ရုပ်ချောလွန်းလို့ ပြဿနာတွေ အများကြီးတက်တယ်
Vol. 26 Ch. 381
ထိုအကြောင်းကြားသောအခါ လင်းဖန် ဝေ့ပေါ် ကို ဖွင့်လိုက်ပြီး လူပြောများအကြောင်းအရာတွေကို ကြည့်လိုက်ပါသည်။
စုမူချင်းက ရေပန်းစား
အကြောင်းအရာစာရင်းတွင် အဆင့် ၁ ချိတ်သည်။
သူမရဲ့ ဝေ့ပေါ် အကောင့်ကလည်း ချက်ချင်း ပရိတ်သတ် ၅ သန်း ရရှိသွားပါသည်။
တစ်ညတည်းနဲ့ စုမူချင်းရဲ့ ပရိတ်သတ်များ ၅ သန်းအထိ တိုးမြင့်သွားခဲ့သည်။
စုမူချင်းရဲ့ ဝေ့ပေါ် အကောင့်က အလွန်သေးငယ်ပါသည်။ သူမ အကြောင်းအရာ များများစားစား မတင်တတ်ဘဲ ရိုးရိုးရှင်းရှင်း ဆယ်ဖီလေး တစ်ပုံသာ တင်ထား၏။ ထိုပုံကိုတောင် ပရိတ်သတ်တွေက အားပေးနေကြပါသည်။
"အား ကျားရှင်းဖျော်ဖြေရေးက ရိုက်ကူးတဲ့ ရုပ်သံဒရမ်မာတွေက အရမ်းကောင်းတာပဲ။ ၂၀ကျော် ဘဝများက အကောင်းဆုံးပဲ"
"လင်းဖန်က ရုပ်သံဒရမ်မာတွေ မရိုက်တော့ဘူး ဆိုပေမယ့် လင်းဖန်ရဲ့ ကုမ္ပဏီက ရိုက်တဲ့ ရုပ်သံဒရမ်မာတွေကလည်း အမြဲတမ်း ကောင်းတယ်"
"မင်းတို့ကြားပြီးပြီလား။ ဒီရုပ်သံဒရမ်မာက လင်းဖန်ရဲ့ ဇာတ်ညွှန်းအတိုင်း ရိုက်ထားတာတဲ့။ အရမ်းကောင်းတယ်လို့ ပြောရမယ်"
"တကယ်လား။ အဲ့တာကြောင့် ကောင်းနေတာကိုး။ လင်းဖန်က ဘာလို့ ဇာတ်ညွှန်းတိုင်းကို အရမ်းကောင်းအောင် ရေးနိုင်ရတာလဲ။ ရှေးခေတ် ဝိညာဉ်ကူးပြောင်းတဲ့ ဒရမ်မာကစလို့ ရှန်းရှဒရမ်မာနဲ့ ခေတ်ပေါ် လူငယ်ရုပ်သံဒရမ်မာတွေအထိ အားလုံး ကောင်းကြတယ်"
"စုမူချင်းက တကယ်လှတာပဲ။ စုမူချင်းက ကုမ္ပဏီမှာလည်း လင်းဖန်ရဲ့ လက်ထောက်လို့ ကြားတယ်။ စုမူချင်းကို စူပါစတား ဖြစ်ခွင့် လင်းဖန် ပေးလိမ့်မယ်လို့ ထင်မထားဘူး။ ငါစုမူချင်းကို ချစ်မိသွားပြီ။ ဘာလုပ်ရမလဲ"
"စုမူချင်း စုမူချင်း စုမူချင်း"
"မင်းတို့အကုန်လုံးက စုမူချင်းကိုပဲ သဘောကျနေကြတယ်။ စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းကို သဘောကျတာ ငါတစ်ယောက်တည်းရှိတာလား။ အဲ့ဒီ ကောင်မလေးနှစ်ယောက်ကလည်း အရမ်းလှတာပဲ"
အွန်လိုင်းပေါ်က လူပြောများနေသည့် အကြောင်းအရာများကို ကြည့်ရင်း လင်းဖန် ပြုံးကာ ပြောလိုက်၏။ "စုမူချင်း။ အခုတောင် နင်ရေပန်းစားနေပြီ။ အနာဂတ်ကျရင် ကြယ်ပွင့် တစ်ပွင့် ဖြစ်လာမှာပဲ"
စုမူချင်း လင်းဖန်ကို ကြည့်လိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ကျေးဇူးတင်ပါတယ်ဘော့စ်လင်း။ ဘော့စ်လင်း မရှိရင် ကျွန်မ ရုပ်သံဒရမ်မာတစ်ခု ရိုက်ကူးပြီး ကြယ်ပွင့်ဖြစ်လာခွင့်ရှိမှာ မဟုတ်ဘူး။”
လင်းဖန် ပြောလိုက်သည်။ "စုမူချင်း၊ နင်စူပါစတား တစ်ယောက်ဖြစ်ချင်ရင် နောက်ကို ငါ့လက်ထောက် လုပ်စရာ မလိုတော့ဘူး။ စူပါစတားတစ်ယောက်က လက်ထောက်တစ်ယောက်ထက် ဝင်ငွေပိုများတယ်။ နောက်ကို နင်ဒီ့ထက်တောင် ပိုရေပန်းစားလာနိုင်တယ်လို့ ငါထင်တယ်"
ယခု လင်းဖန်က စုမူချင်းကို လစာ ယွမ် ၅၀၀,၀၀၀ တောင် ပေးထားပါသည်။ ထိုလစာမျိုးက အတော်လေး မြင့်မားသည်ဟု ဆိုနိုင်သည်။ သူမရဲ့ နှစ်စဉ် ဝင်ငွေက ဘောနပ်စ်အပါအဝင် ၁၅ သန်းလောက် ရှိပါလိမ့်မည်။
ရှန်ဟိုင်းမြို့မှာတောင် အိမ်တစ်လုံး ဝယ်နိုင်နေပါပြီ။ လုံလောက်တာထက် ပိုသည်။
သို့သော်လည်း စူပါစတားတစ်ယောက်ရဲ့ ဝင်ငွေနဲ့ ယှဉ်လိုက်ရင်တော့ မပြောပလောက်ပေ။
စုမူချင်း ကြယ်ပွင့်တစ်ပွင့်ဖြစ်လာပြီး ရုပ်သံဒရမ်မာ ရိုက်ကူးနိုင်လျှင် အနုပညာကြေး သန်းဆယ်ချီပြီး ရလိမ့်မည်။ ပွဲအခမ်းအနားတချို့ကို တက်ရောက်ရပြီး ကောဇောနီပေါ်မှာ မကြာခဏ လျှောက်လှမ်းရနိုင်သည်။ သူမရဲ့ ကော်မာရှယ် တန်ဖိုးလည်း ဆက်တိုက် မြင့်တက်သွားပါလိမ့်မည်။ ထိုအချိန်ကျလျှင် သူမရဲ့ နှစ်စဉ်ဝင်ငွေ သန်း ၁၀၀ ကျော် ဖြစ်သွားဖို့ လွယ်ပါသည်။
စူပါစတားတစ်ယောက်ဖြစ်ရတာ ပင်ပန်းသော်လည်း လက်ထောက်တစ်ယောက်လောက်တော့ မပင်ပန်းပါ။
လက်ထောက်လုပ်ရတာ အပင်ပန်းဆုံး ဖြစ်သည်။ အထူးသဖြင့် လင်းဖန်ရဲ့ လက်ထောက် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အလုပ်တွေ အများကြီးလည်း လုပ်ရပါသေးသည်။
အခုဆို စုမူချင်းမှာ အားလပ်ရပ်တွေတောင် မရှိဘူးဟု ဆိုနိုင်ပါသည်။
သူမရဲ့ အချိန်အားလုံးက လင်းဖန်အပိုင်သာ ဖြစ်သည်။ သူ့စကားကို သူမ နားထောင်ရပါသည်။
ပုံမှန်ဆို ဝန်ထမ်းတွေ အလုပ်လုပ်သည့်အခါ ရက်သတ္တပတ် အားလပ်ရက်ရှိကြပြီး တစ်ခါတစ်လေမှ အချိန်ပို ဆင်းရခြင်း ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် စုမူချင်းမှာ နားချိန် မရှိဘဲ အမြဲ အလုပ်လုပ်ရပါသည်။
သူမ ညသန်းခေါင် နားနေရင်တောင် လင်းဖန်က သူမကို နှိုးပြီး အလုပ်လုပ်ခိုင်းလို့ရသည်။
ကုမ္ပဏီတွေကြားထဲမှာ တစ်ခုခုကတော့ အမြဲလိုလို ဖြစ်နေတတ်တာပင်။ လင်းဖန် ရှင်းဖို့ အချိန်မရှိသည့် အခါတွင် စုမူချင်းလက်ထဲသာ အပ်ထားလို့ ရပါသည်။
လက်ထောက်တစ်ယောက် ငှားဖို့က အလွန် လွယ်ကူပါသည်။ ထို့ကြောင့် လင်းဖန် ထိုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။
စုမူချင်း အနုပညာရှင်တစ်ယောက်ရဲ့လမ်းကို အာရုံစိုက်ထားနိုင်ဖို့ မျှော်လင့်ပါသည်။ သူမရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုက အသေးစား လက်ထောက်တစ်ယောက် ဖြစ်ဖို့ထက် အများကြီး ပိုထိုက်တန်ပါသည်။
လင်းဖန်က စုမူချင်းကောင်းကျိုးအတွက်သာ စိတ်ရင်းဖြင့် ဒါကို လုပ်နေခြင်းဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် လူတိုင်းက လက်ထောက် ဝင်လုပ်နိုင်ပါသည်။ သို့သော်လည်း သူမလောက်တော့ ကျွမ်းကျင်မှာ မဟုတ်ပါ။
စုမူချင်းက မျက်လုံးလှလှလေးများကို ပင့်ကာ လင်းဖန်ကို ကြည့်လိုက်သည်။ ပြုံးလိုက်ပြီး ခေါင်းကို နူးညံ့စွာ ခါလိုက်ပါသည်။ "ဘော့စ်လင်းရဲ့ စေတနာကို ကျွန်မ နားလည်ပါတယ်"
"ဒါပေမယ့်..."
စုမူချင်း ပြောရင်း မျက်လုံးများ နီမြန်းသွားရသည်။ သူမ လင်းဖန်ရှေ့ကို လျှောက်လာပြီး ခေါင်းကို ငုံ့လိုက်ပါသည်။ လင်းဖန်၏ အင်္ကျီလက်ကို လက် ၂ ဖက်စလုံးဖြင့် ဆွဲပြီး နူးညံ့စွာ ပြောလိုက်ပါသည်။ "ဒါပေမယ့် ဘော့စ်လင်း... ကျွန်မကို နှင်မထုတ်လို့ ရမလားဟင်။ ကျွန်မ ဘာအမှားလုပ်မိလို့လဲ။ ကျွန်မ ကျိန်းသေပေါက် ပြန်ပြုပြင်ပါ့မယ်။ သေချာပေါက် ဘော့စ်လင်းရဲ့ လက်ထောက်ကောင်း ဖြစ်စေရပါမယ်"
လင်းဖန် အနည်းငယ် ကြောင်စီစီဖြစ်သွား၏။ "နင့်ကို မောင်းမထုတ်ပါဘူးဟ။ နင်က အနုပညာရှင်တစ်ယောက်အဖြစ် အလားအလာ ပိုရှိတယ်လို့ ထင်လို့ပါ"
စုမူချင်း ခေါင်းခါလိုက်ပါသည်။ "မဟုတ်ဘူး။ ဘော့စ်လင်း ကျွန်မကို ပထုတ်နေတာ။ ကျွန်မ လက်ထောက်တစ်ယောက် အလုပ်ကို သဘောကျပါတယ်။ ရှင့်ရဲ့ လက်ထောက် လုပ်ရတာ ကျွန်မဘဝမှာ အပျော်ဆုံးပဲ။ စူပါစတား တစ်ယောက် လုပ်ရတာထက်တောင် ပိုပျော်သေးတယ်"
"ဒီမှာ ငွေတွေလည်း အများကြီးရတယ်။ ဘော့စ်ကောင်း တစ်ယောက် ရှိမှန်လည်း သိတယ်။ အိမ်မှာဆို ကျွန်မအစ်မက ကျွန်မကို အနိုင်ကျင့်တယ်။ ကျွန်မ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက ကျွန်မကို အထင်သေးကြတယ်။ ကျွန်မ ဘော့စ်လင်းနဲ့ အတူရှိနေမှ ပျော်ရတာပါ။ အဲ့တာကြောင့် ဘာပဲဖြစ်ဖြစ် ကျွန်မကို ပမထုတ်ပါနဲ့။ ကျွန်မ ကျိန်းသေ အလုပ်ကြိုးစားပါ့မယ်"
စုမူချင်း၏ စကားကို ကြားသောအခါ လင်းဖန် ခေါင်းခါပြီး သက်ပြင်းချလိုက်မိပါသည်။
စုမူချင်းသာ စိတ်မပါလျှင် သူမကို အတင်းအကြပ် စေခိုင်းမှာ မဟုတ်ပါ။
စုမူချင်း လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်ပြီး ဆက်ပြောလိုက်ပါသည်။ "ဘော့စ်လင်း။ ကျွန်မကို အနုပညာရှင်ဖြစ်ခွင့်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မ လက်ထောက်လုပ်ရင်းနဲ့ပဲ အနုပညာရှင် လုပ်လို့လည်း ရတယ်"
လင်းဖန်၏က စုမူချင်းရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်ပါသည်။ "အင်းပါ။ အလုပ်ကြိုးစား။ နင့်မှာ အခက်အခဲရှိရင် ငါ့ကိုသာ ပြောချေ"
စုမူချင်းက ခေါင်းငြိမ့်လိုက်ပြီး အနည်းငယ် ပျော်ရွှင်နေပါသည်။ "အင်းပါ~"
ဒီလို ရိုးသားသည့် ကောင်မလေးမျိုးက တကယ် ရှားပါသည်။
ငွေချစ်တာ မမှားပေ။ လူတိုင်းက ငွေချစ်တတ်ကြပြီး လင်းဖန်လည်း ချစ်တတ်ပါသည်။
သိုက်တူးသမား သို့မဟုတ် ငွေကို ပိုချစ်တတ်သည့် ကောင်မလေးတွေဆို အနုပညာရှင် လုပ်ဖို့သာ ရွေးချယ်ကြလိမ့်မည်။
အနုပညာရှင်တစ်ယောက် လုပ်ရတာက လက်ထောက် လုပ်ရတာထက် ပိုမို စွဲမက်ဖို့ ကောင်းပါသည်။
သို့သော်လည်း စုမူချင်းကတော့ ခြားနား၏။
သူမ လင်းဖန်ကို အလွန်ကျေးဇူးတင်ပါသည်။ ထို့ကြောင့် သူ့လက်ထောက် ဆက်လုပ်ချင်ခြင်း ဖြစ်ပါသည်။
ထိုအချိန်တွင် လင်းချမ့်ဝေက စာရွက်စာတမ်းများစွာဖြင့် ဝင်လာခဲ့သည်။
"ဘော့စ်လင်း။ စုမူချင်းနဲ့ အန်ဒိုစာ စာချုပ်ချုပ်ချင်တဲ့ ကုမ္ပဏီ ၁၃ ခု အပြင်မှာ ရောက်နေပါတယ်"
"စုရှောင်းယွီနဲ့ အန်ဒိုစာ စာချုပ်ချုပ်ချင်တဲ့ ကုမ္ပဏီ ၂၃ ခုလည်း ရှိတယ်။ လင်းခဲ့ရှင်းနဲ့ စုရှောင်းယွီတို့ကို စာချုပ်ချုပ်ချင်တဲ့ ကုမ္ပဏီ ၁၈ ခု ရှိပါတယ်။ သူတို့ ဘော့စ်လင်းကို အထူးတလည် လာတင်ပြတာပါ" လင်းချမ့်ဝေက ပြောလိုက်၏။
လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "အင်းပါ နားလည်ပါတယ်"
လင်းဖန် စာရွက်စာတမ်းတွေကို ယူကြည့်ကာ ပြောလိုက်ပါသည်။ "မူချင်း ဒီအန်ဒိုစာ ကုမ္ပဏီတွေက မဆိုးဘူး။ နင်အန်ဒိုစာ ရိုက်ဖို့ ကုမ္ပဏီနည်းနည်းလောက် ရွေးလို့ ရတယ်။ အကျိုးအမြတ်တွေက တော်တော်များလိမ့်မယ်"
စုမူချင်း ကြည့်ပင် မကြည့်ဘဲ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ကျွန်မ ဘော့စ်လင်း စကား နားထောင်ပါ့မယ်~"
လခွမ်း။ ဒါမျိုးကို ဘယ်သူ သည်းခံနိုင်မှာလဲ။
ကောင်မလေးတစ်ယောက်က 'စကားနားထောင်ပါ့မယ်'ဟု ပြောသည့်အခါ ကျိန်းသေ သေလောက်ပါသည်။
လင်းဖန် ပြောလိုက်သည်။ "ဟုတ်ပါပြီ။ ဒါဆိုလည်း သွားရိုက်ပေါ့"
လင်းဖန် စကားကို ကြားသောအခါ စုမူချင်း ခေါင်းကို အနည်းငယ် ခါလိုက်ပါသည်။ "ဟင့်အင်း~ ဒီလောက် အန်ဒိုစာ အများကြီးနဲ့ဆို ကျွန်မ တစ်လလောက် အလုပ်များလိမ့်မယ်။ အဲ့ကျရင် လက်ထောက် အလုပ်ကို နိုင်တော့မှာ မဟုတ်ဘူး"
လင်းဖ်က ရယ်မောလျက် ပြောလိုက်ပါသည်။ "ငါ့စကား နားထောင်မယ်လို့ အခုလေးတင် ပြောလိုက်တာ မဟုတ်ဘူးလား"
စုမူချင်း ကြက်သေ သေသွားပြီး ရီဝေဝေဖြင့် ပြောလိုက်သည်။ "အဲ... ဒါဆို ကျွန်မ အလုပ်ကို ကျွန်မ အရင်ဆုံး တာဝန်ယူမယ်။ ဘော့စ်လင်း အလုပ်သွားပြီး ကျွန်မကို မလိုတော့မှ အန်ဒိုစာ ရိုက်ကူးမယ်။ ကုမ္ပဏီအတွက်လည်း ငွေရှာပေးနိုင်ပြီး အလုပ်ကိုလည်း မထိခိုက်တော့ဘူးပေါ့"
လင်းဖန် ခေါင်းငြိမ့်လိုက်ပါသည်။ "ကောင်းပါပြီ"
ထို့နောက် ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ ရှားဝမ်ချွေ့သာ မရှိပါက သူစိတ်ပြောင်းသွားလောက်သည်။
သူ့ဘေးမှာ ဒီလောက်လှပသည့် ကောင်မလေး ရှိနေပြီး နားလည်မှုလည်း ပေးသည်။ အရေးအကြီးဆုံးက ပုံပန်းသဏ္ဌာန်မှာ အမှတ် ၁၀၀ ရထားသူ ဖြစ်သည်။ ကြောင်မလေးသာ သူ့နားမှာ ရှိနေပြီးသား မဟုတ်ပါက... သူ ခံနိုင်ရည်ရှိမှာ မဟုတ်ပါ။
လင်းဖန်ကလည်း သည်းခံနေမှာ မဟုတ်ပေ။
သူက ချောလွန်းသဖြင့် စိုးရိမ်စရာတွေလည်း အများကြီး ရှိပါသည်။