အခန်း (၈၀၂)
Vol. 58 Ch. 802
လမ်းတစ်လျှောက်တွင် သူတို့အားလုံးက ပျက်စီးခြင်းတောရိုင်း၏ သန္ဓေပြောင်းသားရဲများကို မြင်ခဲ့ရသည်။
ထိုသားရဲများသည် အသိဉာဏ်နိမ့်ပါးသော်လည်း ရုပ်ခန္ဓာကြံ့ခိုင်ပြီး တိုက်ခိုက်နိုင်စွမ်းကောင်းသည်။
ထိုသားရဲများသည် ပျက်စီးခြင်းတောရိုင်း၏ မျိုးဆက်များပင် ဖြစ်ကြသည်။ သို့သော် ပျက်စီးခြင်းတောရိုင်းက ပြိုကွဲသွားသောကြောင့် သူတို့ကလည်း သန္ဓေပြောင်းသားရဲများ ဖြစ်သွားကြသည်။
ဆည်ထဲတွင်ရှိနေခဲ့သော မျိုးနွယ်စုများနှင့် ဆင်တူသည်။
ကံကောင်းစွာဖြင့် ထိုသက်ရှိများသည် ကိုယ်ပိုင်နယ်မြေကို စောင့်ကြပ်နေပြီး တခြားနေရာများတွင် မတိုက်ခိုက်ကြပေ။
သူတို့က လမ်းတစ်လျှောက်တွင် ထိုသားရဲများကို သိပ်မသတ်ခဲ့ကြပေ။
သို့သော် ပျက်စီးခြင်းတောရိုင်းသို့ ဝင်ရောက်ပြီး ရတနာများကို ရှာဖွေချင်လျှင် ထိုသားရဲများနှင့် ရင်ဆိုင်ရလိမ့်မည်။
“သွားကြစို့။ ဒါက ငါတို့ရဲ့အိမ်ပဲ”
ချီလင်က တောက်ပနေသောမျက်လုံးများဖြင့် သားရဲအသွင်သို့ ပြောင်းလိုက်ပြီး ပြေးထွက်သွားသည်။
“ဟားဟား၊ ငါတို့က အိမ်ပြန်ရောက်လာပြီ”
ချန်ချင်းကျစ်က ဧရာမနဂါးတစ်ကောင်အဖြစ် ပြောင်းလဲပြီး ဟိန်းဟောက်လိုက်သောကြောင့် ကောင်းကင်ထက်တွင်ရှိသော တိမ်တိုက်များကို တုန်ခါသွားစေသည်။
နဂါးသည် တိမ်တိုက်များနှင့်အတူ လှုပ်ရှားနေပြီး ကျားရဲသည် လေပြင်းနှင့်အတူ လှုပ်ရှားနေသည်။
“ကောင်လေး၊ ငါတို့ရဲ့အိမ်ကို သွားကြည့်ရအောင်”
ရှန့်လင်းရွှမ်း၏နောက်တွင် သားရေဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ရှန့်လင်းရွှမ်း၏ပခုံးကို ပုတ်ပေးလိုက်ပြီး အနက်ရောင်ဦးချိုကြံ့အဖြစ် ပြောင်းလဲသွားသည်။
ရှ့န်လင်းရွှမ်းက ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့ပျောက်ကွယ်သွားသောနေရာသို့ ငုံ့ကြည့်သည်။ သူ့ခန္ဓာကိုယ်က ကြီးထွားလာပြီး ပေရှစ်ထောင်မြင့်သော ဆင်ဖြူတစ်ကောင် ဖြစ်သွားသည်။ သူက ခြေလှမ်းတိုင်းတွင် ပြန့်ကျဲနေသောကျောက်တုံးများကို ကြေမွသွားစေပြီး ပျက်စီးခြင်းတောရိုင်းထဲသို့ ဝင်ရောက်သွားသည်။
ဧရာမသားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာသောကြောင့် အာကာသထဲတွင်နေထိုင်သော သားရဲများသည် ထိတ်လန့်နေကြသည်။
တိတ်ဆိတ်နေသောကမ္ဘာသည် ဆူပွက်လာပြန်သည်။
....
ဟန်မူယဲ့က ဓားပျံကို စီးနင်းလျက် မိုင်သန်းချီအကွာအထိ ပျံသန်းလာသော်လည်း မည်သည့်အရာကိုမှ မတွေ့ရပေ။
အသိဉာဏ်နိမ့်ပါးပြီး တိုက်ခိုက်နိုင်စွမ်းကောင်းသော သားရဲတချို့မှလွဲ၍ ကုန်းမြေတစ်ခုကိုပင် ရှာမတွေ့ခဲ့ပေ။
‘ကောင်းကင်ထောက်တိုင်က ဒီနေရာမှာ ရှိနေတယ်လို့ တိထင်က ပြောလိုက်တာမဟုတ်လား’
ဟန်မူယဲ့က ရပ်တန့်လိုက်ပြီး ဓားအလင်းကို သိမ်းသည်။
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပါ့ရှားပုံရိပ်ကို ထုတ်ဖော်သည်။
ထိုပုံရိပ်သည် နတ်ဘုရားသားရဲအစစ်နှင့် တူညီနေသည်။
ပါ့ရှား၏ခန္ဓာကိုယ်သည် အားကောင်းသော သွေးမျိုးဆက်စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့က ပါ့ရှားအဖြစ် အသွင်မပြောင်းနိုင်တော့ပေ။
သို့သော် သူက သွေးမျိုးဆက်စွမ်းအားကို အသုံးပြု၍ သားရဲအစစ်နှင့် တူညီသော ပါ့ရှားပုံရိပ်ကို ဖန်တီးနိုင်သည်။
သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်ဖြစ်နေပြီး သွေးမျိုးဆက်စွမ်းအားကြောင့် ဖြစ်ပေါ်လာသော ပါ့ရှားပုံရိပ်နှင့် ပေါင်းစပ်သွားသည်။ ပါ့ရှားသည် ဟိန်းဟောက်လိုက်သည်။ သူ၏ ဟိန်းဟောက်သံသည် အာကာသ၏ မိုင်ထောင်ချီပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။
မရေမတွက်နိုင်သော အစိမ်းပုပ်ရောင်အငွေ့အသက်များသည် ပါ့ရှား၏ခန္ဓာကိုယ်နှင့် ထိတွေ့သွားကြသည်။
ပါ့ရှား၏မျက်လုံးများက တောက်ပသွားသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ပေထောင်ချီအကွာအဝေးကို ဖြတ်သန်း၍ ဥက္ကာခဲများကို ဝင်တိုက်လျက် ပြေးထွက်သွားသည်။
ဟန်မူယဲ့က သွေးမျိုးဆက်စွမ်းအား၏ လမ်းညွှန်မှုကြောင့် ကောင်းကင်ထောက်တိုင်၏ တည်ရှိမှုကို အာရုံခံနိုင်ခဲ့သည်။
ထိုစွမ်းအားသည် ထူးခြားလှသည်။
သူက အဝေးသို့ရောက်သွားလေ စွမ်းအားကို ရှင်းလင်းစွာ ခံစားနိုင်လေ ဖြစ်သည်။
ထိုစွမ်းအားသည် သူနှင့်သက်ဆိုင်ပြီး သူ့ကို ဆင့်ခေါ်နေပုံပေါ်သည်။
သူက ဆက်တိုက်နစ်မြုပ်သွားသည်။
ထူးခြားလေးနက်သော တည်နေရာစွမ်းအားသည် ဟန်မူယဲ့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
လောက၏ အနက်ရှိုင်းဆုံးအပိုင်းသည် အကန့်အသတ်မဲ့ပြီး အမြဲတည်ရှိနေသော အဆုံးမဲ့ပင်လယ် ဖြစ်သင့်သည်။
“ဂါး ....”
ပါ့ရှားက ဟိန်းဟောက်ပြီး အာကာသထဲတွင် လွင့်မျောနေသော ဥက္ကာခဲများကို လမ်းကြောင်းရှင်းလိုက်သည်။
ထူးခြားပြီးနက်ရှိုင်းသော အာကာသထဲတွင် ကြမ်းတမ်းသောမျက်လုံးတစ်စုံ ပွင့်လာပြီး ဖိနှိပ်မှုစွမ်းအားနှင့်အတူ ပါ့ရှားကို ကြည့်လိုက်သည်။
ထိုအရာသည် သွေးချီစွမ်းအား၏ ဖိနှိပ်မှုဖြစ်သည်။
မရေမတွက်နိုင်သော ဧရာမပုံရိပ်များသည် ဖုံးကွယ်ထားသောတည်နေရာတွင် ထွက်ပေါ်လာကြသည်။ သူတို့၏မျက်နှာထားက ကြမ်းတမ်းပြီး ရှည်လျားသော သွားစွယ်များသည် အရောင်ဖျော့ဖျော့ တောက်ပနေကြသည်။
သူတို့၏ ကြံ့ခိုင်သောခန္ဓာကိုယ်ကို ပေဆယ်ချီရှည်လျားသော အနက်ရောင်ကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။
သူတို့၏ ထက်မြိသောလက်သည်းများသည် အားကောင်းပြီး သက်ဝင်လှုပ်ရှားနေသည်။ သူတို့၏ အမြီးရှည်များသည် ပတ်ဝန်းကျင်တွင်ရှိသော ကျောက်တုံးများကို တစ်ချက်ရိုက်လိုက်ရုံဖြင့် အမှုန့်ဖြစ်သွားစေသည်။
“နဂါးလား”
ပါ့ရှားဖြစ်နေသော ဟန်မူယဲ့က ရပ်တန့်လိုက်သည်။ သူက ဧရာမသားရဲကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ဒါပေမဲ့ သူတို့က အစိမ်းရောင်နဂါးရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်မထားဘူး။ ခြေလေးချောင်းဖွတ်တွေပဲ”
ပါ့ရှားက ခေါင်းခါလိုက်ပြီး ဟိန်းဟောက်သည်။
အသံလှိုင်းသည် ဥက္ကာခဲများကို ကြွေမွသွားစေပြီး ချဉ်းကပ်လာသော သားရဲများအားလုံးကို တွန်းထုတ်သည်။
ထိုခြေလေးဖက်နဂါးသားရဲများသည် ပါ့ရှား၏ဟိန်းဟောက်သံကိုပင် မခုခံနိုင်ကြပေ။
“ဘန်း”
အနီးဆုံးနေရာတွင်ရှိသော နဂါးသားရဲ၏ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားသည်။
လတ်ဆတ်သော အနီရောင်သွေးများသည် နေရာအနှံ့သို့ ဖြာထွက်သွားသည်။
ပတ်ဝန်းကျင်တွင်ရှိသော သားရဲများ၏မျက်လုံးက နီရဲလာပြီး နဂါးသားရဲ၏အလောင်းကို ဆွဲဖြဲလိုက်ကြသည်။
ထူထဲသောအရိုးနှင့် ကြံ့ခိုင်သောကြေးခွံများကိုပင် ချန်မထားဘဲ ဝါးမြိုလိုက်ကြသည်။
ထိုသားရဲများက အလောင်းကို ဝါးမြိုပြီး ဟိန်းဟောက်၍ ပါ့ရှားဆီသို့ ပြေးဝင်လာကြပြန်သည်။
ပါ့ရှားက လှောင်ပြောင်လိုသောမျက်နှာထားဖြင့် ဖြည်းဖြည်းချင်း ခြေလေးဖက်ကို မြှောက်၍ လှုပ်ရှားသည်။
“ဘန်း”
ပါ့ရှား၏ ခြေတစ်ဖက်သည် နဂါးသားရဲတစ်ကောင်ကို တိုက်ရိုက်နင်းချေလိုက်သည်။
ထို့နောက် ခန္ဓာကိုယ်ကို လှုပ်ရှားပြီး ခုန်အုပ်လာသောသားရဲကို လွင့်ထွက်သွားစေသည်။
ထိုသားရဲ၏ကြေးခွံနှင့် နဂါးအရိုးများသည် ချက်ချင်းကြေမွသွားကြသည်။
“ဘုန်း”
ပါ့ရှားက လမ်းပိတ်ထားသော ဧရာမသားရဲနှစ်ကောင်ကို ကန်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ပြေးထွက်လာပြီး အနားတွင်ရစ်ဝဲနေသော နဂါးသားရဲနှစ်ကောင်ကို တစ်ပိုင်းတစ်စစီ ဖြစ်သွားစေသည်။
သူက သွေးမျိုးဆက်စွမ်းအားကို အဆုံးစွန်အထိ အသက်သွင်းထားပြီး သွေးချီများကို စုပ်ယူနေသည်။ ပါ့ရှား၏ ကြံ့ခိုင်သောခန္ဓာကိုယ်က ပိုမိုအားကောင်းလာသည်။
ထိုသားရဲများသည် ပါ့ရှား၏လမ်းကို ပိတ်မထားနိုင်ခဲ့ကြပေ။
ပါ့ရှားက ပေတစ်သန်းအကွာသို့ ရောက်လာသောအခါတွင် သွေးချီနှင့် တိုက်ခိုက်လိုစိတ်သည် မြူခိုးများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုမြူခိုးများသည် မရေမတွက်နိုင်သောဝိညာဉ်များကို သယ်ဆောင်ထားသည်။ သူတို့၏ ဟိန်းဟောက်သံသည် လမ်းပိတ်ထားသော သားရဲများ၏ဝိညာဉ်ကို ပျက်စီးသွားစေသည်။
“ဘန်း”
ရှေ့တွင် ဧရာမလက်ဝါးချက်သည် ဆင်းသက်လာသည်။ ပါ့ရှားသည် ခြေတစ်ဖက်မြှောက်ပြီး ခုခံလိုက်သောကြောင့် ပတ်ဝန်းကျင်သည် တုန်ခါသွားသည်။ မိုင်တစ်ထောင်ပတ်ဝန်းကျင်တွင်ရှိသော ဥက္ကာခဲများသည် အမှုန့်အဖြစ် ပြောင်းလဲသွားပြီး ဝဲကတော့များဖြစ်နေကြသည်။
နတ်ဘုရားသားရဲပါ့ရှားသည် ပေတစ်သိန်းကြီးမားသော သားရဲတစ်ကောင်ကို မြင်လိုက်ရသည်။ ထိုသားရဲ၏တစ်ကိုယ်လုံးသည် အစိမ်းပုပ်ရောင်သန်းနေပြီး မြွေတစ်ကောင်နှင့်တူသော အမြီးရှည်ကို ပိုင်ဆိုင်ထားသည်။ ထိုသားရဲသည် နီရဲနေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။
“သန္ဓေပြောင်းသားရဲ ကျားနဂါးလား”
ထိုသားရဲသည် ပျက်စီးခြင်းတောရိုင်း၏ သားရဲတစ်ကောင်နှင့် ဆင်တူသည်။
သို့သော် သာမန်ကျားနဂါးများသည် ထိုသို့ မသန်မာကြပေ။
ထိုသားရဲ၏ လက်ဝါးချက်သည် တာအိုဘိုးဘေးတစ်ယောက်ကို ရှုံးနိမ့်သွားစေလိမ့်မည်။
အကယ်၍ ရှေးခေတ်၏ ကျားနဂါးကလန်သည် ထိုခွန်အားမျိုးကို ပိုင်ဆိုင်ခဲ့လျှင် နာမည်ကြီးနေလိမ့်မည်။
“ပါ့ရှားလား”
ကျားနဂါး၏အသံက အက်ကွဲနေပြီး နီရဲနေသော မျက်လုံးများသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။
“သေဖို့ရောက်လာတာပဲ”
ကျားနဂါးက သွားစွယ်များပေါ်လာအောင် ပြုံးသည်။
“ရွှပ် ....”
လေဟာနယ်သည် ထိုးခွဲခံလိုက်ရပြီး ကျားနဂါး၏ ဧရာမခန္ဓာကိုယ်ကြီးသည် လှိုင်းတွန့်များကိုသာ ချန်ရစ်လျက် အရိပ်အယောင်မရှိဘဲ ပျောက်ကွယ်သွားသည်။
ပါ့ရှားက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
“ဘန်း”
ထိုအချိန်တွင် ထက်မြိနေသောလက်သည်းများသည် ပါ့ရှား၏ဝမ်းဗိုက်ကို တိုက်ခိုက်လိုက်သည်။
ထိုလက်သည်းချက်သည် ကြယ်တစ်စင်းကိုပင် ဖျက်ဆီးနိုင်သည်။
သို့သော် ထိုလက်သည်းများသည် စွမ်းအားထုတ်ပြရန် အခွင့်အရေးမရလိုက်ပေ။
ပါ့ရှားက ရှေ့ခြေကိုမြှောက်ပြီး အကြင်နာကင်းမဲ့စွာ နင်းချလိုက်သည်။
“ဘန်း”
ဧရာမခြေထောက်ကြီးသည် လေဟာနယ်ကို ချိုးဖောက်၍ ကျားနဂါး၏နဖူးပေါ်သို့ ရောက်သွားသည်။
ကျားနဂါးသည် မျက်လုံးပြူးသွားပြီး သူ့မျက်နှာ၊ ပါးပြင်၊ ဦးနှောက်နှင့် ကျောရိုးတို့အား ဖျက်ဆီးသွားသော ခြေထောက်ကို ခံယူလိုက်ရသည်။
ကျားနဂါး၏ အားပျော့သွားသော လက်သည်းများသည် ပါ့ရှား၏ဝမ်းဗိုက်ကို ထိတွေ့သွားသော်လည်း အဖြူရောင်အစင်းကြောင်းတစ်ခုပင် မချန်နိုင်ခဲ့ပေ။
သေဆုံးသွားသော ကျားနဂါးသည် ပါ့ရှား၏ဝမ်းဗိုက်ကို မည်သို့ ထိုးဖောက်နိုင်မည်နည်း။
ပါ့ရှားက ပါးစပ်ဖွင့်ပြီး လေဟာနယ်ကိုချိုးဖောက်၍ ကျားနဂါး၏အလောင်းကို ဆွဲထုတ်သည်။ ထို့နောက် ခေါင်းခါပြီး အလောင်းကို လွှင့်ပစ်လိုက်သည်။
“ဘန်း”
ဧရာမခန္ဓာကိုယ်ကြီးသည် မိုင်တစ်ရာအကွာတွင်ရှိနေသော ဥက္ကာခဲပေါ်သို့ ရောက်သွားပြီး ပုန်းကွယ်နေသော သားရဲများကို ရူးသွပ်စွာ ထွက်ပြေးသွားစေခဲ့သည်။
ကျားနဂါးသည် ဤနေရာ၏ ဘုရင်ဖြစ်သော်လည်း ပါ့ရှား၏ ရိုက်ချက်တစ်ချက်ကို မခုခံနိုင်ခဲ့ပေ။
ပါ့ရှားက ကျားနဂါးကို သတ်ဖြတ်ပြီး ကျယ်လောင်စွာဟိန်းဟောက်သည်။ ပါ့ရှားသည် မိစ္ဆာအငွေ့အသက်များကို ထုတ်လွှတ်နေပြီး ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။ အစိမ်းပုပ်ရောင်အလင်းတန်းများသည် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာကြသည်။
“ဘုန်း”
လေဟာနယ်သည် အက်ကွဲသွားပြီး ပုန်းကွယ်နေသောကမ္ဘာကို ဖော်ပြလိုက်သည်။
ထိုကမ္ဘာသည် ပျက်စီးနေပြီး စိမ်းလန်းနေသော သစ်ပင်တချို့ကိုသာ မြင်နိုင်သည်။
ပေတစ်သန်းမြင့်မားသော ရွှေရောင်ကျောက်တိုင်ကြီးတစ်ခုသည် ထိုကမ္ဘာကို ဖိနှိပ်ထားသည်။ မရေမတွက်နိုင်သော အရိုးစုများသည် ရွှေရောင်ချီစွမ်းအင်အလင်းဖြင့် လွှမ်းခြုံခံထားရပြီး ကျောက်တိုင်၏ပတ်ဝန်းကျင်တွင် လွင့်မျောနေကြသည်။
ကျောက်တိုင်ပေါ်တွင် တောက်ပနေသော ဝိညာဉ်အင်းကွက်များကို မြင်နိုင်သည်။
မဟုတ်သေးပေ။
ပါ့ရှား၏ ဧရာမမျက်လုံးကြီးများသည် တောက်ပသွားပြီး ကျောက်တိုင်၏ အင်းကွက်များကို သေချာကြည့်နေသည်။
ထိုအင်းကွက်များသည် ဝိညာဉ်အင်းကွက်မဟုတ်သလို သူလေ့လာထားသော အင်မော်တယ်အင်းကွက်များလည်း မဟုတ်ကြပေ။
ထိုအင်းကွက်များသည် အဆုံးစွန်အထိ သက်ဝင်လှုပ်ရှားနေသော စွမ်းအားများကို သယ်ဆောင်ထားသည်။ သူက ထိုအင်းကွက်များကို မမြင်ဖူးပေ။
ပါ့ရှားက အင်းကွက်များကို ကြည့်နေသောအချိန်တွင် ကျောက်တိုင်က တုန်ခါသွားပြီး လွင့်မျောနေသော အရိုးစုများသည် ဘန်းခနဲ ပေါက်ကွဲသွားကြသည်။
ထိုအရိုးစုများသည် ပေသောင်းချီမြင့်မားသော အရိုးစုသားရဲများအဖြစ် စုစည်းသွားပြီး ပါ့ရှားဆီသို့ ပြေးဝင်လာကြသည်။
ပါ့ရှားက ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး အရိုးစုများနှင့် ရင်ဆိုင်သည်။
“ဘန်း”
အရိုးအပိုင်းအစများသည် လေထုထဲတွင် ပြန့်ကျဲသွားသည်။
“ဒါပဲလား”
ပါ့ရှားက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ရွှေရောင်ကျောက်တိုင်ကို ဝင်တိုက်သည်။
“ဘန်း”
ပါ့ရှား၏ခန္ဓာကိုယ်သည် ကျောက်တိုင်နှင့် ထိတွေ့သွားပြီး ရွှေရောင်အင်းကွက်များသည် လှိုင်းထသွားကြသည်။
ပါ့ရှားသည် အလွန်သန်မာသော်လည်း ကျောက်တိုင်ကို မလှုပ်ရှားစေနိုင်ခဲ့ပေ။
“စိတ်ဝင်စားစရာပဲ။ ဒါက ကောင်းကင်ထောက်တိုင်ပေါ့”
ပါ့ရှားက ခပ်ဟဟရယ်လိုက်ပြီး ကျယ်လောင်စွာဟိန်းဟောက်သည်။
ပါ့ရှား၏ ခန္ဓာကိုယ်သည် စတင်ကြီးထွားလာသည်။
ပေတစ်သိန်း၊ ပေဆယ်သိန်း ....
ကမ္ဘာတစ်ခုကို သယ်ဆောင်ထားသော ပါ့ရှားသည် ပြန်ရောက်လာခဲ့သည်။ သွေးချီစွမ်းအားသည် နေရာအနှံ့သို့ ဖြာထွက်သွားပြီး ရွှေရောင်ကျောက်တိုင်သည် ပဲပင်ပေါက်တစ်ခုနှင့် တူနေသည်။
ပါ့ရှားက ကျယ်လောင်စွာရယ်လိုက်ပြီး လက်မြှောက်၍ ကျောက်တိုင်ကို ရိုက်ချသည်။