မဟာတာအို အနန္တကပ်ဘေး
Vol. 65 Ch. 697
ချင်လင်းရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းပေမဲ့ စွမ်းအားကြီးလာဖို့ အဝေးကြီး လိုပါသေးတယ်။ ဟန်ကျွယ်ဟာ တစ်ခဏ စောင့်ကြည့်ပြီးတာနဲ့ ပျင်းသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းပြီး နတ်ဒေါင်းအရှင်ဆီကို အိပ်မက်ထဲကနေ သွားလည်ပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေထဲကနေ နတ်ဒေါင်းအရှင် ကျိန်စာတိုက်ခံရတာကို သိထားတဲ့အတွက် နတ်ဒေါင်းအရှင် တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်ပါတယ်။ အိပ်မက်နယ်မြေက နွေဦးဝါ အထက်မှာပါ။ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို အမှောင်သခင်ကြီးပုံရိပ်နဲ့ တွေ့ဆုံပါတယ်။
နတ်ဒေါင်းအရှင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ အမှောင်သခင်ကြီးကို တွေ့လိုက်ရတဲ့အတွက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
“မင်း ဘာဖြစ်လို့ ကျိန်စာတိုက်ခံနေရတာလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် တအံ့တဩ ဖြစ်သွားပါတယ် “သခင်ကြီးက ကျွန်တော် ကျိန်စာတိုက်ခံရတာကို အာရုံခံနိုင်တာလား...”
ဟန်ကျွယ်ဟာ ဆိတ်ဆိတ်နေပြီး အဖြေပြန်ပေးလိုက်ပါတယ်။
နတ်ဒေါင်းအရှင်ဟာ လက်ယမ်းပြီး ပြောပါတယ် “မစိုးရိမ်ပါနဲ့၊ ကျွန်တော်က ကံပုတီးကို နေရာတစ်ခုမှာထားပြီး ပိုစွမ်းအောင် လုပ်တာပါ၊ အဲဒါ ဟိုနတ်ဘီလူးစုတ်ကို အခွင့်အရေးပေးမိသလို ဖြစ်သွားတာ”
“ကျွတ်..ကျွတ်... သူက တကယ်ကို ကျိန်စာနတ်ဘီလူးပဲ၊ ဒါပေမဲ့ သူ့ကျိန်စာက အားနည်းလွန်းတယ်၊ ကံပုတီးမရှိရင်တောင် သူ ကျွန်တော်ကို သေအောင် ကျိန်စာမတိုက်နိုင်ပါဘူး”
နတ်ဒေါင်းအရှင်ဟာ ဂုဏ်ယူဝင့်ကြွားသွားပါတယ်။ အရင်တုန်းက အမင်္ဂလာနတ်ဧကရာဇ်ဆီမှာ ရှုံးနိမ့်ခဲ့တာကြောင့် နတ်ဒေါင်းအရှင်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျက်ပြားခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနှစ်တစ်သောင်းမှာ ကျိန်စာနတ်ဘီလူးကို လိုက်လံတိုက်ခိုက်ရင်း နတ်ဒေါင်းအရှင်ဟာ သူ့ကိုယ်သူ ယုံကြည်မှုတွေ ပြန်ရလာပါတယ်။
“မင်း သူ့ကို မသတ်နိုင်ဘူးလား”
“ပဋိပက္ခနတ်ဘီလူးက အဲဒီလောက် လွယ်လွယ် သတ်လို့မရဘူး၊ နောက်ပြီး ဒီကောင်က သူ့ရဲ့ ပင်မခန္ဓာကိုယ်မဟုတ်ဘူး၊ သူ အနားယူလို့မရအောင် ကျွန်တော်က တရစပ် လိုက်တိုက်နေတာ”
“ကောင်းပြီ... မင်း သူ့ကို သတ်နိုင်တဲ့ တစ်နေ့ကျရင် ငါ မင်းကို မဟာတာအိုရရှိအောင် ကူညီပေးမယ်”
နတ်ဒေါင်းအရှင်ရဲ့ မျက်လုံးတွေဟာ ဝင်းလက်သွားပါတယ် “တကယ်လား”
“တကယ်ပေါ့”
“ဒါဆို သတင်းကောင်းကိုသာ စောင့်နေတော့.. နှစ်တစ်သန်းမကလို့ နှစ်ဆယ်သန်း ကြာရင်တောင် ကျွန်တော် အဲဒီ ကျိန်စာနတ်ဘီလူးကို ရအောင် သတ်ပြမယ်၊ ရိုးရိုးသားသား ပြောရရင် ကျွန်တော်လည်း အဲဒီကောင်ကို မကြိုက်ဘူး၊ ဒီကောင်က ကလိမ်ကျလွန်းတယ်”
နတ်ဒေါင်းအရှင်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ လှည့်စားခံရသလို ခံစားလိုက်ရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ရဲ့ မကြာသေးခင်က အတွေ့အကြုံတွေကို မေးမြန်းပါတယ်။ နတ်ဒေါင်းအရှင်ဟာ ဘာကိုမှ မဖုံးကွယ်ဘဲ အကုန်လုံး ပြောပြပါတယ်။
နတ်ဒေါင်းအရှင် ကျိန်စာနတ်ဘီလူးနောက်ကို လိုက်တုန်း ကျင့်ကြံသူ အများကြီးနဲ့ လျှို့ဝှက်ဆန်းကြယ်ကမ္ဘာတွေကို ကြုံတွေ့ခဲ့ရပါတယ်။
နတ်ဒေါင်းအရှင်ဟာ ပဋိပက္ခက ထူးဆန်းစွာ ပြောင်းလဲနေတာကို ရှာတွေ့ခဲ့ပါတယ်။ လောကတွေ တစ်ခုပြီးတစ်ခု ပေါ်လာပြီး ကျင့်ကြံသူတွေဟာ တစ်ယောက်ပြီး တစ်ယောက် ပဋိပက္ခမှာ လျှောက်သွားကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းက ပဋိပက္ခဟာ သက်ရှိတွေအတွက် တားမြစ်နယ်မြေ ဖြစ်ခဲ့တာပါ။ တာအိုကိုရယူပြီးတဲ့ တည်ရှိမှုတွေကလွဲရင် လက်တစ်ဆုပ်စာ သက်ရှိတွေပဲ ပဋိပက္ခထဲ လျှောက်သွားရဲတာပါ။ နောက်ပြီး ဒီအတောအတွင်း အမင်္ဂလာ မကောင်းဆိုးဝါးတွေနဲ့ တာအိုမိစ္ဆာတွေက လိမ္မာနေပါတယ်။
အမင်္ဂလာနတ်ဧကရာဇ် ပေါ်လာတာကြောင့် နတ်ဒေါင်းအရှင်ဟာ တာအိုမိစ္ဆာတွေ အကုန်လုံးကို ထိန်းချုပ်တဲ့ ကြောက်မက်ဖွယ် တည်ရှိမှုလည်း ပေါ်လာလိမ့်မယ်လို့ ခန့်မှန်းချက် ထုတ်ခဲ့ပါတယ်။
အမင်္ဂလာ မကောင်းဆိုးဝါးနဲ့ တာအိုမိစ္ဆာတွေကိုသာ ကန့်သတ်ပြီး အမိန့်ပေး စေစားနိုင်မယ်ဆိုရင် အလွန်စွမ်းအားကြီးတဲ့ အင်အားစုနှစ်စု ဖြစ်လာမှာပါ။ အထူးသဖြင့် တာအိုမိစ္ဆာတွေပါ။ အဆုံးသတ် အပျက်အစီးနတ်ဘုံမှာ မဟာတာအိုပညာရှိတွေကို ခုခံနိုင်တဲ့ စွမ်းအားကြီး တာအိုမိစ္ဆာတွေ ရှိနေကြပါတယ်။ ဒီအဖြစ်အပျက်တွေကနေ မဟာတာအိုအနန္တကပ်ဘေး ချဉ်းကပ်လာပြီဆိုတာကို နည်းနည်းလေး ဆက်တွေးရုံနဲ့ သိနိုင်ပါတယ်။
နတ်ဒေါင်းအရှင်က မေးလိုက်ပါတယ် “မဟာတာအို အနန္တကပ်ဘေးကို သခင်ကြီး ဘယ်လိုထင်လဲ”
“ငါ ပြင်ဆင်းပြီးပြီ၊ မင်းရဲ့ တာဝန်ကိုသာ အေးဆေး ဆက်လုပ်ပါ၊ မင်း ကျိန်စာနတ်ဘီလူးကို သတ်နိုင်တာနဲ့ မဟာတာအို အနန္တကပ်ဘေးမှာ မင်းရှင်သန်နိုင်ဖို့ ငါ တာဝန်ယူတယ်”
နတ်ဒေါင်းအရှင်ဟာ သက်သာရာ ရသွားပါတယ်။
ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ အကြီးမားဆုံး အားထားရာက တာအိုစက်ကွင်းပါ။ ဟန်ကျွယ် မဟာတာအိုကို အရယူနိုင်တာနဲ့ တာအိုစက်ကွင်းက ကျိန်းသေပေါက် အဆင့်ထပ်တက်မှာပါ။ မဟာတာအို အနန္တကပ်ဘေး စတာနဲ့ ဟန်ကျွယ်ဟာ ဖိတ်ခေါ်ပညာရပ်ကို အသုံးပြုပြီး ဖိတ်ခေါ်ပညာရပ် တတ်မြောက်ထားတဲ့ တပည့်အကုန်လုံးကို အဓမ္မဆင့်ခေါ်ပြီး ကပ်ဘေးကို အတူတူ ကျော်ဖြတ်မှာပါ။
နတ်ဒေါင်းအရှင်သာ ကျိန်စာ နတ်ဘီလူးကို သတ်ဖြတ်နိုင်ခဲ့ရင် ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကိုလည်း ဖိတ်ခေါ်ပညာရပ် သင်ပေးမှာပါ။ တကယ်လို့ နတ်ဒေါင်းအရှင်က ကျိန်စာနတ်ဘီလူးကို မသတ်ဖြတ်နိုင်ခဲ့ဘူးဆိုရင်တော့ ဟန်ကျွယ်က ဒီအတိုင်း လက်ပိုက်ကြည့်နေမှာပါ။
တာအိုဘုံကျောင်း။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။
“မဟာတာအို အနန္တကပ်ဘေး ရောက်လာဖို့ အချိန် ဘယ်လောက်လိုသေးလဲ”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ကျွတ်..ကျွတ်... တာအိုဖန်တီးရှင် တန်ဖိုးပါလား...’
ဆက်တွက်မယ်။
[ပြောင်းလဲမှု ကြီးကြီးမားမား မရှိလျှင် ၂၃ ဘီလီယံခန့်၌ မဟာတာအို အနန္တကပ်ဘေး ရောက်ရှိလာလိမ့်မည်။
ကံကောင်းထောက်မစွာပဲ မဟာတာအို အနန္တကပ်ဘေး ရောက်လာဖို့က အဝေးကြီးလိုပါသေးတယ်။ ဒါပေမဲ့ ပြောင်းလဲမှု အကြီးကြီးတွေဖြစ်ရင် မဟာတာအို အနန္တကပ်ဘေးက စောရောက်လာနိုင်ပါတယ်။
ဟန်ကျွယ်ဟာ စိတ်မချရဘူးလို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။ ကောင်းကင်တာအို အနန္တကပ်ဘေးကလည်း ရှေ့ကို အများကြီးစောပြီး ရောက်လာခဲ့တယ် မဟုတ်ပါလား။
‘ပြောင်းလဲမှုကြီးကြီးဆိုတာ ငါ့ကို ရည်ညွှန်းတာများလား...’ ဟန်ကျွယ်ဟာ နိုးနိုးကြားကြား ဖြစ်သွားပါတယ် ‘ဒီအတိုင်းဆို ငါ ပဋိပက္ခရဲ့ အခြေအနေတွေကို လျှောက်ပြောင်းလို့ မဖြစ်တော့ဘူး’
“မဟာတာအို အနန္တကပ်ဘေးရဲ့ ပထမဆုံးတိုက်ပွဲ ဘာနဲ့တူလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို ထပ်မေးလိုက်ပါတယ်။
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲကို ဝင်ရောက်သွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ သူဟာ ဟင်းလင်းပြင်ထဲမှာ ရပ်နေတာကို ရှာတွေ့သွားပါတယ်။ မရေမတွက်နိုင်တဲ့ ဥက္ခာခဲတွေဟာ မှောင်မိုက်တဲ့ ပတ်ဝန်းကျင် အာကာသမှာ ပေါလော မျောနေပါတယ်။ ဥက္ကာခဲတွေဟာ အစီအရီမရှိဘဲ လုံးဝကို ပြန့်ကျဲနေတာ ဖြစ်ပါတယ်။ ရှေ့မှာရှိနေတဲ့ ကြီးမားတဲ့ အလင်းရောင်ကတော့ အမှောင်ထုကို တွန်းကန် ဖယ်ရှားနေပါတယ်။
ဟန်ကျွယ်ဟာ မျက်စိကျဉ်းပြီး သေချာကြည့်လိုက်တဲ့အခါ အလင်းရောင်ထဲမှာရှိနေတဲ့ ဧရာမခေါင်းကြီးတစ်ခေါင်းကို သွားတွေ့ပါတယ်။ ဟန်ကျွယ်ဟာ ဒီခေါင်းကြီးရဲ့ အသေးစိတ်ကို မမြင်နိုင်ပါဘူး။ ဆံပင်တွေက နဂါးတွေလို လူးလွန့်နေတာကို မြင်နိုင်ပါတယ်။
တော်တော်ကို ကြီးမားတဲ့ခေါင်းပါ။ ဟန်ကျွယ်ရဲ့ ခန့်မှန်းချက်အရ ဒီခေါင်းဟာ ကောင်းကင်တာအို တစ်ခုလုံးထက်တောင် ပိုကြီးပါတယ်။ အလွန်တရာ ဝေးကွာနေတာတောင် ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဘယ်လောက် သေးငယ်တယ်ဆိုတာကို ခံစားနိုင်နေတုန်းပါပဲ။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ အလွန်အားကောင်းတဲ့ ရောင်ဝါတစ်ခု နောက်ဘက်ကနေ လာနေတာကို ခံစားမိလိုက်ပါတယ်။ ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါ နက်ရှိုင်းတဲ့ အမှောင်ထုထဲမှာ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာတာကို မြင်တွေ့လိုက်ရပါတယ်။ တကယ်တော့ ဒီရွှေရောင်အလင်းတန်းက လက်သည်းငါးခုရှိတဲ့ ရွှေရောင်နဂါးတစ်ကောင်ပါ။ ဒီရွှေရောင်နဂါးရဲ့ ခန္ဓာကိုယ်ဟာ ပေပေါင်းဘီလီယံချီ ရှည်လျားပြီး လူးလွန့်ပျံသန်းတာကြောင့် ကြီးမားကျယ်ပြောတဲ့ လှိုင်းတွေ ဖြစ်ပေါ်လာစေပါတယ်။
ရွှေရောင်နဂါးရဲ့ ခေါင်းပေါ်မှာတော့ ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်တဲ့ ရုပ်သွင်တစ်ခု မတ်တတ်ရပ်နေပါတယ်။ ဒီရုပ်သွင်ဟာ ရွှေရောင်စစ်လှံကို ကိုင်စွဲပြီး ငွေရောင်ချိန်းကြိုး သံချပ်ကာကို ဝတ်ဆင်ထားပါတယ်။ သူ့ခေါင်းထက်မှာလည်း နဂါးခေါင်းပုံစံရှိတဲ့ ကျောက်စိမ်းသရဖူကို ဆင်မြန်းထားပြီး အလွန်တန်ခိုးကြီးမားပုံ ရှိနေပါတယ်။
‘ဟင်... ဒါက ဟန်ယွီရဲ့တပည့် ချင်လင်း မဟုတ်ဘူးလား... ဒီကောင်လေးက မဟာတာအိုအနန္တကပ်ဘေးရဲ့ ပထမဆုံး တိုက်ပွဲကို တိုက်ခိုက်မှာလား...’
ရွှေရောင်နဂါးနားမှာ ရုပ်သွင်တွေ တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။ ရုပ်သွင်အကုန်လုံးဟာ စွမ်းအားကြီး ရောင်ဝါတွေ ထုတ်လွှတ်နေပါတယ်။ သူတို့ထဲက အားအနည်းဆုံးတောင် ကောင်းကင်ဘဝဂ် အဆင့် ရှိပါတယ်။
ချင်လင်းရဲ့ မျက်ခုံးကြားမှာ ဒေါင်လိုက် မျက်လုံးတစ်လုံး ပွင့်လာပြီး မျက်လုံးသုံးလုံးစလုံး နီရဲသွားပါတယ်။ ချင်လင်းဟာ ဧရာမခေါင်းကြီးကို ဝါးစားမတတ် စိုက်ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်ပါတယ် “ကောင်းကင်တာအိုသားတို့... ပဋိပက္ခနတ်မင်းတွေက ကောင်းကင်တာအိုရဲ့ တည်ရှိမှုကို လက်မခံနိုင်ဘဲ ဖျက်ဆီးခဲ့တယ်၊ ဒီနေ့ ငါတို့က အဲဒီပဋိပက္ခနတ်မင်းတွေကို သတ်ဖြတ်ပြီး ကောင်းကင်တာအိုအတွက် လက်စားချေမယ်”
“သူတို့က ပဋိပက္ခနတ်မင်းတွေ ဖြစ်နေတော့ရော ဘာလုပ်ရမှာလဲ... သူတို့ခေတ်က ကုန်သွားပြီ၊ လောကဦးပဋိပက္ခရဲ့ စွမ်းအားကို ဘယ်သူမှ ဟန့်တားလို့ မရဘူး”
“ငါတို့တွေ အတူတူ သတ်ဖြတ်ကြမယ်”
လက်သည်းငါးခုပါတဲ့ ရွှေရောင်နဂါးဟာ ဒေါသတကြီး ဟိန်းဟောက်ပြီး ဧရာမခေါင်းဆီ ပျံသန်းသွားပါတယ်။ ရွှေရောင်နဂါးရဲ့အလျင်က လျင်မြန်လွန်းတာကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပဲ ဟန်ကျွယ်ကို ကျော်တက်သွားပါတယ်။
‘တော်တော် ပြင်းထန်တဲ့ ရောင်ဝါပဲ...’
ဟန်ကျွယ်ဟာ ချင်လင်းက မဟာတာအိုပညာရှိအဆင့်ကို ကျော်လွန်သွားပြီးလို့ ခံစားလိုက်ရပါတယ်။ ချင်လင်းစီးထားတဲ့ လက်သည်းငါးခု ရွှေရောင်နဂါးတောင် အတော်လေးကို စွမ်းအားကြီးမားပါတယ်။ အပြောကျယ်လှတဲ့ အလင်းရောင်ထဲက ဧရာမခေါင်းကြီးဟာ ရုတ်တရက် မျက်လုံးတွေ ပွင့်လာပါတယ်။ အလွန်ကြီးမားတဲ့ မျက်လုံးတစ်စုံရဲ့ မျက်ဆံတွေဟာ ထိုက်ချီပုံရိပ်တွေနဲ့ ပြည့်နေပါတယ်။
“ဟမ်... ကောင်းကင်တာအိုကများ ပဋိပက္ခကို ဖျက်ဆီးရဲတယ်တဲ့လား... အရင်တုန်းက ပန်ကူးတောင် မလုပ်နိုင်ခဲ့ဘူး၊ မင်းက ဘာမို့လို့လဲ...” အလွန်အေးစက်တဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ ဒီအသံကို ကြားရတဲ့အခါမှာ ခေါင်းမူးသွားပါတယ်။ သူ့နောက်က ကောင်ကင်တာအို ကျင့်ကြံသူတွေကတော့ ယိမ်းထိုးကုန်ပြီး ရပ်တန့်သွားကြပါတယ်။
ချင်လင်းဟာ လက်သည်းငါးခုပါ ရွှေရောင်နဂါးကို စီးရင်း စစ်လှံကို ဝှေ့ယမ်းလိုက်တဲ့အခါ နက်မှောင်တဲ့ အာကာသ အက်ကြောင်းတစ်ခု ပေါ်လာပြီး လျင်မြန်စွာ ကျယ်ပြန်လာကာ ပဋိပက္ခနတ်မင်းနဲ့ ဝင်တိုက်ပါတယ်။
ပဋိပက္ခနတ်မင်းရဲ့ မျက်လုံးတွေဟာ ရုတ်တရက်ဆိုသလို အလွန်ကြီးမားတဲ့ ဝဲကတော့နှစ်ခုအသွင် ပြောင်းလဲသွားပြီး နက်မှောင်တဲ့ အက်ကြောင်းကြီးကို စုပ်ယူလိုက်ပါတယ်။
‘ဒီကောင်က အာကာသကိုတောင် စုပ်ယူနိုင်တာလား...’
ချင်လင်းဟာ စစ်လှံကို ထပ်မံ ဝှေ့ယမ်းလိုက်ပါတယ်။ ချင်လင်းရဲ့ ကြွက်သားတွေဟာ တင်းမာလာပါတယ်။ ချင်လင်းရဲ့ ရုပ်သွင်ကို ကြည့်ရုံနဲ့တင် ပေါက်ကွဲထွက်လာတဲ့ စွမ်းအားကို ခံစားနိုင်ပါတယ်။
“ဝုန်း...”
ဟင်းလင်းပြင်တစ်ခုလုံး ကွဲကြေပြီး ဟင်းလင်းပြင်နေရာကို ခရမ်းရောင် အာကာသ အစားထိုး ဝင်ရောက်လာပါတယ်။ အတောမသတ်နိုင်တဲ့ ခရမ်းရောင်မြူခိုးတွေ ထိုးထွက်လာပြီး ပဋိပက္ခနတ်မင်းကို ဆွဲနှစ်လိုက်ပါတယ်။
“နိုးထလော့...”
ဟန်ကျွယ်ရဲ့ နောက်ကနေ အသံတစ်သံ ထွက်ပေါ်လာပါတယ်။ ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါ မူးမေ့လဲကျနေတဲ့ ကောင်းကင်တာအို ကျင့်ကြံသူတွေအကုန်လုံး နိုးထလာကြပါတယ်။ စကားလုံးနဲ့ ဖော်ပြလို့မရအောင် တန်ခိုးစွမ်းအားကြီး ကြီးမားလှတဲ့ ရုပ်သွင်တစ်ခုဟာ သူတို့နောက်မှာ ပေါ်လာပါတယ်။ သူတို့ရဲ့ နောက်မှာ အလွန်ကြောက်ဖို့ကောင်းတဲ့ ရုပ်သွင်တွေ မတ်မတ် နေကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် ရှင်းရှင်းလင်းလင်း မမြင်ခင်ရမှာပဲ ပုံရိပ်ယောင်ဟာ ကွဲကြေသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။