မိန်းမလှအပေါ် ကောင်းကင်၏ မနာလိုမှု
Vol. 139 Ch. 1943
ကျန်းရီ ယဇ်စင်ပေါ် တက်ပြီးနောက် ကိုယ်ပြန်ပေါ်လာ၏။ လူများစွာသည် သူ့ကို တွေ့သောအခါ တုန်လှုပ်သွားကြသည်။
မူဟယ်ယွီက နှစ်ယောက်လော။ မူမျိုးနွယ်မှ ကိုယ်ရံတော်နှစ်ယောက်ကလည်း နတ်ဘုရားအမြုတေ ချိပ်ပိတ်ခံထားရသည်လော။ အရူးတစ်ယောက်ပင် တစ်ခုခု ဖြစ်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။
ကျန်းရီသည် ရုပ်ဖျက်ရာတွင် အတော်ဆုံးဖြစ်သည်။ သူသည် တစ်ခါက ဟယ်ကျန်းကဲ့သို့ ရုပ်ဖျက်၍ ကမ္ဘာဦးကောင်းကင်ဘုံထဲဝင်ကာ ခွမ်ဟူတို့ကို ဖမ်းသွားခဲ့သည်။ ကျန်းရီထံတွင် မိစ္ဆာဧကရာဇ် လက်အောက်ငယ်သားတစ်ယောက် ရှိကြောင်းလည်း ခွမ်ဟူက ပြောထားသည်။ အရာအားလုံးက အချိတ်အဆက်မိနေသည်။ ထို့ကြောင့် အားလုံးက လျင်မြန်စွာ တုံ့ပြန်လိုက်ကြခြင်းဖြစ်သည်။
လူများစွာသည် သူတို့၏ သတင်းပို့ ကျောက်စိမ်းအဆောင်များကို သုံး၍ တောက်လန်နှင့် ခွမ်လူတို့ထံ အသံပို့လွှတ်လိုက်ကြ၏။ အသူရာတောင်အပြင်ဘက်ရှိ တောက်လန်နှင့် ခွမ်ဟူတို့ တုန်လှုပ်သွားကြသည်။ သူတို့သည် အင်အားတစ်သန်းစစ်တပ်ကို အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်စေလိုက်သည်။ တစ်ချိန်တည်းမှာပင် တောက်လန်က မြောက်ဘက်သို့ ပျံသန်းသွားလေသည်။
စစ်တပ်ကို တပ်ဖြန့်ခိုင်းခြင်းမှာ ထျန်းဖုန့်ဧကရာဇ်၏ သတ်ဖြတ်မှုကို ခံရမည်စိုး၍ မဟုတ်ပါ။ ထျန်းဖုန့်ဧကရာဇ်၏ တည်နေရာကို စုံစမ်းရန်သာဖြစ်သည်။ စစ်တပ်က နေရာအနှံ့တွင် ရှိနေမည်ဆိုလျှင် ထျန်းဖုန့်ဧကရာဇ်က မည်သည့်ဘက်ကို ထွက်ပြေးသွားကြောင်း သိနိုင်ပေလိမ့်မည်။ သူတို့ ထျန်းဖုန့်ဧကရာဇ်ကို အချိန်တိုအတွင်း ခြေရာခံနိုင်ပါက သူ ထွက်ပြေးနိုင်မည် မဟုတ်ချေ။
တောက်လန်က မိုးပြာမဟာဧကရာဇ်ထံ တိုက်ရိုက်သတင်းပို့နိုင်လောက်အောင် အဆင့်မမီပါ။ သို့သော် မိုးပြာမဟာဧကရာဇ်က အသူရာတောင်၏ မြောက်ဘက်ရှိ မီးမိစ္ဆာပင်လယ်တွင် ရှိနေကြောင်း သူသိထားသည်။ သူ မိုးပြာမဟာဧကရာဇ်နောက်သို့ လိုက်နိုင်လျှင် ထျန်းဖုန့်ဧကရာဇ် ထွက်ပြေးနိုင်မည် မဟုတ်ပေ။
***
“ဟာ သွားပြီ”
အဖြူရောင်အလင်း ပျောက်သွားသောအခါ ကျန်းရီသည် သူက မြေရိုင်းတစ်ခုထဲတွင် ရောက်နေကြောင်း သိလိုက်ရ၏။ သို့သော် သူ မအံ့ဩပါ။ သူ့ပတ်ဝန်းကျင်မှ အခြေအနေကိုလည်း အာရုံမခံလိုက်ပါ။ ထိုအစား မည်းမှောင်သော မျက်နှာထားနှင့်သာ ခေါင်းဆတ်လိုက်သည်။ သူ အတန်ငယ် စိတ်ပျက်နေပေသည်။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ထိုယဇ်စင်မှ တည်နေရာပြောင်းရွှေ့လျှင် လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲမှ လူများ ခါထုတ်ခံရမည်ကို မပြောခဲ့ပေ။ ဆောင်းဥတုပုလဲက အလွန်အဆင့်မြင့်ပြီး တည်ငြိမ်သော လေဟာနယ်နတ်ဘုရားအသုံးအဆောင်တစ်ခုဖြစ်သည်။ သာမန် တည်နေရာပြောင်းရွှေ့အစီအရင်က ၎င်းကို ခါနိုင်မည် မဟုတ်ချေ။ ယခင်တွင် အာကာသစည်းမျဉ်းကို ကျင့်ကြံသော စွမ်းအားကြီး သိုင်းသမားများက သူ့ကို တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် မည်သူကမှ ဆောင်းဥတုပုလဲထဲမှ လူများကို အပြင် မထုတ်နိုင်ခဲ့ပေ။ သို့ဖြစ်ရာ ထိုယဇ်စင်က မည်မျှစွမ်းအားကြီးပါသနည်း။
ဤအချိန်က အခြားအချိန်ဆိုလျှင် ကျန်းရီ စိုးရိမ်မည် မဟုတ်ပါ။ သို့သော် မိုးပြာမဟာဧကရာဇ်က အနီးတွင်ရှိသည်။ အသူရာတောင်နှင့် မီးမိစ္ဆာပင်လယ်၊ မိုးကြိုးလျှပ်စီးလမ်းကြောင်းတို့က သိပ်မဝေးပေ။ ထျန်းဖုန့်ဧကရာဇ်သာ မိုးပြာမဟာဧကရာဇ်၏ လိုက်သတ်ခြင်းကို ခံရလျှင် သူ သေချာပေါက် သေပေလိမ့်မည်။
ထျန်းဖုန့်ဧကရာဇ်က ကျန်းရီ၏ရန်သူ ဖြစ်ခဲ့ဖူးသည်။ သို့သော် နောက်ဆုံးတွင် ချီဟုန်၏ သိမ်းသွင်းမှုကို ခံခဲ့ရသည်။ ဤနှစ်များအတွင်း သူတို့သည် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ကာ သေရေးရှင်ရေး အခြေအနေများစွာကို အတူဖြတ်ကျော်ခဲ့သည်။ သူတို့နှစ်ယောက်တွင် သခင်နှင့်ကျွန် ဆက်ဆံရေးမျိုး မရှိပေ။ သူတို့က မိတ်ဆွေများနှင့် ပိုတူသည်။ ကျန်းရီသည် မိတ်ဆွေများကို အလေးအထားဆုံးသူဖြစ်၍ ထျန်းဖုန့်ဧကရာဇ်အတွက် စိုးရိမ်နေပေသည်။
“ကျန်းရီ... အခုမှ စိုးရိမ်နေလို့ ဘာမှ အသုံးမဝင်ဘူး။ ရှင် ကောင်းကင်ဘုံခုံရုံးကို အမြန်ဆုံး ရအောင်ယူနိုင်မှ ထျန်းဖုန့်ဧကရာဇ်ကို ကယ်နိုင်မှာ”
ဟယ်နုန်ယင်း၏အသံ ထွက်ပေါ်လာ၏။ ထို့ကြောင့် ကျန်းရီ ဆတ်ခနဲတုန်သွားပြီး အေးစက်သော မျက်ဝန်းများနှင့် ခေါင်းညိတ်လိုက်လေသည်။
“သွားကြစို့.. ဒုတိယအထပ်အတွက် ဝင်ပေါက်ကို ရှာကြမယ်”
“ဝင်ပေါက်လား”
ယွင်ပင်းက စိတ်ဝင်တစား ကြည့်၍ မေးလိုက်၏။
“ဒီကောင်းကင်ဘုံခုံရုံးက မြို့ငယ်တစ်မြို့ မဟုတ်ဘူးလား။ ကျွန်မတို့က ဘယ်အထပ်တွေကို တက်ရဦးမှာလဲ။ ဘယ်နှစ်ထပ်တောင် ရှိတာလဲ”
“မြို့က ကောင်းကင်ဘုံခုံရုံးရဲ့ အပြင်ပိုင်းပဲ ရှိသေးတာ။ အတွင်းပိုင်းကမှ ကောင်းကင်ဘုံခုံရုံးအစစ်။ ကောင်းကင်ဘုံခုံရုံးမှာ အထပ်ငါးထပ်ရှိတယ်။ ခုံရုံးရဲ့ ပင်မနေရာက နောက်ဆုံးအထပ်က သက်ရှည်ခန်းမပဲ”
ကျန်းရီက လက်စွပ်ထဲမှ မြေပုံတစ်ချပ်ကို ထုတ်၍ ရှင်းပြလိုက်၏။
“ဒါက ဒုတိယထပ်အတွက် ဝင်ပေါက်ပဲ။ ပထမထပ်မှာ စက်ရုပ်တွေ အများကြီးရှိတယ်။ အဲ့စက်ရုပ်တွေထဲက တချို့က တောက်နူလောက် စွမ်းအားကြီးကြတယ်။ ကျွန်တော့်နောက်က လိုက်ခဲ့ပါ၊ မဟုတ်ရင် သခင်မလေးတို့ ဒုက္ခတွေ့လိမ့်မယ်”
“တောက်နူနဲ့တောင် ယှဉ်နိုင်တယ်လား”
ယွင်ပင်း ခေါင်းပုသွားပြီး ကျန်းရီနောက်သို့ လိုက်ကာ စိတ်ဝင်စားစွာ မေးလိုက်လေသည်။
“ကျန်းရီ... အဲ့ဒါတွေကို အရှင်ချီဟုန်က ရှင့်ကို ပြောပြခဲ့တာလား။ အရှင်ချီဟုန်က အဲ့ဒါတွေကို ပြောပြနိုင်ရင် ဘာလို့ ရှင် ကောင်းကင်ဘုံခုံရုံးကို တန်းယူလို့ရအောင် မကူညီရတာလဲ။ အရှင်ချီဟုန်သာ ကူညီမယ်ဆိုရင် ရှင် ကောင်းကင်ဘုံခုံရုံးကို အလွယ်လေး ရနိုင်မှာ မဟုတ်လား။ ပြီးတော့ အဲ့စက်ရုပ်တွေကလည်း ကျွန်မတို့ကို မတိုက်ခိုက်လောက်ဘူး”
ကျန်းရီ များစွာ ရှင်းပြမနေတော့ပါ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့က သူ့နောက် လိုက်မလာနိုင်ကြောင်းကို သူ ပြောပြ၍ မဖြစ်ပေ။ ထို့ကြောင့် ပေါ့ပေါ့ပါးပါးသာ ပြန်ပြောလိုက်သည်။
“အများကြီး မတွေးပါနဲ့။ ကောင်းကင်ဘုံခုံရုံးထဲမှာ ဒီမြေပုံရှိနေရင် အထပ်တိုင်းရဲ့ ဝင်ပေါက်တွေကို သိနိုင်ပြီ၊ အဲ့ဒါထက်ပိုပြီးကောင်းတာ ဘာမှမရှိတော့ဘူး။ ဘယ်သူကမှ ကျွန်တော်တို့ကို မကူညီနိုင်ဘူး။ တကယ်လို့ ကျွန်တော်တို့ ကောင်းကင်ဘုံခုံရုံးကို လိုချင်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်”
“အဲ့အရှင်ချီဟုန်က ရှင့်ကို စမ်းသပ်နေတာတော့ မဟုတ်ဘူးမလား”
ယွင်ပင်း သူမဘာသာ ရေရွတ်လိုက်၏။ ကျန်းရီ ခြေလှမ်းရပ်လိုက်ပြီး နှုတ်ခမ်းတွန့်၍ ခါးသက်သက် ပြုံးလိုက်သည်။ ယွင်ပင်း၏ စကားက သူ့ကို သဘောပေါက်သွားစေသည်။
ကြည့်ရသည်မှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ စကားများက အလိမ်အညာများ ဖြစ်ပုံပင်။ သူ လိုက်မလာခဲ့ခြင်းမှာ၊ ကျန်းရီကို မီးနဂါးဓား ယူသွားခွင့် မပြုခဲ့ခြင်းမှာ ကျန်းရီကို စမ်းသပ်လို၍သာ ဖြစ်ရမည်။
စမ်းသပ်ခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျန်းရီ သူ့ကိုယ်သူ အားကိုးရပေမည်။
ကျန်းရီ လျင်မြန်စွာ စိတ်တည်ငြိမ်လာ၏။ အနည်းဆုံးတော့ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သူ့ကို အထပ်တိုင်း၏ ဝင်ပေါက်နေရာများကို ပြောပြလိုက်ပေသည်။ ထို့ပြင် အလွန်အန္တရာယ်များသော အစီအရင်အချို့၏ နေရာများကိုလည်း ပြောလိုက်သည်။ ထို့ကြောင့် အခြားသူများနှင့် ယှဉ်လျှင် သူက များစွာပိုအရေးသာသည်။ သူ မိုးမြေစွမ်းအားကို သုံးလိုက်လျှင်လည်း သူ့ရုပ်ခန္ဓာက တောက်နူ၏ ရုပ်ခန္ဓာနှင်ပင် ယှဉ်နိုင်သွားသည်။ သူ့တွင် မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်လည်း ရှိသည်။ ယင်းသည်ပင် သူ ကောင်းကင်ဘုံခုံရုံးကို မရနိုင်သေးပါက ယန်ကိုးပါးကောင်းကင်ဧကရာဇ် အလွန်စိတ်ပျက်သွားပေလိမ့်မည်။
“သွားကြစို့...”
ကျန်းရီ လက်ဝှေ့ယမ်းလိုက်၏။ မိုးပြာမဟာဧကရာဇ်က ကောင်းကင်ဘုံခုံရုံးထဲ ဝင်မလာနိုင်ပေ။ ထို့ကြောင့် ဤအထဲ၌ ကျန်းရီ မည်သည်ကိုမှ ကြောက်နေရန် မလိုပါ။ လင်းဖေးရှန်း၊ ခွမ်ဟူနှင့် အခြားသူများက အတူပူးပေါင်းလိုက်မည်ဆိုလျှင်လည်း ဘာအရေးနည်း။ သူ သူတို့ကို အလွယ်တကူ ကိုင်တွယ်နိုင်သည်။ မည်သူကမှ သူ့ကို သတ်နိုင်မည် မဟုတ်ချေ။
“သွားမယ်...သွားမယ်”
ယွင်ပင်းသည် အလွန်စိတ်အေးလက်အေးနှင့် ကျန်းရီနောက်မှ လိုက်သွား၏။ ကျန်းရီက အရာအားလုံးကို တာဝန်ယူမည် မဟုတ်ပါလား။ သူမ မည်သည်ကိုမှ စိုးရိမ်နေရန် မလိုပေ။ သူမ ဤခရီးကို အပန်းဖြေခရီးတစ်ခုအဖြစ်သာ သဘောထားပေသည်။
ဟယ်နုန်ယင်းကမူ အလွန်သတိထားနေသည်။ သူမ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။ ကျန်းရီလည်း မျက်လုံးမှိတ်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ သတိရှိရှိနှင့် ပြေးသွားလိုက်သည်။
ကောင်းကင်ဘုံခုံရုံးထဲမှ မြေဆွဲအားက အားကောင်းသည်။ သို့သော် မပျံနိုင်လောက်သည်အထိတော့ မဟုတ်ပေ။ ကျန်းရီ မပျံပါ။ ထိုအစား ပြေးသာသွားသည်။ ဤနေရာနှင့် အပြင်ဘက်တွင် တူညီမှုတစ်ခု ရှိသည်။ ဤနေရာထဲ၌ ကောင်းကင်ဘုံစိတ်အာရုံများ ထုတ်လွှတ်၍ မရပေ။ မိမိ မျက်လုံးများနှင့်သာ ကြည့်ရပေသည်။
အတန်ကြာ ပြေးပြီးနောက် ယွင်ပင်း မအောင့်နိုင်တော့ဘဲ စိတ်ဝင်တစား မေးလိုက်၏။
“ကျန်းရီ... ဘာလို့ ကျွန်မတို့ ပျံမသွားကြတာလဲ။ ပျံသွားရင် အများကြီး အချိန်ကုန်သက်သာမယ် မဟုတ်လား”
ကျန်းရီ ပြန်မပြောပေ။ ဟယ်နုန်ယင်းကသာ ပြုံး၍ ရှင်းပြလိုက်သည်။
“အထက်မှာ အစီအရင်တွေ ရှိနိုင်တယ်။ ပြီးတော့ မမတို့ လေထဲမှာ ပျံသွားလိုက်ရင် စက်ရုပ်တွေ နိုးလာလောက်တယ်”
“ဉာဏ်ကောင်းတယ်”
ကျန်းရီ မျက်လုံးမဖွင့်ဘဲ လက်မထောင်လိုက်သည်။ ဟယ်နုန်ယင်း မျက်လုံးပင့်၍ နှုတ်ခမ်းစေ့လိုက်၏။ သို့သော် သူမမျက်ဝန်းထဲရှိ ဝမ်းသာမှုကို မဖုံးကွယ်နိုင်ချေ။
‘ဟူး...’
ယွင်ပင်းသည် ဟယ်နုန်ယင်း၏ မျက်ဝန်းများထဲမှ ဝမ်းသာမှုနှင့် မျက်နှာပေါ်တွင် ရှက်သွေးဖြာသွားမှုကို ကြည့်ကာ ရင်ထဲမှ သက်ပြင်းချလိုက်၏။ ကျန်းရီက ကြုံ၍ ချီးကျူးလိုက်ခြင်းဖြစ်သော်လည်း ဟယ်နုန်ယင်းမှာ ကောင်မလေးတစ်ယောက်ကဲ့သို့ ပျော်သွားပေသည်။ သူမက ကျန်းရီကို ချစ်နေကြောင်း ထင်ရှားသည်။ သို့သော် သူမ ကျန်းရီနှင့်အတူ အိုမင်းမသွားနိုင်ချေ။ သူမ၏အချစ်ကိုပင် ကျန်းရီအား မဖွင့်ဟနိုင်။
ကောင်းကင်မှာ ဟယ်နုန်ယင်း၏ အလှတရားကို မနာလိုဖြစ်နေသည်။
ယွင်ပင်း၏ စိတ်ထဲတွင် အထက်ပါစကားရပ် ထွက်ပေါ်လာ၏။ သို့သော် သူမ သူမ၏ခံစားချက်များကို လျင်မြန်စွာ ဖုံးကွယ်လိုက်သည်။ ဤရက်ပိုင်းအတွင်း ဟယ်နုန်ယင်းက သွေးပိုအန်လာသည်။ သူမ ကြာကြာ မနေရလောက်တော့ပေ။ ထို့ကြောင့် သူမ၏ နောက်ဆုံးနေ့ရက်များတွင် ပျော်ရွင်စွာနေခွင့် ပေးရပေမည်။
“သတိထား”
ကျန်းရီက ရုတ်တရက် အော်လိုက်သဖြင့် ယွင်ပင်း အတွေးပြတ်သွား၏။ သူမ ကျန်းရီ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်သည်။ သို့သော် မည်သည့်ထူးခြားမှုကိုမှ မတွေ့ရပေ။ အရှေ့ရှိ နီညိုရောင်ကျောက်တုံးများကိုသာ တွေ့သည်။ လမ်းက လျှောက်ရန် အတန်ငယ် ခက်လာခြင်းသာ။
ဟယ်နုန်ယင်း၏ အကြည့်များကမူ အလွန်စူးရှသွားသည်။ သူမသည် နီညိုရောင်ကျောက်တုံးများကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။
“အဲ့ကျောက်တုံးတွေနဲ့ ပတ်သတ်ပြီး တစ်ခုခု မှားနေတယ်။ ကျန်းရီ... ကျွန်မတို့ ကျောက်တုံးတွေကို ပတ်ရှောင်သွားသင့်လား”
“ကျွန်တော်တို့ ပတ်ရှောင်သွားလို့ မရဘူး”
ကျန်ရီ ခေါင်းခါကာ ပြောသည်။
“ဒီအထပ်ကို ကျောက်ထူတောင်ရိုးလို့ခေါ်တယ်။ ကျွန်တော်တို့ ကျောက်တုံးတွေကို တွေ့တာနဲ့ ယန္တရားတွေ၊ အစီအရင်တွေ ပွင့်လာမှာ။ တိုက်ခိုက်ဖို့ အသင့်ပြင်ထားတော့”
ဝှစ်...ဝှစ်...ဝှစ်...
အမှန်ပင် အရှေ့မှ ကျောက်တုံးများက လေထဲသို့ ပျံတက်လာ၏။ နောက်ဆုံးတွင် ယွင်ပင်း၏ အံ့ဩနေသော အကြည့်အောက်မှာပင် ကျောက်တုံးများက ပေါင်းစည်း၍ ပေတစ်ထောင်မြင့်သော ကျောက်ဘီလူးကြီးတစ်ကောင် ဖြစ်သွားလေသည်။
ပေတစ်ထောင်မြင့်သော ကျောက်ဘီဘူးကြီး၏ လက်သီးက ကျန်းရီတို့သုံးယောက်ထက် အဆများစွာ ပိုကြီးသည်။ သို့သော် သူတို့သုံးယောက် ထိတ်လန့်မသွားပါ။ သူတို့သည် မြေပေါ်တွင် ဝံ့ကြွားစွာ ရပ်၍ ကျောက်ဘီဘူးကြီးကို အဝေးမှ ကြည့်နေ၏။ ထိုမြင်ကွင်းမှာ အလွန်ပေါ်လွင်ပေသည်။
“စစ်သူကြီးယွင်.. အခြေအနေကို စောင့်ကြည့်ထားပါ။ သခင်မလေးနုန်ယင်းက ကျွန်တော့်ကို ကူညီပေးပါ... တိုက်...”
ကျန်းရီသည် အော်၍ မြေပြင်ကို ခြေတစ်ချောင်းနှင့် ကန်အားပြုကာ ကျောက်ဘီဘူးကြီးဆီသို့ ထက်ရှသောဓားတစ်စင်းအလား ပျံထွက်သွားသည်။ သူ့အောက်မှ နီညိုရောင်မြေပြင်လည်း အက်ကွဲသွားသည်။ သူသည် မီးကို တိုးသော ပိုးဖလံတစ်ကောင်ကဲ့သို့ပင်။