← Chapters

သူက တာအိုဘိုးဘေး

Vol. 65 Ch. 694

သူက တာအိုဘိုးဘေး

Vol. 65 Ch. 694

“ဟန်ကျွယ်... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ဖူရှီဟာ နွီဝါရဲ့ စကားကို အလိုလို ငြင်းပယ်မိလိုက်ပါတယ်။ ဒါပေမဲ့ သေချာတွေးကြည့်တဲ့အခါ ဟန်ကျွယ် စွမ်းအားကြီးလာတဲ့ အလျင်က ယုတ္တိမဲ့လောက်အောင် လျင်မြန်လွန်းနေပါတယ်။ သူ ဘယ်လိုမှ မခန့်မှန်းနိုင်ပါဘူး။ ဒါ့အပြင် ဖူရှီဟာ နွီဝါကို အကြွင်းမဲ့ ယုံကြည်ပါတယ်။ သူ့ညီမက ဒီလိုကိစ္စနဲ့ ပတ်သက်ပြီး ဟာသလုပ်မှာ မဟုတ်ပါဘူး။

နွီဝါဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ဒီကလေးက အသက် ၂၀၀,၀၀၀ ကျော်ပဲ ရှိသေးတယ်၊ မဟာတာအိုအဆင့်ကို ထိုးဖောက်ဖို့ ကြိုးစားနေပြီ၊ ကျွန်မအထင် သူက မသိကိန်း မဟုတ်လောက်ဘူး၊ အဲဒီအစား...”

“အဲဒီအစား ဘာဖြစ်လဲ...” ဖူရှီက မေးလိုက်ပါတယ်။ ဖူရှီကိုယ်တိုင်လည်း သူ့နားကိုယ်သူ မယုံနိုင်ပါဘူး။ ပဋိပက္ခတစ်ခုလုံးမှာ မဟာတာအိုပညာရှိက သိပ်ရှိတာ မဟုတ်ပါဘူး။ မဟာတာအို အဆင့်ကို ရောက်တာနဲ့ ဖျက်ဆီးဖို့ခက်ခဲသွားပြီး ကံတရားကနေ လွတ်မြောက်ပါပြီ။

နွီဝါက အဓိပ္ပာယ်ပါပါ မေးလိုက်ပါတယ် “ဟန်ကျွယ်က မသိကိန်းပါလို့ ဘယ်သူက ပြောတာလဲ”

“ဆရာလေ...”

“ဟုတ်တယ်၊ ဆရာ ပျောက်သွားပြီးမှ ဟန်ကျွယ်က ပေါ်လာတာ၊ ဒါတွေအကုန်လုံးက တိုက်ဆိုင်နေတယ်လို့ မထင်ဘူးလား”

နွီဝါဟာ သက်ပြင်းချလိုက်ပါတယ်။

ဖူရှီဟာ မျက်တောင်ခတ်လိုက်ပါတယ် “မင်းဆိုလိုချင်တာက ဟန်ကျွယ်က ဆရာ ပြန်ဝင်စားတာလို့ ပြောချင်တာလား”

“ဟုတ်တယ်၊ ဟန်ကျွယ်ဟာ မဟာတာအို အနန္တကပ်ဘေးကို ပြောင်းလဲနိုင်တယ်လို့သာ ဆရာက မပြောခဲ့ရင် ကျွန်မတို့တွေ ဟန်ကျွယ်ကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားပါ့မလား၊ အခု ပြန်စဉ်းစားကြည့်ရင် အဆုံးသတ် အပျက်အစီးနတ်ဘုံက ကောင်းကင်တာအိုကို အကြိမ်အများကြီး အကောက်ကြံခဲ့တယ်၊ ဒါပေမဲ့ အကြိမ်တိုင်းမှာ ကောင်းကင်တာအိုက ဟန်ကျွယ် အကူအညီနဲ့ အန္တရာယ်တိုင်းကို ကျော်ဖြတ်နိုင်ခဲ့တယ်၊ တစ်ခါတလေဆို ကိစ္စမရှိပေမဲ့ အကြိမ်တိုင်း ဖြစ်နေတာက မထူးဆန်းဘူးလား”

“ကျွန်မတို့တွေ ပိုစွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ စေလွှတ်လေလေ ဟန်ကျွယ်က ပိုပြီးတော့ စွမ်းအားကြီးလေလေပဲ၊ သူ့ရဲ့ ယုံကြည်ဖို့ မဖြစ်နိုင်တဲ့ ကျင့်ကြံမှုအလျင်ကိုပါ ထပ်ပေါင်းလိုက်ရင် ဆရာပဲ ဖြစ်လိမ့်မယ်၊ ဆရာ့ရဲ့ ကျင့်ကြံမှုက သာလွန်အဆင့်ပဲ၊ ကျွန်မတို့ မဟာတာအိုပညာရှိတွေတောင် မမြင်နိုင်ဘူး၊ အဲဒါကြောင့် ဆရာ ပြန်ဝင်စားပြီး ပြန်ကျင့်ကြံရင် ကျင့်ကြံမှုလမ်းခရီးမှာ ဘာအတားအဆီးမှ တွေ့မှာ မဟုတ်ဘူး”

နွီဝါရဲ့ စကားက ဖူရှီကို ကျောရိုးထဲ စိမ့်တက်သွားစေပါတယ်။ ဖူရှီဟာ ဟန်ကျွယ်နဲ့ တွေ့ဆုံခဲ့တာကို ပြန်တွေးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ စရိုက်က တကယ်ကို ထူးခြားတာပါ။ တောက်ပတဲ့ နတ်အလင်းရောင်နဲ့ မျက်နှာကို ဖုံးကွယ်ပြီး လျှို့ဝှက်ဆန်းကြယ်ပုံ ဖမ်းခဲ့တယ် မဟုတ်ပါလား။

တဖြည်းဖြည်း တာအိုဘိုးဘေးနဲ့ ဟန်ကျွယ်ရဲ့ ရုပ်သွင်က ဖူရှီရဲ့ စိတ်ထဲမှာ တစ်ရုပ်သွင်တည်းလို ဖြစ်လာပါတယ်။ ဖူရှီဟာ ပိုပြီးတော့ တွေးလေလေ ပိုပြီးတော့ ကြောက်လာလေလေပါပဲ။

‘တာအိုဘိုးဘေးက ငါ့အရဲ့ အစီအစဉ်တွေ အကုန်လုံးကို မြင်ပြီးသားလား...’

နွီဝါဟာ ဖူရှီကို နှစ်သိမ့်လိုက်ပါတယ် “အဲဒီလောက်ကြီး စိုးရိမ်စရာ မလိုပါဘူး၊ ဆရာ့မှာ တစ်ခုခု စိုးရိမ်စရာရှိနေတာ ဖြစ်နိုင်တယ်”

ဖူရှီရဲ့ ထိတ်လန့်နေတဲ့ မျက်နှာဟာ အနည်းငယ် သက်သာရာ ရသွားပါတယ်။

တောက်ပနေတဲ့ ဗုဒ္ဓခန်းမမှာ ကျဲ့ယင်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။

‘မဟာတာအိုပညာရှိ အဆင့်... သူက မဟာတာအိုပညာရှိတောင် မဖြစ်သေးဘူးဆိုရင် ပဋိပက္ခနတ်မင်း၊ ပုစီချီတောက်၊ ဆွမ်တိ၊ ကျောက်စိမ်းဗောဓိ၊ ခုနစ်ပါး တာအိုပညာရှိနဲ့ တခြား မဟာတာအိုပညာရှိတွေကို ကျိန်စာတိုက်နိုင်မှာ မဟုတ်ဘူး၊ ဒီတော့ သူက အမှောင်သခင်ကြီး မဖြစ်လောက်ဘူး၊ ဒါပေမဲ့ အမှောင်သခင်ကြီးနဲ့ ကျိန်းသေပေါက် ပတ်သက်နေရလိမ့်မယ်’

‘ဟန်ကျွယ်က အမှောင်သခင်ကြီး မဟုတ်ဘူးဆိုရင် သူ့ကျင့်ကြံမှုအလျင်က ယုတ္တိမရှိဘူး... သူက ဘယ်သူလဲ’

ကျဲ့ယင်ဟာ ချုံရှီလိုင် ပြောခဲ့တဲ့ ဟန်ကျွယ်က မသိကိန်းဆိုတဲ့ စကားကို အမှတ်ရသွားပါတယ်။ ဒီစကားအရဆိုရင် တာအိုဘိုးဘေးက ဟန်ကျွယ်ရဲ့ နောက်ခံကို သိနေပုံပါပဲ။ ကျဲ့ယင်ဟာ ရုတ်တရက်ဆိုသလို ကောင်းကင်တာအိုက မြူခိုးတွေ ဖုံးကွယ်နေပြီး ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးလို့ ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်နဲ့ အမှောင်သခင်ကြီး ပေါ်လာကကတည်းက မဟာတာအိုပညာရှိတွေရဲ့ ကံကြမ္မာကို တော်တော် ကြေကွဲဝမ်းနည်းဖို့ ကောင်းတာပါ။ သေရင်သေ မသေရင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရကုန်တာချည်းပါပဲ။ သူတို့အတွက် အကောင်းဆုံး အခြေအနေက အဆုံးသတ် အပျက်အစီး နတ်ဘုံကနေ မောင်းထုတ်ခံရတာပါ။

ကျဲ့ယင်ဟာ တာအိုဘိုးဘေးကို တွေးမိသွားတဲ့အခါ ရုတ်တရက် မျက်လုံး ပြူးသွားပါတယ် ‘သူက... ဟုတ်တယ်... ဒါ အဖြစ်နိုင်ဆုံးပဲ’

ဒီလိုအဆင့်ထိုးဖောက်တဲ့ အလျင်က ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ။ ပန်ကူး ပြန်မွေးဖွားလာရင်တောင် သူ့ကျင့်ကြံမှုအလျင် ဒီလောက်ထိ မြန်မှာ မဟုတ်ပါဘူး။

‘ဆရာ... ဆရာလို့ မပြောရဘူး...’ ကျဲ့ယင်ဟာ သက်ပြင်းချလိုက်ပါတယ် ‘အင်း... ငါတို့ လုပ်နေတာတွေက ဘာအဓိပ္ပာယ်မှ မရှိဘူး...’ ကျဲ့ယင်ဟာ ဝမ်းနည်းသလို ခံစားလိုက်ရပါတယ်။

တခြား မဟာတာအိုပညာရှိတွေဟာ ဟန်ကျွယ် အဆင့်ထိုးဖောက်ခါနီးပြီဆိုတာကို သိနေကြပါတယ်။ ဟန်ကျွယ်ကတော့ ဒီအကြောင်းကို မသိပါဘူး။ ပဋိပက္ခက ကြီးမားကျယ်ပြန့်တယ်ဆိုပေမဲ့ မဟာတာအိုပညာရှိ အရေအတွက်က လက်တစ်ဆုပ်စာပဲ ရှိပါတယ်။ ဒါကြောင့် မဟာတာအိုပညာရှိ တစ်ပါး မွေးဖွားလာတာက ပဋိပက္ခအတွက်တော့ ကိစ္စကြီးတစ်ခုပါ။

အတိတ်မှာတုန်းက ကွမ်းပုပိုင်ဟာ မဟာတာအိုပညာရှိတွေ ရှာတွေ့တာကို ခံလိုက်ရတဲ့အတွက် နှောင့်ယှက်ခံရပြီး မဟာတာအိုပညာရှိအဆင့်ကို မတက်လှမ်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ ပုန်းအောင်းနေတာ ဖြစ်တဲ့အတွက် မဟာတာအိုပညာရှိတွေ ပြဿနာရှာချင်ရင်တောင် ရှာလို့ မရပါဘူး။

တကယ်လို့ ရှာတွေ့သွားရင်တောင် ဟန်ကျွယ်က မကြောက်ပါဘူး။ တာအိုစက်ကွင်းရဲ့ အစီအမံ အရံအတားက မဟာတာအိုပညာရှိတွေ ထိုးဖောက်နိုင်တဲ့အရာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ရှုပြီးနောက် ခေါင်းတညိတ်ညိတ် ဖြစ်သွားပါတယ်။ ကျိန်စာ နတ်ဘီလူးနောက်ကို လိုက်နေတဲ့ နတ်ဒေါင်းအရှင်ကလွဲရင် ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေ အကုန်လုံး နီးပါး ပုံမှန် တိုးတက်နေပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ဟန်ထော်တောင် ပြဿနာမရှာပါဘူး။ သူတို့အကုန်လုံး ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်နေကြပြီး အခွင့်အရေး မျိုးစုံလည်း ရရှိခဲ့ကြပါတယ်။ အကုန်လုံး အခြေအနေ ကောင်းနေပါတယ်။

ဟန်ကျွယ်ဟာ စာအိတ်ကို ပိတ်လိုက်ပြီး ရှင်းဟုန်ရွှမ်ကို ကြည့်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်က တာအိုပညာရှိအတု အဆင့်နဲ့ တော်တော်လေး နီးကပ်နေပါပြီ။ ဟန်ကျွယ် နောက်တစ်ခါ မျက်လုံးပွင့်လာရင် အဆင့်ထိုးဖောက်နိုင်လောက်ပါတယ်။

‘ငါ့ကလေးက တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ’ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ဝမ်းကြာတိုက်ထဲက သန္ဓေသားလောင်းကို ကြည့်လိုက်ပါတယ်။ သန္ဓေသားလောင်းရဲ့ သွေးနှစ်က အင်မော်တယ်ဧကရာဇ်ကို ယှဉ်နိုင်နေပါပြီ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ငယ်လွန်းနေပါသေးတယ်။

‘ဒီကလေးလေးကို ဟန်ပုချူလို့ ခေါ်ရမယ်’ ဟန်ကျွယ်ဟာ လူဆိုးပြုံး ပြုံးလိုက်ပါတယ်။

[ပုချူသည် တရုတ်ဘာသာ၌ ထွက်မလာဟု အဓိပ္ပာယ်ရသည်။]

တကယ်တော့ ဟန်ကျွယ်က ဒီအတိုင်း တွေးလိုက်တာပါ။ သူ့အငယ်ဆုံးသားကို ဒီနာမည်မပေးပါဘူး။ ဒီနာမည်က သူ့အငယ်ဆုံးသားကိုသာမက သူ့ကိုပါ အရှက်ရစေမှာပါ။

ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ထပ်ကြည့်လိုက်ပါတယ်။ တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းပြီး မဟာတာအိုကို ဆက်လက် သုံးသပ်နားလည်ပါတယ်။

အင်မော်တယ်ကမ္ဘာ။

“ဝါး...”

ကလေးငိုသံဟာ တောအုပ်ထဲမှာ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားပါတယ်။

“ဝုန်း...”

တောအုပ်ဟာ ပြင်းထန်စွာ လှုပ်ခါသွားပြီး စိတ်ဝိညာဉ်ချီတွေဟာ အရပ်မျက်နှာတစ်ခုတည်းကို စုပြုံတိုးဝင်သွားတဲ့အတွက် လေထဲမှာ မျက်စိနဲ့ မြင်နိုင်လောက်တဲ့ လေပြင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။

အလင်းတိုင်တစ်တိုင်ဟာ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး တိမ်တိုက်တွေကို ထိုးဖောက်ကာ တောအုပ်ထဲက သစ်လုံးအိမ်လေးတစ်အိမ်အပေါ် ကျရောက်သွားပါတယ်။

သစ်လုံးအိမ်လေးရှေ့မှာ လျှော်ထည်အင်္ကျီ ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦး ရပ်နေပါတယ်။ အမျိုးသားဟာ ကောင်းကင်ပေါ်ကနေ ထိုးကျလာတဲ့ အလင်းတိုင်ကိုကြည့်ပြီး ကြောက်လန့်သွားတာကြောင့် မြေကြီးပေါ် ဖင်ထိုင်လဲကျကာ နောက်ကို အလိုလို ဆုတ်မိသွားပါတယ်။

ဒါပေမဲ့ ရုတ်တရက်ဆိုသလို အမျိုးသားဟာ တစ်စုံတစ်ခုကို တွေးမိပြီး သူ့မျက်နှာဟာ ကြောက်ရွံမှုကနေ စိုးရိမ်မှုအသွင် ပြောင်းလဲသွားပါတယ်။ အမျိုးသားဟာ လဲကျနေရာကနေ ချက်ချင်း ထရပ်ပြီး အလင်းတိုင် လွှမ်းမိုးထားတဲ့ သစ်လုံးအိမ်လေးဆီကို အပြေးသွားပါတယ်။

“မိန်းမ...”

အမျိုးသားဟာ ဝမ်းနည်းကြေကွဲစွာ မြည်တမ်းလိုက်ပါတယ်။ အမျိုးသားရဲ့ ခန္ဓာကိုယ်ဟာ အလင်းတိုင်နဲ့ ဝင်တိုက်မိတဲ့အခါ ချက်ချင်း အမှုန့်ဖြစ်သွားပါတယ်။

ကလေးငိုသံက ဆက်ပြီးတော့ ပဲ့တင်ထပ်နေတုန်းပါ။

အချိန်တစ်ခု အကြာမှာတော့ မိုးမြေစိတ်ဝိညာဉ်ချီတွေက ပြန်လည် ငြိမ်သက်သွားပါတယ်။ အလင်းတိုင်လည်း ပျောက်ကွယ်သွားသလို ကလေးငိုသံလည်း ပျောက်သွားပါတယ်။

“ကျွီ...”

သစ်လုံးအိမ်လေးရဲ့ တံခါး ပွင့်သွားပြီး အနှီးပတ်ထားတဲ့ ကလေးလေးနဲ့ မိန်းမကြီးတစ်ဦး ထွက်လာပါတယ်။ အဲဒီနောက် မိန်းမကြီးဟာ ကလေးလေးကို ကြည့်ပြီး ပျော်ရွှင်စွာ ပြုံးလိုက်ပါတယ်။

“ယောက်ျားလေး မွေးတယ် တော်ရေ... ယောက်ျားလေးတော့...”

မိန်းမကြီးဟာ သစ်လုံးအိမ် အပြင်ဘက်ကို ရောက်တဲ့အခါ ဘေးဘီဝန်းကျင်ကို ကြည့်လိုက်ပေမဲ့ ကလေးအဖေရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရတော့ပါဘူး။

မိန်းမကြီးဟာ မှင်တက်သွားပါတယ်။ မီးဖွားတုန်း ဖြစ်ပျက်ခဲ့တာတွေက တကယ်ကို အုတ်အော်သောင်းနင်း ဖြစ်စရာပါ။ သူမလည်းပဲ လန့်သွားခဲ့ပါတယ်။ မွေးကင်းစ ကလေးငယ်ရဲ့ ငိုသံက ဒီလောက်ထိ ကျယ်လောင်တာကို သူမလည်း ပထမဆုံးအကြိမ် ကြုံဖူးတာပါ။ ကလေးငိုသံကြောင့် သူမနားတောင် ကန်းလုနီးပါပဲ။

‘ကလေးအဖေက လန့်ပြီး ထွက်ပြေးသွားတာလား...’

မိန်းမကြီးဟာ အနှီးထဲက ကလေးလေးကို ငုံ့ကြည့်လိုက်တဲ့အခါ ကလေးလေးက အိပ်ပျော်သွားတာကို တွေ့လိုက်ရပါတယ်။ နီရဲတွတ်နေတဲ့ ကလေးလေးရဲ့ မျက်နှာပေါ်က အပြုံးဟာ မိန်းမကြီးရဲ့ နှလုံးသားကို လုံးဝ ပျော်ဆင်းသွားစေပါတယ်။

“အင်း... သနားစရာ ကောင်းလိုက်တဲ့ ကလေးလေး... သူ့အဖေက ဒီလောက်ထိ သူရဲဘောကြောင်ရတယ်လို့၊ ဒီနေ့အဖြစ်အပျက်တွေကို သူ လျှောက်မပြောဖို့ မျှော်လင့်ရတာပဲ”

မိန်းမကြီးဟာ စိုးရိမ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးက သာမန်မဟုတ်လို့ပါပဲ။ ဒီနေ့အဖြစ်အပျက်တွေကိုသာ လူတွေသိသွားရင် တခြားလူတွေက သူ့ကို လူထူးဆန်းလို ဝိုင်းပြီး ဆက်ဆံကြမှာပါ။ ဒီထက်ပိုဆိုးတာက နတ်ဆိုးဝင်စားတာဆိုပြီး ဝိုင်းစွပ်စွဲမှာကိုပါ။

ဒါပေမဲ့ မိန်းမကြီးဟာ ကလေးလေးက နတ်ဆိုးမဟုတ်ဘူးဆိုတာကို သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးအမေက မီးဖွားရ ခက်ခဲတဲ့အတွက် ကလေးလေး မွေးပြီးပြီးချင်း ဆုံးပါးသွားခဲ့ပေမဲ့ ကလေးလေး မျက်လုံးဖွင့်လာတဲ့အခါ ကလေးလေးရဲ့ မျက်လုံးကနေ ထွက်ပေါ်လာတဲ့ ရွှေရောင်အလင်းတန်းနှစ်ခုက ကလေးအမေရဲ့ ဒဏ်ရာတွေကို လုံးဝပျောက်ကင်းသွားစေပြီး ကလေးအမေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးခဲ့လို့ပါပဲ။

ဒါက လုံးဝကို နတ်အစွမ်းရှိတဲ့ ကလေးလေးပါ။ အင်မော်တယ်တစ်ပါး ပြန်ဝင်စားတာ ဖြစ်နိုင်ပါတယ်။ မိန်းမကြီးဟာ တွေးလေလေ ကလေးလေးကို ပိုချစ်လေလေပါပဲ။

ဒီအချိန်မှာပဲ လေပြင်းတစ်ခု ဆင်းသက်လာတဲ့အတွက် မိန်းမကြီးဟာ ထိတ်လန့်သွားပြီး အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ ချက်ချင်းဆိုသလို မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရပါတယ်။

လက်သည်းငါးခုရှိတဲ့ ရွှေရောင်နဂါးတစ်ကောင်ဟာ တိမ်ပင်လယ်ထဲကနေ ခေါင်းထိုးထွက်လာပါတယ်။ ဒီရွှေရောင်နဂါးရဲ့ မျက်လုံးတွေက တောင်တွေထက်တောင် ကြီးမားပါတယ်။ သူ့ခန္ဓာကိုယ်ကလည်း ကောင်းကင်တစ်ခုလုံးကို ပြည့်နှက်နေပါတယ်။ တစ်ချက်ကြည့်ရုံနဲ့ လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်စေမဲ့ မြင်ကွင်းပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters