ကောင်းကင်ဘုံခုံရုံး
Vol. 139 Ch. 1942
မြေဆွဲအားက အားကောင်းပြီး တောင်လမ်းက ကြမ်းတမ်းသည်။ မကြာခဏဆိုသလို လမ်းကြောင်းက ပိတ်ဆို့ခံထားရသည်။ ကျန်းရီ တောင်ပေါ်သို့ ခက်ခက်ခဲခဲ တက်နေရပေသည်။
သို့သော် ကျန်းရီသည် သူ၏မီးအရင်းအမြစ်ကို မသုံးပေ။ မီးအရင်းအမြစ်က အလွန်အဖိုးတန်ပြီး ၎င်း၏အပူချိန်က အလွန်မြင့်သည်။ ထို့ကြောင့် အခြားသူများ အာရုံစိုက်လာအောင် လုပ်မိမည်ကို ကျန်းရီ စိုးရိမ်သည်။
အပြင်မှကြည့်လျှင် ဤတောင်က ကီလိုမီတာငါးထောင်သာ မြင့်သည်ဟု ထင်ရ၏။ သို့သော် စတက်လိုက်သည်နှင့် တောင်မှာ တိုင်းတာ၍ မရနိုင်သော မြင့်ကြောင်း သိသွားပေလိမ့်မည်။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ တစ်ရက်လုံးလုံး တက်ခဲ့သည်။ သို့သော် သူတို့ တောင်ထိပ်ကို မမြင်နိုင်သေးပေ။
အထက်သို့ ရောက်လေ၊ လမ်းကြောင်းက လျှောက်ရန် ပိုခက်လာလေပင်။ ကျန်းရီ အတန်ငယ် နောင်တရနေသည်။ ဤသို့ ဖြစ်လာမည်ကိုသာ ကြိုသိခဲ့ပါက သူ မိုးပြာမဟာဧကရာဇ် ပေးထားသော လမ်းကြောင်းတစ်ခုခုမှသာ တက်ခဲ့မည်ဖြစ်သည်။ ထိုလမ်းကြောင်းများမှာ သစ်ပင်များအားလုံးကို ဖျက်ဆီးခဲ့ပြီးလောက်ပေပြီ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ လမ်းကြောင်းမှာမူ အသုံးမပြုခဲ့သည်မှာ နှစ်သောင်းကျော်ခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ သစ်ပင်များစွာ ပေါက်နေခြင်းမှာ အံ့ဩစရာ မရှိပါ။
ထိုအသူရာတောင်က အမှန်ပင် မရဏနယ်မြေတစ်ခုပင်။ သာမန် အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် တောင်ထိပ်သို့ ရောက်နိုင်လိမ့်မည် မဟုတ်ပါ။ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများအတွက်ပင် တောင်ထိပ်သို့ ရောက်နိုင်ရန် အလွန်ခက်သည်။ သူတို့ အချိန်များစွာ ပေးရသည်။ အသူရာတောင်မှာ အမည်နှင့် လိုက်ဖက်ပေသည်။
“အရှိန်တင်လိုက်ပါ”
တစ်ရက်ကုန်သွားပြီဖြစ်သည်။ လင်းဖေးရှန်းနှင့် အခြားသူများက ကောင်းကင်ဘုံခုံရုံးထဲ ဝင်သွားလောက်ကြပေပြီ။ ထို့ကြောင့် ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို အစွမ်းကုန်ထုတ်သုံးရန် ပြောလိုက်သည်။ ကျန်းရီ နတ်ဘုရားသစ်ရွက်ကိုလည်း ကိုင်ထားသည်။ သူ မသေသေးသ၍ လျင်မြန်စွာ ပြန်ကောင်းနိုင်လေသည်။
ထျန်းဖုန့်ဧကရာဇ် အစွမ်းကုန် ထုတ်သုံးလိုက်သည်။ သူ အထက်သို့ အပြေးတက်သည်။ ကျန်းရီက သူ့အနောက်မှ လိုက်သည်။ ထျန်းဖုန့်ဧကရာဇ် ဒဏ်ရာရလျှင် ကျန်းရီက ချက်ချင်း ကုသပေးပေသည်။ သူတို့နှစ်ယောက်သည် မိစ္ဆာနှစ်ကောင်ကဲ့သို့ လမ်းတစ်လျှောက်မှ သစ်ပင်များကို ခုတ်ပိုင်း၍ တောင်ထိပ်ဆီ ချီတက်နေကြပေသည်။
တောင်ထိပ်နှင့် နီးလာသောအခါ သစ်ပင်များက ပိုများလာသည်။ ထို့ပြင် မြေဆွဲအားကလည်း ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ ကျန်းရီ၏ အမြန်နှုန်းမှာ အဆအနည်းငယ် ပိုနှေးသွားပေသည်။
နေ့တစ်ဝက်ကြာပြီးနောက် ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ တောင်ထိပ်သို့ ရောက်သွားကြ၏။ သူတို့ တောင်ထိပ်သို့ ရောက်သွားကြောင်း သေချာနိုင်ခြင်းမှာ လွင့်မျောနေသော နန်းတော်တစ်ခုကို တွေ့လိုက်ရ၍ပင်။ ၎င်းနန်းတော်က အလွန်ကြီးမားသဖြင့် ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ စိတ်လှုပ်ရှားသွားကြသည်။
တိတိကျကျဆိုရလျှင်မူ နန်းတော်တစ်ခု မဟုတ်ပါ။ မြို့ငယ်တစ်မြို့ဟု ဆိုရမည်။ အထဲတွင် နန်းတော်များစွာ ရှိနေသည်။ ၎င်းအောက်တွင် ဧရာမကျောက်တုံးကြီးတစ်တုံး ရှိသည်။ ထိုမြို့ငယ်မှာ ကီလိုမီတာရာဂဏန်းအနည်းငယ် ကျယ်ပေသည်။ နန်းတော်အားလုံးအပေါ်တွင်လည်း ခုနစ်ရောင်ခြယ် သင်္ကေတပုံသဏ္ဌာန်များ ရှိနေသည်။ ထို့ပြင် ပန်းပုံများ၊ ငှက်ပုံများ၊ ငါးပုံများ၊ ပိုးကောင်ပုံများနှင့် ဧရာမသားရဲကြီးများ၏ ပုံများကိုလည်း ထွင်းထားသည်။ ၎င်းတို့အားလုံးမှာ လှည့်ပတ် ရွေ့လျားနေကြသည်။ ထိုမြို့ငယ်မှနေ၍ ကျယ်ပြောမြင့်မြတ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့သည် ၎င်းကို ကြည့်ရင်း ကိုးကွယ်လိုစိတ်များပင် ပေါက်လာပေသည်။
ကောင်းကင်ဘုံခုံရုံး...
ထို မြို့ငယ်တစ်မြို့နှင့် တူသော နန်းတော်ဝန်းကြီးမှာ ကောင်းကင်ဧကရာဇ် နေထိုင်ရာ ကောင်းကင်ဘုံခုံရုံးဖြစ်ပြီး ကပ်လောကထဲတွင် အမြင့်ဆုံး ဩဇာအာဏာကို ကိုယ်စားပြုသည်။ ထို့ပြင် ၎င်းက ယခင့် ယခင်သော ကောင်းကင်ဧကရာဇ်များ၏ မသေမျိုးလောကဂိတ်တံခါးအား ဖွင့်လိုသည့်ဆန္ဒကိုလည်း ကိုယ်စားပြုပေသည်။ မသေမျိုးဘုံတွင် မသေမျိုး အမျိုးအစား ခုနစ်ဆယ့်နှစ်မျိုး ရှိပြီး ကောင်းကင်မသေမျိုး တစ်သိန်းရှိကြောင်း ပြောကြသည်။ သူတို့အားလုံးက မြင့်မြတ်ကြပြီး သေခြင်းမဲ့ကာ ကောင်းကင်ကို ထာဝရဖိနှိပ်ထားနိုင်ကြပေသည်။
ယခု ကောင်းကင်ဘုံခုံရုံး၏ ပတ်ပတ်လည်တွင် အကာအရံတစ်ခု ရှိနေသည်။ ထိုအလင်းအကာအရံမှာ အလွန်သိမ်မွေ့ပြီး ကောင်းကင်ထဲမှ မြူခိုးများကို လွင့်ပြယ်စေနေသည်။ ထို့ကြောင့် ကျန်းရီတို့က မိုင်ထောင်ကျော် အကွာတွင် ရှိနေသေးသော်လည်း အရာအားလုံးကို ရှင်းရှင်းလင်းလင်း လှမ်းမြင်နိုင်ခြင်း ဖြစ်ပေသည်။
“ထျန်းဖုန့်ဧကရာဇ်... ခင်ဗျား ဆောင်းဥတုပုလဲထဲ ပြန်ဝင်လိုက်တော့”
တောင်ထိပ်တွင် မည်သည့် ရှေးဟောင်းသစ်ပင်မှ ရှိမနေပေ။ ထို့ပြင် ထျန်းဖုန့်ဧကရာဇ်အကြောင်း ပေါ်သွား၍ မဖြစ်ချေ။ ကျန်းရီ၏ လက်ရှိဇာတ်ရုပ်က မူဟယ်ယွီဖြစ်သည်။ သူ မူဟယ်ယွီအဖြစ် ဆက်ဟန်ဆောင်နေလျှင် ကောင်းကင်ဘုံခုံရုံးထဲ ဝင်နိုင်ရန် ပိုလွယ်ကူပေလိမ့်မည်။
ထျန်းဖုန့်ဧကရာဇ်ကို ဆောင်းဥတုပုလဲထဲ ထည့်ပြီးနောက် ကျန်းရီသည် ခမ်းနားသော ကောင်းကင်ဘုံခုံရုံးကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူ အရှေ့သို့ ခြေလှမ်းကျဲကြီးများနှင့် သွားလိုက်သည်။ သူ မိုးမြေစွမ်းအား မထုတ်ဘဲ အုပ်ချုပ်သူအဆင့် ကောင်းကင်စွမ်းအားကိုသာ ထုတ်၍ ပြေးသွားသည်။ ထိုမှ တောင်ထိပ်တွင် ပုန်းအောင်းနေသော တစ်စုံတစ်ယောက်ရှိလျှင် သူ့ကို သံသယမဖြစ်မည် ဖြစ်သည်။
ကျန်းရီသည် တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းလည်း ဝင်လိုက်သည်။ အကယ်၍ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်က သူ့ကို အာရုံခံရန် ကြိုးစားလျှင် သူ ချက်ချင်း သတိပြုမိမည်ဖြစ်သည်။ သူ့တွင် မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်ရှိသည်။ သူ မိုးပြာမဟာဧကရာဇ်နှင့် ဆုံရလျှင်ပင် ပြန်တိုက်နိုင်သေးသည်။ ထို့ပြင် ကောင်းကင်ဘုံခုံရုံးထဲ ဝင်နိုင်လိုက်သည်နှင့် မိုးပြာမဟာဧကရာဇ်က သူ့ကို သတ်နိုင်တော့မည် မဟုတ်ပါ။
အသူရာတောင်ထိပ်က အလွန်မြေပြန့်၏။ တောင်ထိပ်မှာ အချင်း ကီလိုမီတာသောင်းကျော် ကျယ်သည်။ သို့သော် ကျန်းရီသည် လမ်းတစ်လျှောက်တွင် မည်သည့် ရှေးဟောင်းသစ်ပင်ကိုမှ မတွေ့ပေ။ ထို့ကြောင့် သူ အလွန်လျင်မြန်စွာ ပြေးသွားနိုင်ပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
မိနစ်အနည်းငယ် သွားပြီးနောက် ကျန်းရီသည် သူ့အရှေ့မှ ပေါက်ကွဲသံသဲ့သဲ့များကို ကြားလိုက်ရ၏။ တစ်အောင့်မျှ နားထောင်နေပြီးနောက် သူ အတန်ငယ် ပျော်သွားသည်။ ကောင်းကင်ဘုံခုံရုံးအောက်တွင် လူများစွာ တိုက်ခိုက်နေကြသည်။ ထိုလူများက ခွမ်ဟူ၊ ရှားယွီနှင့် အခြားသူများ ဖြစ်မည်။ ကြည့်ရသည်မှာ သူတို့ ယခုအထိ ကောင်းကင်ဘုံခုံရုံးထဲ မဝင်ရသေးပုံပင်။
ကျန်းရီသည် အရှိန်အဝါကို ရုတ်သိမ်း၍ ကိုယ်ဖျောက်လိုက်၏။ သူ၏ ပုန်းကွယ်ခြင်းအတတ်ကို ဧကရာဇ်တစ်ပိုင်းအဆင့် အောက်မှ လူများက ဖောက်မြင်နိုင်မည် မဟုတ်ပေ။ သူသာ အနီးသို့ ကပ်မသွားလျှင် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများပင် သူ့ကို သတိပြုမိမည် မဟုတ်ပါ။ ထို့ကြောင့် ၎င်းအတတ်က အတိုင်းအတာတစ်ခုအထိ အသုံးဝင်ပေသေးသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကီလိုမီတာငါးဆယ် ဆက်သွားပြီးနောက် ကျန်းရီအရှေ့မှ ပေါက်ကွဲသံများက ပို၍ ကျယ်လောင်လာ၏။ ထို့ပြင် အရှေ့မှ မြေမျက်နှာသွင်ပြင်ကလည်း ပြောင်းလဲလာသည်။ မြေမျက်နှာသွင်ပြင်မှာ ချိုင့်ဝှမ်းတစ်ခု ဖြစ်လာသည်။ တောင်ထိပ်တွင် မြူခိုးများကင်းနေသော်လည်း ချိုင့်ဝှမ်းအောက်ခြေတွင် အလွန်မြူထူထပ်နေသည်။ ထို့ကြောင့် အောက်ဘက်မှ အရာများကို ကျန်းရီ မမြင်နိုင်ပေ။
ကျန်းရီသည် တစ်ခဏမျှ နားထောင်ပြီးနောက် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ တိုက်ပွဲသံနှင့် ပတ်ဝန်းကျင်တုန်ခါမှုအရ အောက်ဘက်တွင် လူသုံးဆယ်ကျော် လေးဆယ်လောက် တိုက်ခိုက်နေခြင်း ဖြစ်မည်။ သခင်လေးများနှင့် သခင်မလေးများ အားလုံးက အောက်တွင် ရှိနေနိုင်သည်။ သူတို့ ခေါ်လာခဲ့သော ကိုယ်ရံတော်များကလည်း တိုက်ခိုက်နေလောက်ပေသည်။
ထင်ထားသကဲ့သို့ပင်...
ကျန်းရီ ချိုင့်ဝှမ်းထဲ ဆင်းသွားလိုက်၏။ အောက်ခြေသို့ ရောက်သောအခါ ထိုနေရာတွင် ရှေးဟောင်းသစ်ပင်များစွာရှိကြောင်း တွေ့လိုက်ရသည်။ အနည်းဆုံး အပင်တစ်ရာလောက်ရှိပြီး ၎င်းတို့က ထူထပ်စွာ ပေါက်ရောက်နေကြသည်။ လူဆယ်ကျော်မှာ အဖွဲ့သုံးဖွဲ့ခွဲ၍ သစ်ပင်များကို တစ်ပင်ပြီးတစ်ပင် ဖျက်ဆီးနေကြပေသည်။
ထိုသစ်ပင်များက မရွေ့လျားနိုင်၍ တော်သေးပေသည်။ မဟုတ်လျှင် တိုက်ပွဲတွင် လူများစွာ ကျဆုံးသွားနိုင်သည်။ ကျန်းရီ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ခုတ်ပိုင်းခံထားရသော ရှေးဟောင်းသစ်ပင်များ ရာကျော်ရှိကြောင်း သိလိုက်ရ၏။ သစ်မြစ်များပင် ခုတ်ပိုင်းခံထားရသည်။ ဤနေရာတွင် တိုက်ပွဲဖြစ်နေခဲ့သည်မှာ အတော်ကြာခဲ့လောက်ပေပြီ။
မြူခိုးများက အလွန်ထူထပ်နေသည်။ ထို့ပြင် ကျန်းရီသည် တိုက်ပွဲအနီးသို့ ကပ်မသွားဝံ့ပေ။ ထို့ကြောင့် သူ အခြေအနေကို ဝေဝေဝါးဝါးသာ ကြည့်နေရသည်။ အကြိမ်အနည်းငယ် လှည့်ပတ်လျှောက်ပြီးနောက် သူ ချုံပုတ်တစ်ခုကို ရှာကာ ပုန်းအောင်းလိုက်လေသည်။
လူများစွာက ကြိုးစားတိုက်ခိုက်နေသည်။ သို့သော် သူ ဝင်ပါ၍ မဖြစ်ပေ။ သူ ခေါင်းမော့ကာ ခေါင်းအထက် ကီလိုမီတာသုံးဆယ်အကွာတွင် ရှိနေသော ကောင်းကင်ဘုံခုံရုံးကို ကြည့်လိုက်သည်။ ကောင်းကင်ဘုံခုံရုံးက အလွန်မြင့်သောနေရာတွင် ရှိနေပြီး ဤနေရာမှ မြေဆွဲအားက အလွန်အားကောင်းသည်။ ပျံတက်ရန် မဖြစ်နိုင်။ သို့ဖြစ်ရာ သူတို့ ကောင်းကင်ဘုံခုံရုံးထဲ မည်သို့ ဝင်ရမည်နည်း။
‘ဒီချိုင့်ဝှမ်းအလယ်မှာ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုများ ရှိနေလို့လား’
ကျန်းရီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။ အကယ်၍ ချိုင့်ဝှမ်းအလယ်တွင် တည်နေရာပြောင်းရွှေ့အစီအရင် မရှိလျှင် အဘယ်ကြောင့် ထို သခင်လေး၊ သခင်မလေးများက သစ်ပင်များကို ခုတ်ပိုင်းရန် ထိုမျှ ကြိုးစားနေကြမည်နည်း။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကျန်းရီကို မှတ်သားစရာအချို့နှင့် ကောင်းကင်ဘုံခုံရုံးထဲမှ အစီအရင်များအကြောင်းကိုသာ ပြောပြခဲ့သည်။ သို့သော် ကောင်းကင်ဘုံခုံရုံးထဲ မည်သို့ ဝင်ရမည်ကိုမူ မပြောခဲ့ပေ။ ထို့ကြောင့် ကျန်းရီ ဆက်ပုန်း၍သာ နေရလေသည်။
မိုးပြာမဟာဧကရာဇ်က အမှန်ပင် ဤနေရာတွင် မရှိပါ။ သူ ရှိနေလျှင် ကျန်းရီအကြောင်း ပေါ်သွားလောက်ပြီဖြစ်သည်။ ကျန်းရီသည် အေးအေးလူလူ ပုန်းအောင်းကာ သခင်လေး၊ သခင်မလေးများက ကျန်သေးသော သစ်ပင်များအား ရှင်းပြီးသွားမည့်အချိန်ကို စောင့်နေလိုက်ပေသည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွား၏။ လူသားအဖွဲ့များ၏ လက်ချက်ဖြင့် သစ်ပင်များက တစ်ပင်ပြီး တစ်ပင် ပြိုလဲနေကြသည်။ သစ်ပင်များမှာ အလွန်စွမ်းအားကြီးသော်လည်း အားနည်းချက်ကြီးတစ်ခု ရှိကြသည်။ ၎င်းတို့က မရွေ့လျာနိုင်ခြင်းပင်။ ထို့ကြောင့် ၎င်းတို့ မည်မျှစွမ်းအားကြီးပါစေ လူသားအုပ်စုက ၎င်းတို့ကို တစ်တိတိ ဖြိုလှဲပစ်နိုင်လေသည်။ ယင်းအပြင် ဤနေရာသို့ လာခဲ့သော မည်သည့် သခင်လေး၊ သခင်မလေးထံတွင် ဝှက်ဖဲအချို့မရှိဘဲ နေပါမည်နည်း။
လင်းဖေးရှန်း၏ တိုက်ခိုက်စွမ်းအားက အားလုံးကို တုန်လှုပ်သွားစေ၏။ ခွမ်ဟူ၏ ရဲရင့်မှုကလည်း အားလုံးကို အထင်ကြီးစေသည်။ ဟယ်နုန်ယင်း၏ အချိန်စည်းမျဉ်းမှာလည်း အားလုံးကို အံ့အားသင့်သွားစေပေသည်။ သို့သော် ရှားယွီနှင့် ယန်ချီတို့က ကောင်းစွာ အစွမ်းမပြနိုင်ကြပါ။ ဧကရာဇ်ငယ်ရွေမှာလည်း ထို့အတူပင်ဖြစ်သည်။ သူတို့သည် မည်သည့်ရတနာကောင်းကောင်းကိုမှ မထုတ်သလို စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်များကိုလည်း ထုတ်မသုံးကြပေ။ သူတို့၏ တိုက်ခိုက်စွမ်းအားက လုံလောက်အောင် မကြီးခြင်းလော သို့မဟုတ် သူတို့က တမင်လျှိုထားခြင်းလောကို မည်သူမှ မသိချေ။
နေ့တစ်ဝက်ကြာပြီးနောက် သစ်ပင်အများစု ဖျက်ဆီးခံလိုက်ရ၏။ ထိုအခါ အားလုံး၏ မျက်လုံးအရှေ့တွင် ယဇ်စင်တစ်ခု ထွက်ပေါ်လာသည်။ အားလုံး ပို၍ စိတ်လှုပ်ရှားသွားကြ၏။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့က သစ်ပင်နှစ်ပင်ကို ဖြတ်ကျော်၍ ၎င်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်ကြသည်။
ရွှီး...
ယဇ်စင်က လင်းလက်လာပြီး လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ အလင်းထဲတွင် ပျောက်ကွယ်သွားကြ၏။ ခွမ်ဟူနှင့် အခြားသူများ တုန်လှုပ်သွားကြသည်။ သူတို့ အသည်းအသန် တိုက်ခိုက်လိုက်ကြပြီး ကျန်နေသေးသော သစ်ပင်သုံးပင်ကို ဖျက်ဆီးကာ ယဇ်စင်ပေါ် တက်သွားကြသည်။
သို့သော် မည်သည့် သခင်လေး၊ သခင်မလေး၏ ကိုယ်ရံတော်ကမှ နောက်က လိုက်မသွားပေ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အသက်အရွယ်ကြီးသူများ ကောင်းကင်ဘုံခုံရုံးထဲ မဝင်သင့်ဟု ပြောထားသည် မဟုတ်ပါလား။ သူတို့ အထဲဝင်သွားလျှင် ပြန်ထွက်လာနိုင်လောက်တော့မည် မဟုတ်ချေ။ ထိုကိုယ်ရံတော်များသည် သူတို့သေတွင်းသူတို့ မတူးဝံ့ကြပါ။
‘သွားကြစို့’
ဟယ်နုန်ယင်းက ကျန်းရီ ပုန်းနေသော နေရာကို တစ်ချက် လှမ်းကြည့်၍ ယွင်ပင်းကို ခေါ်ကာ ယဇ်စင်ပေါ် တက်သွားသည်။ ကျန်းရီလည်း လှုပ်ရှားလိုက်သည်။ သူသည် ဟယ်နုန်ယင်းနှင့် တစ်ချိန်တည်း ယဇ်စင်ပေါ် လှစ်ခနဲ တက်လိုက်သည်။ သူ သူမတို့ကို ကာကွယ်ပေးရန် သူမတို့နှင့်အတူ သွားလိုပေသည်။
ရွှီး...
ယဇ်စင်က လင်းလက်လာပြီး ကျန်းရီ၊ ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့သည် ဆန်းကြယ်သော အားတစ်ခု၏ စုပ်ယူမှုကို ခံစားလိုက်ရ၏။ သူတို့ ကောင်းကင်ဘုံခုံရုံးထဲ တည်နေရာပြောင်းရွှေ့သွားပေတော့မည်။
သို့သော် ထိုအခိုက်တွင် ကျန်းရီတို့ မျက်နှာထားပြောင်းသွားကြ၏။ သူတို့၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်များက လှုပ်ခါလာသည်။ ဟယ်နုန်ယင်း၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင် ရှိနေသော မူဟယ်ယွီ၊ ကျန်းရီ၏ ဆောင်းဥတုပုလဲထဲတွင် ရှိနေသော မူမျိုးနွယ်မှ ကိုယ်ရံတော်နှစ်ယောက်နှင့် ထျန်းဖုန့်ဧကရာဇ်တို့ အားလုံး အပြင် ရောက်လာကြသည်။
“အာ... ထျန်းဖုန့်ဧကရာဇ် နောက်ဆုတ်လိုက်”
ကျန်းရီက လျင်မြန်စွာ အော်ပြောလိုက်၏။ ထျန်းဖုန့်ဧကရာဇ်က သတိရှိရှိနှင့် ချက်ချင်း အဝေးသို့ ပြေးသွားလိုက်သည်။ ထို့နောက် ကျန်းရီ၊ ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ ယဇ်စင်ပေါ်မှ ပျောက်ကွယ်သွားကြသည်။ အပြင်ဘက်တွင် ရှိနေသော မျိုးနွယ်အသီးသီးမှ ကိုယ်ရံတော်များ အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ သူတို့သည် ထွက်ပြေးသွားသော ထျန်းဖုန့်ဧကရာဇ်ကို ကြောင်ကြည့်နေကြသည်။ အချို့မှာ အပြင်ရောက်လာသော မူဟယ်ယွီနှင့် ကိုယ်ရံတော်နှစ်ယောက်ကို ကြည့်နေကြသည်။ တစ်ခဏအထိ သူတို့ မည်သည့်ကိစ္စ ဖြစ်နေသည်ကို မသိဖြစ်နေကြလေသည်။
“ကျန်းရီ... သူက ကျန်းရီပဲ”
နောက်ဆုံးတွင် လူတစ်ယောက်က အသိကပ်လာပြီး အော်ပြောလိုက်၏။
“မြန်မြန် အရှင်လန်နဲ့ အရှင်လူဆီ သတင်းပို့လိုက်။ သူတို့ကို မိုးပြာမဟာဧကရာဇ်ဆီ သတင်းပို့ခိုင်းပြီး အဲ့မိစ္ဆာဧကရာဇ်ကို တားခိုင်းလိုက်”
***