← Chapters

အထူးတပ်ဖွဲ့ရဲ့ဝတ်စုံပြဿနာ

Vol. 9 Ch. 16

အထူးတပ်ဖွဲ့ရဲ့ဝတ်စုံပြဿနာ

Vol. 9 Ch. 16

ပိုးကောင်တို့၏နန်းတော်ရာ။

ဘုရင်မဥစာကီက ပလ္လင်ပေါ်မှာ ပန်းရောင်ကီမိုနိုကိုဝတ်၊ မိစ္ဆာသတ်ဓားကို ခါးမှာချိတ်ကာ ထိုင်နေပါတယ်။ ဘာရွန်ကတော့ ဆာမူရိုင်းဝတ်စုံနက်ပြာရောင်ကိုဝတ်ထားပြီး သူတို့ကို ခစားနေတဲ့ မျိုးနွယ်စုံအစောင့်တပ်သားတွေကိုလည်း တွေ့နိုင်ပြီး ပိုးဖလံနဲ့ယင်ကောင်တို့က ညီလာခံခန်းမထဲကို လျင်လျင်မြန်မြန်ဝင်လာကြပါတယ်။ နောက်တော့ သူတို့နှစ်ယောက်က အရှင်သခင်တွေရှေ့ ဒူးထောက်ချလိုက်ပြီး ဦးခေါင်းကိုနှိမ့်ချ ဂါရဝပြုကြလေရဲ့။

“အရှင်မနဲ့ဘာရွန်ကို ဂါရဝပြုပါတယ်။”

“ခေါင်းမော့ကြ။” ဥစာကီဘာမှမပြောရသေးခင်မှာပဲ ဘာရွန်က ပြောလိုက်တယ်။ ပိုးဖလံနဲ့ယင်ကောင်က ခေါင်းမော့ပြီး ဘာရွန်ကိုကြည့်တယ်။ ဘာရွန်ကတော့ ယင်ကောင်ကို ကျေနပ်နှစ်သက်စွာနဲ့ကြည့်ပြီး ပြောပါတယ်။

“မင်းဆင့်ကဲပြောင်းလဲသွားပြီး ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့တယ်ကြားတယ်။ တကယ့်ကို အားရစရာပဲ။ တခြားပိုးကောင်ဗိုလ်ချုပ်တွေလည်း မင်းလိုပဲဖြစ်သင့်တယ်။”

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်ဘာရွန်။” ယင်ကောင်က ပုံမှန်လေသံနဲ့ပဲ ပြောလိုက်တယ်။ သူ့လေသံက ဘာရွန်ချီးကျူးတာကို ဂရုစိုက်တဲ့ပုံစံမပေါ်သလို မလေးမစားလုပ်တဲ့ပုံစံမပေါ်ဘူး။ လုံးဝကို ပုံမှန်ပဲ။ ဘာရွန်ကတော့ ပြောစရာရှိတာ ဆက်ပြောတယ်။

“ဒါပေမဲ့ ဒီလောက်နဲ့တင် ကျေနပ်နေလို့မရဘူး။ ငါတို့ရန်သူတွေကလည်း တစ်နေ့ထက်တစ်နေ့ပိုအားကောင်းနေတာ။ ဒီတော့ ဖြစ်နိုင်သမျှမြန်မြန် သူတို့ကိုဖျက်ဆီးရမယ်။ မကြာခင်မှာ တန်ပြန်တိုက်စစ်ဖွင့်ဖို့လည်း ငါစီစဥ်နေတယ်။ သူတို့ငါတို့နယ်မြေထဲကို ဝင်ဝင်သောင်းကျန်းနေတာ များလှပြီ။”

ပိုးကောင်ဗိုလ်ချုပ်တွေက ခေါင်းညိတ်လိုက်ကြတယ်။ မဟာမိတ်မစ်ရှင်အဖွဲ့က ပိုးကောင်တွေရဲ့နယ်ထဲကို နှစ်ကြိမ်တိတိဝင်ကျူးကျော်ခဲ့ပြီး ပိုးကောင်သိန်းသောင်းချီကို ရှင်းပစ်ခဲ့တယ်။ ပိုးကောင်အင်ပါယာအတွက် အချိန်တစ်ခုကြာရင် အဲဒီပမာဏက ပြန်ပြည့်လာမှာဆိုပေမဲ့ လူပုံအလည်မှာ အရှက်စရာပါ။

“ငါစစ်ဆင်ရေးကို တရားဝင်မထုတ်ပြန်မချင်း မင်းတို့လုပ်လက်စအလုပ်ကို ပြန်လုပ်ကြပါ။ ပြန်လို့ရပါပြီ။” ဘာရွန်က စကားကိုအဆုံးသတ်တယ်။ ယင်ကောင်နဲ့ ပိုးဖလံတို့လည်း ဘာရွန်နဲ့ဘုရင်မကို ဦးညွှတ်ပြီးတော့ ညီလာခံခန်းမထဲကနေ ထွက်ခွာသွားကြပါပြီ။

အခန်းထဲကနေ ပိုးကောင်ဗိုလ်ချုပ်နှစ်ယောက် ထွက်သွားမှ ဥစာကီက ဘာရွန်ကိုကြည့်လိုက်တယ်။ “ဘာရွန်၊ နင်လူသားနယ်မြေထဲကို သူလျှိုတွေထပ်လွှတ်ထားတယ်မဟုတ်လား။ ဒီတစ်ခါလည်း ငါ့ကိုအကြောင်းမကြားပြန်ဘူး။”

ဘာရွန်ကတော့ ရယ်မောလိုက်ပြီး ဥစာကီကို ဟန်လုပ်ကာ ဦးညွှတ်တယ်။ အဲဒီနောက်တော့ သူက အလေးအနက်မထားတဲ့လေသံနဲ့ အခုလိုပြောလိုက်ပါပြီ။

“ကျွန်တော်က ပိုးကောင်အင်ပါယာဖို့ ကောင်းမယ်ထင်လို့ လုပ်ခဲ့ရုံပါ။ ပြီးတော့ ကြီးမားလှတဲ့ အင်ပါယာကြီးတစ််ခုလုံးကိုအုပ်ချုပ်နေရတဲ့ အရှင်မနဲ့ယှဥ်ရင် ဒီကိစ္စက အသေးအဖွဲမလို့ အသိပေးစရာမလိုဘူးလို့ ထင်ခဲ့ရုံပါ။”

ဘာရွန်ရဲ့စကားကိုကြားတော့ ဥစာကီက တစ်ချက်မဲ့လိုက်ပေမဲ့ လူအိုကြီးနဲ့ထပ်ပြီး စကားစစ်မထိုးချင်တော့ဘူး။ ဒါပေမဲ့ ဘာရွန်ကတော့ ဥစာကီကို စကားစလာပါတယ်။

“အရှင်မ၊ ကျွန်တော့်မှာ အရှင်မကို အရေးတကြီးတင်ပြစရာတစ်ခုရှိပါတယ်။”

ဘာရွန်ဘက်ကနေ သူလုပ်တာတစ်ခုခုကို တင်ပြတယ်ဆိုတာ ရှားတဲ့အတွက်ကြောင့် ဥစာကီမျက်ခုံးပင့်လိုက်တယ်။ ဒါပေမဲ့ ဟန်မပျက်တည်ကြည်တဲ့အမူအရာကို ပြန်ယူလိုက်ပြီးမေးလိုက်လေရဲ့။

“ဘာကိစ္စလဲ။”

“အရှင်မ ရှေ့ကနေကြွပါ။” ဘာရွန်က သူ့လက်နဲ့တစ်နေရာကို ညွန်ပြလိုက်တော့ ဥစာကီလည်း ပလ္လင်ပေါ်ကနေ ဆင်းလိုက်တယ်။ ဘာရွန်က လမ်းညွန်ရင်းနဲ့ သူတို့နှစ်ယောက် နန်းတော်ရဲ့အတွင်းပိုင်းတစ်နေရာကို ရောက်လာကြတယ်။ ဘာရွန်က မီးအိမ်တစ်ခုကိုဆွဲလှည့်လိုက်တော့ ကြမ်းပြင်တစ်နေရာက နိမ့်ဝင်သွားပြီး မှောင်မိုက်နေတဲ့ လှေကားထစ်တွေပေါ်လာပါတော့တယ်။

“မြေအောက်ခန်းလား။” ဥစာကီက မေးတော့ ဘာရွန်က ခေါင်းညိတ်ပြတယ်။

“ဝင်ပါအရှင်မ၊ ကျွန်တော်ပြချင်တဲ့အရာက အောက်မှာရှိပါတယ်။” ဥစာကီက ဘာရွန်ရဲ့စကားကိုကြားပြီးပြီးချင်း အောက်ကိုတန်းမဆင်းသေးဘဲ မြေအောက်ခန်းထဲကို လှမ်းကဲကြည့်တယ်။ မှောင်မိုက်လွန်းနေပြီး သိပ်ပြီး ရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့ ဂူဝက ဆိုက်ဘေးရီးယားမှာရှိခဲ့တဲ့ နကျယ်ကောင်သိုက်ကို ပြန်သတိရသွားစေတယ်။ မဝင်ခင် ပူနွေးစိုထိုင်းတဲ့ လေပူတစ်ချက်ကို ရလိုက်ပေမဲ့ ဥစာကီက စိတ်ထဲမသိုးမသန့်ဖြစ်နေတာကို ထိန်းရင်း ရှေ့ကနေစလျှောက်တယ်။

အတွင်းပိုင်းနက်နက်ကိုရောက်လာတဲ့အထိ မြေအောက်ခန်းက ထူးထူးခြားခြားမရှိဘူး။ နံရံတွေနဲ့ကြမ်းခင်းတွေအားလုံးက အနီရောင်ဖြစ်ပြီး ပူနွေးစွတ်စိုမှုနဲ့ပေါင်းတော့သတ္တဝါတစ်ကောင်ရဲ့ဝမ်းဗိုက်အတွင်းမှာ သွားလာနေရသလိုမျိုး ခံစားရတယ်။

“နင်ငါ့ကို ပြစရာရှိတဲ့ အရေးကြီးကိစ္စဆိုတာက...” ဥစာကီက တိတ်ဆိတ်မှုကို မစံစားနိုင်တော့တဲ့အတွက် အရင်စကားစလိုက်တယ်။

“အရှင်မသိတဲ့အတိုင်းပဲ လူသားမျိုးနွယ်တွေက အင်အားကောင်းလာပြီး ကျွန်တော်တို့ထက်ကောင်းတဲ့ နည်းပညာတွေပိုင်ဆိုင်ထားပါတယ်။ ရေဂင်မရှိတော့တာကလည်း အကြောင်းတစ်ခုဆိုပေမဲ့ တန်ပြန်နိုင်တဲ့နည်းလမ်းလည်းရှိဖို့လိုတယ်လေ။”

ဥစာကီက ခေါင်းညိတ်လိုက်တယ်။ နည်းပညာပိုင်းမှာ အထူးကျွမ်းကျင်တဲ့ ပိုးကောင်ဗိုလ်ချုပ်ကို ဆုံးရှုံးသွားတာက ပိုးကောင်အင်ပါယာအတွက် အလွန်ကြီးမားတဲ့ ထိခိုက်မှုတစ်ခုပါ။ သူတို့အနေနဲ့ အဲဒီဆုံးရှုံးမှုကို ပြန်ကာမိဖို့ မလွယ်လှဘူး။

“ဒီတော့ နင်က ဘာလုပ်ဖို့ စဥ်းစားထားတာလဲ။” ဥစာကီက ပြောပြောဆိုဆိုနဲ့ ရှေ့ဆက်လျှောက်နေရင်းကနေ မေးလိုက်တယ်။ စိတ်ထင်လို့လားမသိပေမဲ့ လျှောက်လမ်းက ပိုကျဥ်းလာပြီး မသက်မသာဖြစ်တဲ့ခံစားချက်က ပိုကြီးမားလာတယ်။ တစ်ခါတစ်ခါ စေးကပ်ကပ်အရည်တချို့ သူ့လည်ကုပ်ပေါ်ကို စီးကျလာတယ်ခံစားမိပေမဲ့ စမ်းကြည့်တော့ ဘာမှရှိမနေပြန်ဘူး။

“ရန်သူတွေက အင်အားကောင်းပေမဲ့ ကျုပ်တို့အင်ပါယာမှာ ထူးခြားချက်ရှိတယ်။” ဘာရွန်က မျက်နှာသေနဲ့ မိန့်ခွန်းဆန်ဆန်စကားမျိုးကို စပြောတယ်။ အမှောင်ထုထဲမှာ လူနှစ်ယောက်ရှိနေပေမဲ့ အထီးကျန်ဆန်လွန်းပြီး လုံခြုံစိတ်ချမှုကင်းမဲ့တယ်ဆိုတဲ့ ခံစားချက်မျိုးက ပိုပိုပြီးပြင်းထန်လာနေတယ်။

“ကျုပ်တို့အင်ပါယာက ဂြိုဟ်ကမ္ဘာတွေကို ဝါးမျိုနိုင်တဲ့အထိ ကြီးမားတဲ့ အမျိုးမျိုးသော ပိုးကောင်တွေကို မွေးထုတ်နိုင်တယ်။ အင်ပါယာရဲ့ဘဝသံသရာကို လည်ပတ်နိုင်တဲ့ မျိုးပွားမိခင်တွေကို မွေးထုတ်နိုင်တယ်။ ဒါက ကျုပ်တို့ရဲ့အကြီးမားဆုံးစွမ်းအားပဲ။”

ဘာရွန်ရဲ့စကားက သာမန်နားထောင်ကြည့်ရင် ဘာမှမထူးခြားသလိုထင်ရပေမဲ့ ဥစာကီမျက်နှာပျက်သွားခဲ့ပါပြီ။ သူက ရှေ့ကိုဆက်သွားနေတာကိုရပ်ပြီး ဘာရွန်နဲ့မျက်နှာချင်းဆိုင်လိုက်တယ်။

“ဘာရွန်၊ နင်ပြောချင်တာက...”

ဘာရွန်က ဥစာကီကို မျက်နှာချင်းဆိုင်စိုက်ကြည့်လိုက်ပြီး ဥစာကီရဲ့အကြောက်တရားကို အတည်ပြုလိုက်ပါတော့တယ်။ “အဲဒီကိစ္စကိုလုပ်ဖို့ အချိန်ရပြီလို့ထင်ပါတယ်။”

“ငါစိတ်မပါဘူး...” ဥစာကီက ပြောပြောဆိုဆိုနဲ့ စင်္ကြံလမ်းပေါ်ကနေ ထွက်ဖို့လုပ်တယ်။ ဒါပေမဲ့ သူတို့က အတွင်းနက်နက်ကိုရောက်ထားပြီးဖြစ်လို့ အချိန်တိုအတွင်းပြေးလို့ လွတ်နိုင်တဲ့ အခြေအနေမျိုးမဟုတ်တော့ဘူး။ ရုတ်တရက်ဆိုသလိုပဲ ဥစာကီနင်းလျှောက်နေတဲ့ ကြမ်းခင်းတွေက ပျော့ပြောင်းသွားပြီး သူ့ခြေတွေကို မလှုပ်နိုင်အောင် ဖမ်းချုပ်ထားလိုက်တယ်။

“ဘာ....” ဥစာကီတစ်ယောက် ထောင်ချောက်ထဲဝင်မိပြီမှန်း သတိထားမိတာနဲ့တစ်ပြိုင်နက် ပိုးကောင်တစ်ပိုင်းအသွင်ကိုပြောင်းပြီး ရုန်းထွက်ဖို့လုပ်တယ်။ ဒါပေမဲ့ သူ့ကိုချုပ်ကိုင်ထားတဲ့ ကြမ်းပြင်ရဲ့တင်းအားက ကြီးမားလွန်းတယ်။ မဟုတ်ဘူး၊ ကြမ်းပြင်ဆိုတာထက် ဧရာမကြွက်သားတွေရဲ့တင်းအားလို့ပြောရမယ်။

“ထွက်ပြေးဖို့ ကြိုးစားမနေပါနဲ့သခင်မ၊ ဒါက အင်ပါယာရဲ့ဘုရင်မတိုင်း လက်ခံခဲ့ရတဲ့ကံကြမ္မာဖြစ်တယ်။” ဘာရွန်က အကြင်နာမဲ့စွာပြောလိုက်တယ်။ ဥစာကီရဲ့ခေါင်းပေါ်မှာတော့ ဧရာမအပေါက်ကြီးတစ်ခုပွင့်လာပြီး အတွင်းကိုမြင်နိုင်ဖို့အတွက် မဲမှောင်လွန်းနေပေမဲ့ မကောင်းတဲ့အရာဆိုတာကိုတော့ ဥစာကီပြောနိုင်တယ်။

“ငါလက်မခံနိုင်ဘူး...” ဥစာကီက ခါးကဓားကိုထုတ်ပြီး ကြမ်းပြင်ကို ထိုးချလိုက်တယ်။

ဘုန်း.... ဝူး... ဝူး.... ဝူး.....

မြေအောက်ခန်းမှာကြီးတစ်ခုလုံး သိမ့်ခနဲတုန်လှုပ်သွားပြီး ဧရာမအကောင်ကြီးတစ်ကောင်ရဲ့နာကျင်စွာအော်သံကို ဥစာကီကြားလိုက်ရတယ်။ ဥစာကီကိုချုပ်ထားတဲ့ ကြွက်သားတွေ တစ်ခနတာ အားလျော့သွားတဲ့အတွက် ဥစာကီက နကျယ်ကောင်တောင်ပံကိုဖြန့်ပြီး နေရာကနေပြေးဖို့ အချိန်ရသွားတယ်။ ဘာရွန်ကတော့ နောက်ကနေ လိုက်တာပေါ့။

“ငါ့နောက်ကိုလိုက်မလာနဲ့။” ဥစာကီက ဘာရွန်ကိုဘုရင်မစိတ်စွမ်းအားကိုသုံးပြီး လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ဥစာကီရဲ့စိတ်စွမ်းအားလှိုင်းတွေကို ဘာရွန်က အသာလေးခုခံလိုက်ပြီး တန်ပြန်တိုက်ခိုက်တယ်။ ဥစာကီက မိစ္ဆာသတ်ဓားကိုသုံးပြီး ဘာရွန်ကိုချုပ်ကိုင်ဖို့လုပ်ပေမဲ့ ဘာရွန်ရဲ့စွမ်းအားက အဲဒီအဆင့်ကို လွန်မြောက်ပြီးခဲ့တာကြာပါပြီ။

ဘုတ်...

ဘာရွန်ရဲ့စိတ်စွမ်းအားလိုင်းကို ဥစာကီက တောင့်မခံနိုင်တော့ဘဲ အားအင်ချိနဲ့စွာနဲ့ ပြိုလဲကျသွားတယ်။ ဘာရွန်ရဲ့နှာခေါင်းကနေ သွေးစတချို့စီးကျလာပေမဲ့ ဒဏ်ရာက မပြင်းထန်ပါဘူး။

“ကျုပ်ပြောသားပဲ၊ ဘုရင်မတိုင်းလက်ခံရတဲ့ ကံကြမ္မာပါလို့။ မင်းလို ရုပ်သေးဘုရင်မက ဘာလုပ်နိုင်မှာလဲ။” ဥစာကီက ပြန်ဖြေဖို့တောင် ခွန်အားမရှိတော့တဲ့ အခြေအနေမလို့ ဘာရွန်ကလေးလေးစားစား မဆက်ဆံတော့ဘဲ ဂုတ်ကနေ ဆွဲကိုင်လိုက်တယ်။ နောက်တော့ တဖြည်းဖြည်းပွင့်လာနေတဲ့ အမှောင်ခန်းကြီးဆီ ချီတက်သွားလေရဲ့။

....

ဘုန်း...

သီချင်းနားထောင်နေရင်းကနေ ရုတ်တရက် ငလျင်လှုပ်သလို ခံစားလိုက်ရတဲ့အတွက် ပိုးဖလံက နားကျပ်ကိုချွတ်ပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်တယ်။ ယင်ကောင်ကတော့ သူ့ကိုဂရုမစိုက်ဘဲ မြေပြင်ကိုသာ တစ်ချက်ငုံကြည့်တယ်။

“ယင်ကောင်၊ ဘာဖြစ်တာလဲ။” ပိုးဖလံက မေးတော့ ယင်ကောင်က မြေပြင်ကို လက်ညိုးထိုးပြပြီး ပြောပါတယ်။

“မြေကြီးထဲမှာ ပိုးကောင်ဖခင်ကြီးရှိနေတယ်။”

ပိုးဖလံက မျက်မှောင်ကြုတ်လိုက်ပြီးတော့ ယင်ကောင်ကို သေချာရဲ့လားဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ ယင်ကောင်က သူ့ကိုငတုံးလားဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်လိုက်ပြီး

“ဘာရွန်ကို အလကားကောင်လို့ထင်နေတာလား၊ ဒီနေရာကိုရွေးထားတာ ရန်သူနဲ့ဝေးလို့တင်မကဘူးကွ။ ပိုးကောင်ဖခင်ကြီး ဆင်းသက်ခဲ့တဲ့နေရာမလို့ပဲ။”

“မင်းဘယ်လိုသိတာလဲ။” ပိုးဖလံက မေးတော့ ယင်ကောင်က သူ့ခေါင်းကိုသူ လက်ညိုးထိုးပြလိုက်ပြီး တည်ငြိမ်တဲ့လေသံနဲ့ ပြောလိုက်တယ်။

“ဆင့်ကဲပြောင်းလဲသွားတဲ့ပိုးကောင်တွေပဲ ဆင့်ကဲပြောင်းလဲသွားခဲ့တဲ့ ဘိုးဘေးတွေဆီကနေ အရေးကြီးတဲ့ အချက်အလက်တွေသိရတာ။ ကံမကောင်းစွာနဲ့ သာမန်ပိုးကောင်ဗိုလ်ချုပ်တွေ မသိရတဲ့အရာမျိုးတွေပဲ။”

“အဲဒီလိုအရာမျိုးလည်းရှိတာလား။” ပိုးဖလံက သက်ပြင်းချလိုက်ပြီး ဆက်မမေးတော့ဘူး။ အဲဒီအစား နားကျပ်ကိုပြန်တပ်ပြီး သီချင်းပြန်နားထောင်တယ်။

....

“ဆိုင်းရပ်၊ ဒီနေ့ စာရွက်စာတမ်းတွေမလုပ်နဲ့ဦး။ ငါတို့တစ်နေရာသွားရမယ်။”

ဆိုင်းရပ်မနက်စောစောစီးစီး ရုံးခန်းထဲဝင်ပြီး လင်ဒါပြန်မလာခင် အပြီးသတ်ရမယ့် အစီရင်ခံစာတွေကို ကိုင်ဖို့လုပ်နေရုံရှိသေးတယ် လင်ဒါက ရုတ်တရက်ဝင်လာတဲ့အတွက် မျက်လုံးပြူးသွားပါလေရော။

“အရာရှိ၊ ဒီနေ့ရုံးမတက်လောက်ဘူးထင်ထားတာကို ဘယ်လိုလုပ်ပြီး ဒီရောက်လာတာတုန်း။”

မနေ့က တိုက်ပွဲမှာဒဏ်ရာရထားလို့ လင်ဒါက ဆေးရုံတက်နေသင့်တဲ့သူပါ။ မြူတန့်ဆေးပညာရှင်တွေရှိမှန်းသိပေမဲ့ ဒီလောက်မြန်မြန်ဆေးရုံဆင်းပြီး ရုံးပြန်တက်လိမ့်မယ်ထင်မထားဘူး။ ပြီးတော့ လင်ဒါက ယူနီဖောင်းအသစ်ကို စတိုင်ကျအောင်ဝတ်ထားသေးတယ်။

“အင်း၊ မနေ့ညက နင်ပြောတဲ့ကိစ္စကိုပဲ စဥ်းစားနေတာလေ။ ငါ့ဝတ်စုံလည်း ထိခိုက်ထားတာဆိုတော့ ပြင်ရင်းနဲ့ငါနဲ့ကိုက်အောင် ထည့်သင့်တာထည့် ဖြုတ်သင့်တာဖြုတ်မလို့လေ။”

လင်ဒါက ပြောပြောဆိုဆိုနဲ့ သတ္တုသေတ္တာကို ဆိုင်းရပ်ဆီပစ်ပေးလိုက်တယ်။ ဆိုင်းရပ်က လက်ထဲရောက်လာတဲ့ သတ္တိသေတ္တာရဲ့အလေးချိန်ကြောင့် လင်ဒါကိုအံ့ဩစွာနဲ့ ကြည့်လိုက်ပါပြီ။

“ဒီလောက်အလေးကြီးကို အရာရှိက ဒီအတိုင်းသယ်လာတာလား။ ဒဏ်ရာတွေ ပြန်ပွင့်ကုန်မှဖြင့်။”

လင်ဒါကတော့ ဆိုင်းရပ်စကားကို ပခုံးတွန့်ပြပြီး တုံ့ပြန်တယ်။ ဘာမှမဖြစ်ဘူးဆိုတဲ့သဘော။ ဒါပေမဲ့ နည်းနည်းနာသွားတဲ့ပုံစံနဲ့ သူ့ပုခုံးသူကိုင်လိုက်တယ်။ ဆိုင်းရပ်ကတော့ လင်ဒါပြောတဲ့အတိုင်းပဲ စာရွက်စာတမ်းတွေကိုသိမ်းပြီး လင်ဒါဘေးမှာ ရပ်လိုက်ပါတယ်။

“အရာရှိ၊ ကျွန်တော်တို့ ဘယ်သွားရမှာလဲ။”

“နယူးယောက်ရဲဌာနချုပ်ကိုသွားမှာ။” နယူးယောက်ရဲဌာနချုပ်ဆိုတာကြားတော့ ဆိုင်းရပ်မျက်လုံးပြူးသွားပါလေရောလား။ သူတကယ်ကို မျှော်လင့်မထားတဲ့အရာပါ။ သူက လက်ထဲကိုင်ထားတဲ့သေတ္တာကို ပြန်ငုံကြည့်ပြီး ပြောလိုက်ပါတယ်။

“အရာရှိက လက်နက်ပြင်ရုံပဲမဟုတ်လား၊ ဘာလို့မစ်ရှင်အဖွဲ့ဌာနချုပ်ကိုမသွားဘဲ နယူးယောက်ရဲဌာနချုပ်ကိုသွားမှာလေ။”

ဆိုင်းရပ်က နားမလည်နိုင်စွာနဲ့ ခေါင်းကုပ်လိုက်တယ်။ လင်ဒါကတော့ ခါးထောက်လိုက်ပြီး ဆိုင်းရပ်ကို ကြည့်တယ်။ အဲဒီနောက်တော့ ဆိုင်းရပ်သိအောင်ပြောလိုက်တယ်။

“ငါမစ်ရှင်အဖွဲ့ကနေ ထွက်လာတာလေ။ အခုတော့ဌာနချုပ်က စမ်းသပ်ခန်းကို အားကိုးဖို့ပဲရှိတော့တယ်။” လင်ဒါက စကားဆုံးတာနဲ့ ရုံးခန်းထဲကနေ ပြန်ထွက်တယ်။ ဒီတော့ ဆိုင်းရပ်လည်း နောက်ကနေ သေတ္တာလေးတမမနဲ့လိုက်ရတော့တာပေါ့။

“အရာရှိ၊ အဲဒီစမ်းသပ်ခန်းက မစ်ရှင်အဖွဲ့ကဟာထက် အများကြီးခေတ်နောက်ကျတယ်မဟုတ်ဘူးလား။ အဆင်ရောပြေပါ့မလား။”

“အရင်ဆုံး သွားကြည့်ရအောင်။”

လင်ဒါက နောက်ကိုတစ်ချက်မှလှည့်မကြည့်ဘဲ ရှေ့ကိုဟန်နဲ့ပန်နဲ့ ဆက်ပြီးလျှောက်တယ်။ ဆိုင်းရပ်လည်း နောက်ကနေပြီး အမီလိုက်ရတော့တာပေါ့။

....

နယူးယောက်ရဲမှူးချုပ်က လင်ဒါတို့ရောက်လာမှာကို ပြင်ဆင်မထားတဲ့ပုံပဲ။ ကောင်တာမှာ လင်ဒါတို့ဆယ့်ငါးမိနစ်လောက် စောင့်နေပြီးမှ သူ့ရုံးခန်းထဲကို ခေါ်တွေ့တယ်။ ရဲမှူးချုပ်က ထိပ်ပြောင်ပြောင်နဲ့ မျက်ခုံးမွှေးတွေတောင် ဖြူနေပြီဖြစ်ပေမဲ့ ခပ်ပိန်ပိန်ပါ။ ပိန်လို့ လေပြင်းတိုက်ရင်တောင် လဲကျသွားမလား အောင့်မေ့ရပါတယ်။

“မင်းမစ်ရှင်အဖွဲ့ကနေ ထွက်လာပြီးတော့ ရဲတပ်ဖွဲ့ဆီပြန်လာတာတော့ကြားတယ်၊ ဒါပေမဲ့ အလီဇင်တာမိသားစုက ကောင်လေးကရော မင်းနောက်မှာ ဘာရပ်လုပ်နေတာလဲ။”

မက်ဒါနာက ရဲချုပ်အမေးကြောင့် ဆိုင်းရပ်ကို ကြည့်တယ်။ ဆိုင်းရပ်ကတော့ ရဲချုပ်ကို ပြုံးပြလို့ပေါ့။ လင်ဒါက ဒီကိစ္စကိုဖုံးဖိထားစရာမလိုဘူးလို့ထင်တဲ့အတွက် ခုလိုပြောလိုက်ပါတယ်။

“ကျွန်မရဲစခန်းမှာ ဗော်လန်တီယာလုပ်ချင်လို့ဆိုပြီး ရောက်ချလာတာလေ။”

ဒီတော့မှ ရဲမှူးချုပ်က လင်ဒါနဲ့ဆိုင်းရပ်ကို အပြန်အလှန်ကြည့်ရင်း ခေါင်းတညိတ်ညိတ်နဲ့ “လူငယ်တွေ၊ လူငယ်တွေ”ဆိုပြီး အကြိမ်ကြိမ်ရေရွတ်တယ်။ ပြီးတော့မှ

“ဒီတော့ မင်းရဲ့ပျက်စီးသွားတဲ့ဝတ်စုံကို ရဲဌာနချုပ်စမ်းသပ်ခန်းမှာ ပြင်ဆင်ချင်တယ်ပေါ့။ ငါ့ခွင့်ပြုမိန့်ကိုယူပြီးဝင်သွားလိုက်၊ မင်းလိုနယူးယောက်မြို့ဂုဏ်ဆောင်တစ်ယောက်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး တားဆီးစရာမလိုပါဘူး။”

ရဲမှူးချုပ်က အမိန့်စာတစ်စောင်ကို ချက်ချင်းရေးပေးပြီးလက်မှတ်ထိုး လင်ဒါ့လက်ထဲထည့်ပေးလိုက်တယ်။ အဲဒီနောက်တော့ တစ်ခုခုသတိရသွားဟန်နဲ့ ထပ်ပြောပါတယ်။

“ဟုတ်သားပဲ မေ့နေတာ၊ အခုမှသတိရတယ်။ အခုအထူးတပ်ဖွဲ့မှူးက သူ့တပ်ဖွဲ့ကို ခေတ်မီနည်းပညာချပ်ဝတ်တွေ တပ်ဆင်ပေးဖို့အတွက်စဥ်းစားနေတာလေ။ ဒါပေမဲ့ ဝတ်စုံဒီဇိုင်းနဲ့တပ်ရမယ့်လက်နက်အမျိုးအစားအတွက် ရုန်းကန်နေရပုံပဲ။ အဲဒါမင်းနည်းနည်းအကြံပေးလိုက်ပါဦး။”

....

နယူးယောက်ရဲဌာနချုပ်စမ်းသပ်ခန်းက ရဲဌာနချုပ်နဲ့ နှစ်လမ်းကျော်လေးမှာပဲ။ အထူးရဲတပ်ဖွဲ့ဌာနချုပ်နဲ့လည်းနီးတယ်။ ဒါကြောင့် လင်ဒါက ကားထဲပြန်မဝင်တော့ဘဲ ဒီအတိုင်း ကားလမ်းဖြတ်ကူးလာတယ်။ ဆိုင်းရပ်ကတော့ သေတ္တာကိုပိုက်ပြီး မောမောနဲ့နောက်ကလိုက်လာတယ်။

“ဆိုင်းရပ်၊ နင်လမ်းလျှောက်တာ နှေးလိုက်တာ။ တကယ့်ရဲဖြစ်ချင်ရင် အဲဒီလောက်နဲ့မရဘူးနော်။ မဖြစ်သေးပါဘူး၊ နင့်ကို အရာရှိသင်တန်းတက်ခိုင်းတာ ကောင်းမယ်နဲ့တူတယ်။”

“ဟဲဟဲ... အရာရှိက မတရားမြန်နေတာကိုး” ဆိုင်းရပ်က စပ်ဖြဲဖြဲမျက်နှာနဲ့ ပြန်ဖြေလိုက်တယ်။ အစက လင်ဒါ့မိန့်ခွန်းကြောင့် ဆိုင်းရပ်က ရဲဖြစ်ချင်ခဲ့ပေမဲ့ အခုတော့လင်ဒါ့အနားတာဝန်ထမ်းဆောင်ရင်း ရဲမဖြစ်ချင်တော့ဘူး။ တော်ကြာ ရဲဖြစ်လာပြီးမှ တာဝန်ကျတဲ့နေရာက လင်ဒါ့အနားမှာမဟုတ်တော့ရင် ဘယ်လိုလုပ်မလဲ။

‘အရာရှိရဲ့တောက်တိုမယ်ရကောင်လေးပဲ ဖြစ်ချင်တော့တယ်။’ ဒါက သူ့စိတ်ရင်းပါ။

သူက စကားပြောနေရင်းကနေ လင်ဒါနဖူးကနေ စီးကျနေတဲ့ ချွေးစေးတွေနဲ့ ဖြူဖပ်ဖြူရော်မျက်နှာကိုမြင်တော့ စိုးရိမ်သွားပြီး... “အရာရှိလည်း မောနေတာလား။”

လင်ဒါက ခေါင်းညိတ်ပြလိုက်ပေမဲ့ “ဘာမှမဖြစ်ပါဘူး၊ ဒဏ်ရာကြောင့်ပါ။” လို့ပြောရင်း စမ်းသပ်ခန်းထဲ ဝင်လိုက်တယ်။

အတွင်းပိုင်းက ဒီလောက်ကြီးမသားနားပေမဲ့ စနစ်ကျ သေသပ်သန့်ရှင်းနေပါတယ်။ ပလာဒင်နည်းပညာဝတ်စုံဝတ်ထားတဲ့ အစောင့်တချို့ကင်းလှည့်နေပြီး အထဲကိုရောက်တော့ လင်ဒါက ကောင်တာဆီတန်းသွားတယ်။

“အရာရှိလင်ဒါနဲ့ဗော်လန်တီယာဆိုင်းရပ်နော်။ ခွင့်ပြုမိန့်လည်းပါတယ်ဆိုတော့ ဝင်သွားလို့ရပါပြီ။”

“စကားမစပ်၊ အထူးတပ်ဖွဲ့ကရော ဘယ်အချိန်ဒီကိုလာလေ့ရှိလဲ။” လင်ဒါက ရဲချုပ်ကြီး သူ့ကိုတွဲပေးလိုက်တဲ့ တာဝန်အကြောင်းတွေးမိတာနဲ့ ကောင်တာကရဲမေကိုမေးတော့

“ကံကောင်းစွာနဲ့ အထူးတပ်ဖွဲ့ဝင်တွေနဲ့ရဲမှူးကြီးက စမ်းသပ်ခန်းရဲ့လက်နက်စမ်းသပ်ရေးကွင်းမှာရောက်နေပါတယ်။”

“ကောင်းတယ်။ ဆိုင်းရပ်၊ ငါတို့ သူတို့ဆီကို အရင်သွားမယ်။”

All Chapters