လောကနံပါတ်တစ်
Vol. 65 Ch. 698
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ နှလုံးသားဟာ တဒိတ်ဒိတ် ခုန်နေတုန်းပါ။
‘နောက်ရောက်လာမဲ့ မဟာတာအို အနန္တကပ်ဘေးက ဒီလောက်တောင် ကြောက်ဖို့ ကောင်းတာလား... ချင်လင်းရဲ့ သာမန်လှံချက်က အမှောင်တားမြစ်နယ်မြေကို တစ်ခါတည်း ဖျက်ဆီးပစ်လိုက်တယ်... ငါ့မျက်လုံးနဲ့သာ မမြင်ရရင် ချဲ့ကားပြောတယ်လို့ ထင်မိမှာပဲ... တော်သေးတယ်၊ မဟာတာအို အနန္တကပ်ဘေး ရောက်လာဖို့က ဘီလီယံ ၂၀ ကျော် လိုသေးလို့... ဒါနဲ့ နောက်ဆုံးမှာ ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ် ရုပ်သွင်က ဘယ်သူများလား...’
‘သူက ချင်လင်းနဲ့ တစ်ဖက်တည်းဆိုတော့ ငါ များလား...’
ဟန်ကျွယ် ဒီလိုတွေးတာက အဲဒီရုပ်သွင်ရဲ့နောက်မှာ အရိပ်အများကြီးကို တွေ့လိုက်ရလို့ပါ။ အရိပ်တွေ အကုန်လုံးက တော်တော်ကြောက်ဖို့ ကောင်းပါတယ်။ ဒီအရိပ်တွေက သူ့ရဲ့ မဟာညီညွတ်မှုရုပ်သွင်နဲ့ တော်တော်လေး ဆင်တူပါတယ်။
ဒါ့အပြင် ချင်လင်း ပြောတဲ့ စကားထဲမှာ လောကဦးပဋိပက္ခဆိုတာ ပါပါတယ်။ လောကဦး နတ်ဘီလူး လောကဦးကမ္ဘာကို ပြန်တည်ထောင်တာက ပုံမှန်ပဲ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ သူ့စိတ်အခြေအနေကို ပြုပြင်လိုက်ပါတယ်။
‘အနာဂတ်က တော်တော် ကြောက်ဖို့ကောင်းတာပဲ၊ ငါ ဒီအတိုင်း ဆက်ပြီးတော့ ကျင့်ကြံရမယ်၊ အေးအေးဆေးဆေးနေလို့ မဖြစ်ဘူး’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အစွမ်းအထက်ဆုံး နေရာမှာ ရှိနေမှပဲ အေးဆေးနေနိုင်မှာပါ။ အစွမ်းအထက်ဆုံး ဖြစ်တာနဲ့ ဟန်ကျွယ်ဟာ ဘဝကို ပျော်ပျော်ကြီး နေထိုင်မှာပါ။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး မဟာတာအိုကို ဆက်ပြီးတော့ သုံးသပ် နားလည်ပါတယ်။
ဘာတွေပဲဖြစ်ဖြစ် ကျိန်းသေတာတစ်ခုကတော့ ရှိပါတယ်။ နောက်နှစ်ပေါင်း ဘီလီယံ ၂၀ ကြာရင်တောင် မဟာတာအိုပညာရှိ အရေအတွက်က လက်တစ်ဆုပ်စာပဲ ရှိနေဦးမှာပါ။ ချင်လင်းနောက်လိုက်တဲ့ ကောင်းကင်တာအို ကျင့်ကြံသူတွေထဲမှာ မဟာတာအိုပညာရှိ တစ်ပါးမှ မရှိပါဘူး။ လွတ်လပ်တာအိုပညာရှိ တစ်ပါးနဲ့ ကောင်းကင်တာအိုပညာရှိ အပါး ၂၀ ပဲ ရှိပါတယ်။
နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါက ပဋိပက္ခနတ်မင်းတွေဟာ ကောင်းကင်တာအိုကို ဖျက်ဆီးပြီး ကောင်းကင်တာအိုရဲ့ မဟာတာအိုပညာရှိတွေ အကုန်လုံးကို သတ်ပစ်လိုက်တာပါ။
ဟန်ကျွယ် နောက်ထပ် ရင်ဆိုင်ရမဲ့ ရန်သူတော်ကြီးကတော့ ပဋိပက္ခနတ်မင်းတွေပါ။
ပုကျိုးနတ်တောင်။
တောင်ထိပ်က တာအိုဘုံကျောင်းတစ်ကျောင်းရှေ့မှာ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားတဲ့ ချင်လင်းဟာ ချောက်ကမ်းပါးစွန်းမှာထိုင်ပြီး မိုးမြေတစ်ခွင်မှာရှိတဲ့ ရှန်တျန်ချီကို စုပ်ယူပါတယ်။
ဟန်ယွီဟာ တာအိုဘုံကျောင်းထဲက ထွက်လာပြီး ချင်လင်းရှိရာကို လျှောက်သွားပါတယ်။
ချင်လင်းဟာ မျက်လုံးပွင့်လာပြီး မော့ကြည့်လိုက်ပါတယ် “ဆရာဘိုးဘိုး...”
ချင်လင်းဟာ ဟန်ယွီကို အရမ်းလေးစားပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ချင်လင်းဟာ ဟန်ယွီကို မိသားစုလို ဆက်ဆံလာပါပြီ။ ပုံမှန်ဆိုရင် သူ့ဆရာသခင် တျန်ယုံက သူ့ကို ဂရုမစိုက်ပါဘူး။ သူ့ဆရာဘိုးဘိုးပဲ သူ့ကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်ပေးတာပါ။
ဟန်ယွီဟာ လက်ဆန့်ထုတ်ပြီး ချင်လင်းခေါင်းကို ပွတ်သပ်ကာ ပြုံးလိုက်ပါတယ် “မသိမသာနဲ့ မင်းတောင် အင်မော်တယ်ဧကရာဇ် ဖြစ်လာပြီ၊ လူသားမျိုးနွယ်စုက ပြည်ထောင်တစ်သောင်း ဂါရဝပြုပွဲကို ကျင်းပလိမ့်မယ်၊ အဲဒီမှာ လူသားဧကရာဇ်က တိုင်းပြည်အသီးသီးရဲ့ ပါရမီရှင်တွေ လက်ရည်စမ်းနိုင်အောင် စီစဉ်ပေးလိမ့်မယ်၊ ငါတို့ကလည်း လူသားဧကရာဇ်ဘက်က အင်အားစုတစ်စုအနေနဲ့ ဒီပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တပည့်တွေ စေလွှတ်ရလိမ့်မယ်၊ ဒါက မင်းနာမည်ကျော်ဖို့ အခွင့်ကောင်းပဲ၊ မင်း ဒီပွဲမှာ ပါဝင်ယှဉ်ပြိုင်ချင်လား...”
ဒီစကားကြောင့် ချင်လင်းဟာ မတ်တတ်ရပ်ပြီး လက်သီးဆုပ်လိုက်ပါတယ် “ကျွန်တော် သွားမယ်၊ ဆရာဘိုးဘိုး... ကျွန်တော်တို့ ဘယ်တော့ သွားကြမလဲ”
ချင်လင်းရဲ့အသံဟာ စိတ်လှုပ်ရှားနေပါတယ်။ ချင်လင်းဟာ နေ့တိုင်း ကျင့်ကြံအားထုတ်ရတာကို ငြီးငွေ့နေပါပြီ။ ချင်လင်းဟာ အမြဲတမ်း တခြားလူတွေနဲ့ လက်ရည်စမ်းချင်နေခဲ့တာပါ။ ဒါပေမဲ့ ပုကျိုးနတ်တောင်မှာရှိတဲ့ သက်ရှိတွေက တိတ်တဆိတ် ကျင့်ကြံသူတွေမလို့ ဟန်ယွီဟာ ချင်လင်းကို လုံးဝ ပြဿနာရှာခွင့် မပြုပါဘူး။
ဟန်ယွီဟာ ပြုံးလိုက်ပါတယ် “အလျင်မလိုပါနဲ့၊ ငါ မင်းကို ဆန်းကြယ်စွမ်းအား တချို့ အရင်ဆုံး သင်ပေးမယ်”
ချင်လင်းဟာ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပါတယ်။
ကောင်းကင်တာအိုမျိုးနွယ်စုဖြစ်တဲ့ လူသားမျိုးနွယ်စုက ပြည်ထောင်တစ်သောင်း ဂါရဝပြုပွဲကို ကျင်းပတော့မှာပါ။ ဒီကိစ္စက အင်မော်တယ်ကမ္ဘာမှာ အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။ တခြားမျိုးနွယ်စုနဲ့ ကံတရား အထောက်အပံ့ဂိုဏ်း အသီးသီးက ပါရမီရှင်တွေဟာ လူသားမျိုးနွယ်စု ပြည်ထောင်အသီးသီးရဲ့ စည်းရုံးသိမ်းသွင်းတာကို ခံရပြီး ဒီပွဲတော်မှာ ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြပါတယ်။
ဒါက ပါရမီရှင်တွေရဲ့ခေတ်ပါ။ အရည်အချင်းရှိသူ အကုန်လုံးဟာ စိတ်ဓာတ်တက်ကြွပြီး မာနကြီးကြပါတယ်။ သူတို့အကုန်လုံးဟာ ဒီလိုအခွင့်အရေးမျိုကို စောင့်ဆိုင်းနေကြတာပါ။ ဘယ်သူကများ ကောင်းကင်တာအိုရဲ့ နံပါတစ် ပါရမီရှင် မဖြစ်ချင်မှာလဲ။
ဒီပြည်ထောင်တစ်သောင်း ဂါရဝပြုပွဲက ကောင်းကင်တာအိုထဲမှာ နံပါတ်တစ် ပါရမီရှင်ကို ထုတ်ပေးချင်မှ ထုတ်ပေးနိုင်မှာပါ။ ဒါပေမဲ့ ဒီပွဲတော်မှာ နံပါတ်တစ်ရတဲ့ ပါရမီရှင်က ကောင်းကင်တာအို နံပါတ်တစ် ပါရမီရှင်နေရာနဲ့ သိပ်ဝေးမှာတော့ မဟုတ်ပါဘူး။
အချိန်တစ်ခုအတွင်း အင်မော်တယ်ကမ္ဘာဟာ ပြောင်းလဲသွားပါတယ်။
“ဝုန်း...”
လျှပ်စီးတွေ ရောယှက်ပြီး အမှောင်ထုထဲမှာ အနီရောင်မြူခိုးတွေ ထိုးထွက်လာပါတယ်။
ပန်ရှင်းဟာ ယဇ်ပလ္လင်တစ်ခုအပေါ်မှာ ဒူးထောက်နေပါတယ်။ အရပ်လေးမျက်နှာမှာ အလွန်ကြီးမားတဲ့ တိုင်ကြီးလေးတိုင် ရှိနေပြီး တိုင်ကြီးတွေပေါ်မှာ နတ်ဘီလူးတွေရဲ့ ထူးဆန်းတဲ့ ရုပ်သွင်တွေကို ကြောက်မက်ဖွယ်ရာ ထွင်းထုထားပါတယ်။
ပန်ရှင်းရဲ့ရှေ့မှာတော့ ဧရာမ ခရမ်းရောင် သလင်းကျောက်တစ်ခု ရှိနေပြီး တိတ်တဆိတ် လည်ပတ်ကာ လေထဲ ပေါလောမျောနေပါတယ်။
“ဒါဆို မင်း ကောင်းကင်တာအိုကို မထိန်းချုပ်နိုင်သေးဘူးပေါ့” ကျယ်ပြောတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။
ပန်ရှင်းဟာ ဇီးရွက်လောက်ရှိတဲ့ မျက်နှာနဲ့ ခေါင်းငုံ့လိုက်ပါတယ် “တောင်းပန်ပါတယ်၊ ကောင်းကင်တာအိုရဲ့ အခြေအနေက အရမ်းရှုပ်ထွေးတယ်၊ တာအိုပညာရှိတွေရဲ့ အမြစ်က တော်တော်နက်တယ်၊ သူတို့ကို ထိန်းချုပ်ဖို့က တော်တော်ခက်တယ်”
ပန်ရှင်းဟာ တာအိုပညာရှိတွေထက် စွမ်းအားပိုကြီးပေမဲ့ ကောင်းကင်တာအိုထဲမှာ တာအိုပညာရှိတွေကို မသတ်နိုင်ပါဘူး။ ဒီအကြောင်းကြောင့်လည်း ကောင်းကင်တာအိုပညာရှိတွေက ပန်ရှင်းကို လုံးဝ မကြောက်တာပါ။
ပန်ရှင်းကို စိတ်ဓာတ်အကျစေဆုံးက ကောင်းကင်တာအို ပညာရှိတွေဟာ ကောင်းကင်တာအိုထဲကနေ ထွက်ခဲတာပါ။ သူ့ကို တမင် သတိထားနေသလိုပါပဲ။
ကျယ်ပြောတဲ့အသံက ပြောလိုက်ပါတယ် “ထားလိုက်တော့... ကောင်းကင်တာအိုက တာအိုဘိုးဘေး အချိန်အကြာကြီး စီမံအုပ်ချုပ်ခဲ့တဲ့ တာအိုဂိုဏ်းရဲ့ အုတ်မြစ်ပဲ၊ အဲဒါက မင်းပြောင်းချင်တိုင်း ပြောင်းလဲလို့ရတဲ့အရာ မဟုတ်ဘူး၊ ပဋိပက္ခ ကောင်းကင်လမ်းက မဆိုးဘူး၊ ဒီလမ်းက အခုနေ အသုံးမဝင်သေးပေမဲ့ ကောင်းကင်တာအိုထဲက သက်ရှိတွေ ဆက်ပြီးတော့ အင်အားမကြီးလာနိုင်တော့တဲ့ အချိန်ကျရင် သူတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာလိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်း သူတို့ကို ကာကွယ်ပြီး ကြီးထွားခိုင်းလိုက်၊ တဖြည်းဖြည်းနဲ့ မင်းရဲ့ အဆက်အသွယ်တွေ ကျယ်ပြန့်လာလိမ့်မယ်”
“ကောင်းပါပြီ” အဲဒီနောက် ပန်ရှင်းဟာ ဂရုတစိုက် ပြောလိုက်ပါတယ် “ကျွန်တော် မဟာတာအိုကို ရယူချင်တယ်၊ ဒါပေမဲ့ ပန်ကူးနတ်ဘုရားရဲ့ အမွေအနှစ်တစ်ခုတည်းနဲ့ မလုံလောက်ဘူး”
ပန်ကူးဟာ မတုံးပါဘူး။ တာအိုပညာရှိတွေကို အကြံအစည်နဲ့ အနိုင်မယူနိုင်တဲ့အတွက် ကျင့်ကြံမှုကို တိုးမြှင့်ပြီး အနိုင်ယူဖို့ ကြိုးစားတာပါ။ ပန်ကူးဟာ လွတ်လပ်မှု လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ မဟာတာအိုကို ဘယ်လိုရယူရမလဲဆိုတာ အခုထိ သဲလွန်စတောင် မရှိသေးပါဘူး။ ပန်ကူးရဲ့ အမွေအနှစ်ထဲမှာလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး မှတ်တမ်းမှတ်ရာ တစ်ခုတလေတောင် မရှိပါဘူး။
ကျယ်ပြောတဲ့အသံက ပြန်ဖြေလိုက်ပါတယ် “မင်းရဲ့ အုတ်မြစ်က မလုံလောက်သေးဘူး၊ အခုတော့ စောင့်ဦး၊ အရင်ဆုံး မင်းရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို အားကောင်းလာအောင် ကြိးစားချည်”
ပန်ရှင်းဟာ မျက်မှောင်ကြုတ်သွားပြီး လက်လျှော့လိုက်ရပါတယ်။
“ပဋိပက္ခနက်ထဲမှာ ပါရမီရှင်တစ်ပါး ပေါ်လာပါတယ်၊ သူက ပဋိပက္ခနတ်ဘီလူး မဟုတ်ပေမဲ့ ပဋိပက္ခ နတ်ဘီလူး ဖြစ်လာဖို့ အရည်အချင်း ရှိတယ်၊ မင်း သူ့ကို လက်ခံပြီး ပဋိပက္ခ ကောင်းကင်လမ်းရဲ့ တခြားတစ်ဖက်ကို စောင့်ကြပ်ခိုင်းချည်”
ပန်ရှင်းက တအံ့တဩ ပြန်မေးလိုက်ပါတယ် “သူက ပဋိပက္ခ နတ်ဘီလူး မဟုတ်ရင် ပဋိပက္ခ နတ်ဘီလူးကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ”
“ရှိပြီးသား အယူအဆတွေရဲ့ နှောင်ဖွဲ့တာကို မခံနဲ့၊ ပဋိပက္ခ နတ်ဘီလူးတွေက ပဋိပက္ခကနေ မွေးဖွားလာတာ၊ အချိန်ကြာတာနဲ့ ခေတ်တွေက တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲသွားတယ်၊ အတိတ်ကို ဖိနှိပ်နိုင်တဲ့ အရည်အချင်း ပိုင်ရှင်တွေ ကျိန်းသေပေါက် ထွက်ပေါ်လာမှာပဲ၊ မဟုတ်ရင် ပဋိပက္ခက ဘယ်လိုလုပ်ပြီး ဆက်တည်ရှိနိုင်မှာလဲ၊ ပန်ကူး စပေါ်ကတုန်းကလည်း ပဋိပက္ခနတ်မင်းတွေက ပန်ကူးကို အမြင့်ကြီး တွေးကြတာ မဟုတ်ဘူး”
“ဘယ်သက်ရှိရဲ့ အရည်အချင်းမဆို ခန့်မှန်းလို့ရတာ မဟုတ်ဘူး၊ ပဋိပက္ခ မပြောနဲ့၊ ကောင်းကင်တာအိုက မွေးဖွားလာတဲ့ သက်ရှိတွေတောင် တစ်မူထူးခြားတဲ့ အရည်အချင်းတွေရှိတယ်၊ ငါနဲ့ ဟန်ကျွယ်ကိုပဲ ကြည့်...”
ပန်ရှင်းဟာ တွေးတွေးဆဆ ဖြစ်သွားပါတယ်။
ခရမ်းရောင် သလင်းကျောက်ကနေ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပန်ရှင်းရဲ့ မျက်ခုံးကြားထဲကို ဝင်သွားပါတယ်။ ပန်ရှင်းဟာ မတ်တတ်ရပ် ဦးညွှတ်ပြီးနောက် ထွက်ခွာသွားပါတယ်။ အဲဒီနောက် ယဇ်ပလ္လင်ဟာ ပြန်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။ လျှပ်စီးတွေကတော့ ဆက်ပြီးတော့ လက်နေတုန်းပါပဲ။
အနန္တကမ္ဘာ မြင်ကွင်းကျယ်ရဲ့ ပုံရိပ်ယောင် အခန်းတစ်ခုမှာ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်ရင်းတွေဟာ စားပွဲရှည်တစ်ခုကို ပတ်လည်ဝိုင်းပြီး အကြိတ်အနယ် ဆွေးနွေးနေကြပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ရုတ်တရက် ပေါ်လာပြီး ထိုင်ခုံတစ်ခုံရှာကာ ကောက်ထိုင်လိုက်ပါတယ်။ အချိန်အကြာကြီး ဂူအောင်း ကျင့်ကြံထားတဲ့အတွက် ရှင်းဟုန်ရွှမ်ဟာ စိတ်ဖြေလျှော့ချဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ရှင်းဟုန်ရွှမ်ရဲ့ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေကို နားလည်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အနန္တကမ္ဘာမြင်ကွင်းကျယ်က တိတ်ဆိတ်ဂိုဏ်းရဲ့ သတင်းဖလှယ်တဲ့ ဗဟိုဋ္ဌာနပါ။ လီတောက်ခုံးဟာ တာအိုပညာရှိ ဖြစ်သွားပေမဲ့ ဒီနေရာကို မကြာခဏ လာပါတယ်။ တာအိုပညာရှိ ဖြစ်သွားပေမဲ့ လီတောက်ခုံးဟာ တပည့်ရင်းတွေကို နှိမ့်ချပြီး မဆက်ဆံပါဘူး။
ရှင်းဟုန်ရွှမ်ဟာ သူတို့တွေ ပြောနေကျတဲ့ ပြည်ထောင်တစ်သောင်း ဂါရဝပြုပွဲနဲ့ ပါရမီရှင် အများကြီးရဲ့ နာမည်ကို ကြားသွားပါတယ်။ ဥပမာအားဖြင့် တုကူးရှင်း၊ ရွှမ်ယွမ်ချော၊ ချင်လင်း၊ ဟွာယင်၊ ကျောက်ကျန့်နဲ့ တခြားနာမည်တွေပါ။
ရှင်းဟုန်ရွှမ်ဟာ စိတ်ဝင်တစား နားထောင်ပါတယ်။ အင်မော်တယ်ကမ္ဘာက ပိုပိုပြီးတော့ စိတ်လှုပ်ရှားဖို့ ကောင်းလာပါတယ်။ အဲဒီနောက် ရှင်းဟုန်ရွှမ်ဟာ သူ့ဝမ်းဗိုက်ကို မျှော်လင့်ချက်အပြည့်နဲ့ ပွတ်သပ်လိုက်ပါတယ်။
ငရဲကြက်နက်ဟာ ရှင်းဟုန်ရွှမ်ကို တွေ့တာနဲ့ ပြုံးပြီး မေးလိုက်ပါတယ် “သခင်လေးရဲ့ အရည်အချင်းက မွေးဖွားလာရင် ဘယ်လိုရှိမယ်လို့ ထင်လဲ”
လူတိုင်းရဲ့ အကြည့်ဟာ ရှင်းဟုန်ရွှမ်ဆီ ရောက်သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ် လူသိရှင်ကြား ကြော်ငြာထားတဲ့ တာအိုလက်တွဲဖော်ပါ။ ဒါကြောင့် တပည့်တွေဟာ ရှင်းဟုန်ရွှမ်ကို မစရဲပါဘူး။
“လောကနံပါတ်တစ်” လီတောက်ခုံးက ရေရွတ်လိုက်ပါတယ်။
လီတောက်ခုံးက မြှောက်ပြောတာ မဟုတ်ပါဘူး။ လူသားတစ်ယောက်အနေနဲ့ နှစ်ပေါင်းသောင်းချီ ပျိုးထောင်ပြီးနောက်မှာ ဒီကလေးရဲ့ သွေးနှစ်က အင်မော်တယ်အဆင့်ကို ကျော်လွန်သွားပါပြီ။ ဒါက အနန္တကပ်ဘေး သားတော်တောင် နှိုင်းယှဉ်နိုင်တဲ့အရာ မဟုတ်ပါဘူး။
တခြားတပည့်တွေကလည်း လီတောက်ခုံးရဲ့စကားကို သဘောတူကြပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ် “အရည်အချင်းကောင်းတာ ဘာလုပ်လို့ရမှာလဲ၊ မင်းတို့တွေ မင်းတို့ဆရာသခင်ရဲ့ စရိုက်ကို မသိသေးဘူးလား၊ ဒီကလေး မွေးလာရင် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ လှောင်ပိတ်ခံရပြီး အပြင်ထွက်ခွင့်ရမှာ မဟုတ်ဘူး”
ရှင်းဟုန်ရွှမ်ဟာ လီတောက်ခုံးရဲ့ စကားကို မငြင်းပါဘူး။ ရှင်းဟုန်ရွှမ်ဟာ သူမကလေးရဲ့ အရည်အချင်းကို အသိဆုံးပါ။ သူမကလေးရဲ့ ကူညီမှုကြောင့် သူမရဲ့ ကျင့်ကြံမှုက အရင်ကထက် အများကြီး တိုးတက်လာပါတယ်။ ကောင်းကင်ပေါ် ထိုးတက်သွားတယ်လို့တောင် ပြောလို့ရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။