တောင်းပန်ပါတယ်
Vol. 26 Ch. 379
ပတ်ဝန်းကျင် မီးအလင်းရောင်းများက မှေးမှိန်နေပြီး လင်းဖန်နဲ့ စုရှောင်းယွီတို့သာ ရှိနေသည်။
ရှားဝမ်ချွေ့ကြောင့်သာ မဟုတ်ပါက လှပသည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာနိုင်သည်။
စုရှောင်းယွီက သူ့ကို သဘောကျသည်ဟု ပြောပြီး ပွေ့ဖက်လိမ့်မည်။
ချိုမြိန်ပြီး ပျော်စရာကောင်းသည့် ဘဝမျိုးက ထိုကဲ့သို့ ဖြစ်ရမည်။
သို့သော်လည်း လက်တွေ့ဘဝက အမြဲတမ်းတော့ ဒီလိုမဟုတ်ခဲ့ပါ။
စုရှောင်းယွီ၏ အဖြေကို လင်းဖန် စောင့်နေဆဲ ဖြစ်သည်။
စုရှောင်းယွီရဲ့ သဘောထားကို သူသိချင်သည်။
သူမ ကိုယ်တိုင် ပြောမှဖြစ်မည့် စကားတချို့ရှိသည်။ သူများတာကို ကြားမှ ယုံနိုင်ပါမည်။
စုရှောင်းယွီက မျက်လုံးလှလှလေးများကို ပင့်ကာ လင်းဖန်ကို အပြုံးဖြင့် ကြည့်လိုက်ပါသည်။ "လင်းဖန်။ နင် နားလည်မှု လွဲနေပြီထင်တယ်"
"နင် တကယ် သိချင်တယ်ဆိုရင်တော့... စိတ်မကောင်းပါဘူး။ ငါနင့်ကို သဘောမကျဘူး"
စုရှောင်းယွီ အတည်ပေါက်ပြောတာကို ကြားလိုက်မှ လင်းဖန် စိတ်အေးသွားရပါသည်။
ဘာကြောင့်မှန်းမသိဘဲ အနည်းငယ်တော့ စိတ်ပျက်သွားမိ၏။
သို့သော်လည်း ဒီလိုအဖြေကသာ ပြီးပြည့်စုံတဲ့ အဖြေတစ်ခု ဖြစ်ပါသည်။
လင်းဖန်က ပြုံးလိုက်၏။ "အင်းပါ ငါနားလည်ပါတယ်။ အဲ့တာ ကောင်းတာပေါ့"
စုရှောင်းယွီက ချိုမြိန်စွာ ပြုံးလိုက်သည်။ "ဆရာ နင်ချက်ကျွေးတာတွေကိုတော့ ကြိုက်ပါတယ်~~ ငါ့ကို မောင်းမထုတ်နဲ့နော်။ ဟုတ်ပြီလား။ နင့်ကို ပြန်မကြိုက်တာနဲ့ပဲ ခွေးမလေးကို အစာမကျွေးလို့ မရဘူး။ မဟုတ်ရင် အကိုက်ခံရမယ်"
လင်းဖန် ခေါင်းငြိမ့်လိုက်၏။ "အေးပါ။ နင်ဒီမှာ အမြဲတမ်း နေလို့ ရတယ်။ ဝမ်ချွေ့ မကန့်ကွက်ရင် ရတယ်"
"ရှောင်းယွီ စောစောနားပါ"
ထိုသို့ ပြောပြီးနောက် လင်းဖန် လှည့်ထွက်လာခဲ့ပြီး သူ့အခန်းသူ ပြန်လိုက်ပါသည်။
စုရှောင်းယွီရဲ့ အဖြေကိုလည်း သူရခဲ့ပါပြီ။
စုရှောင်းယွီက သူ့ကို သဘောမကျဘူးဟု သေချာ ပြောခဲ့၏။
အမှန်ပင်။ သူနဲ့ စုရှောင်းယွီတို့ရဲ့ ဆက်ဆံရေးက လင်းခဲ့ရှင်း၊ ချူးယောင်ယောင်တို့လို ဆယ်လီတွေနဲ့ မခြားနားပါ။
ဘာပဲဖြစ်ဖြစ် စုရှောင်းယွီက အလွန် ထူးချွန်သူ ဖြစ်သည်။ သူ့လို သာမန်လူတစ်ယောက်ကို သဘောကျပါ့မလား။
လင်းဖန်ထွက်သွားပြီးနောက် စုရှောင်းယွီ၏ အတင်းလုပ်ယူထားသော မျက်နှာထားက ခပ်မြန်မြန်ပဲ စိတ်ဓာတ်ကျမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူမရဲ့ လှလှပပ မျက်လုံးတွေမှာ ဝမ်းနည်းမှု အရိပ်အယောင် ပေါ်လာခဲ့ပြီး မျက်ရည်တွေလည်း ကျလာခဲ့ပါသည်။
သူမ အခန်းထဲ ခပ်မြန်မြန် လျှောက်သွားပြီး တံခါးကို ပိတ်လိုက်သည်။
အပြင်ဘက်မှာ လျှပ်စီးတွေလက် မိုးတွေခြိမ်းလာသည်။ မိုးထပ်ရွာလာပြန်ပါသည်။
မိုးရွာတာက အမြဲတမ်း စိတ်ရှုပ်ဖို့ ကောင်းလှသည်။
စုရှောင်းယွီ ထောင့်တစ်နေရာမှာ ကွေးကွေးလေး နေပြီး စောင်ခြုံထားလိုက်ပါသည်။ တိုးတိုးတိတ်တိတ် မျက်ရည်များ စီးကျလာ၏။
သူမက အလွန် ဉာဏ်ကောင်းသူ ဖြစ်သည်။ သူမကို ဘာဖုံးကွယ်ထားလို့ရမှာလဲ။
လင်းဖန် ဘာကြောင့် သူမကို ဒီမေးခွန်း မေးခဲ့တာလဲ။
သူတို့အကြား စည်းခြားချင်လို့သာ ဖြစ်သည်။
ကိစ္စတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ဖို့ သူ့အတွက် မဖြစ်နိုင်ခဲ့ပါ။
စုရှောင်းယွီ ဒီလိုပြောလိုက်တာ လင်းဖန်ကို သူမအား ငြင်းခွင့်မပေးနိုင်အောင် ဖြစ်သည်။
စုရှောင်းယွီ သူနဲ့ စိမ်းကားမသွားချင်ပါ။
သူမရင်ထဲက အမှန်တရားကိုသာ ထုတ်ပြောလိုက်ပါက လင်းဖန် သူမကို ငြင်းမယ်ဆိုတာ သူမ သိပါသည်။
ဒီတိုင်း... အမှန်တရားကို သူမ ရင်မဆိုင်နိုင်ခြင်း ဖြစ်ပါသည်။
သူမ လင်းဖန်ကို ငြင်းလိုက်ပြီး နှစ်ယောက်အကြားက မျှော်လင့်ချက်များကို ငြင်းလိုက်ပါသည်။
စုရှောင်းယွီ သူမ အိတ်ထဲက ဓာတ်ပုံတစ်ပုံ ထုတ်လိုက်၏။ လင်းဖန်နဲ့ သူမ အတူတူ ရိုက်ထားသည့် ဓာတ်ပုံ ဖြစ်သည်။
"ငါနင့်ကို... မကြိုက်ဘူးလို့ ဘယ်သူပြောလဲ"
"ငါနင့်ကို သဘောကျပေမယ့်... ငါတို့ အတွေ့မစောခဲ့ဘူးလေ"
"ငါတို့ စောစောသာ တွေ့ခဲ့ရင် နင့်ကိုပိုးပန်းပြီး နင့်နားမှာ နေမှာ။ ငါတို့ အလုပ်အတူတူလုပ် ပညာ အတူတူ သင်လို့ရတယ်။ အဲ့တာဆို ဘယ်လောက်တောင် ပျော်ဖို့ ကောင်းလိုက်မလဲ"
"လင်းဖန် နင့်မှာ အခု ကောင်မလေး ရှိနေပြီ။ ငါနင့်ကို ဘယ်လောက်ပဲ သဘောကျပါစေ ငါ့အစ်မကို စိတ်ပျက်စေမယ့် အရာမျိုး ဘာမှလုပ်လို့ မရဘူး"
"လင်းဖန် နင်ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်"
စုရှောင်းယွီ ပြောပြီးသွားသောအခါ တိုးတိုးတိတ်တိတ်ကလေး အိပ်ပျော်သွားခဲ့သည်။
သူမ အိပ်ယာထဲမှာ ကွေးကွေးလေးရှိနေပြီး အနည်းငယ် ချမ်းနေပါသည်။
မိုးခြိမ်းသံ ထွက်ပေါ်လာသောအခါ ဘောလုံးလေး တစ်လုံးလို ကွေးသွားတတ်သည်။
သူမလက်ထဲမှာတော့ သူမကို ဖြေသိမ့်မှု အနည်းငယ် ပေးနိုင်သည့် အရုပ်လေးတစ်ရုပ် ရှိပါသည်။
ဆောင်းဦးရာသီ ရောက်လာခဲ့ပြီ။
ထို့ကြောင့် ရာသီဥတု အလွန်ချမ်းအေးနေခြင်းသာ ဖြစ်ပါလိမ့်မည်။
စုရှောင်းယွီ သူ့ကို သဘောမကျဘူးဆိုတာ သိလိုက်ရတော့ အနည်းငယ် မပျော်မရွှင်ဖြစ်သွားတာက လွဲပြီး လင်းဖန် နောက်ဆုံးတော့ စိတ်အေးသွားပါသည်။
ဒီလိုသာဆို ဘယ်လိုရွေးချယ်ရမလဲဆိုတာ စိတ်ပူဖို့ မလိုတော့ပါ။
ရှားဝမ်ချွေ့သာ အနားမှာရှိရင် လုံလောက်ပါပြီ။
လင်းဖန် အိပ်ဖို့ ကြံလိုက်စဉ် စနစ်၏အသံ ထွက်ပေါ်လာခဲ့သည်။
"ဒင်... စနစ်ကို အဆင့်မြှင့်တင်နေပါပြီ"
"စနစ်ကို ဗားရှင်း ၃.၀ သို့ အဆင့်မြှင့်တင်လိုက်ပါပြီ။ တစ်လကို တစ်ကြိမ် Sign-in ဝင်နိုင်ပါတယ်။ (ထိပ်တန်းအဆင့် ရတနာများ Sign-in ဝင်ပြီး ရနိုင်ခြေ ၉၉.၉၉ ရာခိုင်နှုန်း)။ ဥပမာ ဗီလာ ၁၀ လုံး၊ ဘီလီယံချီတန်သည့် ကုမ္ပဏီရှယ်ယာများ၊ ဘီလီယံ ရာချီတန်သည့် ကိုယ်ပိုင်ကျွန်းကြီးများ အစရှိသည်တို့ ဖြစ်ပါတယ်"
"အဆင့်မြင့် ပစ္စည်း ပေါ်လာနိုင်ခြေ ၉၉.၉၉ ရာခိုင်နှုန်း ရှိသည်ဟု စနစ်က ကတိပေးထားပါတယ်။ Sign-in ဝင်ရင် ပိုင်ဆိုင်မှုက ၁ဘီလီယံယွမ်အောက် မနည်းစေရပါဘူး"
"သခင်လေး Sign-in ဝင်ချင်ပါသလား"
စနစ်အသံထွက်ပေါ်လာသောအခါ လင်းဖန် တစ်ကိုယ်လုံး တုန်ယင်သွားရ၏။
လခွမ်း။
သူ လွန်ခဲ့တဲ့ လပိုင်းတွေက Sign-in မဝင်ဘဲ စုထားခဲ့သည်။ သို့သော်လည်း စနစ်က အဆင့်မြှင့်တင် ခံလိုက်ရပါသည်။
"စနစ် အရင်လနည်းနည်းတုန်းက စုထားတဲ့ Sign-in တွေကကော" လင်းဖန်မေးလိုက်သည်။
စနစ် "အားလုံး သုံးလို့ မရတော့ပါဘူး။ စနစ်က ဗားရှင်း ၃.၀ ကို တင်လိုက်ပါပြီ။ အသစ်စက်စက် အတွေ့အကြုံဖြစ်သွားပါပြီ။ သခင်လေး အခု Sign-in ဝင်ချင်ပါသလား"
လင်းဖန် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ "Sign-in ဝင်မယ်"
ဘယ်လိုပဲဖြစ်ဖြစ် စနစ်ကို ဗားရှင်း ၃.၀ တင်လိုက်ပြီ ဖြစ်သဖြင့် သူ ရရှိမည့် ပစ္စည်းများက ကျိန်းသေ ပိုကောင်းပါလိမ့်မည်။
တစ်ချီတည်းနဲ့ အနည်းဆုံ ပိုင်ဆိုင်မှု ၁ ဘီလီယံယွမ် သို့မဟုတ် အထူးစွမ်းရည်တစ်ခုကို ရသွားတာ အသုံးဝင်ပါလိမ့်မည်။
ဥပမာအားဖြင့် အရင်တုန်းက အဆင့်မြင့် အလိုလျောက် ကားမောင်းနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါက ခေတ်တစ်ခေတ်ကို ပြောင်းလဲနိုင်သည်။
အခုတော့ ပစ္စည်းကောင်းပေါ်လာနိုင်ခြေ ၉၉.၉၉ ရာခိုင်နှုန်းတောင် ရှိနေပါပြီ။
"ဒင်... အောင်မြင်စွာ Sign-in ဝင်လိုက်ပါပြီ"
"အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုကို ရရှိသွားတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်"
စနစ်အသံကို ကြားသောအခါ လင်းဖန် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း မတ်တပ် ထရပ်လိုက်မိပါသည်။
အဖိုးမဖြတ်နိုင်တဲ့အရာတဲ့။ ဧကန္တ သူ ရခဲ့ဖူးသမျှထဲ အကောင်းဆုံး အရာလား။
ကမ္ဘာပေါ်က အချမ်းသာဆုံး လူတစ်ယောက်အဖြစ် သူနေရတော့မှာလား။
ဘာမဆို ဖြစ်နိုင်ပါသည်။
စနစ်က အေးအေးဆေးဆေး ပြောလိုက်၏။ "ရေသန့် တစ်zmနဲ့ လေဗူးကြီး တစ်ဗူးကို ရရှိသွားတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်"
လင်းဖန် “...”
ခွေးစနစ်။
ရေသန့်ဗူးကတော့ ထားလိုက်ပါတော့။ လင်းဖန် အရင်တုန်းကလည်း ရေသန့်ဗူးတွေ အများကြီး ရဖူးပါသည်။
ဒီတစ်ခေါက် ရေသန့်တစ်ဗူးကနေ ရေသန့် တစ်ဖာ ဖြစ်အောင် စနစ်က အဆင့်မြှင့်တင်လိုက်တာလား။
ဒါလည်း ဘာမှ မဖြစ်သေးပေ။ လင်းဖန် သည်းခံနိုင်သေး၏။
လေဗူးတစ်ဗူးဆိုတာ... ဘာကိုဆိုလိုတာလဲ။
လင်းဖန် "စနစ်၊ ဒါ မင်းပြောတဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာဆိုတာလား"
စနစ် "လေက အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပါ။ လေမရှိဘဲ လူသားတွေ အသက်မရှင်နိုင်ပါဘူး။ ရေကလည်း အဖိုးမဖြတ်နိုင်တဲ့ ရတနာ တစ်ခုပါပဲ။ ရိုးရှင်းပြီး စျေးပေါတာကြောင့် အဖိုးမဖြတ်နိုင်ပါဘူး"
လင်းဖန် "..."
လခွမ်းထဲမှ။ သူသာ Sign-in လုပ်ဖို့ ဒီစနစ်ကို အားမကိုးရဘူးဆိုရင် ဒီစနစ်ကို ရိုက်ခွဲမိနေလောက်ပြီ။
ပစ္စည်းကောင်းရနိုင်ခြေ ၉၉.၉၉ ရာခိုင်နှုန်းနဲ့ လစဉ် Sign-in ဝင်ခွင့်ရှိသည်။ နောက်ဆုံးကျတော့ ရေသန့်ဗူးတစ်ဖာနဲ့ လေဗူးတစ်ဗူးးတို့ကိုသာ ရရှိသွားသည်။
လင်းဖန် "စနစ်၊ မင်းငါ့ကို တမင်သက်သက် လာပြောင်နေတာလား"
စနစ်က ပြောလိုက်၏။ "စနစ်က သေချာပေါက် သခင်လေးကို လူလည်ကျမှာ မဟုတ်ပါ။ ဆုရရှိနိုင်တဲ့ ဖြစ်နိုင်ခြေက အတိုင်းအတာတစ်ခုထိ ရှိပါတယ်။ ဆုရရှိနိုင်ခြေက ၁၀၀ ရာခိုင်နှုန်း မဟုတ်သရွေ့ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဧကန္တ ဒီပစ္စည်းတွေရတာ သခင်လေး ကံမကောင်းလို့ပဲ ဖြစ်ပါလိမ့်မယ်"
လင်းဖန် "အဲ့တော့ ငါ့ကံကပဲ ဆိုးတာပေါ့"
စနစ် "သခင်လေးရဲ့ ကံဆိုးမှုအတွက် ကံစမ်းမဲ လက်မှတ်တစ်စောင် လက်ဆောင်ပေးပါတယ်။ ကျေးဇူးပြုပြီး နှိုက်လိုက်ပါ"
လင်းဖန် "လုပ်ကြတာပေါ့။ ဒီတစ်ခေါက် ပစ္စည်းကောင်းသာ မရရင် ချက်ချင်း စနစ်ကို ရိုက်ခွဲပစ်မယ်"
စနစ် "ကျွန်တော့်ကို ထိရိုက်လို့ မရပါဘူး"
လင်းဖန် "အေးပါကွာ"
စနစ် "သခင်လေး ကံစမ်းမဲပေါက်ပြီး ဉာဏ်မျက်စိကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ် "
"မှတ်ချက်: ဉာဏ်မျက်စိဖြင့် သခင်လေးအပေါ် မိန်းကလေးတိုင်းရဲ့ သဘောထားကို စစ်ဆေးကြည့်လို့ ရပါတယ်။ ပိုင်ရှင် ၁ ဘီလီယံယွမ် ရရှိသွားတိုင်း ဉာဏ်မျက်စိကို တစ်ကြိမ် အသုံးပြုနိုင်ပါတယ်"