← Chapters

အခန်း (၈၀၈)

Vol. 58 Ch. 808

အခန်း (၈၀၈)

Vol. 58 Ch. 808

ဟန်မူယဲ့က အထက်ဘုံသို့ တိုက်ရိုက်ရောက်လာပြီး ဆေးတောင်ကြားတွင် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

ကောင်းကင်ထောက်တိုင်ကို ရှာဖွေသောခရီးစဉ်သည် သူ့အပေါ်တွင် အလွန်သက်ရောက်မှုရှိခဲ့သည်။

အင်မော်တယ်ဘုရင် ချီးမြှင့်ပေးလိုက်သော အခွင့်အရေး၊ နတ်ဘုရားလောကနှင့် အင်မော်တယ်ကမ္ဘာများ၏ ရန်လိုမှု ....

သူက ကျင့်ကြံခြင်းလမ်းစဉ်ကို သေချာစီစဉ်ထားရန် လိုအပ်နေသည်။

ဟန်မူယဲ့က အခန်းထဲတွင် ထိုင်ပြီး အစိမ်းပုပ်ရောင်ဓားရှည်သည် သူ့ရှေ့တွင် လွင့်မျောနေသည်။ ဓားရှည်ပေါ်တွင် ရွှေရောင်အလင်းစီးကြောင်းနှင့် သွေးစွမ်းအင်တချို့ ရှိနေသည်။

ဟန်မူယဲ့၏ မျက်လုံးများက နက်ရှိုင်းစွာ တောက်ပနေကြသည်။

သူက သတ်ဖြတ်ခြင်းဓားရှည်ကို ပျက်စီးခြင်းတောရိုင်းတွင် အသုံးပြုခဲ့သည်။

ထိုဓားချက်သည် ပျက်စီးခြင်းတောရိုင်း၏ မရေမတွက်နိုင်သောသားရဲများကို သတ်ဖြတ်ပြီး ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်နေသော ကျူးလင်ကိုပင် အဆုံးသတ်လုနီးပါး ဖြစ်သွားခဲ့သည်။

သတ်ဖြတ်ခြင်းဓားသည် အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်သည်။

သို့သော် ယခုအချိန်တွင် သူက ထိုဓားကို အသုံးမပြုနိုင်တော့ပေ။

အင်မော်တယ်ဘုရင်၏ တာအိုဟောပြောပွဲတွင် ဟန်မူယဲ့က သူ့ကိုသတ်ဖြတ်ချင်သော အင်မော်တယ်တစ်ပါး၏လက်ဝါးချက်ကို ဖျက်ဆီးရန်အတွက် သတ်ဖြတ်ခြင်းဓားကို သုံးခဲ့ရသည်။

အင်မော်တယ်ကမ္ဘာ၏ လူများသည် ထိုဓားကို မှတ်မိသွားနိုင်သည်။

သတ်ဖြတ်ခြင်းဓားသာမက ပါ့ရှားသွေးမျိုးဆက်ကိုလည်း အသုံးမပြနိုင်တော့ပေ။

ထိုလူများသည် သူ၏ ပါ့ရှားခန္ဓာကိုယ်ကို မြင်ခဲ့ကြသည်။

ကံကောင်းစွာဖြင့် နှစ်ပေါင်းငါးသန်း ကုန်လွန်သွားပြီဖြစ်သောကြောင့် ထိုကျင့်ကြံသူများသည် အင်မော်တယ်ကမ္ဘာနှင့် နတ်ဘုရားကမ္ဘာ၏ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများ ဖြစ်နေကြပြီး လူသားအင်မော်တယ်အဆင့်သာ ရှိသေးသော ကျင့်ကြံသူလေးတစ်ယောက်ကို ဂရုစိုက်နေမည်မဟုတ်ပေ။

ရွှေရောင်ကိုးထပ်စံအိမ်သည် ဟန်မူယဲ့၏ရှေ့တွင် ဖြစ်တည်လာသည်။

ကိုးထပ်ဓားစံအိမ်ကိုးခုကို ပေါင်းစပ်လိုက်လျှင် ထိပ်တန်းအဆင့်ရတနာတစ်ပါး ဖြစ်လာနိုင်သည်။

ထိုရတနာသည် အင်မော်တယ်ရတနာများထက် အဆင့်မြင့်သည်။

ထိုရတနာမျိုးကို အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက အမွေအနှစ်ရတနာတစ်ခုအဖြစ် မှတ်ယူလိမ့်မည်။

ထိုရတနာမျိုးသည် ဤလောကတွင် ပြန့်ကျဲနေပြီး နတ်ဘုရားခုံရုံး၏ ရတနာတိုက်တွင် အဘယ်ကြောင့် သိမ်းဆည်းထားခဲ့သနည်း။

ထို့အပြင် ကိုးထပ်ဓားစံအိမ် လေးခုရှိနေသည်။

ယခင်က အင်မော်တယ်ကမ္ဘာ၏ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှ ကျွမ်းကျင်သူတစ်ယောက်သည် ဤလောကသို့ ရောက်လာခဲ့သည်။ သူက နတ်ဘုရားဧကရာဇ် မူရုံကျန်းနှင့် ဆက်ဆံရေးကောင်းမွန်ပြီး ကိုးထပ်ဓားစံအိမ်တစ်ခုကိုပင် ယူသွားခဲ့သည်။

သို့သော် အကြောင်းပြချက်တချို့ကြောင့် ထိုကျွမ်းကျင်သူ၏နာမည်သည် မှတ်တမ်းများထဲတွင် ပယ်ဖျက်ခံထားရသည်။

ထို့ကြောင့် ကိုးထပ်ဓားစံအိမ်ကို မဖော်ပြလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။

ကိုးထပ်ဓားစံအိမ်၊ ပါ့ရှားစွမ်းအားနှင့် သတ်ဖြတ်ခြင်းဓားတို့ကို မသုံးနိုင်လျှင် ဟန်မူယဲ့၏ တိုက်ခိုက်နိုင်စွမ်း ၈၀%သည် လျော့ကျသွားလိမ့်မည်။

သို့သော် သူ့မှာ ရွေးချယ်စရာမရှိပေ။

သူက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အရာအားလုံးကို ဓားဖြင့် ဖြေရှင်းရမည်။

သို့သော် ဓားကျင့်ကြံသူများသည် အရူးမဟုတ်ကြပေ။

သူက ကျင့်ကြံဆင့်ကို ဖိနှိပ်ထားပြီး ပိုမိုသန်မာသော ကျွမ်းကျင်သူများနှင့် တိုက်ခိုက်နိုင်သည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်းငါးသန်း၏ ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

ယခင်က ထိုကျွမ်းကျင်သူများသည် သူ့ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်နိုင်သည်။ ယခုအချိန်တွင် လက်ညှိုးတစ်ချောင်းသာ လိုအပ်လိမ့်မည်။

ကြာမြင့်စွာနေထိုင်ပြီး အခွင့်အရေးများကို ပြန်လည်သိမ်းယူရန်အတွက် သူက နှိမ့်ချပြီး စိတ်ရှည်ရမည်။

ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပြီး ဓားကိုင်လျက် နတ်ဘုရားကမ္ဘာသို့ တက်လှမ်းသွားနိုင်လျှင် အရာအားလုံးကို ဖြေရှင်းရမည်။

ဟန်မူယဲ့က ရှေ့တွင်ရှိနေသော ကိုးထပ်ဓားစံအိမ်ကို ကြည့်၍ စဉ်းစားလိုက်ပြီး လက်ဖြင့် ရိုက်ချသည်။

“ဝီ”

ဓားစံအိမ်သည် တုန်ခါသွားပြီး ဓားရှည်သုံးသောင်းသည် ဓားအလင်းစီးကြောင်းအဖြစ် ပျံသန်းထွက်လာကြသည်။

သူ့နောက်ကျောတွင်ရှိသော ဓားအိမ်သည် ပွင့်သွားပြီး ဓားအလင်းများကို သိမ်းဆည်းလိုက်သည်။

အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်သည် ဓားများကို ပျိုးထောင်ပေးပြီး ဓားရှည်များ၏စွမ်းအားကို စုစည်းနိုင်သည်။ သို့သော် ဓားစံအိမ်နှင့် ယှဉ်လိုက်လျှင် တစ်ဆင့်နိမ့်သည်။

အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်သည် ဝိညာဉ်ရတနာတစ်ခုသာဖြစ်ပြီး အင်မော်တယ်ရတနာအဆင့်တွင်ရှိသော ကိုးထပ်ဓားစံအိမ်နှင့် မယှဉ်နိုင်ပေ။

ဓားရှည်သုံး‌သောင်းသည် ဓားအိမ်ထဲသို့ ဝင်ရောက်သွားသောကြောင့် ဓားအိမ်သည် ပြောင်းလဲသွားသကဲ့သို့ အရောင်တောက်လာသည်။

သို့သော် အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်သည် အသုံးပြုထားသော ဝိညာဉ်သတ္တုများ၏ ကန့်သတ်ချက်ကြောင့် အဆင့်တက်နိုင်မည်မဟုတ်ပေ။ ထိုဓားအိမ်ကို အဆင့်မြှင့်ချင်လျှင် အခွင့်အရေးတစ်ခုကို လိုအပ်သည်။

ဟန်မူယဲ့က အနာဂတ်တွင် ချောင်ပိတ်နေသော အခြေအနေမှလွဲ၍ ကိုးထပ်ဓားစံအိမ်ကိုပင် အသုံးပြုမည်မဟုတ်ပေ။

သို့သော် ကျင့်ကြံခြင်းလောကတွင် လူအများအပြားသည် သူ၏ ကိုးထပ်ဓားစံအိမ်ကို မြင်ထားကြသည်။ ပါ့ရှားသွေးမျိုးဆက်၏ အကြောင်းကို သိထားသောလူက ပိုများသည်။

ထိုအချက်ကို စဉ်းစားကြည့်ရမည်။

“ဓားစံအိမ်”

ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများဖြင့် တီးတိုးပြောသည်။

ကိုးထပ်ဓားစံအိမ်သည် ဓားစံအိမ်ဂိုဏ်းနှင့် ပတ်သတ်နေသည်။ သူက ဓားစံအိမ်သို့ အလည်လာမည်ဟု တာအိုဘိုးဘေးချီယုကို ကတိပေးခဲ့သည်။

ဓားအလင်းသည် သူ့ခန္ဓာကိုယ်တွင် စုစည်းလာပြီး ရွှေရောင်အလင်းစက်ကွင်းသည် တဖျပ်ဖျပ်တောက်ပနေသည်။

ပျက်စီးနေသောကျောက်ပြားတစ်ဝက် ပေါ်လာသည်။

ထိုအရာသည် အင်မော်တယ်ဘုရင် ပေးအပ်ထားသော အခွင့်အရေးတစ်ခု ဖြစ်သည်။ သို့သော် ဟန်မူယဲ့က ထိုအခွင့်အရေးကို မကာကွယ်နိုင်ခဲ့ပေ။

လက်ရှိအချိန်တွင် မဟာတာအို၏ စာလုံးများပါဝင်နေသော စာရွက်တချို့သာ ကျန်တော့သည်။

ဟန်မူယဲ့က ထိုစာရွက်များကို မကြည့်ခဲ့ပေ။ ထိုစာရွက်များကြောင့် ဖြစ်ပေါ်လာမည့် ပြောင်းလဲမှုများကို သူမသိပေ။

သူ၏ လက်ရှိကျင့်ကြံဆင့်ဖြင့် ထိုစာရွက်များကို ဖတ်ကြည့်လိုက်လျှင် ရုပ်ခန္ဓာနှင့်ဝိညာဉ်သည် ထိခိုက်သွားနိုင်သည်။

သူ၏ ကျင့်ကြံဆင့်သည် အလွန်နိမ့်နေသေးသည်။

ဟန်မူယဲ့က ကျမ်းစာကို သိမ်း၍ ရတနာအမျိုးမျိုးကို စစ်ဆေးကြည့်လိုက်ပြီး မျက်လုံးများတောက်ပသွားသည်။

သူက အကာအကွယ်ရတနာများကို မလိုအပ်ပေ။

သူက ရက်ရောပြီး ပတ်ဝန်းကျင်တွင်ရှိသော လူများကို ရတနာများ ပေးအပ်ခဲ့သည်။

ယခုအချိန်တွင် သူက ကျင့်ကြံဆင့်မြင့်မားလာရန် လိုအပ်နေသည်။

သို့သော် ထိုအရာသည် အချိန်တိုအတွင်း၌ ဖြစ်မလာနိုင်ပေ။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သွေးချီနှင့် ချီစွမ်းအင်ကို လှည့်ပတ်သည်။ အစိမ်းရောင်အင်မော်တယ်ချီသည် သူ၏ ဝိညာဉ်သွေးကြောနှင့် ဒန်ထျန်ထဲတွင် လှုပ်ရှားသွားသည်။

ဤလောကတွင် အင်မော်တယ်ချီစုဆောင်းရာ၌ ဟန်မူယဲ့နှင့် ယှဉ်နိုင်သောလူ မရှိပေ။

သူက ရှေးခေတ်ဆေးပင်ဥယျာဉ်များကို တစ်ခုပြီးတစ်ခု ဖွင့်လှစ်ပြီး အထဲတွင်ရှိ‌သော အင်မော်တယ်ချီများအားလုံးကို သိမ်းယူခဲ့သည်။

ထိုအင်မော်တယ်ချီများကို အင်မော်တယ်ကမ္ဘာက နတ်ဘုရားခုံရုံးဆီသို့ ပေးအပ်ခဲ့သည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲတွင် အင်မော်တယ်ချီအပြင် မူလစွမ်းအားအနည်းငယ်လည်း ရှိနေသည်။ ထိုအရာသည် ထိုင်ဖုံ၏ လက်ကျန်စွမ်းအား ဖြစ်သည်။

သူက ထိုစွမ်းအားဖြင့် ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်နိုင်သည်။

ဟန်မူယဲ့က အရာအားလုံးကို နှစ်ကြိမ်စစ်ဆေးကြည့်လိုက်ပြီး မတ်တပ်ရပ်သည်။

သူက တစ်ချက်လှုပ်ရှားပြီး မိုင်ဆယ်ချီအကွာအဝေးကို ဖြတ်သန်း၍ ဆေးတောင်ကြားတွင်နေထိုင်သော ဓားစံအိမ်၏တပည့်များဆီသို့ ရောက်လာသည်။

“အမတ်ချုပ်ကြီးဟန်ပဲ”

“ဓားဘိုးဘေးဟန်ပဲ”

ဓားဘိုးဘေး ....

ဓားတာအို၏ ဘိုးဘေး ....

ဟန်မူယဲ့က ဓားတာအိုဖြင့် တာအိုဘိုးဘေးတစ်ယောက် ဖြစ်လာသည်။ ထိုအရာသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ သူက ဓမ္မစင်မြင့်တွင် လောက၏နံပတ်တစ် ဖြစ်လာသည်။ သူက အတားအဆီးကို ကျော်ဖြတ်ပြီး ကိုယ်ပိုင်တာအိုကို ရှာဖွေနိုင်ခဲ့သည်ဟု မရေမတွက်နိုင်သောလူများက ခန့်မှန်းထားကြသည်။

ယခုအချိန်တွင် သူက အငွေ့အသက်များကို ထိန်းချုပ်ထားသော်လည်း သူ၏ ဓားတာအိုစွမ်းအားသည် တခြားဓားကျင့်ကြံသူများအတွက် မီးတိုင်တစ်ခုသဖွယ် အလွန်တောက်ပနေသည်။

ထိုအရာသည် တာအိုဘိုးဘေးတစ်ယောက်၏ အလိုလျောက် စွမ်းအားထုတ်လွှတ်မှု ဖြစ်သည်။ ဓားကျင့်ကြံသူများက ထိုစွမ်းအားကို ကိုယ်တိုင်လေ့လာနိုင်ရင် အခွင့်အရေးတစ်ခု ရလိမ့်မည်။

“ဟားဟား၊ ဓားဘိုးဘေး”

ကျောက်ယွီက ဟန်မူယဲ့ဆီသို့ ရောက်လာပြီး အစ်ကိုဟန်ဟု မခေါ်ခင် အနည်းငယ်တုံ့ဆိုင်း၍ ဓားဘိုးဘေးဟု ပြောင်းခေါ်လိုက်သည်။

သူတို့၏ ကျင့်ကြံဆင့်ကွာခြားမှုသည် ဖိအားကြီးတစ်ခုကို ဖြစ်လာစေသည်။

“ဓားဘိုးဘေးမူယဲ့”

ပိုင်ယွီမင်က လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ကိုးကွယ်လိုသောအကြည့်များဖြင့် ဦးညွတ်သည်။

သူက ဟန်မူယဲ့၏ ဓမ္မစင်မြင့် တိုက်ပွဲမှတ်တမ်းများကို သိမ်းဆည်းထားသည်။

သူ့အတွက် ဟန်မူယဲ့သည် အမီလိုက်ရမည်ဖြစ်သော ပစ်မှတ်တစ်ခု မဟုတ်တော့ဘဲ လေးစားရမည့် လူတစ်ယောက် ဖြစ်သွားသည်။ ဟန်မူယဲ့က သူ၏ ဓားတာအိုယုံကြည်ချက်အတွက် အမှတ်အသားတစ်ခု ဖြစ်သည်။

သူက ဟန်မူယဲ့၏အဆင့်သို့ ရောက်ရန် စိတ်မကူးရဲပေ။

သို့သော် ဟန်မူယဲ့၏ ဓားတာအိုအလင်းသည် သူ့အတွက် ဓားတာအို၏ ခွန်အားနှင့် လေးနက်မှုကို ဖော်ပြနေသည်။

ထို့ကြောင့် သူက ရှေ့ဆက်လျှောက်ရမည့်လမ်းကြောင်းကို ပိုမိုရှင်းလင်းစွာ မြင်လာသည်။

ဟန်မူယဲ့က ဓားတာအို၏ မီးပြတိုက်တစ်ခုနှင့် တူသည်။

ပိုင်ယွီမင်တစ်ယောက်သာ ထိုသို့တွေးနေခြင်းမဟုတ်ပေ။

လက်ရှိကျင့်ကြံခြင်းလောကတွင် ဟန်မူယဲ့က ဓမ္မစင်မြင့်ကို ချိုးဖောက်ပြီး လောကနံပတ်တစ် ဖြစ်လာသောအခါတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဓားတာအိုကို လေ့ကျင့်ရန် ရွေးချယ်ခဲ့ကြသည်။

ဟန်မူယဲ့အတွက် ထိုအရာသည် ကံကြမ္မာသက်ရောက်မှုတစ်ခု ဖြစ်သည်။

ဟန်မူယဲ့တစ်ယောက်တည်းကြောင့် ကျင့်ကြံခြင်းလောက၏ လမ်းစဉ်ရွေးချယ်မှုသည် ပြောင်းလဲသွားခဲ့သည်။

ထိုအရာသည် ကောင်းကင်တာအို ဖြစ်သည်။

ကောင်းကင်တာအိုသည် ကမ္ဘာတစ်ခုမှစတင်၍ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို လွှမ်းခြုံထားနိုင်သည်။

ကောင်းကင်တာအို၏ လေးနက်မှုကို မည်သူမှ နားမလည်နိုင်ကြပေ။

“ညီအစ်ကိုကျောက်၊ ယွီမင်။ ငါက ဓားစံအိမ်ကို အလည်သွားချင်တယ်”

ဟန်မူယဲ့က ကျောက်ယွီ၏ပခုံးကို ပုတ်ပေးလိုက်ပြီး ညင်သာစွာပြောသည်။

ဓားစံအိမ်သို့ သွားရောက်မည်။

ကျောက်ယွီနှင့် ပိုင်ယွီမင်က အံ့အားသင့်သွားကြသည်။

ဓားစံအိမ်နှင့် ဟန်မူယဲ့၏ ဆက်သွယ်မှုသည် မှိန်ဖျော့လှသည်။

ကိုးထပ်ဓားစံအိမ်ကို ထိန်းချုပ်ပြီး ခုနစ်ထပ်ဓားစံအိမ်ကို ကိုင်ဆောင်ထားသော ဟန်မူယဲ့သည် ဓားစံအိမ်ဂိုဏ်းအတွက် အလွန်အရေးကြီးသည်။

သို့သော် ဟန်မူယဲ့က ဓားစံအိမ်သို့ တစ်ခါမှ မသွားခဲ့ပေ။ ထိုဖြစ်ရပ်ကြောင့် အပြင်လူများက ခန့်မှန်းကြည့်နေသည့်အပြင် ဓားစံအိမ်၏ အကြီးအကဲနှင့် တပည့်များကလည်း မသက်မသာ ဖြစ်နေကြသည်။

ကျောက်ယွီနှင့် ပိုင်ယွီမင်က ဟန်မူယဲ့ကို ဓားစံအိမ်သို့ မျှားခေါ်ရန်အတွက် ဆေးတောင်ကြားတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြသည်။

“ဓားဘိုးဘေး၊ ဘယ်အချိန် သွားချင်ပါသလဲ”

ပိုင်ယွီမင်က လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

အကယ်၍ သူတို့အပေါ်တွင် မူတည်နေလျှင် ချက်ချင်းထွက်ခွာနိုင်သည်။

သို့သော် ဟန်မူယဲ့၏ ဂုဏ်သတင်းသည် ထူးခြားသည်။ သူက ဓားစံအိမ်သို့ လွယ်ကူစွာသွားရောက်မည်မဟုတ်ပေ။

ကျောက်ယွီက စဉ်းစားကြည့်လိုက်ပြီး တီးတိုးပြောသည်။

“အစ်ကိုဟန်က ဓားပျံနဲ့သွားချင်တာလား။ ဒါမှမဟုတ် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါနဲ့ သွားမှာလား”

အနန္တကမ္ဘာဝင်္ကပါသည် ဓားစံအိမ်နှင့် ချိတ်ဆက်ထားသည်။

ထို့အပြင် ဓားစံအိမ်က တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ တည်ဆောက်ပေးရန်အတွက် သွမ်ချန်ကျီကို တောင်းဆိုခဲ့သည်။

ဆေးတောင်ကြားမှ ဓားစံအိမ်သို့သွားရန် မခက်ပေ။

ဓားပျံနှင့်သွားလျှင် ရက်ဆယ်ချီ၍ ကြာမြင့်လိမ့်မည်။

တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကများကို ပြောင်းလဲအသုံးပြု၍ သွားရောက်လျှင် သုံးရက်မှ ငါးရက်ခန့်သာ ကြာလိမ့်မည်။

သို့သော် အရေးပါမှုသည် ပြောင်းလဲသွားလိမ့်မည်။

ဓားပျံနှင့်သွားလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်ဖြစ်သော ဓားဘိုးဘေးမူယဲ့သည် အဓိကအင်အားစုတစ်ခုဖြစ်သော ဓားစံအိမ်ဂိုဏ်းနှင့် နီးကပ်သည်ဟု ဖော်ပြနိုင်သည်။

တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြုလိုက်လျှင် လျင်မြန်ပြီး လျှို့ဝှက်သော်လည်း အရှိန်အဝါကင်းမဲ့နေလိမ့်မည်။

ဟန်မူယဲ့အတွက် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါနှင့် သွားရောက်ခြင်းသည် အဆင်အပြေဆုံးဖြစ်သည်။ သို့သော် ဓားပျံနှင့်သွားရောက်ခြင်းသည် ဓားစံအိမ်အတွက် အကျိုးအရှိဆုံးဖြစ်ပြီး ခွန်အားထုတ်ပြနိုင်သည်။

ထိုအရာကို ဟန်မူယဲ့က ရွေးချယ်နိုင်သည်။

“ဓားပျံနဲ့သွားကြတာပေါ့”

ဟန်မူယဲ့၏စကားကြောင့် ကျောက်ယွီနှင့် ပိုင်ယွီမင်တို့၏ ပခုံးများက တုန်ခါသွားကြသည်။

ဓားပျံနှင့် သွားရောက်ခြင်းကြောင့် ယခုအချိန်မှစ၍ ကျင့်ကြံခြင်းလောက၏ အင်အားစုကြီးနှစ်ခုသည် တရားဝင်ပူးပေါင်းသွားလိမ့်မည်။

သုံးရက်အကြာတွင် ဟန်မူယဲ့က ဟွမ်ကျစ်ဟူဦးဆောင်သော ဓားကျင့်ကြံသူ ၃,၆၀၀နှင့်အတူ ဆေးတောင်ကြားမှ ထွက်ခွာလာခဲ့သည်။

ဆေးတောင်ကြားတွင်ရှိနေသော ဓားစံအိမ်၏ တပည့်များအားလုံးက ဟန်မူယဲ့ကို ကာကွယ်ရန်အတွက် လိုက်လာကြသည်။

လမ်းတစ်လျှောက်တွင် ဓားစံအိမ်၏ တပည့်များနှင့် ဓားစံအိမ်၏ လက်အောက်တွင်ရှိသော ဂိုဏ်းများမှ ကျွမ်းကျင်သူများသည် လိုက်ပါပို့ဆောင်ပေးကြသည်။

သူက မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဆွဲဆောင်ခဲ့သည်။

All Chapters