← Chapters

ကျားရှင်းဖျော်ဖြေရေးရဲ့ အကျိုးခံစားခွင့်က ဒီလိုရှိတာလား

Vol. 26 Ch. 384

ကျားရှင်းဖျော်ဖြေရေးရဲ့ အကျိုးခံစားခွင့်က ဒီလိုရှိတာလား

Vol. 26 Ch. 384

ကော်ဖီဆိုင်တစ်ဆိုင်တွင်...

ကျန်းစန်နဲ့ လီစစ်တို့နှစ်ယောက် အတူတူ ထိုင်နေကြပြီး လုပမ်ခိုင်းနဲ့ ရွှယ်ခဲ့ရှင်းတို့ကို စောင့်နေသည်။

ရွှယ်ခဲ့ရှင်းမှာ ယခင်တုန်းက ယွဲ့ဟွာဖျော်ဖြေရေး၏ နောက်ဆက်တွဲထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် ဖြစ်သည်။ လင်းဖန်နဲ့ ရင်းနှီးပြီးမှ ကျားရှင်းဖျော်ဖြေရေးကို ကူးပြောင်းလာခဲ့ခြင်း ဖြစ်သည်။

နောက်ဆက်တွဲထုတ်လုပ်ရေးအဖွဲ့ဝင်များစွာလည်း ကျားရှင်းဖျော်ဖြေရေးကို လိုက်လာခဲ့ကြပါသည်။

ဒါရိုက်တာတစ်ယောက်ဖြစ်သည့် လုပမ်ခိုင်းကတော့ 'ဘဝရဲ့ပျော်ရွှင်မှု'ရိုက်ကူးကတည်းကစပြီး လင်းဖန်နောက်ကို လိုက်ခဲ့သည်။ ယခု လင်းဖန်ရိုက်ကူးတဲ့ ရုပ်သံဒရမ်မာတိုင်းမှာ လုပမ်ခိုင်းရဲ့ အရိပ်မကင်းပေ။

ထိုနှစ်ယောက်က ကျားရှင်းဖျော်ဖြေရေး၏ ဝါရင့်များဟု ဆိုနိုင်သည်။

"ဒါရိုက်တာလု၊ အစ်မရွှဲ့ မင်္ဂလာနေ့လည်ခင်းပါရှင်" လီစစ်က လုပမ်ခိုင်းနဲ့ ရွှယ်ခဲ့ရှင်းတို့ကို ကြည့်ကာ ပြုံးလိုက်ပါသည်။

"ဟယ်လို" ရွှယ်ခဲ့ရှင်းက အပြုံးဖြင့် ပြန်ပြောလိုက်၏။

"အင်း ဒီကို ခေါ်လိုက်ရတာ ဘာကိစ္စရှိလို့လဲ" လုပမ်ခိုင်းက ပြောလိုက်ပါသည်။

"ရေးကြီးကိစ္စတော့ မဟုတ်ပါဘူး။ ဒီတိုင်းတစ်ခုခု အရင်စားကြရအောင်လေ" လီစစ်က ပြုံးလိုက်သည်။ ချက်ချင်း မသိမ်းသွင်းသေးဘဲ အစားအသောက်ကို အရင်စားလိုက်သည်။ ဒီအကွက်က အလွန်ထက်မြက်ပါသည်။ ဒီရည်ရွယ်ချက်ကို တဲ့တိုးကြီးပြောလိုက်လျှင် အရမ်းသိသာလွန်းမည်။

လူတွေကို ဖြည်းဖြည်းချင်း သိမ်းသွင်းရပါသည်။

ဥပမာအားဖြင့် ကုမ္ပဏီ A မှာအလုပ်လုပ်နေသူ တစ်ယောက်က လစာ ယွမ် ၃,၀၀၀ ရပြီး နေ့စဉ် အချိန်ပိုလည်း လုပ်ရသည်။ ထို့ကြောင့် တစ်ယောက်ယောက်က လာသိမ်းသွင်းသောအခါ သူ့အဆင့်နဲ့ လူတစ်ယောက်က ကုမ္ပဏီ B မှာ အချိန်ပို မဆင်းဘဲတောင် ယွမ် ၈,၀၀၀ လောက် ရနိုင်သည်ဟု ပြောလိမ့်မည်။

ဒီလိုသာဆို သူ မက်မောသွားပြီး ခြံခုန်သွားပါလိမ့်မည်။ အလွန် အောင်မြင်နိုင်ခြေ များ၏။

စားသောက်နေရင်းတန်းလန်း လီစစ်က ရွှယ်ခဲ့ရှင်းနဲ့ လုပမ်ခိုင်းတို့ကို ကြည့်ကာ အပြုံးဖြင့် ပြောလိုက်၏။ "တကယ်တော့ ဂရာဗတီကုမ္ပဏီက အရမ်းကြီးမားတယ်။ ဘော့စ်ကလည်း အရမ်း သဘောကောင်းတယ်။ ဒါပေမယ့် ကုမ္ပဏီမှာ ပါရမီရှင်တွေ လိုအပ်နေတာ။ ကုမ္ပဏီကပေးတဲ့ အကျိုးခံစားခွင့်တွေကလည်း အရမ်းကို ကောင်းပါတယ်"

လီစစ်ပြောပြီးနောက် ရွှယ်ခဲ့ရှင်းက ချိုမြိန်စွာ ပြုံးပြီး ပြောလိုက်ပါသည်။ "နောက်ဆက်တွဲ ထုတ်လုပ်ရေးခေါင်းဆောင်တစ်ယောက်ရဲ့ လစာ ဘယ်လောက်ရလဲ"

လုပမ်ခိုင်းလည်း ဝင်မေးလိုက်သည်။ "ဒါရိုက်တာ လစာကလည်း နိမ့်မှာ မဟုတ်ဘူးထင်တယ်နော်"

ကျန်းစန်က ပြန်ဖြေ၏။ "လစာက တကယ်ပဲ မဆိုးပါဘူး။ နောက်ဆက်တွဲထုတ်လုပ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ယောက်ဆို လစာက ယွမ် ၁၀,၀၀၀ ကျော်မယ်လို့ ခန့်မှန်းမိတယ်။ အဲ့ဒီလစာက အရမ်းမြင့်တာ။ ဒါရိုက်တာ တစ်ယောက်ဆိုရင်တော့ သူ့အစွမ်းအစပေါ် မူတည်တာပေါ့။ တစ်လကို ယွမ် ၂၀,၀၀၀ - ၃၀,၀၀၀ လောက် အလွယ်တကူ ရနိုင်မယ် ထင်တာပဲ။ အစွမ်းအစ တကယ်ရှိရင် တစ်လကို ယွမ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ရနိုင်တယ်"

နောက်ဆက်တွဲထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင်က တစ်လကို ယွမ် ၂၀,၀၀၀ ရသည်။ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါက တစ်လကို ယွမ် ၅၀,၀၀၀ လောက် ရနိုင်သည်။

ထိုအကျိုးခံစားခွင့်များက အလွန်မြင့်မားသည်ဟု ကျန်းစန် ထင်မိပါသည်။

ဘယ်သူက မမက်မောဘဲ နေမှာလဲ။

သာမန်ဒါရိုက်တာတွေဆို ဒီလိုလစာမြင့်မြင့်ရနိုင်မှာလား။ နာမည်ကျော် ဒါရိုက်တာ မဟုတ်ပါက အတော်လေး ခက်ခဲပါလိမ့်မည်။

ကျန်းစစ်နဲ့ လီစစ်တို့ ပြုံးလိုက်၏။

ဒီလိုလစာမြင့်မြင့်မျိုးနဲ့ဆို ရွှယ်ခဲ့ရှင်းနဲ့ လုပမ်ခိုင်းတို့ကို ဆွဲဆောင်နိုင်လောက်သည်။

ရွှယ်ခဲ့ရှင်းနဲ့ လုပမ်ခိုင်းတို့ အချင်းချင်း ကြည့်လိုက်ကြပြီး အဓိပ္ပာယ်ရှိရှိ ပြုံးလိုက်ကြပါသည်။ သူတို့ ဘာမှတော့ မပြောပေ။

လီစစ်က သူတို့နှစ်ယောက်ကို ကြည့်ပြီး မေးလိုက်၏။ "ရှင်တို့နှစ်ယောက်ရဲ့ လစာကိုကော ပြောပြလို့ ရမလား။ ကျားရှင်းဖျော်ဖြေရေးက ကုမ္ပဏီသစ်ဆိုတော့ ပိုင်ဆိုင်မှုက အဲ့လောက်မများ--"

လုပမ်ခိုင်း ပြောလိုက်သည်။ "၂၀၀,၀၀၀"

ရွှေ့ခဲ့ရှင်းလည်း ပြုံးကာ ပြောလိုက်၏။ "ဟုတ်တယ်။ ၂၀၀,၀၀၀ပါ"

ထိုစကားကို ကြားလိုက်တော့ လီစစ် ချက်ချင်း ခေါင်းခါလိုက်ပါသည်။ "တစ်နှစ်တာ ဝင်ငွေကို ပြောတာလား။ တစ်နှစ်ကိုမှ ၂၀၀,၀၀၀ တည်းဆိုရင် အဲ့လောက် မမြင့်ဘူးပဲ။ ဒါပေမယ့် ကျားရှင်းဖျော်ဖြေရေးက ရက်တော့ရက်ရောပါတယ်..."

လုပမ်ခိုင်း ပြောလိုက်၏။ "မဟုတ်ဘူး။ တစ်လကို ယွမ် ၂၀၀,၀၀၀ပါ"

ရွှယ်ခဲ့ရှင်းလည်း ခေါင်းငြိမ့်ပြလိုက်ပါသည်။ "ဟုတ်ပါတယ်။ တစ်နှစ်ဝင်ငွေက ၂.၄ သန်းပါ။ နှစ်ကုန် ဘောနပ်စ်နဲ့ ပေါင်းလိုက်ရင် ကျွန်မတို့ ၃ သန်းလောက် ရနိုင်တယ်"

လုပမ်ခိုင်းနဲ့ ရွှယ်ခဲ့ရှင်းတို့ရဲ့ စကားကိုကြားသောအခါ ကျန်းစန်နဲ့ လီစစ်တို့ ကြက်သေ သေသွားကြလေသည်။

ဘာလဲဟ....

လစာက ယွမ် ၂၀၀,၀၀၀။ နှစ်ကုန်ဘောနပ်စ်နဲ့ ပေါင်းရင် တစ်နှစ်ဝင်ငွေက ယွမ် ၃ သန်းတောင်...

"ငါနားကြားမှားတာလား။ လခွမ်း။ တစ်နှစ်ဝင်ငွေ ၃ သန်းပေါ့။ လာလိမ်နေကြတာလား" ကျန်းစန် ပါးဟပ် အဟောင်းသားဖြင့် မေးလိုက်ပါသည်။

ဒီလိုလစာမျိုးကို ဒီလောကထဲမှာ အကောင်းဆုံးဟုပင် ဆိုနိုင်၏။

လစာ ယွမ် ၂၀၀,၀၀၀ ကိုဘယ်သူက စိတ်မဝင်စားဘဲ နေနိုင်မှာလဲ။

"လစာ ယွမ် ၂၀၀,၀၀၀ ရယ်၊ နှစ်ကုန်ဘောနပ်စ်ရယ် ပေါင်းလိုက်ရင် ရှင်တို့ နှစ်ကုန်ရင် သန်းချီပြီး ရနိုင်တာပဲ။ တစ်နှစ်လောက် အလုပ်လုပ်ပြီး အိမ်တစ်လုံး ဝယ်နိုင်ပြီ။ ကျွန်မ အားကျလိုက်တာ..." လီစစ်လည်း အနည်းငယ် ကြက်သေ သေကာ မှင်သက်သွားရပါသည်။

ကိုယ့်ဝန်ထမ်းတွေကို ဒီလောက်မြင့်တဲ့လစာ ပေးရအောင် ဘယ်လို နတ်သားဘော့စ်မျိုးလဲ။

ထိုလစာပမာဏကြောင့် သူတို့ရဲ့ အမြင်တွေ ပြောင်းလဲသွားရသည်။

လုပမ်ခိုင်းက တိုးတိုးတိတ်တိတ်ပဲ ဖုန်းကို ထုတ်လိုက်၏။ "ဒါက အရင်လက လစာပါ။ အခွန်ရယ်၊ အာမခံကြေးရယ်၊ ရွှေရယ် နုတ်လိုက်ရင် ယွမ် ၁၈၀,၀၀၀ လောက် ပိုသေးတယ်"

မက်ဆေ့ အသိပေးချက်ကို မြင်သောအခါ လီစစ်နဲ့ ကျန်းစန်တို့ အားကျမှုဖြင့် ငိုပင်ငိုချင်သွားကြသည်။

ဒီလောက်လစာမြင့်မြင့် ရတဲ့လူမျိုး ဘယ်မှာ ရှိလို့လဲ။

အစကတော့ ရွှယ်ခဲ့ရှင်းနဲ့ လုပမ်ခိုင်းတို့ကို သူတို့ သိမ်းသွင်းဖို့ ဖြစ်သည်။ သို့သော်လည်း သူတို့ရဲ့ လစာက သူတို့နှစ်ယောက်ထက်တောင် ပိုမြင့်နေပါသေးသည်။

လီစစ်က မေးလိုက်၏။ "ရှင်တို့လစာက အရမ်း မြင့်တာပဲ။ ကုမ္ပဏီက အရှုံးမပေါ်ဘူးလား။ အဲ့လောက်ကောင်းတဲ့ ဘော့စ်မျိုး တကယ်ရှိတာလား"

ရွှယ်ခဲ့ရှင်းက ပြောလိုက်၏။ "လစာက ပုံမှန်ပါပဲ။ ဘော့စ်လင်းက ကျွန်မတို့ဘော့စ်လေ။ သူက အရမ်း ရက်ရောတယ်။ ပြီးတော့ ကျွန်မတို့ ကုမ္ပဏီက အရမ်းကြီးပါတယ်။ မုန့်ပဲသရေစာနေရာကော၊ အနားယူတဲ့နေရာကော၊ Gym ကော၊ ပရော်ဖက်ရှင်နယ် အာဟာရပညာရှင်တစ်ယောက်ကော၊ စားသောက်ဆိုင် တစ်ဆိုင်ကော ရှိတယ်။ လစာက တကယ်ပဲ အရမ်းမြင့်ပေမယ့် လူတိုင်း အလုပ်လုပ်ဖို့ တက်ကြွနေကြတယ်။ ဘယ်သူမှ ရေသာမခိုကြဘူး။ အလုပ်ရဲ့ ချောမွေ့မှုကလည်း အာမခံရှိတယ်။ ပြီးတော့ ဘော့စ်လင်းက ငွေအများကြီး ရှာနိုင်တယ်လေ"

လုပမ်ခိုင်း ခေါင်းငြိမ့်လိုက်ပါသည်။ "တကယ်တော့ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ဒီတစ်ခေါက် ဘော့စ်လင်း ရိုက်ကူးတဲ့ ရုပ်သံဒရမ်မာ ၂ ကားဖြစ်တဲ့ 'ဓားထုတ်ခြင်းအနုပညာ'နဲ့ '၂၀ကျော်ဘဝများ'ကို ၁. ၅ ဘီလီယံနဲ့ ရောင်းနိုင်ခဲ့တာ။ ပြီးတော့ ဘော့စ်လင်းက ဇာတ်ညွှန်းရေးဖို့ပဲ တာဝန်ယူခဲ့တာ။ ကျန်တာအားလုံးကို ဝန်ထမ်းတွေကပဲ ကိုင်တွယ်သွားတာလေ။ အဲ့တာကြောင့် ကျိန်းသေ ဘော့စ်လင်း အရှုံးမပေါ်ပါဘူး။ သူ့အတွက် ဒီလစာလောက်က ဘာမှ မဟုတ်ဘူး"

ကျန်းစန် အနည်းငယ် အားကျသွားသည်။ "ဘုရားရေ ၁.၅ ဘီလီယံဟုတ်လား။ ရုပ်သံဒရမ်မာ နှစ်ကားကို ၁.၅ ဘီလီယံနဲ့ပေါ့။ ဆိုလိုတာက ဘော့စ်လင်းက ဇာတ်ညွှန်း ၂ ခုပဲ ရေးပြီး ကျန်တာကို ရှင်တို့က ဆက်ကိုင်တွယ်တာပေါ့။ အဲ့တာဆို ရှင်တို့ဖာသာ သီးခြားလုပ်ကြည့်ဖို့ကော စဉ်းစားဖူးလား။ ရှင်တို့ဖာသာ ရုပ်သံဒရမ်မာကို ရိုက်နိုင်ရင် ၁.၅ ဘီလီယံစလုံးကို ရှင်တို့ပဲ ရမှာလေ"

လုပမ်ခိုင်းက ခေါင်းခါ၏။ "မဖြစ်နိုင်ဘူး။ ပထမဆုံး ရုပ်သံဒရမ်မာတစ်ခု ရေပန်းစားလာဖို့လိုအပ်ချက်က ဇာတ်ညွှန်းကောင်းတစ်ခုပဲ။ ဘော့စ်လင်းက တကယ့် ဇာတ်ညွှန်းပါရမီရှင်ကြီး။ သူရေးလိုက်တဲ့ ဇာတ်ညွှန်းတိုင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ဇာတ်ညွှန်းပြီးရင် သရုပ်ဆောင် လိုအပ်တယ်။ ရုပ်သံဒရမ်မာတစ်ခု ရေပန်းစားလာဖို့ဆိုတာ သရုပ်ဆောင်တွေရဲ့ ကြိုးစားမှု မပါဘဲ မရဘူး"

"ဒီလောကထဲမှာ ကျားရှင်းဖျော်ဖြေရေးက အများဆုံး ရင်းမြစ်တွေနဲ့ အလှပဆုံး ဆယ်လီတွေကို ပိုင်ဆိုင်ထားတာ။ တည်ထောင်ထားတာ မကြာသေးပေမယ့် အနာဂတ်မှာ ကျားရှင်းဖျော်ဖြေရေးက အကြီးမားဆုံး ဖျော်ဖြေရေး ကုမ္ပဏီကြီးဖြစ်လာမယ်လို့ အားလုံး ယုံကြည်ထားကြတယ်"

"ဘော့စ်လင်းမှာ အစွမ်းအစရှိတာကိုး"

"ဘော့စ်လင်း မရှိရင် ကျွန်တော်တို့က ဘာမှ မဟုတ်ဘူး"

လုပမ်ခိုင်းက လင်းဖန်ကို ကျေးဇူးတင်နေဆဲဖြစ်သည်။

သူ့ကို လာသိမ်းသွင်းတဲ့လူ မရှိတာ မဟုတ်ဘဲ သိမ်းသွင်းလို့ မရတာ ဖြစ်ပါသည်။

လင်းဖန် ပေးတဲ့လစာက အလွန်များပြားလွန်းသောကြောင့်ပင်။

သူ ကျားရှင်းဖျော်ဖြေရေးကို ရောက်တာ နှစ်ဝက်လောက်ကြာပါပြီ။ အနာဂတ်မှာ ဆက်ပြီး တာဝန်ထမ်းဆောင်ပါက လစာပင် တိုးလာနိုင်သည်။

လင်းဖန်လို သဘောကောင်းတဲ့ ဘော့စ်မျိုးရှိသဖြင့် ကျားရှင်းဖျော်ဖြေရေး၏ ဝန်ထမ်းများ ယုံကြည်ကြပါသည်။

ရွှယ်ခဲ့ရှင်းလည်း သက်ပြင်းချကာ ပြောလိုက်သည်။ "ရှင်တို့ရဲ့ စေတနာကို အသိအမှတ်ပြုပါတယ်။ ကျားရှင်းဖျော်ဖြေရေးကို ဘော့စ်လင်းက တည်ထောင်ထားတာ။ ကျွန်မတို့ ပိုမြင့်တဲ့ လစာ ရရင်တောင် ကျားရှင်းဖျော်ဖြေရေးကနေ မထွက်နိုင်ပါဘူး"

"ပြီးတော့ ကျားရှင်းဖျော်ဖြေရေးက တခြားသူတွေကိုလည်း သိမ်းသွင်းဖို့ မကြိုးစားနဲ့နော်။ ရိုးရိုးသားသားပြောရရင် ကျားရှင်းဖျော်ဖြေရေးက လုံခြုံရေးဝန်ထမ်းတောင် တစ်လကို ယွမ် ၁၀,၀၀၀ ကျော် ရတယ်"

ကျန်းစန် "..."

လီစစ် "..."

ကျားရှင်းဖျော်ဖြေရေးက... တကယ့်ကို ချမ်းသာလွန်းပါသည်။

ကျန်းစန်နဲ့ လီစစ်တို့ တပြိုင်တည်း ပြောလိုက်ကြ၏။ "အမ်.. မေးခွန်းတစ်ခုလောက် မေးပါရစေ။ ကျားရှင်း ဖျော်ဖြေရေးက ဝန်ထမ်းခေါ်ယူနေသေးလား"

All Chapters