သူနှင့် သူ့ကိုယ်ရံတော်နှစ်ယော်ကတို့ အသူရာတောင်ခြေသို့ ရောက်သွားကြသည်။ အသူရာတောင်နှင့် နီးကပ်လာသည့်အခိုက်တွင် သူတို့သုံးယောက်ကို အားကောင်းသော မြေဆွဲအားတစ်ခုက လွှမ်းခြုံလာ၍ သူတို့ ပြုတ်ကျသွားကြသည်။
“ဘယ်လောက်တောင် အားကောင်းတဲ့ မြေဆွဲအားလဲ”
မိုးပြာမဟာဧကရာဇ်ပင် အသူရာတောင်ပေါ်သို့ ပျံတက်ရန် ခက်လိမ့်မည်ဟု ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ပြောခဲ့သော်လည်း လက်တွေ့ကြုံရသောအခါ ကျန်းရီ အံ့အားသင့်သွားသေးသည်။
ထိုနေရာတွင် ကျန်းရီသည် ဧရာမတောင်ကြီးတစ်လုံးက သူပခုံးကို ဖိထားသလို ခံစားနေရ၏။ သူ့ အမြန်နှုန်းက သိသိသာသာ ကျဆင်းလာသည်။ ဟယ်နုန်ယင်းသည်ပင် သူမ၏စွမ်းရည်၊ မိုးပြာမဟာဧကရာဇ်၏ မြေပုံနှင့်ပင် တောင်ထိပ်သို့ရောက်ရန် နှစ်ရက်တက်ခဲ့ရခြင်းမှာ အံ့ဩစရာ မရှိတော့ချေ။
“လမ်းရှင်းလိုက်”
ကျန်းရီသည် အရှေ့ကို လက်ညှိုးညွှန်၍ ပြောလိုက်၏။ မူမျိုးနွယ်မှ အုပ်ချုပ်သူအဆင့် ကိုယ်ရံတော်နှစ်ယောက်က ချီတုံချတုံနှင့် ပြန်ပြောသည်။
“သခင်လေး... အဲ့လမ်းက မြေပုံပေါ်မှာ ပြထားတဲ့ ဘေးကင်းတဲ့လမ်းကြောင်း မဟုတ်ပါဘူး။ ကျွန်တော် မြေပုံကို ကြည့်ခဲ့ပါတယ်၊ ကျွန်တော်တို့ အဲ့လမ်းက သွားလို့ မရပါဘူး”
“ခင်ဗျားတို့က ဘာတွေ ပြောနေတာလဲ”
ကျန်းရီက ကိုယ်ရံတော်နှစ်ယောက်ကို ကြိမ်းမောင်းလိုက်၏။
“ကျွန်တော်က လမ်းရှင်းခိုင်းရင် လမ်းရှင်းလိုက်။ ကျွန်တော့်မှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိတယ်”
ကိုယ်ရံတော်နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီး အကြောင်းတစ်ခုကြောင့် စိတ်မသက်မသာ ခံစားလိုက်ကြရ၏။ ထိုလမ်းကြောင်းက မလုံခြုံသည့်လမ်းကြောင်း ဖြစ်နေသည့်အပြင် မူဟယ်ယွီ၏ အရှိန်အဝါကလည်း ထူးခြားနေသည်။ သူတို့ မူဟယ်ယွီနောက်သို့ လိုက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သည်။ သို့သော် သူ့ထံမှ ထိုမျှအားကောင်းသော အရှိန်အဝါကို သူတို့ ယခုမှ ပထမဆုံးအကြိမ် ခံစားဖူးခြင်းပင်။ သူတို့နှစ်ယောက်သည် သူ့ကို အာမခံဝံ့ကြပေ။
သို့သော် ကိုယ်ရံတော်တစ်ယောက်က အံကြိတ်၍ ပြောလိုက်သည်။
“သခင်လေး... ဒီတစ်ခေါက်ခရီးမှာ ကျွန်တော်တို့က ဘာကိုမှ မမျှော်ကိုးပါဘူး။ ဒါပေမဲ့ သခင်လေး ဘေးကင်းဖို့ သေချာအောင် လုပ်ရပါမယ်။ ကျွန်တော်တို့ သခင်လေးအမိန့်ကို မနာခံနိုင်တဲ့အတွက် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”
“အတင့်ရဲလိုက်တာ”
ကျန်းရီ ဒေါသထွက်သွားပြီး အော်ပြောလိုက်၏။
“ခင်ဗျားတို့က သခင်လေးလား၊ ကျွန်တော်က သခင်လေးလား။ ခင်ဗျားတို့ ကျွန်တော့်အမိန့်ကို မနာခံဘဲ နေရဲတယ်ပေါ့လေ။ အဲ့လိုဆို ခင်ဗျားတို့ လာခဲ့တဲ့နေရာကို ပြန်သွားလိုက်တော့”
ကိုယ်ရံတော်နှစ်ယောက် ထပ်မံ၍ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ထို့နောက် သူတို့ ရုတ်တရက် လက်နက်များ ဆွဲထုတ်ကာ အော်ပြောလိုက်ကြလေသည်။
“မင်းက ငါတို့ရဲ့သခင်လေး မဟုတ်ဘူး။ မင်း ဘယ်သူလဲ။ ငါတို့ရဲ့သခင်လေး ဘယ်မှာလဲ”
***