အခန်း (၈၀၁)
Vol. 58 Ch. 801
နှစ်ပေါင်းနှစ်ဆယ် ....
ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် နှစ်ပေါင်းနှစ်ဆယ်ကြာအောင် နေထိုင်ပြီး တိတ်ဆိတ်စွာ ထွက်သွားခဲ့သည်။
အဆုံးတွင် ယွင်ကျင်းက ဟန်မူယဲ့နှင့်အတူ အထက်ဘုံသို့ လိုက်မသွားဘဲ ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် နေထိုင်ခဲ့သည်။
....
ကျင့်ကြံခြင်းလောကတွင် အချိန်သည် လျင်မြန်စွာကုန်ဆုံးနေသည်။
ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၌ နှစ်ပေါင်းနှစ်ဆယ်ကြာအောင် နေထိုင်ခဲ့သောအချိန်တွင် ကျင့်ကြံခြင်းလောကသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
အနန္တကမ္ဘာဝင်္ကပါသည် မရေမတွက်နိုင်သော ကမ္ဘာများနှင့် ဆက်သွယ်နေသည်။
ကျင့်ကြံခြင်းလောက တစ်ခုလုံး၏ ကျင့်ကြံသူများသည် တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါမှတစ်ဆင့် တစ်ခါမှမမြင်ဘူးသော ကမ္ဘာများဆီသို့ သွားရောက်ခဲ့ကြသည်။
ကျင့်ကြံသူအများစုသည် ခရီးတို တည်နေရာရွှေ့ပြောင်းခြင်းအတွက် ငွေကြေးတတ်နိုင်ကြသည်။
သူတို့က ရတနာတချို့ကို သယ်ထားပြီး တခြားကမ္ဘာများတွင် ရောင်းချခြင်းအားဖြင့် တည်နေရာရွှေ့ပြောင်းခြင်း၏ ကုန်ကျစရိတ်ကို ပြန်လည်ရှာဖွေနိုင်ကြသည်။
ခရီးရှည် တည်နေရာရွှေ့ပြောင်းခြင်းသည် အင်အားစုကြီးများအတွက် ဖြစ်သည်။ သူတို့က ဝိညာဉ်ကျောက်တုံးများ၏ ကုန်ကျစရိတ်ကို ဂရုမစိုက်ကြပေ။
ကျင့်ကြံခြင်းလောကတစ်ခုလုံး၏ ဆက်သွယ်မှုသည် တိုးတက်လာစေရန်အတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်တွင် နတ်ဘုရားဘုရင်ဆယ်သုံးပါး ပေါ်ထွက်လာခဲ့သည်။
တာအိုဘိုးဘေးများ အယောက်တစ်ရာခန့် ရှိလာကြသည်။
ယခုအချိန်တွင် ကျင့်ကြံခြင်းလောက၏ အတိုးတက်ဆုံးနေရသည် အထက်ဘုံမဟုတ်တော့ပေ။ ဓမ္မစင်မြင့်တည်ရှိနေသော သစ်သားနစ်မြုပ်ချောက်နက် ဖြစ်သည်။
ထိုနေရာတွင် ကျင့်ကြံခြင်းလောက၏ အသန်မာဆုံးကျင့်ကြံသူများ စုစည်းနေပြီး မရေမတွက်နိုင်သော လက်ရွေးစင်များ၏ နေအိမ်ဖြစ်သည်။
အကယ်၍ ဓမ္မစင်မြင့်ပေါ်သို့ မတက်ရောက်လျှင်ပင် တခြားလူများ၏တိုက်ပွဲကို လေ့လာခြင်းဖြင့် အဆုံးမရှိသော ဉာဏ်အလင်းများကို ရရှိနိုင်သည်။
သစ်သားနစ်မြုပ်ချောက်နက်၏ မိုင်တစ်သိန်းပတ်ဝန်းကျင်သည် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။
တိုက်ပွဲများကို တိုက်ရိုက်မလေ့လာနိုင်လျှင်ပင် သိုးငါးကောင်စံအိမ်က တိုက်ပွဲမှတ်တမ်းများကို ရောင်းချပေးနေသည်။
လိုချင်သောတိုက်ပွဲမှတ်တမ်းကို တောင်းဆို၍ ကြည့်ရှုနိုင်သည်။
ကျွမ်းကျင်သူတစ်ယောက်၏ တိုက်ပွဲမှတ်တမ်းကို သီးသန့်ကြည့်ရှုချင်လျှင်လည်း ဝိညာဉ်ကျောက်တုံးရှိနေသ၍ သိုးငါးကောင်စံအိမ်က အဆင်ပြေအောင်လုပ်ပေးလိမ့်မည်။
ထိုကျွမ်းကျင်သူများ၏ စိတ်သဘောထားကိုတော့ စိုးရိမ်နေရန်မလိုအပ်ပေ။
ဓမ္မစင်မြင့်သည် နည်းစနစ်များကို သရုပ်ပြရန်အတွက် ဖြစ်သည်။ ထို့ကြောင့် ဓမ္မစင်မြင့်ပေါ်သို့ ရောက်လာသောလူတိုင်းသည် စောင့်ကြည့်ခံရမည်ကို မစိုးရိမ်ကြပေ။
တခြားလူများ၏ စောင့်ကြည့်ခြင်းကို စိုးရိမ်နေလျှင် ဓမ္မစင်မြင့်ပေါ်သို့ တက်မလာသင့်ပေ။
ဓမ္မစင်မြင့်၏ ကျွမ်းကျင်သူများက တခြားလူများ၏ လေ့လာသုံးသပ်ခြင်းကို စိတ်မရှိကြပေ။
ဟန်မူယဲ့က ဆေးတောင်ကြားတွင် နှစ်ဝက်ခန့်နေထိုင်ပြီး တိတ်ဆိတ်စွာ ထွက်သွားပြန်သည်။
ဤတစ်ကြိမ်တွင် မူဝမ်ပါမလာခဲ့ပေ။
သူက ပြိုကွဲသွားခဲ့သော ပျက်စီးခြင်းတောရိုင်းဆီသို့ ဦးတည်နေသည်။
ပါ့ရှားကလန်၏ ကောင်းကင်ထောက်တိုင်သည် ထိုနေရာတွင် ရှိနေသည်။
ယခင်က ချီလင်၊ မှူးမတ်ချုံးဝူနှင့် နတ်ဘုရားသားရဲများအားလုံးသည် ပျက်စီးခြင်းတောရိုင်းသို့ သွားကြည့်မည်ဟု ပြောခဲ့ကြသည်။
“ဘုန်း”
အာကာသထဲတွင် ကျယ်လောင်သောပေါက်ကွဲသံကို ကြားနိုင်သည်။
ဧရာမသားရဲကြီးတစ်ကောင်သည် အာကာသထဲတွင် သွားလာနေသည်။
“ချုံးချီ”
ကျောပေါ်တွင် ဓားနှစ်လက်သယ်ထားသော ရှန့်လင်းရွှမ်းက ညင်သာစွာအသံပြုလိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုး၍ အာရုံစိုက်ထားသည်။
ရှေ့တွင်ရှိနေသော သားရဲသည် တစ်ကိုယ်လုံး ကြေးခွံများဖုံးလွှမ်းနေသော တောင်ပံတစ်စုံနှင့် ရှေးခေတ်၏သားရဲရိုင်း ချုံးချီဖြစ်သည်။
ချုံးချီက မျက်နှာတစ်ခုလုံးတွင် မိစ္ဆာအင်းကွက်များဖြင့် ပြည့်နှက်နေပြီး အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်အဖြစ် အသွင်ပြောင်းလိုက်သည်။
ချုံးချီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြုံးသည်။
“အားလုံးပဲ၊ မတွေ့ရတာကြာပြီ”
သူက ဟန်မူယဲ့၏နောက်တွင်ရှိသော ပျက်စီးခြင်းတောရိုင်း၏ မိစ္ဆာကျွမ်းကျင်သူများကို ကြည့်လိုက်သည်။
ယခင်က အားနည်းနေခဲ့သော နတ်ဘုရားသားရဲနှင့် ရှေးခေတ်သားရဲများသည် ယခုအချိန်တွင် အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်လာကြသည်။
ဤတစ်ကြိမ်တွင် ဟန်မူယဲ့က ပျက်စီးခြင်းတောရိုင်းကို ရှာဖွေရန်အတွက် သူတို့ကိုဦးဆောင်၍ ထွက်လာခဲ့သည်။
ချီလင်၊ ချန်ချင်းကျစ်နှင့် သားရဲများက ချုံးချီကို မြင်လိုက်ရသောအခါတွင် ခံစားချက်များ ရှုပ်ထွေးနေကြသည်။
နတ်ဘုရားခုံရုံးခေတ်တွင် သူတို့အားလုံးက နတ်ဘုရားခုံရုံး၏ လက်အောက်တွင် ရှိခဲ့သော မိစ္ဆာများ ဖြစ်ကြသည်။
နောက်ပိုင်းတွင် နတ်ဘုရားခုံရုံးက ပျက်စီးသွားပြီး ပျက်စီးခြင်းတောရိုင်းသည် ပြိုကွဲသွားခဲ့သည်။ မရေမတွက်နိုင်သော မိစ္ဆာသားရဲကျွမ်းကျင်သူများသည် အသတ်ခံလိုက်ရသည်။ သူတို့က ကံကောင်းစွာ ရှင်သန်နိုင်ခဲ့ကြသည်။
ထိုခေတ်မှ ယနေ့အချိန်အထိ ရှင်သန်ခဲ့သော မိစ္ဆာများ၏အတွေ့အကြုံသည် ခါးသီးမှုများဖြင့် ပြည့်နှက်နေသည်။
ချီလင်သည် အဆုံးမဲ့နတ်ဘုရားဘုရင်ထံတွင် မှီခိုပြီး ပြန့်ကျဲကြယ်ကျွန်းတွင် နေထိုင်ခဲ့သည်။ ချန်ချင်းကျစ်သည် စွမ်းအားများကို ဖိနှိပ်၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ရှိနေခဲ့သည်။ ချုံးချီသည် ဆည်ထဲတွင် လမ်းပျောက်နေခဲ့သည်။ ပျက်စီးခြင်းတောရိုင်း၏ အစိတ်အပိုင်းကို သယ်ဆောင်လာသော နတ်ဘုရားသားရဲနှင့် ရှေးခေတ်သားရဲများအားလုံးသည် အိပ်မောကျသွားခဲ့ကြသည်။
အချိန်မြစ်သည် ကြမ်းတမ်းစွာလှုပ်ရှားသွားပြီး မဟာကျင့်ကြံသူများနှင့် သာမန်လူသားများသည် ခုခံရန် အင်အားမဲ့နေကြသည်။
လက်ရှိအချိန်မှ လွတ်မြောက်ချင်လျှင် သူတို့သည် လောကတစ်ခုလုံးကို ထိန်းချုပ်နိုင်သော ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေရမည်။
သို့သော် ထိုကျွမ်းကျင်သူကပင် အမှန်တကယ်လွတ်မြောက်သည်ဟု မည်သို့ ပြောရဲမည်နည်း။
“တိထင်က ပျက်စီးခြင်းတောရိုင်းကို အရင်သွားနှင့်ပြီ။ သူက ငါတို့ကို လမ်းပြပေးလိမ့်မယ်”
ချုံးချီက ဟန်မူယဲ့ကို ညင်သာစွာပြောသည်။
ဟန်မူယဲ့၏ တိုက်ခိုက်နိုင်စွမ်းသည် သူတို့အားလုံးထက် သာလွန်သည်။
သူက ပါ့ရှားသွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ထားသောကြောင့် နတ်ဘုရားသားရဲနှင့် ရှေးခေတ်သားရဲများသည် သူ့ကို မဆန့်ကျင်ကြပေ။
“ကောင်းပြီ။ အခု သွားကြမယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
တိထင်က နတ်ဘုရားသားရဲပိုင်ကျီကဲ့သို့ အတိတ်နှင့်အနာဂတ်ကို မြင်နိုင်သည်။
ထိုစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားမှသာ လေဟာနယ်ကို ထိုးခွဲပြီး ပျောက်ဆုံးသွားသော ပျက်စီးခြင်းတောရိုင်းကို ရှာဖွေနိုင်လိမ့်မည်။
သူတို့က တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများကို အသုံးပြု၍ မိုင်သန်းထောင်ချီအကွာအဝေးကို ဖြတ်သန်းလာကြသည်။ ဟန်မူယဲ့နှင့် လေဟာနယ်စွမ်းအားကို ပိုင်ဆိုင်ထားသော သားရဲများက ပူးပေါင်းပြီး လေဟာနယ်အတားအဆီးကို ချိုးဖျက်လိုက်ကြသည်။
ထိုသို့မဟုတ်လျှင် သူတို့က ပြိုကွဲသွားသော ပျက်စီးခြင်းတောရိုင်းဆီသို့ ပြန်ရောက်ရန် နှစ်တစ်ရာခန့် အချိန်ယူရလိမ့်မည်။
ထို့အပြင် တိထင်၏ လမ်းညွှန်ချက်အမှတ်အသားများ မရှိခဲ့လျှင် ပျက်စီးခြင်းတောရိုင်း၏ တည်နေရာကို တစ်သက်လုံး ရှာဖွေနိုင်ကြမည်မဟုတ်ပေ။
“ငါတို့ ရောက်တော့မယ်”
သုံးနှစ်အကြာတွင် ကျောက်တုံးအပိုင်းအစများသည် အာကာသထဲတွင် ပြည့်နှက်နေသည်။ ရှေးကျသောအငွေ့အသက်ကို စတင်ခံစားလာရသည်။
ထိုအငွေ့အသက်သည် ပျက်စီးခြင်းတောရိုင်းနှင့် သက်ဆိုင်သည်။
ဟန်မူယဲ့၏ မျက်လုံးများသည် တောက်ပလာကြသည်။
ထိုအငွေ့အသက်သည် နတ်ဘုရားသားရဲနှင့် ရှေးခေတ်သားရဲများ၏ ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်ပြီး သွေးမျိုးဆက်စွမ်းအားကို သန့်စင်ပေးနေသည်။
သို့သော် ထိုစွမ်းအားသည် ဖိနှိပ်ခံထားရပုံပေါ်သည်။
“ရိုးရိုးသားသားပြောရရင် ပျက်စီးခြင်းတောရိုင်းကို ဘာဖြစ်လို့ စတေးလိုက်ကြတာလဲ ငါနားမလည်ဘူး”
ချန်ချင်းကျစ်က ထက်မြိနေသောအကြည့်ဖြင့် အာကာသကို ကြည့်လိုက်သည်။
“ဒီမှာရှိနေတဲ့ ပျက်စီးခြင်းအငွေ့အသက်က တစ်ခုခုလိုအပ်နေတာကို သတိထားမိလား”
သူက အစိမ်းရောင်နဂါးဖြစ်ပြီး အားကောင်းသောကျင့်ကြံဆင့်နှင့် သန်မာသောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သို့သော် သူက ရုပ်ခန္ဓာစွမ်းအားကို အမြဲဖိနှိပ်ထားခဲ့သည်။ ယခုအချိန်တွင် သူက ဖိနှိပ်မှုကို ထုတ်လွှတ်လိုက်သောကြောင့် သွေးချီသည် သူ့ခန္ဓာကိုယ်ထဲတွင် ဆူပွက်နေခဲ့သည်။
“ကြမ်းတမ်းမှုတချို့ လိုအပ်နေသလိုပဲ”
ကျားအစင်းကြောင်းနှင့် အကြီးအကဲတစ်ယောက်က ရေရွတ်လိုက်သည်။
သွေးမျိုးဆက်စွမ်းအား သန်မာလေ ပျက်စီးခြင်းတောရိုင်း၏ အပြောင်းအလဲကို အာရုံခံနိုင်လေ ဖြစ်သည်။
“ဟုတ်တယ်။ အရင်တုန်းက ပျက်စီးခြင်းတောရိုင်းမှာ ငါတို့က စွမ်းအားတွေကို အစွမ်းကုန်သုံးပြီး ထိန်းချုပ်ထားရတယ်”
အနက်ရောင်ချပ်ဝတ်နှင့် အကြီးအကဲတစ်ယောက်က ပြောလိုက်ပြန်သည်။
“ဝီ”
ပဲ့တင်သံနှင့်အတူ အဖြူရောင်ဝတ်စုံဝတ်ထားသော တိထင်က အာကာသထဲတွင် ပေါ်ထွက်လာသည်။
“သူတို့က ပျက်စီးခြင်းတောရိုင်းရဲ့ အမွေအနှစ်စွမ်းအားကို ထုတ်ယူထားတယ်”
“မူလရင်းမြစ်စွမ်းအား မရှိရင် ငါတို့ရဲ့ သွေးမျိုးဆက်စွမ်းအားက တိုးတက်နိုင်မှာမဟုတ်ဘူး”
တိထင်က လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“မင်းအတွက်လည်း အတူတူပဲ”
“ပါ့ရှားကလန်ရဲ့ ကောင်းကင်ထောက်တိုင်ကပဲ မင်းရဲ့ သွေးမျိုးဆက်စွမ်းအားကို တိုးတက်သွားစေနိုင်တယ်”
“မင်းက ကောင်းကင်ထောက်တိုက်ရဲ့စွမ်းအားကို အသက်သွင်းနိုင်ပါ့မလား မသေချာဘူး”
မူလရင်းမြစ်စွမ်းအား ....
ထိုစွမ်းအားသည် ကံကြမ္မာကို ဆန့်ကျင်နိုင်သည်ဟု ပြောကြသည်။
မဟာကံကောင်းခြင်းကို ရရှိထားသော ကျွမ်းကျင်သူများကသာ ထိုစွမ်းအားကို ရယူပြီး သန့်စင်နိုင်ကြသည်။
ထိုသို့မဟုတ်လျှင် တန်ပြန်ဒဏ်ကို ခံစားရလိမ့်မည်။
တိထင်က စကားပြောလိုက်ပြီး မျက်လုံးများက ရွှေရောင်အလင်းဖြင့် တောက်ပလာကြသည်။ ထို့နောက် သူက ညည်းညူလိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
“မင်းရဲ့အနာဂတ်ကို မကြည့်နိုင်ဘူး။ တန်ဖိုးကြီးကြီးပေးရလိမ့်မယ်”
တိထင်က နှုတ်ခမ်းထောင့်တွင်ရှိသော သွေးစီးကြောင်းကို သုတ်လိုက်ပြီး ရေရွတ်သည်။
ဟန်မူယဲ့က သိချင်စိတ်များဖြင့် သူ့ကိုကြည့်လိုက်ပြီး မေးသည်။
“ခင်ဗျားက ဘာမြင်ခဲ့တာလဲ”
တခြားလူများကလည်း တိထင်ကို ကြည့်နေကြသည်။
ဟန်မူယဲ့က လောက၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအကြာတွင် တစ်ခါသာပေါ်ထွက်နိုင်သော ပါရမီရှင်တစ်ဦးဖြစ်သည်။ သူ၏အနာဂတ်သည် မည်သို့ဖြစ်နေမည်နည်း။
တိထင်၏မျက်နှာထားက တောင့်တင်းသွားပြီး ခေါင်းခါသည်။
“မင်းက ငါ့ကို သေစေချင်တယ်ဆိုရင်လည်း ဒီအတိုင်းသာ ပြောလိုက်ပါ”
ထို့နောက် သူက တောက်ပနေသော မျက်လုံးများဖြင့် ခေါင်းမော့လိုက်ပြီး ညင်သာစွာပြောသည်။
“ငါတို့တိထင်ကလန် မမြင်နိုင်ခဲ့တဲ့ နောက်ဆုံးအရာက ....”
လူတိုင်း၏ သိချင်စိတ်ပြင်းပြနေသော အကြည့်များအောက်တွင် သူက ခေါင်းခါလိုက်ပြန်သည်။
“ငါပြောလို့မရဘူး”
ဟန်မူယဲ့က တိထင်နှင့် ပိုင်ကျီကလန်သားများ အရေအတွက်နည်းနေရသော အကြောင်းပြချက်ကို နားလည်သွားသည်။
သူတို့က အနာဂတ်ကို ကြည့်ရှုပြီး တန်ပြန်ဒဏ်ခံစားရသောကြောင့် ပျက်စီးသွားကြခြင်းမဟုတ်ပေ။
သူတို့က စကားပြောမပြီးခင် အသတ်ခံလိုက်ရသောကြောင့် ဖြစ်သည်။
ဟန်မူယဲ့က ဓားထုတ်ပြီး တိထင်အား ခုတ်ပစ်ချင်သောစိတ်ကို ဖိနှိပ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်း၍ မေးသည်။
“ပါ့ရှားကလန်ရဲ့ ကောင်းကင်ထောက်တိုင်က ဘယ်နေရာမှာလဲ”
“အဲဒါကိုတော့ ငါပြောပြနိုင်တယ်”
တိထင်က အောက်သို့ ညွှန်ပြသည်။
“အောက်ဆုံအဆင့်မှာ ရှိတယ်”
ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ကျောက်တုံးများဖြင့်ပြည့်နေသော အာကာသထဲသို့ ပြေးဝင်သွားသည်။
ချီလင်နှင့်တခြားလူများက လိုက်သွားတော့မည့်အချိန်တွင် တိထင်က လက်မြှောက်ပြီး သူတို့ကို တားဆီးလိုက်သည်။
“သူက ပါ့ရှားကလန်ရဲ့ ကောင်းကင်ထောက်တိုင်ကို သွားယူတာလေ။ ငါတို့နဲ့ ဘာမှမဆိုင်ဘူး”
ချန်ချင်းကျစ်က မျက်မှောင်ကြုတ်သည်။ ဘေးတွင်ရှိနေသော ချီလင်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“အဲဒါဆိုရင် မင်းက ဘယ်လိုစီစဉ်ထားတာလဲ”
သူတို့အားလုံးသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ခဲ့သော ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ချန်ချင်းကျစ်က ချက်ချင်းနားလည်သွားသည်။
ဟန်မူယဲ့၏ အနာဂတ်သည် သူတို့နှင့် မတူပေ။
တိထင်က တချို့အရာများကို မပြောပြနိုင်သော်လည်း လုပ်ဆောင်နိုင်သည်။
ဟန်မူယဲ့၏ အခွင့်အရေးသည် သူတို့ဝင်ပါနိုင်သောအရာ မဟုတ်ပေ။
“မင်းတို့က ကလန်ကြီးတချို့ရဲ့ ရတနာသိုက်တွေကို စိတ်ဝင်စားခဲ့တယ်မဟုတ်လား”
“ငါပြောပြမယ်။ ဒီကုန်းမြေက နှစ်ပေါင်းများစွာအတွင်းမှာ အားကောင်းတဲ့သက်ရှိတွေကို မွေးထုတ်ပေးခဲ့တယ်။ အဲဒီသက်ရှိတွေက ရင်ဆိုင်ရမလွယ်ဘူး”
တိထင်က သူတို့ကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။