← Chapters

စွမ်းအားကြီးသော ရှေးဟောင်းသစ်ပင်

Vol. 139 Ch. 1941

စွမ်းအားကြီးသော ရှေးဟောင်းသစ်ပင်

Vol. 139 Ch. 1941

ထိုကိုယ်ရံတော်နှစ်ယောက်က မူဟယ်ယွီ ကြီးပြင်းလာခဲ့သည်ကို ကြည့်ခဲ့ရသူများဖြစ်သည်။ ထို့ကြောင့် မူဟယ်ယွီက မည်သို့သော လူစားမျိုးဖြစ်ကြောင်း သူတို့ ကောင်းစွာ သိကြသည်။ မူဟယ်ယွီက သေရမည်ကို အလွန်ကြောက်ပြီး ဆုံးဖြတ်ချက် မပြတ်သားတတ်ပေ။ ထို့ပြင် ၎င်းကိုယ်ရံတော်နှစ်ယောက်ထဲမှ တစ်ယောက်က မူဟယ်ယွီ၏ ဦးလေးတော်သည်။ သို့ဖြစ်ရာ မူဟယ်ယွီက မည်မျှစိတ်ဆိုးသည်ဖြစ်စေ သူ့ဦးလေးကို လေသံမာမာနှင့် ပြောမည် မဟုတ်ပါ။

ပြီးခဲ့သော အတောအတွင်း ကိုယ်ရံတော်နှစ်ယောက်သည် သံသယဖြစ်နေခဲ့ကြသည်။

မူဟယ်ယွီက အလွန်တဏှာကြီးသည်။ သူသည် မိန်းမများနှင့် မပျော်ပါးရလျှင် ပျော်ရွှင်နိုင်မည် မဟုတ်ပါ။ ရက်အနည်းငယ်အတွင်း ကိုယ်လုပ်တော်တစ်ယောက်ကိုပင် မထိခြင်းမှာ မဖြစ်နိုင်ပေ။ အရေးအကြီဆုံးမှာ မူမျိုးနွယ်က မိုးပြာမဟာဧကရာဇ်နှင့် တောက်မျိုးနွယ်အပေါ် နှစ်ပေါင်းများစွာ သစ္စာစောင့်သိခဲ့ခြင်းပင်။ သို့ဖြစ်ရာ သူတို့က အဘယ်သို့ ရုတ်တရက်ကြီး တောဆိတ် ရသေ့ကြီးဘက်ကို ပြောင်းနိုင်မည်နည်း။ မူဟယ်ယွီက မည်မျှတုံးအပါစေ ထိုကဲ့သို့သော အရာတစ်ခု လုပ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကိုယ်ရံတော်နှစ်ယောက်သည် ထိုမူဟယ်ယွီက အတုဖြစ်လိမ့်မည်ဟု သေချာသွားခြင်းဖြစ်သည်။

ဝှစ်...

အသူရာ‌တောင်သို့ ရောက်နေပြီဖြစ်၍ ကျန်းရီ ဆက်တုံ့ဆိုင်းမနေတော့ပါ။ သူ မိုးမြေစွမ်းအား ထုတ်လိုက်ပြီး အရှေ့သို့ လျှပ်စီးတန်းတစ်တန်းအလား ပြေးသွားလိုက်သည်။ ကိုယ်ရံတော်နှစ်ယောက်က မည်သို့မှ မတုံ့ပြန်နိုင်သေးခင်မှာပင် ရင်ဘတ်အထိုးခံလိုက်ကြရသည်။ ထို့နောက် ကျန်းရီက သူတို့၏ လည်ပင်းများကို ဆုပ်ကိုင်လိုက်ပေသည်။

“မလှုပ်နဲ့... မဟုတ်ရင် ခင်ဗျားတို့နှစ်ယောက်စလုံး သေရမယ်။ မူဟယ်ယွီလည်း သေလိမ့်မယ်”

ကိုယ်ရံတော်များက လက်နက်များနှင့် ပြန်တိုက်ရန် ဟန်ပြင်နေသည်ကို တွေ့၍ ကျန်းရီက အေးစက်စက် ပြောလိုက်၏။

“ကျွန်တော်က ကျန်းရီပဲ။ ကျွန်တော် ခင်ဗျားတို့ကို သတ်ချင်ရင် ပုရွက်ဆိတ်သတ်ရတာလောက် လွယ်လိမ့်မယ်။ ခင်ဗျားတို့ ဉာဏ်ရှိရင် ခဏပဲ ဒုက္ခခံရမှာပါ။ ကျွန်တော် မူဟယ်ယွီကိုလည်း ထိမှာ မဟုတ်ဘူး။ ဒီကိစ္စ ပြီးသွားတာနဲ့ ကျွန်တော် ခင်ဗျားတို့ကို လွှတ်ပေးမှာ”

ကျန်းရီက ပျော့ကွက်ကို ကိုင်ထားပြီဖြစ်၍ ကိုယ်ရံတော်နှစ်ယောက် မဆင်မခြင် မလုပ်ရဲကြတော့ပေ။ ထို့ပြင် ကျန်းရီ၏အမည်က အလွန်ကျော်ကြားသည်။ ထို့ကြောင့် သူတို့ လုံးဝ မခုခံဝံ့ကြပါ။ သူတို့နှစ်ယောက်လုံးက အုပ်ချုပ်သူအဆင့် သိုင်းသမားများဖြစ်ကြသည်။ သို့သော် ကျန်းရီက သူတို့ကို တစ်ကွက်တည်းနှင့် အနိုင်ယူနိုင်ပေသည်။ သိုဖြစ်ရာ ခုခံနေလျှင်လည်း အကျိုးရှိမည် မဟုတ်ပေ။

ရွှီး...

ကျန်းရီသည် ကိုယ်ရံတော်နှစ်ယောက်ကို ဆောင်းဥတုပုလဲထဲ ထည့်လိုက်ပြီး သူတို့၏ နတ်ဘုရားအမြုတေများကို ချိပ်ပိတ်ထားရန် ထျန်းဖုန့်ဧကရာဇ်ထံ အသံပို့လွှတ်လိုက်သည်။ ၎င်းနောက် သူသည် ခက်ထန်သော ကျားရဲတစ်ကောင်အလား တောင်ပေါ်သို့ တက်သွားလေသည်။

တောင်ပေါ်မှ မြေဆွဲအားက အလွန်အားကောင်း၏။ ကျန်းရီသည် သူ့အမြန်နှုန်းက ပုံမှန်ထက် အဆတစ်ရာကျော် ပိုနှေးနေကြောင်း သိလိုက်၏။ သို့သော် တွေးတောပြီးနောက် သူ သဘောပေါက်သွားသည်။ ဤတောင်က ဧရာမကြီးဖြစ်သည်။ အကယ်၍ မြေဆွဲအားက အလွန်အားမကောင်းပါက ဟယ်နုန်ယင်းတို့၏ အမြန်နှုန်းနှင့်ဆိုလျှင် တောင်ထိပ်သို့ရောက်ရန် နှစ်ရက်ကြာအောင် တက်ခဲ့ရမည် မဟုတ်ပါ။

တောင်လမ်းက မက်စောက်သည်။ ထို့ပြင် လမ်းဟူ၍ မရှိသလောက်ပင်။ ဆူပင်းများ၊ ချုံပင်များနှင့် သစ်ပင်အိုကြီးများမှာလည်း နေရာအနှံ့တွင် ရှိနေကြသည်။ ကျန်းရီသည် ထိုသစ်ပင်များအနား မသွားဝံ့ပါ။ သူ လက်နက်တစ်ခု ထုတ်၍လည်း ဆူးချုံများကို ခုတ်ထွင်ကာ လမ်းကြောင်းတစ်ခု ဖော်ရပေသည်။

ဤနေရာမှ သစ်ပင်အားလုံးက သန္ဓေပြောင်းလဲနေကြသည်။ ၎င်းတို့က အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ တောင်ပေါ်သို့ တက်လိုလျှင် ၎င်းသစ်ပင်များကို ရှောင်ရှားရန် လိုအပ်သည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကျန်းရီကို လမ်းကြောင်းတစ်ခု ပြခဲ့၍ တော်ပေသေးသည်။

“ဟမ်...”

ကျန်းရီ၏ အရှေ့မှလမ်းကို ရှေးဟောင်းသစ်ပင်အချို့က ပိတ်ထား၏။ ကျန်းရီ လှည့်ပတ်ကြည့်လိုက်ပြီးနောက် အထက်သို့ ဆက်တက်လိုလျှင် ထိုသစ်ပင်များကို ဖြတ်သွားမှရမည်ဖြစ်ကြောင်း သိလိုက်သည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ လမ်းကြောင်းကတော့ မည်သည့်ပြဿနာမှ မရှိနိုင်ပါ။ သို့သော် နှစ်သောင်းကျော် ကြာခဲ့ပြီဖြစ်ရာ လမ်းကြောင်းတွင် မတော်တဆမှုအချို့ ကြုံရခြင်းမှာ ပုံမှန်သာ ဖြစ်ပေသည်။

“ထျန်းဖုန့်ဧကရာဇ်...”

အသူရာတောင်ပေါ်သို့ ကောင်းကင်စိတ်အာရုံများ မရောက်နိုင်ပါ။ ထို့ပြင် ပတ်ဝန်းကျင်ကိုလည်း တိမ်များ၊ မြူခိုးများက လွှမ်းခြုံထားသည်။ ထို့ကြောင့် မြင်နိုင်စွမ်းက အလွန်နိမ့်သည်။ ဟယ်နုန်ယင်းက တောင်ထိပ်တွင် မိုးပြာမဟာဧကရာဇ် မရှိကြောင်း အတည်ပြုပေးပြီးပြီဖြစ်ရာ ကျန်းရီ စိတ်အေးနေပြီး ထျန်းဖုန့်ဧကရာဇ်ကို အပြင်ထုတ်လိုက်ခြင်းဖြစ်သည်။ ဤနေရာမှ သစ်ပင်များက သာမန်မဟုတ်ပေ။ သို့ဖြစ်၍ သူ သတိလက်လွတ် မဖြစ်ဝံ့ချေ။

“လမ်းကြောင်းတစ်ခု ဖော်လိုက်ပါ”

ကျန်းရီက အမိန့်ပေးလိုက်သောအခါ ထျန်းဖုန့်ဧကရာဇ်က စွန်ရဲတစ်ကောင်အလား အရှေ့သို့ ပျံထွက်သွား၏။ သူသည် မည်သည့်လက်နက်မှ မသုံးဘဲ မင်ရည်တောင်ပံမျိုးနွယ်၏ လက်သည်များထက် ပိုထက်ရှပြီး ကမ္ဘာဦးဝိညာဉ်ရတနာများနှင့် ယှဉ်နိုင်သော သူ့လက်သည်းများကိုသာ သုံးမည်ဖြစ်သည်။ ၎င်းလက်သည်များက အကောင်းဆုံး လက်နက်များပင်။

ကျန်းရီ နောက်မှ လျင်မြန်စွာ လိုက်သွားပြီး မျက်လုံးမှိတ်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်ကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ သူ့အာရုံက အရှေ့ရှိ ရှေးဟောင်းသစ်ပင်နှစ်ပင်အပေါ် ကျရောက်သွားသည်။

ရွှစ်...ရွှစ်...

ထျန်းဖုန့်ဧကရာဇ်က ရှေးဟောင်းသစ်ပင်များနှင့် ပေသုံးထောင်အကွာသို့ ရောက်သောအခါ ရှေးဟောင်းသစ်ပင်နှစ်ပင်က လှုပ်ရှားလာ၏။ ၎င်းတို့၏ သစ်ကိုင်းများက တွန့်လိမ်ကာ ထျန်းဖုန့်ဧကရာဇ်ထံသို့ အဆိပ်ရှိသော မြွေများအလား ပျံဝင်လာကြသည်။

သစ်ကိုင်းများ လှုပ်ရှားလာ‌သောအခါ ပတ်ဝန်းကျင်လေထုက အမှန်ပင် တုန်ခါသွား၏။ ထို့ပြင် လှိုင်းများလည်း ပေါ်လာကာ ၎င်းတို့က ဒီရေများအလား ထျန်းဖုန့်ဧကရာဇ်ထံ ရွေ့လျားသွားသည်။ ထျန်းဖုန့်ဧကရာဇ်၏ အမြန်နှုန်းမှာလည်း ရုတ်ခြည်း လျော့ကျသွားသည်။

‘အပင်တွေက တကယ်ကို သန္ဓေပြောင်းနေကြတာပဲ။ သစ်ပင်မိစ္ဆာတွေက မိုးမြေစည်းမျဉ်းတွေကို ဘယ်လိုသုံးရမယ်ဆိုတာ သိကြတာလား။ မဟုတ်ဘူး... အဲ့ဒါက အာကာသအနှစ်သာရတစ်ခု ဖြစ်လိမ့်မယ်။ ဘယ်လောက်တောင် စွမ်းအားကြီးတဲ့ အာကာသအနှစ်သာရလဲ’

ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်၏ အမြန်နှုန်းက နှေး၍ နှေး၍ လာသည်ကို မြင်နေရ၏။ လေထုထဲတွင်လည်း ထောင်ချီသော လှိုင်းအလွှာများ ဖြစ်လာသည်။ နောက်တစ်လှိုင်းက ရှေ့တစ်လှိုင်းထက် ပိုအားကောင်းသည်။ ထို့ကြောင့် ထျန်းဖုန့်ဧကရာဇ်၏ ခန္ဓာကိုယ်က လေထဲတွင် ယိုင်ထိုးနေပြီး ထိမ်းမရသိမ်းမရ ဖြစ်နေလေသည်။

ရွှီ...ရွှီ...

ရှေးဟောင်းသစ်ပင်နှစ်ပင်မှ သစ်ကိုင်း နှစ်ဆယ်ကျော်က အဆိပ်ပြင်းမြွေများအလား ထျန်းဖုန့်ဧကရာဇ်ဆီသို့ လာနေကြ၏။ ၎င်းတို့က အထက်ကရော၊ အောက်မှပါ တိုက်ခိုက်လိုက်ကြသည်။ အကိုင်းများမှ သစ်ရွက်များက အစိမ်းရောင်မြားများအဖြစ် ပြောင်းလဲသွားပြီး ထျန်းဖုန့်ဧကရာဇ်ထံ ပျံဝင်သွားကြသည်။ ထိုသစ်ရွက်များက အနက်ရောင်အလင်း လင်းလက်နေပြီး အဖျက်အနှစ်သာရကို သယ်ဆောင်လာပေသည်။

“ယား...”

ထျန်းဖုန့်ဧကရာဇ် ရွေးချယ်စရာ မရှိတော့ဘဲ လက်ဝါးချက်အနည်းငယ် ရိုက်ထုတ်၍ အနောက်ပြန်ဆုတ်လိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူ့မျက်ဝန်းများလည်း အေးစက်စက် လင်းလက်သွားသည်။ သူ လက်ကို မြှောက်ကာ ပေတစ်ရာရှည်သော အလင်းဓားနှင့် သစ်ကိုင်းအချို့ကို ခုတ်ချလိုက်သည်။

ဝုန်း...ဝုန်း...ဝုန်း...

သစ်ရွက်များနှင့် လက်ဝါးရာများ ထိတိုက်သွားသောအခါ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာ၏။ ပေတစ်ရာရှည်သော အလင်းဓားကလည်း သစ်ကိုင်းအချို့ကို ခုတ်မိသွားသည်။ သို့သော် ဓားတစ်ချောင်းကဲ့သို့ မာကြောနေသော သစ်ကိုင်းများက ရုတ်တရက် ပျော့ပြောင်းသော နွယ်များအဖြစ် ပြောင်းလဲသွားကြ၏။ ထို့ကြောင့် စွမ်းအားကြီးသော အလင်းဓားသည်ပင် ၎င်းတို့ကို မခုတ်ဖြတ်နိုင်လိုက်ချေ။

‘စွမ်းလိုက်တာ’

ကျန်းရီသည် နောက်မှ ကြည့်နေရင်း အံ့အားသင့်သွား၏။ ဤနေရာမှ သစ်ပင်များက ပုံစံပြောင်းမနေကြသော်လည်း ပုံစံပြောင်းထားသော မိစ္ဆာများထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းပေသည်။ ထျန်းဖုန့်ဧကရာဇ်ပင် ၎င်းတို့ကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။

သို့သော် ထျန်းဖုန့်ဧကရာဇ်က သစ်ကိုင်းတစ်ကိုင်းကို ခုတ်ပိုင်းနိုင်လိုက်သည်။ ထို့ကြောင့် ကျန်းရီ စိတ်သက်သာရာရသွား၏။ တစ်ကိုင်းကို ခုတ်နိုင်လျှင် ကျန်သောအကိုင်းများကို ခုတ်ရန်လည်း သိပ်ခက်မည် မဟုတ်ပါ။

ဝှစ်...ဝှစ်...

ထျန်းဖုန့်ဧကရာဇ်က လေထဲတွင် လှည့်ပတ် ပျံသန်းလိုက်၏။ သူ့လက်များကလည်း အလင်းဓားများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ တစ်နာရီကြာပြီးနောက် ရှေးဟောင်းသစ်ပင်နှစ်ပင်မှ သစ်ကိုင်းအားလုံးကို ခုတ်ဖြတ်ပြီးသွားလေသည်။

“သွားကြမယ်...”

ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီကို ကြည့်၍ ရှေးဟောင်းသစ်ပင်နှစ်ပင်ကြားမှ ဖြတ်ပျံလိုက်၏။ ကျန်းရီလည်း နောက်မှ လျင်မြန်စွာ လိုက်သွားသည်။ ထျန်းဖုန့်ဧကရာဇ်က သစ်ပင်နှစ်ပင်ကို အလွယ်တကူ ဖြတ်ကျော်နိုင်လိုက်သည်။ မည်သည့်အန္တရာယ်၊ မည်သည့်မတော်တဆမှ မဖြစ်ခဲ့ပါ။ သို့သော် ကျန်းရီ ဖြတ်သောအခါတွင်မူ အကိုင်းမဲ့နေသော သစ်ပင်နှစ်ပင်က ရုတ်တရက် တွန့်လိမ်သွားပြီး ကျန်းရီဆီသို့ ဧရာမတင်းပုတ်ကြီးနှစ်ခုအလား ရွေ့လျားလာသည်။ ၎င်းတို့၏ အမြန်နှုန်းက တောက်နူ၏ တိုက်ခိုက်မှုထက်ပင် ပိုမြန်သေးသည်။

“လခွမ်း... မင်းတို့က အားနည်းတဲ့သူကို အနိုင်ကျင့်ချင်တာလား”

ကျန်းရီ ဒေါသထွက်သွား၏။ သူ မိုးမြေစွမ်းအား လှည့်ပတ်လိုက်ပြီး သစ်ပင် ပင်စည်နှစ်ခုကို တစ်ခုပြီးတစ်ခု ထိုးပစ်လိုက်သည်။ ကျယ်လောင်သော ထိတိုက်သံကြီးနှစ်သံ ထွက်ပေါ်လာသည်။ ကျန်းရီသည် သူက တောင်နှစ်တောင်ကို ထိုးလိုက်ရသလို ခံစားလိုက်ရ၏။ သူ့လက်များ နာကျင်သွားပြီး တုန်လည်း တုန်သွားသည်။ သစ်ပင် ပင်စည်နှစ်ခုကမူ နှေးသွားခြင်းပင် မရှိဘဲ သူ့ထံ လျင်မြန်စွာ ဆက်ရွေ့လျားလာပေသည်။

“လခွမ်းပဲ...”

ကျန်းရီ အံကြိတ်၍ ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်၏။ သူ အရှေ့မှ ပင်စည်ကို ရှောင်နိုင်လိုက်သော်လည်း အနောက်မှ ပင်စည်နှင့် ထိတိုက်သွားသည်။

“ဖူး...”

ကျန်းရီ သွေးအန်သွား၏။ သူ့ရုပ်ခန္ဓာက အလွန်သန်မာသည်။ သို့ပင်လျှင် သူ့အရိုးဆယ်ချောင်းကျော်လောက် ကျိုးသွားသည်။ သူ ချက်ချင်း နတ်ဘုရားသစ်ရွက်ကို ထုတ်ကာ သူ့ကိုယ်သူ ကုသလိုက်ရသည်။ ထို့နောက် ထိတိုက်အားကို အသုံးချ၍ အရှေ့သို့ တိုးထွက်ကာ အောင်အောင်မြင်မြင် လွတ်မြောက်သွားလေသည်။

“သခင်... အဆင်ပြေရဲ့လား”

ထျန်းဖုန့်ဧကရာဇ်က ကျန်းရီကို ဖေးမ၍ စိုးရိမ်တကြီး မေးလိုက်၏။ ကျန်းရီက ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

“ကျွန်တော် မသေပါဘူး။ ဘာလို့ ဒီကသစ်ပင်တွေက အဲ့လောက် စွမ်းအားကြီးနေရတာလဲ။ အင်အားအရဆို အဲ့သစ်ပင်တွေက ဧကရာဇ်တစ်ပိုင်းအဆင့် ဒါမှမဟုတ် ဧကရာဇ်အဆင့်နဲ့တောင် ယှဉ်နိုင်လောက်တယ် မဟုတ်လား။ ထျန်းဖုန့်ဧကရာဇ်... အဲ့သစ်ပင်တွေမှာ အသိစိတ်ရှိလား။ ကျွန်တော်တို့ သူတို့ကို သိမ်းသွင်းနိုင်လောက်လား”

အသူရာတောင်ပေါ်တွင် သစ်ပင်မည်မျှ ရှိပါသနည်း။

ကျန်းရီ ရေပင် မရေတွက်နိုင်ပေ။ အကယ်၍ ထိုသစ်ပင်အားလုံး မိစ္ဆာများဖြစ်နေလျှင် သစ်ပင်မိစ္ဆာများအဖြစ် မိစ္ဆာမျိုးနွယ်ဝင်များ ဖြစ်နေကြမည် မဟုတ်ပါလား။ သူသာ ထိုသစ်ပင်မိစ္ဆာများကို ထိန်းချုပ်နိုင်မည်ဆိုလျှင် ကြောက်မက်ဖွယ် အင်အားစုတစ်ခုကို ပိုင်ဆိုင်ရပေလိမ့်မည်။ ထိုအခါ မိုးပြာမဟာဧကရာဇ်ပင် တုန်လှုပ်ရမည်ဖြစ်သည်။

“အဲ့အပင်တွေက ဧကရာဇ်အဆင့်နဲ့တော့ မယှဉ်နိုင်သေးဘူး။ ဒါပေမဲ့ ဧကရာဇ်တစ်ပိုင်းအဆင့်နဲ့တော့ ယှဉ်နိုင်တယ်...”

ထျန်းဖုန့်ဧကရာဇ်က သစ်ပင်များကို ဝေ့ဝဲကြည့်၍ နှမြောဟန်နှင့် ဆက်ပြောသည်။

“အဲ့သစ်ပင်တွေက သစ်ပင်မိစ္ဆာတွေ မဟုတ်ဘူး။ အသိဉာဏ်မရှိကြဘူး။ အဲ့သစ်ပင်တွေ သန္ဓေပြောင်းလာတာ ထူးခြားတဲ့ အခြေအနေတစ်ချို့ကြောင့်ပဲ။ ဒါပေမဲ့ အပင်တွေက မိစ္ဆာတွေ မဖြစ်သေးဘူး။ အဲ့တော့ သူတို့ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး”

“ဟူး.. နှမြောစရာပဲ”

ကျန်းရီသည် တစ်တောင်လုံးကို လွှမ်းခြုံထားသော ရှေးဟောင်းသစ်ပင်များကို ကြည့်၍ အလွန်နှမြောသွား၏။ သူ တစ်ခဏမျှ အားပြန်ဖြည့်လိုက်ပြီးနောက် မြူလွှမ်းနေသော ‌တောင်ထိပ်ကို လှမ်းကြည့်လိုက်သည်။ ပြီးလျှင် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

“သွားကြစို့... ကျွန်တော်တို့ မြန်မြန်သွားမှရမယ်။ အဲ့လူစုက ကောင်းကင်ဘုံခုံရုံးကို မရနိုင်လောက်ပေမဲ့ ကျွန်တော်တို့ သတိမထားလို့ မရဘူး။ ကောင်းကင်ဘုံခုံရုံးက အပြင်လူလက်ထဲ ရောက်သွားလို့ မဖြစ်ဘူး”

***

All Chapters