အခန်း (၈၀၄)
Vol. 58 Ch. 804
“ဝီ”
ဖိနှိပ်ထားသောစွမ်းအားသည် တုန်ခါလာပြီး အင်မော်တယ်ဘုရင်က နောင်တရနေသောမျက်နှာထားဖြင့် ကောင်းကင်ကို မော့ကြည့်သည်။
“ဟမ့်၊ စည်းကမ်းတွေကြောင့်သာမဟုတ်ရင် ငါက မင်းတို့အားလုံးကို လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံနဲ့ သတ်ပစ်နိုင်တယ်”
အင်မော်တယ်ဘုရင်က အေးစက်စွာနှာမှုတ်လိုက်ပြီး လက်ထဲတွင်ရှိသော အလင်းရောင်ကို ဖြည်းဖြည်းချင်း ရုတ်သိမ်းသည်။ လှုပ်ရှားနေသော စွမ်းအင်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။
သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်သည် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများကို ပိုင်ဆိုင်ထားသည့် အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်အဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ သူ၏ဒေါသနှင့် ကြမ်းတမ်းသောမျက်နှာထားကို မတွေ့နိုင်တော့ပေ။
သို့သော် အလင်းလွှာ၏အပြင်ဘက်တွင် အလင်းတန်းများသည် ပျောက်ကွယ်မသွားသေးဘဲ ရစ်ဝဲနေကြသည်။
ထိုစွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်ပုံရသည်။
မတ်တပ်ရပ်နေသော ကျင့်ကြံသူများက တောက်ပနေသော မျက်လုံးများဖြင့် ခေါင်းမော့ကြည့်လိုက်ကြသည်။ သူတို့က စွမ်းအားများကို အသက်သွင်းပြီး လှုပ်ရှားရန် အသင့်ပြင်ထားကြသည်။
“မင်းတို့ရဲ့စိတ်အခြေအနေက ဒီလူငယ်လေးနဲ့ မယှဉ်နိုင်သေးဘူးပဲ”
အင်မော်တယ်ဘုရင်က ခေါင်းခါပြီး လက်ကိုဝှေ့ယမ်းသည်။
ကြယ်များသည် ရွေ့လျားသွားပြီး ကောင်းကင်နှင့်မြေကြီးသည် လည်ပတ်နေသည်။ ပတ်ဝန်းကျင်သည် ဗလာဖြစ်သွားသည်။
လူအိုကြီးက လက်တစ်ဖက်ကို ဝှေ့ယမ်းပြီး မိုင်သန်းချီအကွာအဝေးသို့ တည်နေရာရွှေ့ပြောင်းလိုက်ပုံပေါ်သည်။ သို့သော် ကောင်းကင်နှင့်မြေကြီးကို ပြောင်းလဲလိုက်ခြင်းနှင့် ပိုတူသည်။
ဟန်မူယဲ့က တစ်ချိန်လုံး မလှုပ်ရှားဘဲ ထိုင်နေခဲ့သည်။
သူက ဤနေရာသို့ ရောက်လာသောအချိန်မှစ၍ သူ၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းထက် ကျော်လွန်နေသော စွမ်းအားကြီးတစ်ခုကို ခံစားမိသည်။
သူက ဤကမ္ဘာမျိုးကို မမြင်ဖူးပေ။ သူ့တွင် ခုခံနိုင်စွမ်းလည်း မရှိပေ။
“နတ်ဘုရားကမ္ဘာရဲ့ ကောင်းကင်စက်ဝန်းမှာ ငါ ထောင်ဟုန်ကျင်းအတွက် အခွင့်အရေးမရှိဘူး။ အဲဒါဆိုရင် နတ်ဘုရားကမ္ဘာရဲ့ ကောင်းကင်စက်ဝန်းကို ချန်ထားခဲ့တော့မယ်”
အင်မော်တယ်ဘုရင်က ရှေ့တွင်ရှိသောလူများကို ကြည့်လိုက်ပြီး မျက်လုံးမှေးကျဉ်းသည်။
“ဒီကမ္ဘာက နတ်ဘုရားကမ္ဘာနဲ့ ဆက်သွယ်နေတယ်။ မင်တးို့က ဒီကမ္ဘာကို ထိန်းချုပ်ပြီး ကောင်းကင်စက်ဝန်းရဲ့အတားအဆီးကို ချိုးဖောက်နိုင်ရင် နတ်ဘုရားကမ္ဘာကို ရောက်သွားလိမ့်မယ်”
“အဲဒီအချိန်ကျရင် နတ်ဘုရားကမ္ဘာရဲ့ ကောင်းကင်စက်ဝန်းက ရွှံ့အိုင်တစ်ခုပဲ ဖြစ်နေတာကို သိသွားလိမ့်မယ်”
အင်မော်တယ်ဘုရင်က မောက်မာသောပုံစံဖြင့် ပြောသည်။
သူက ပတ်ဝန်းကျင်တွင်ရှိနေသော လေစားပုံရသည့်လူများကို ကြည့်လိုက်ပြီး ဂရုမစိုက်စွာ ပြောသည်။
“မင်းတို့က နတ်ဘုရားဘုံရဲ့ ကောင်းကင်စက်ဝန်းအတွက် တိုက်ခိုက်ချင်ရင် ဒီသတ်ဖြတ်ခြင်းဝင်္ကပါကို နားလည်ရမယ်။ မင်းတို့က ဘယ်လောက်နားလည်ထားလဲ”
“အင်မော်တယ်ဘုရင်ကို တင်ပြပါတယ်။ ဒီတပည့်က ဝင်္ကပါရဲ့ ၃၀%ကို နားလည်နိုင်ခဲ့ပါတယ်”
အပြာဖျော့ရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က လက်မြှောက်သည်။ သူ့လက်ချောင်းထိပ်တွင် အလင်းစီးကြောင်းများသည် ရှုပ်ထွေးသောအင်းကွက်များအဖြစ် ပြောင်းလဲသွားကြသည်။
ထိုအင်းကွက်များ ပေါ်လာသောအချိန်တွင် ပတ်ဝန်းကျင်သည် တုန်ခါသွားသည်။
အလင်းစက်ကွင်းသည် သတ်ဖြတ်လိုစိတ်ကို နေရာအနှံ့သို့ ထုတ်လွှတ်ပေးလိုက်သည်။
ပတ်ဝန်းကျင်တွင်ရှိသော လူများက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် မှော်နည်းစနစ်များကို လျင်မြန်စွာ ထုတ်ဖော်လိုက်ကြသည်။
ဟန်မူယဲ့က နေရာတွင် ထိုင်နေဆဲဖြစ်သည်။ သူ့ခန္ဓာကိုယ်တွင် သွေးချီသည် လှုပ်ရှားနေပြီး ပါ့ရှား၏ပုံရိပ်ကို ခပ်ရေးရေးမြင်နိုင်သည်။
“၃၀% မှတ်မိနိုင်တယ်ဆိုတော့ မဆိုးပါဘူး။ ဒီစွမ်းအားက ရွှေအင်မော်တယ်တွေကို သတ်ဖြတ်ပြီး ရွှေအင်မော်တယ်ထက် အဆင့်မြင့်တဲ့လူတွေရှေ့မှာ လွတ်မြောက်အောင် ကူညီပေးနိုင်လိမ့်မယ်”
အင်မော်တယ်ဘုရင်က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။
အပြာရောင်ဝတ်စုံနှင့် လူအိုကြီးက ကျေနပ်နေသောမျက်နှာထားဖြင့် အင်းကွက်များကို ရုတ်သိမ်းလိုက်သည်။
တခြားလူများကလည်း ကိုယ်ပိုင်နားလည်မှုများကို ထုတ်ပြလိုက်ကြသည်။ တချို့က ဝင်္ကပါကို ၂၀%အထိ နားလည်ထားပြီး တချို့က တခြားအကြောင်းအရာများတွင် ဉာဏ်အလင်းရသွားကြသည်။
လူတိုင်းသည် တိုးတက်လာကြသည်။
အင်မော်တယ်ဘုရင်က တည်ငြိမ်စွာထိုင်နေသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“မင်းက ဘယ်လောက်အထိ နားလည်လိုက်လဲ”
ထိုမေးခွန်းကို ကြားလိုက်ရသောအခါတွင် လူတိုင်းက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
‘သူက ဘယ်လောက်နားလည်ခဲ့တာလဲ’
ဟန်မူယဲ့က မျက်လုံးမှိတ်ထားပြီး ပုံရိပ်များသည် သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားကြသည်။ ဆင့်ကဲထပ်နေသော ရှုပ်ထွေးသည့်ဝင်္ကပါသည် သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။
သို့သော် ဝင်္ကပါပေါ်လာသောအချိန်တွင် သူက တစ်ကိုယ်လုံးတုန်ခါသွားပြီး မျက်လုံးပြန်ဖွင့်လိုက်သည်။
“အကြီးအကဲ၊ ကျွန်တော်က ဒီဝင်္ကပါကို အသုံးမချနိုင်ပါဘူး”
အကယ်၍ သူ၏ ကျင့်ကြံခြင်းက လုံလောက်မည်ဆိုလျှင် ထိုမဟာဝင်္ကပါကို အပြည့်အဝ ဖော်ထုတ်နိုင်သည်။ သို့သော် သူ၏ လက်ရှိကျင့်ကြံဆင့်ဖြင့် ထိုဝင်္ကပါ၏ တစ်ထောင်ပုံတစ်ပုံကိုပင် ထုတ်မသုံးနိုင်ပေ။
သူက အတင်းအကျပ် ဖော်ပြလိုက်လျှင် သူ့ဝိညာဉ်နှင့် ရုပ်ခန္ဓာသည် ပျက်စီးသွားရလိမ့်မည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် အင်မော်တယ်ဘုရင်က စကားမပြောခဲ့ပေ။
တခြားလူများကလည်း အာရုံစိုက်မထားကြပေ။
သူတို့က အနည်းငယ်သာ နားလည်နိုင်ကြသည်။ ကမ္ဘာဦးသားရဲတစ်ကောင်ဖြစ်နေသော ဟန်မူယဲ့က မည်သို့ နားလည်နိုင်မည်နည်း။
“အမှန်အတိုင်းပြောရရင် ငါ့မှာ နောင်တတချို့ရှိနေတယ်”
အင်မော်တယ်ဘုရင်က ခေါင်းမော့လိုက်ပြီး အကူအညီမဲ့နေသောမျက်နှာထားဖြင့် ပြောသည်။
“ငါ့ရဲ့ အမွေအနှစ်က တာအိုဂိုဏ်းရဲ့ အသန်မာဆုံး အင်မော်တယ်ဘုရင်တွေထက် အားနည်းနေတာမျိုး မရှိဘူး။ ဒါပေမဲ့ ကောင်းကင်စက်ဝန်းဝင်္ကပါက နားလည်ဖို့ အရမ်းခက်တယ်။ ငါ့ရဲ့ဂိုဏ်းသားတွေက တစ်ယောက်မှ နားမလည်နိုင်ကြဘူး”
သူ့စကားကြောင့် လူတိုင်းသည် တိတ်ဆိတ်စွာ ခေါင်းငုံ့လိုက်ကြသည်။
အင်မော်တယ်ဘုရင်သည် အလွန်သန်မာသည်။ ကောင်းကင်စက်ဝန်းဝင်္ကပါသည် အလွန်အားကောင်းသည်။
သို့သော် ထိုဝင်္ကပါကို တည်ဆောက်ရန်အတွက် စွမ်းအင်အများအပြားလိုအပ်ပြီး နားလည်နိုင်သောတပည့်များ မရှိခဲ့ပေ။ ထိုအချက်သည် စိတ်ပျက်ဖွယ်ကောင်းသည်။
“မင်းတို့က ငါ့ရဲ့အမွေအနှစ်ကို လက်ခံဖို့ ဆန္ဒရှိကြလား”
အင်မော်တယ်ဘုရင်က လူတိုင်းကိုကြည့်လိုက်ပြီး ညင်သာစွာမေးသည်။
အမွေအနှစ် ....
အခွင့်အရေးဖြစ်သည်။
ဟန်မူယဲ့က လူတိုင်းကို ကြည့်လိုက်သော်လည်း ခေါင်းညိတ်သည့်လူကို မမြင်ရပေ။
“အင်မော်တယ်ဘုရင်၊ ဒီတပည့်က တကယ်ဉာဏ်ထိုင်းပါတယ် ....”
ကောင်းကင်စက်ဝန်းဝင်္ကပါကို ၃၀% နားလည်နိုင်ခဲ့သော လူအိုကြီးက ရှက်ရွံ့နေသောမျက်နှာထားဖြင့် ပြောသည်။
တခြားလူများက တိတ်ဆိတ်နေကြသည်။
မျိူးဆက်တပည့်နှင့် အမွေဆက်ခံသူတပည့်သည် အပြည့်အဝ ကွာခြားသည်။
အင်မော်တယ်ဘုရင်က သက်ပြင်းချလိုက်ပြီး လက်ကိုဝှေ့ယမ်း၍ ညင်သာစွာပြောသည်။
“သွားကြစို့၊ သွားကြစို့။ တကယ်လို့ ကံမကုန်သေးရင် နှစ်ပေါင်း ၁၂၈,၀၀၀အပြီးမှာ ပြန်ဆုံကြတာပေါ့”
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဦးညွတ်ကြသည်။
“အကြီးအကဲရဲ့ အမွေအနှစ်ချန်ထားချင်တဲ့ ရည်ရွယ်ချက်ကို ကျွန်တော်မသိပါဘူး။ ပြီးတော့ အင်အားစုကြီးတစ်ခု တည်ဆောက်မထားတဲ့ အကြောင်းပြချက်ကိုလည်း နားမလည်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ အကြံပြုစရာ ရှိပါတယ်”
ထိုအချိန်တွင် တင်ပျဉ်ခွေထိုင်နေသော ဟန်မူယဲ့က ရုတ်တရက် ပြောလိုက်သည်။
သူ့စကားကြောင့် လူတိုင်းက သူ့ကို လှည့်ကြည့်သည်။
အင်မော်တယ်ဘုရင်က သူ့ကို တည်ငြိမ်စွာကြည့်လိုက်ပြီး ပြောသည်။
“ငါ့ကို ပြောပါအုံး”
ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်သည်။
သူက အခွင့်အရေးတစ်ခုကို မြင်နေသောကြောင့် တိုက်ခိုက်ရမည်။
ထိုအကြီးအကဲ၏ အမွေအနှစ်သည် အန္တရာယ်ရှိသောကြောင့် လက်ခံမည့်လူမရှိခြင်း ဖြစ်နိုင်သည်။ သို့သော် သူက ဤနေရာတွင် ရှိနေသောကြောင့် ထိုအမွေအနှစ်ကို လက်မခံလျှင် အခွင့်အရေးကို လက်လျော့လိုက်သကဲ့သို့ ဖြစ်နေလိမ့်မည်။
“အကြီးအကဲ၊ နည်းစနစ်တွေကို သင်ကြားပေးနေတာက အကျိုးရှိပေမဲ့ အားကောင်းတဲ့ကျင့်ကြံသူတွေအတွက် နမူနာယူစရာတစ်ခုထက် မပိုပါဘူး။ အကြီးအကဲရဲ့ နှစ်ပေါင်းမရေမတွက်နိုင်အောင် သင်ကြားခဲ့တဲ့ အချိန်အတွင်းမှာ လူအနည်းငယ်ကပဲ အကြီးအကဲရဲ့ တပည့်အဖြစ် ဝန်ခံခဲ့ကြတယ်မဟုတ်လား”
ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး ညင်သာစွာပြောသည်။
ထိုစကားကြောင့် ပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများ၏မျက်နှာထားသည် အနည်းငယ်တောင့်တင်းသွားသည်။
ဟန်မူယဲ့ပြောခဲ့သည့်အတိုင်း သူတို့က အင်မော်တယ်ဘုရင်၏ သင်ပြမှုကို ခံယူလိုသော်လည်း တပည့်တစ်ယောက် ဖြစ်မလာချင်ကြပေ။
အင်မော်တယ်ဘုရင်က နှာမှုတ်လိုက်သော်လည်း စကားမပြောပေ။
“အကြီးအကဲက ကျွန်တော်တို့ကို သင်ပြပေးခဲ့မှတော့ ရှေ့ဆက်သွားနိုင်ရင် ပိုပြီး သင့်တော်လိမ့်မယ်”
“အကြီးအကဲက ကျွန်တော်တို့ကို အမွေအနှစ်ရဲ့ အနှစ်သာရ ပါဝင်နေတဲ့ ရတနာတွေ ပေးအပ်ပြီး တာအိုဟောပြောပွဲမှာ ရှိခဲ့တဲ့ ကျင့်ကြံသူတွေအတွက် အခွင့်အရေးတစ်ခု ပေးလိုက်ရင် ....”
ဟန်မူယဲ့က အင်မော်တယ်ဘုရင်၏ ရှေ့တွင်ရှိသော စားပွဲခုံလေးကို ကြည့်သည်။
သူ့စကားကြောင့် တခြားလူများ၏ မျက်လုံးများက တောက်ပလာကြသည်။
အင်မော်တယ်ဘုရင်သည် အဖိုးတန်ရတနာများကို ပိုင်ဆိုင်ထားသည်။ ထိုရတနာတစ်ခုချင်းစီသည် ဂိုဏ်းတစ်ခုကို ပြန်လည်အသက်ဝင်လာစေနိုင်သည်။
အင်မော်တယ်ဘုရင်၏ နက်ရှိုင်းသောအကြည့်သည် ဟန်မူယဲ့ဆီသို့ ကျရောက်သွားခဲ့သည်။
“ကောင်းပြီ။ ဒီပစ္စည်းတွေက ငါ့အတွက် အပိုပါပဲ”
“ငါက မင်းတို့ကို ဒီမှာ ကျင့်ကြံစေခဲ့မှတော့ ရတနာတချို့ ပေးရမှာပေါ့”
သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ စားပွဲပေါ်တွင်ရှိနေသော ကျောက်စိမ်းခေါင်းလောင်း၊ ကြေးခေါင်းလောင်း၊ ကျောက်စိမ်းဓားနှင့် တခြားပစ္စည်းများသည် ပျံထွက်လာပြီး ကျင့်ကြံသူများ၏ရှေ့သို့ ရောက်သွားကြသည်။
ထွက်သွားရန်ပြင်နေသော လူများသည် အံ့အားသင့်သွားကြသည်။
ထိုရတနာတစ်ခုချင်းစီသည် ရှားပါးပြီး တန်ဖိုးမဖြတ်နိုင်ပေ။
ထိုရတနာများ၏ အကူအညီကြောင့် သူတို့၏ ကျင့်ကြံခြင်းသည် သေချာပေါက် ချောမွေ့နေလိမ့်မည်။
ထိုလူများက ပစ္စည်းတစ်ခုစီ ခွဲယူလိုက်ကြသည်။
အင်မော်တယ်ဘုရင်က ပစ္စည်းတစ်ခုမှမရသော ဟန်မူယဲ့ကို လှည့်ကြည့်သည်။ သူက တည်ငြိမ်စွာပြောသည်။
“မင်းရဲ့ကျင့်ကြံဆင့်က အရမ်းနိမ့်လွန်းနေတယ်။ အဲဒီပစ္စည်းတွေကို မထိန်းချုပ်နိုင်ဘူး”
“မင်း စာဖတ်လို့ရအောင် ဒီတာအိုကျမ်းစာကို ပေးလိုက်မယ်”
“ငါ့ရဲ့ သင်ပြမှုကို နားထောင်ခဲ့တဲ့အတွက် ဒီထိုင်ဖုံကို ပေးလိုက်မယ်”
အင်မော်တယ်ဘုရင်က စကားအဆုံးတွင် ကိုင်ထားသောစာအုပ်ကို ပစ်လွှတ်လိုက်သည်။
စာအုပ်သည် ရွှေရောင်ကျောက်ပြားအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ နောက်ကျောကို ဖိထားသည်။
ဟန်မူယဲ့က နတ်ဘုရားသားရဲပါ့ရှားအဖြစ် ပြောင်းလဲသွားသည်။ သူ့ကျောပေါ်တွင် ရွှေရောင်တောက်နေသော ဧရာမကျောက်ပြားကြီးတစ်ခု ရှိနေသည်။
ထို့နောက် အင်မော်တယ်ဘုရင်က ညင်သာစွာလှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားသည်။
အစမှအဆုံးထိ သူက ဟန်မူယဲ့အတွက် ရတနာမပေးခဲ့သလို တပည့်အဖြစ် လက်ခံမည်ဟုလည်း ပြောမသွားခဲ့ပေ။ သို့သော် ပေတစ်သောင်းမြင့်မားသော ကျောက်ပြားတစ်ခုကို သယ်ဆောင်စေခဲ့သည်။
“ဟားဟား။ ကောင်လေး၊ မင်းမှာ အခွင့်အရေးရှိလာရင် ငါ့ရဲ့ ကောင်းကင်ကျောက်စိမ်းနန်းတော်ကို အလည်လာနိုင်တယ်”
“ကောင်လေး၊ ငါက ဒီနေ့အခွင့်အရေးကို ဘယ်တော့မှ မေ့သွားမှာမဟုတ်ပါဘူး”
ရတနာများကို ရရှိထားသော ကျင့်ကြံသူများက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ကျောက်ပြား၏အောက်တွင် ရှိနေသော ဟန်မူယဲ့ကို နှုတ်ဆက်၍ ထွက်သွားကြသည်။
ဟန်မူယဲ့က မလှုပ်ရှားနိုင်ပေ။ သူက ရှေ့တွင်ရှိသော ကျောက်စိမ်းရောင်ထိုင်ဖုံကိုသာ ကြည့်နေသည်။
“ငါက ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်လို့ ခေါ်တဲ့ ထောင်ဟုန်ကျင်းပဲ။ ငါက ဆယ့်တစ်ခုမြောက် ကပ်ဘေးမတိုင်ခင်မှာ တာအိုကို ရရှိခဲ့ပြီး နတ်ဘုရားကမ္ဘာရဲ့ ကောင်းကင်စက်ဝန်းနဲ့ သီးခြားဖြစ်နေတဲ့ ကိုယ်ပိုင်လမ်းစဉ်ကို တည်ဆောက်ခဲ့တယ်”
“ဒီနေ့မှာ ငါက မင်းကို တပည့်အဖြစ် လက်ခံပြီး ငါ့ရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းပေးမယ်။ မင်းက ဆန္ဒရှိလား”
ဟန်မူယဲ့က အင်မော်တယ်ဘုရင်၏အသံကို ကြားလိုက်ရသည်။
သူစကားမပြောနိုင်ခင် အင်မော်တယ်ဘုရင်က ဆက်ပြောသည်။
“မင်းက ကောင်းကင်ထောက်တိုင်ကျမ်းစားနဲ့ ထိုင်ဖုံကို ထိန်းသိမ်းမထားနိုင်ဘူး။ ငါမင်းကိုပေးမယ့် ရတနာက ဒီပစ္စည်းလေးတွေပဲ မဟုတ်ဘူး”
“ငါက ကောင်းကင်စက်ဝန်းဝင်္ကပါကို မင်းရဲ့ကျောပေါ်မှာ ထွင်းထုထားတယ်။ မင်းက ကောင်းကင်စက်ဝန်းဝင်္ကပါကို ထိန်းချုပ်နိုင်ရင် နတ်ဘုရားကမ္ဘာရဲ့ ကောင်းကင်စက်ဝန်းကို လွှမ်းမိုးနိုင်လိမ့်မယ်”
မှိန်ဖျော့သောရွှေအလင်းသည် ပါ့ရှား၏ကျောပြင်ကို ထိုးဖောက်သွားသည်။ ထူးခြားဆန်းကြယ်သော အလင်းစက်ကွင်းသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး မမြင်နိုင်တော့ပေ။
ဟန်မူယဲ့က တစ်ကိုယ်လုံး တုန်ခါနေသည်။ သူ့ကိုလွှမ်းခြုံထားသော ရွှေအလင်းများသည် တောက်ပလာပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါအဖြစ် ပြောင်းလဲသွားသည်။
“ကျမ်းစာကို ထားခဲ့”
“အင်မော်တယ်ဘုရင်ရဲ့ ထိုင်ဖုံကိုလည်း ထားခဲ့”
အာကာသထဲတွင် အသံတစ်သံကို ကြားနိုင်သည်။
လေဟာနယ်သည် တုန်ခါသွားပြီး ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင်ရှိသော ရွှေအလင်းသည် ချက်ချင်းရပ်တန့်သွားသည်။
အချိန်နှင့်တည်နေရာကို ဖြတ်သန်းနိုင်သော စွမ်းအားသည် ဖိနှိပ်ခံလိုက်ရသည်။
ဟန်မူယဲ့၏ပုံရိပ်က အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားတွင် ပိတ်မိနေပြီး ဖိအားကြားတွင် မလှုပ်ရှားနိုင်တော့ပေ။
ထိုအရာသည် စွမ်းအားကွာခြားချက် ဖြစ်သည်။ သူ၏ ကျင့်ကြံဆင့်နှင့် လှုပ်ရှားလိုက်သောလူ၏ ကျင့်ကြံဆင့်သည် မရေမတွက်နိုင်အောင် ကွာခြာားသည်။ နဂါးတစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို နင်းချေနေသကဲ့သို့ ဖြစ်သည်။
ဟန်မူယဲ့က ကောင်းကင်အဆင့်သို့ ရောက်ရှိလာချိန်မှစ၍ ဤသို့ အကူအညီမဲ့မှုမျိုးကို မခံစားခဲ့ရပေ။
အာကာသထဲတွင်ရှိသော မဟာပုဂ္ဂိုလ်ကြီးသည် သာမန်ကာလျှံကာ လှုပ်ရှားလိုက်ပြီး သူ၏ သေခြင်းရှင်ခြင်းကို ဆုပ်ကိုင်ထားသည်။