← Chapters

မဟာတာအိုကို ရယူခြင်း

Vol. 65 Ch. 700

မဟာတာအိုကို ရယူခြင်း

Vol. 65 Ch. 700

မြူခိုးနက်ရဲ့ ဖိအားကို ရင်ဆိုင်ရပေမဲ့ ဟန်ကျွယ်ရဲ့ အန္တိမမူလ မဟာတာအိုဟာ ရပ်မနေပါဘူး။ မဟာတာအိုတံခါးကို ဆက်ပြီးတော့ တွန်းဖွင့်ပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။

[သင်သည် မဟာတာအို နတ်စိတ်ဝိညာဉ် တစ်ပါး၏ ခြိမ်းခြောက်ခြင်းကို ခံနေရသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ခေါင်းငုံ့၍ ကျိန်ဆိုပြီး ပဋိပက္ခနတ်မင်းများကို အညံ့ခံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိသည်။]

[၂။ မဟာတာအို တံခါးကို တွန်းဖွင့်ပါ။ အခက်အခဲမှန်သမျှကို ရှင်းလင်းသုတ်သင်ပြီး တာအိုအတွက် အသက်ကိုစွန့်စားပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

အချိန်အတော်ကြာအောင် ပျောက်နေခဲ့တဲ့ ရွေးချယ်မှုက ပြန်ပေါ်လာခဲ့ပါပြီ။ ဟန်ကျွယ် တာအိုကို ရရှိကတည်းက ဒီလိုရွေးချယ်မှုတွေ ပေါ်မလာသလောက်ပါပဲ။ ဒီတစ်ကြိမ်မှာတော့ စနစ်က နံပါတ်တစ်ကို မျက်နှာသာ ပေးထားပါတယ်။

ဟန်ကျွယ်ဟာ စနစ်က သူ့ကို ဆန့်ကျင်နေတယ်လို့ ခံစားလိုက်ရပါတယ်။ စနစ်က သူ မလျှောက်ချင်တဲ့ လမ်းကို အမြဲတမ်း ဆုလာဘ်တွေနဲ့ မျှားခေါ်ထုတ်ပါတယ်။

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တစ်ခါတည်း ‌ရွေးချယ်လိုက်ပါတယ်။

[သင်သည် မဟာတာအို တံခါးကို တွန်းဖွင့်ရန် ရွေးချယ်လိုက်သည့်အတွက် မဟာတာအို အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိပါသည်။]

ဒီတစ်ခုနဲ့ဆိုရင် ဟန်ကျွယ်ဆီမှာ မဟာတာအို အပိုင်းအစ ကိုးစ ထပ်ပြီးတော့ စုမိသွားပါပြီ။

ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို ဆက်ထိန်းချုပ်ပြီး မဟာတာအိုတံခါးကို တွန်းဖွင့်ပါတယ်။ ဒီအထိရောက်လာမှာတော့ ဟန်ကျွယ်ဟာ ခေါင်းမငုံ့နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ပိုပြီးတော့ စွမ်းအားကြီးချင်ရင် ဒီတံခါးကို တွန်းဖွင့်ဖို့ပဲ ရှိပါတယ်။ ဒီနေ့ ဒီအချိန်မှာ သူခေါင်းငုံ့လိုက်ရင် အနာဂတ်မှာ သူက ပဋိပက္ခနတ်မင်းတွေလက်ထဲက အရုပ်တစ်ရုပ် ဖြစ်သွားမှာပါ။

လောလောဆယ်တော့ ဟန်ကျွယ်ဟာ အလောင်းအစားပဲ လုပ်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ သူ မဟာတာအိုကို ရယူပြီးရင် တာအိုစက်ကွင်းက အဆင့်တက်သွားမယ်ဆိုတာကို အလောင်းအစား ထပ်လိုက်တာပါ။

‘ပွင့်စမ်း...’ ဟန်ကျွယ်ဟာ စိတ်ထဲကနေ အော်ဟစ်ကြုံးဝါးလိုက်ပါတယ်။

မဟာတာအိုတံခါးပေါ်က မြူခိုးနက်ဟာ ပိုပြီးတော့ ဒေါသထွက်လာပြီး ဟိန်းဟောက်လိုက်ပါတယ် “သေမျိုး... မင်းမတတ်နိုင်တဲ့ တန်ကြေးကို ပေးဆပ်ရလိမ့်မယ်”

ဟန်ကျွယ်ဟာ လုံးဝ မကြောက်ပါဘူး။ တကယ့် ပဋိပက္ခနတ်မင်းသာဆိုရင် ဟန်ကျွယ်ဟာ ကြောက်ကောင်း ကြောက်နိုင်ပါတယ်။ ဒါပေမဲ့ စနစ်ရဲ့ အသိပေးချက်အရ ဒီမြူခိုးနက်ဟာ မဟာတာအိုပညာရှိနဲ့ အဆင့်တူတဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်ပါ။ ဒါကို ကြည့်ခြင်းအားဖြင့် မြူခိုးနက်ဟာ ပဋိပက္ခနတ်မင်း နာမည်ကိုသုံးပြီး တခြားလူတွေကို ခြိမ်းခြောက်နေတယ်ဆိုတာ အရှင်းကြီးပါ။

“ဝုန်း...”

မဟာတာအိုတံခါးဟာ ဆက်တိုက် ပွင့်သွားပြီး တိုးထွက်လာတဲ့ လေပြင်းတွေဟာ ပိုအားကောင်းလာပါတယ်။

မြူခိုးနက်ကတော့ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်ဟာ ဆက်ပြောလည်း အသုံးမဝင်မှန်း သိတဲ့အတွက် ထွက်သွားတာပါ။

[မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

‘ကောင်းတယ်... ငါ ပြန်ရောက်ရင် မင်းကို ကျိန်စာတိုက်ပစ်မယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကြုံးဝါးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု တချို့ကို ထပ်ပြီးတော့ ပေါင်းစပ်လိုက်ပါတယ်။ အန္တိမမူလ မဟာတာအိုကနေ ဖြစ်ပေါ်လာတဲ့ အရိပ်နက်ဟာ လက်မြှောက်ပြီး ထပ်တွန်းလိုက်ပါတယ်။ နောက်ဆုံးမှတော့ မဟာတာအိုတံခါးဟာ လုံးဝကို ဟာလာဟင်းလင်း ပွင့်သွားပါတယ်။

တလက်လက် တောက်ပတဲ့ အလင်းရောင် ထွက်ပေါ်လာပြီး ဟန်ကျွယ်ကို ဖုံးအုပ်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ အားကောင်းတဲ့ စုပ်အားတစ်ခုကို ခံစားလိုက်ရပါတယ်။ လေကြောင်းက ပြောင်းပြန်လန်သွားပြီး အပြင်ကို မတိုက်ခိုက်တော့ဘဲ အထဲကိုပဲ တစ်ဟုန်ထိုး တိုးဝင်ပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ မဟာတာအိုတံခါးထဲကို ခြေလှမ်းဝင်လိုက်ပါတယ်။

“ဝုန်း...”

အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာမှာ မိုးကြိုးတိမ်တိုက်တွေ စုဝေးလာပြီး ကြောက်မက်ဖွယ် ကောင်းကင်တန်ခိုးဟာ ကောင်းကင်ဘုံတစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။

ကောင်းကင်ဘုံ ၃၃ ဘုံမြောက်တောင် ကောင်းကင်တန်ခိုး ဖိနှိပ်တာကို ခံရပါတယ်။ တာအိုပညာရှိတွေလည်း သူတို့ရဲ့ တာအိုစက်ကွင်းထဲကနေ ထွက်လာပြီး စကြဝဠာခန်းမရှေ့မှာ စုဝေးကြပါတယ်။

“ဘာတွေ ဖြစ်နေတာလဲ”

“တော်တော် ကြောက်ဖို့ကောင်းတဲ့ ကောင်းကင်တန်ခိုးပဲ၊ ကောင်းကင်တာအို တစ်ခုခု ဖြစ်သွားတာလား”

“တစ်ယောက်ယောက် တာအိုရသွားတာလား”

“ငါတို့တွေ တာအိုရယူတုန်းက ဒီလိုမျိုး နိမိတ်တွေ မရှိပါဘူး”

“ဒါဆိုရင် ဘာဖြစ်တာလဲ၊ မဟာတာအို အနန္တကပ်ဘေးက စောပြီး ကျရောက်တာလား”

တာအိုပညာရှိတွေဟာ ကောင်းကင်အရှင်ရွှမ်တုကို ကြည့်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက ဒီလိုကိစ္စတွေကို အသိဆုံး မဟုတ်ပါလား။

ကောင်းကင်အရှင်ရွှမ်တုဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါလည်း သေချာမသိဘူး၊ စောင့်ကြည့်ရအောင်၊ ဒီလို ကောင်းကင်တန်ခိုး ထွက်ပေါ်လာတာက ကောင်းကင်တာအိုက သူ့ကိုယ်သူ ကာကွယ်ပြီး သက်ရှိအားလုံးကို သတိပေးလိုက်တာပဲ၊ ကောင်းကင်တာအို ခန့်မှန်းနိုင်တာဆိုတော့ ကပ်ဘေး မဟုတ်လောက်ဘူး”

ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားကြောင့် တာအိုပညာရှိတွေဟာ ရင်ထဲက အလုံးကြီး ကျသွားပါတယ်။ သူတို့တွေဟာ ပဋိပက္ခက ထပ်တိုက်ခိုက်မှာကို ကြောက်နေကြတာပါ။

လွန်ခဲ့တဲ့ ကောင်းကင်တာအို ကပ်ဘေးက နှစ်သောင်းချီ ကြာခဲ့ပါပြီ။ ဒီလောက်ကြာမှပဲ တာအိုပညာရှိတွေဟာ အသက်ရှူချောင်ပြီး စိတ်အေးလက်အေး ကျင့်ကြံအားထုတ်နိုင်ခဲ့တာပါ။ တာအိုပညာရှိတွေဟာ သူတို့ထက် စွမ်းအားပိုကြီးတဲ့ ရန်သူကို ရင်မဆိုင်ချင်ပါဘူး။

တာအိုပညာရှိတွေတောင် စိုးရိမ်ပူပန်သွားတဲ့အတွက် ကျန်တဲ့သက်ရှိတွေကတော့ ပြောမနေပါနဲ့။ လက်ရှိ အင်မော်တယ်ကမ္ဘာက အရင်လိုမျိုး သီးခြားကွဲထွက်နေတာ မဟုတ်ပါဘူး။ ကပ်ဘေးမျိုးနွယ်စုရဲ့ ပေါင်းစပ်မှုကြောင့် သက်ရှိအားလုံးဟာ ပဋိပက္ခအကြောင်းကို အရင်ကထက် ပိုနားလည်နေပါပြီ။ သက်ရှိတွေဟာ ပဋိပက္ခထဲမှာ ကောင်းကင်တာအိုကို မုန်းတီးတဲ့ စွမ်းအားကြီးတည်ရှိမှုတွေ ရှိနေတာကို သိနေကြပါပြီ။

တာအိုစက်ကွင်းရဲ့ ကာကွယ်မှုကြောင့် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တိတ်ဆိတ်ဂိုဏ်းသားတွေက ဘာမှ ထူးထူးဆန်းဆန်း မခံစားရပါဘူး။

တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ကတော့ အဆင့်စတက်နေပါပြီ။

လွတ်လပ်မှု စွမ်းအားက မဟာတာအိုစွမ်းအားအဖြစ် အသွင် ပြောင်းလဲသွားပါတယ်။ ဒါက ကိုယ်တိုင်ကြုံမှသာ သိနိုင်တဲ့ အသွင်ပြောင်းလဲမှုမျိုးပါ။ လုံးဝကို အသွင်ပြောင်းလဲတာပါ။ ခန္ဓာကိုယ်ကစပြီး ဓမ္မစွမ်းအား၊ ဝိညာဉ်၊ အာရုံခြောက်ပါး စတဲ့ ဘက်ပေါင်းစုံ အသွင်ပြောင်းလဲကုန်တာပါ။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ရွှေရောင်အလင်းတန်း ဖြာထွက်သွားပြီး အနန္တကမ္ဘာက မျက်လုံးထဲမှာ လာထင်ပါတယ်။ ဟန်ကျွယ်ရဲ့ အမြင်အာရုံဟာ ပဋိပက္ခဆီကို အလွန်လျင်မြန်တဲ့အလျင်နဲ့ ရောက်ရှိသွားပါတယ်။

ဟန်ကျွယ်ဟာ ခမ်းနားထည်ဝါတဲ့ ကမ္ဘာတွေ နယ်ပယ်တွေကိုသာမက ရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာတွေ နယ်ပယ်တွေကိုလည်း တွေ့မြင်လိုက်ရပါတယ်။ ပဋိပက္ခတစ်ခွင်မှာ ခြေသလုံးအိမ်တိုင် လှည့်လည်နေတဲ့ တာအိုရှာဖွေသူတွေကိုလည်း တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ ဟန်ထောင်နဲ့ ချူရှီကို တွေ့မြင်သလို သူ့ရန်သူတွေကိုလည်း တွေ့မြင်လိုက်ရပါတယ်။

ဒါက တစ်ချက်ကြည့်လိုက်တာပါ။ ထောက်လှမ်းတာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်လိုမျိုး သာလွန်တည်ရှိမှုတစ်ခုကို တွေ့မြင်မိမှာစိုးတဲ့အတွက် သူ့အကြည့်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ပါတယ်။

၄၉ နှစ် ကြာတဲ့အခါမှာတော့...

[သင်သည် မဟာတာအိုကို အရယူနိုင်ခဲ့ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ သင့်နာမည်သည် ပဋိပက္ခကို လှုပ်ခါစေလိမ့်မည်။ ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်ပြီးသည်နှင့် ပဋိပက္ခတစ်ခွင် လှည့်လည်ပြီး နာမည်ကျော်လာအောင် လုပ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ အကောင်းစား ရတနာတစ်ပါး၊ ဆန်းကြယ်စွမ်းအားတစ်မျိုးနှင့် တာအိုစက်ကွင်းကို အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ် ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပြီး သင်၏ မူလရည်ရွယ်ချက်ကို ဆက်လက် ထိန်းသိမ်းပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် တာအိုစက်ကွင်းကို အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ် ရရှိမည်။]

ဟန်ကျွယ် မျှော်လင့်ထားသလိုပဲ တာအိုစက်ကွင်းကို အဆင့်မြှင့်လို့ ရပါပြီ။ ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။

[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် တာအိုစက်ကွင်းကို အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ် ရရှိပါသည်။]

[တာအိုစက်ကွင်းအား အဆင့်မြှင့်တင်နေပါပြီ။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘နောက်ဆုံးတော့ အဆင့်တက်သွားပြီပဲ’ ဟန်ကျွယ်ဟာ မဟာတာအို နတ်စိတ်ဝိညာဉ်ကို ငြင်းဆန်လိုက်တာ ကောင်းတယ်လို့ ခံစားရပေမဲ့ လက်စားချေမှာကိုလည်း စိုးရိမ်ပါတယ်။ အခုတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။

ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၂၆၅,၀၆၀/၁,၀၂၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]

[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]

[ကျင့်ကြံမှု: မဟာတာအို လောကဦးပဋိပက္ခ ကနဦးအဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)။]

[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]

[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]

ဟန်ကျွယ်ရဲ့ သက်တမ်းက နောက်ထပ် ဂဏန်းသုံးလုံး တိုးသွားပါတယ်။ ဒါက ခုန်ပျံကျော်လွှားပြီး သက်တမ်း တိုးသွားတာပါ။ အချိန်သာ တကယ်တည်ရှိမယ်ဆိုရင် ဟန်ကျွယ်ရဲ့ အသက်က ပဋိပက္ခနဲ့တောင် နှိုင်းယှဉ်လို့ ရနေပါပြီ။ ပဋိပက္ခထက်တောင် ကြာချင် ကြာနိုင်ပါတယ်။

ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားသွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မကြာခင်မှာပဲ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်ပါတယ်။

အဆင့်ထိုးဖောက်ပြီးနောက် ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ ဆတိုးအလျင်နဲ့ တိုးပွားလာပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်က အသွင်ပြောင်းလဲနေတုန်းပါ။ ဒီခံစားချက်က အရမ်းကို ခံစားလို့ ကောင်းပါတယ်။ လောကမှာရှိတဲ့ အဆုံးစွန်ဆုံး ပျော်ရွှင်မှုတွေထက် အများကြီး အများကြီးကို ပိုကောင်းပါတယ်။

ပဋိပက္ခ ဟင်းလင်းပြင်တစ်ခုမှာ မရေမတွက်နိုင်တဲ့ ဥက္ကာခဲတွေဟာ ဧရာမ နန်းတော်တစ်ဆောင်ကို ဝဲကတော့ပုံစံ ဝန်းရံထားပါတယ်။ ဒီနန်းတော်က မျက်နှာကျက်မရှိဘဲ ကြမ်းပြင်သာ ရှိပြီး အလွန်တရာ ကျယ်ဝန်းပါတယ်။

ရုပ်သွင်တစ်ခုဟာ ခန်းမထဲကို ဆင်းသက်လာပါတယ်။

ဒီရုပ်သွင်က ကျဲ့ယင်ပါ။

ကျဲ့ယင်ဟာ ဦးညွှတ်လိုက်ပါတယ်။ ကျဲ့ယင်ရှေ့က လှေကားထစ်တွေမှာ လေပွေလိုမျိုး အရိပ်နက်တစ်ခု ပေါ်လာပါတယ်။ ဒီအရိပ်နက်ရဲ့ ပုံစံအမှန်ကို ပြောဖို့က ခက်ပါတယ်။

“ကျက်သရေအပေါင်းနဲ့ ပြည်စုံတဲ့ နတ်ဘုရား... နတ်ဘုရားရှာနေတဲ့ ဟန်ကျွယ်က ကောင်းကင်တာအိုထဲမှာ ပုန်းအောင်းနေတာဆိုတော့ သတ်လို့မရဘူး” ကျဲ့ယင်က တလေးတစား ပြောလိုက်ပါတယ်။

အရိပ်နက်က ပြန်ပြောပါတယ် “ဒီကောင်လေးက မဟာတာအို စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ကျိန်းသေပေါက် ရှင်းလင်းပစ်ရမယ်၊ ငါ ဒီကိစ္စကို မင်းလက်ထဲ အပ်လိုက်မယ်”

ကျဲ့ယင်ဟာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပါတယ် “ကျွန်တော်တို့ဂိုဏ်းက ဆွမ်တိနဲ့ ကျောက်စိမ်းဗောဓိက အမှောင်သခင်ကြီး လက်ထဲမှာ တစ်ယောက်ပြီး တစ်ယောက် သေသွားတာ၊ ဟန်ကျွယ်က အမှောင်သခင်ကြီးနဲ့ အရမ်း ရင်းနှီးတယ်၊ နတ်ဘုရားက ဟန်ကျွယ်ကို ရှင်းချင်တယ်ဆိုရင် အမှောင်သခင်ကြီးကို အရင်ဆုံး ရှင်းသင့်တယ်၊ နတ်ဘုရား အမှောင်သခင်ကြီကို ရှင်းပစ်တဲ့အခါကျရင် ကျွန်တော် ဟန်ကျွယ်ကို တိုက်ခိုက်ပါ့မယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters