← Chapters

အခန်း (၈၀၉)

Vol. 58 Ch. 809

အခန်း (၈၀၉)

Vol. 58 Ch. 809

ဓားစံအိမ်၏မဟာအကြီးအကဲ ချီယုနှင့် ခုနစ်ထပ်ဓားစံအိမ်ကို ပိုင်ဆိုင်ထားသော အကြီးအကဲသုံးယောက်က ဟန်မူယဲ့ကို ကြိုဆိုရန်အတွက် ဂိုဏ်းမှ ထွက်လာကြသည်။

ဟန်မူယဲ့က ဓားစံအိမ်ဂိုဏ်းသို့ ဝင်ရောက်လာသောအခါတွင် ဓားမြည်သံသည် ကောင်းကင်ထက်တွင် ပြည့်နှက်သွားသည်။ အဆုံးမရှိသော ဓားအလင်းများသည် လောကကို အလင်းပေးလိုက်သည်။

ထိုအရာသည် ဓားစံအိမ်ဂိုဏ်း၏ ခွန်အားပြခြင်းဖြစ်သည်။

ထိုမြင်ကွင်းကြောင့် အထက်ဘုံ၏ တခြားအင်အားစုများက သတိထားပြီး ထိတ်လန့်နေကြသည်။

သူတို့က ဓားဘိုးဘေးမူယဲ့နှင့် နောက်ကွယ်တွင်ရှိသော အင်အားစုကို နားလည်ထားပြီး ကျင့်ကြံခြင်းလောကကို အုပ်စိုးရန် ရည်ရွယ်ချက်ရှိကြောင်း သိနေသော်လည်း ဟန်မူယဲ့က ဓားစံအိမ်ဂိုဏ်းသို့ ဝင်ရောက်သွားသောအခါတွင် ထိတ်လန့်နေကြဆဲဖြစ်သည်။

ဓားစံအိမ်သည် တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားနှင့် မတူဘဲ အထက်ဘုံ၏ အစစ်အမှန်အင်အားစုတစ်ခု ဖြစ်သည်။

တာအိုဘိုးဘေးချီယုနှင့် အကြီးအကဲများသည် ဓားစံအိမ်၏သမိုင်းကြောင်းနှင့် ရှုခင်းများကို ပြသပြီး ဟန်မူယဲ့ကို ကြိုဆိုခဲ့ကြသည်။

ဓားစံအိမ်၏ တပည့်များနှင့် ဟွမ်ကျစ်ဟူ၏ ဓားကျင့်ကြံသူတပ်ဖွဲ့အပြင် မရေမတွက်နိုင်သော ဓားကျင့်ကြံသူများသည် သူတို့၏နောက်တွင် ပါလာကြသည်။

“ဒီဓားချက်တောင်စောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသိန်းမှာ ဓားစံအိမ်ရဲ့သခင်ဟောင်းက ချန်ထားခဲ့တယ်”

“သူက ဓားကိုအသုံးပြုပြီး ကျောက်နံရံမှာ ဓားချက် ၃၂ခုကို ထွင်းထုခဲ့တယ်”

ချီယုက ပေတစ်ရာမြင့်မားသော အစိမ်းရောင်ကျောက်နံရံကို ညွှန်ပြလိုက်ပြီး ကျယ်လောင်စွာပြောသည်။

သူက အစိမ်းရောင်ဝတ်စုံနှင့် ကျောက်စိမ်းသရဖူကို ဝတ်ဆင်ထားပြီး ဓားအငွေ့အသက်များကို ထုတ်လွှတ်၍ ဓားရှည်တစ်ချောင်းကဲ့သို့ ဖြောင့်မတ်စွာရှိနေသည်။

ဓားစံအိမ်၏ တခြားလူများကလည် ဂုဏ်ယူနေကြပုံပေါ်သည်။

သူတို့က ယနေ့အတွက် အချိန်အတော်ကြာသည်အထိ စောင့်ဆိုင်းခဲ့ရသည်။

ဟန်မူယဲ့က ခေါင်းမော့ကြည့်သည်။ ပေတစ်ရာမြင့်မားသော ကျောက်နံရံတွင် ဓားအလင်း ၃၂ခုသည် လေနှင့်အတူ ယိမ်းနွဲ့နေပုံပေါ်သည်။

ထိုဓားအလင်းများသည် မှိန်ဖျော့နေသော်လည်း ကျောက်နံရံတွင် နက်ရှိုင်းစွာရှိနေသည်။

တခြားလူများက ထိုသို့ မြင်လိမ့်မည်။

သို့သော် အချိန်နှင့်တည်နေရာစွမ်းအားကို နားလည်ထားသော ဟန်မူယဲ့အတွက် ထိုဓားအလင်းများသည် အချိန်စီးကြောင်းပေါ်တွင် ထွင်းထုထားသည်ဟု မြင်နေရသည်။ သူက လွန်ခဲ့သော နှစ်ပေါင်းသုံးသိန်းတွင်ရှိသည့် ဓားအလင်းကို မြင်ရသည်။

“အထင်ကြီးစရာပဲ”

ဟန်မူယဲ့က ညင်သာစွာပြောလိုက်ပြီး ဟွမ်ကျစ်ဟူကို လှည့်ကြည့်သည်။

“ကျစ်ဟူ၊ တစ်ချက်ကြည့်လိုက်အုံး။ ဓားအလင်းဘယ်နှခုကို နားလည်နိုင်လဲ”

ထိုဓားအလင်းများသည် အချိန်စီးကြောင်းပေါ်တွင် ရှိနေသောကြောင့် အရိပ်အမြွက်တစ်ခုကို နားလည်နိုင်လျှင်ပင် အခွင့်အရေးတစ်ခု ဖြစ်နေလိမ့်မည်။

ထိုကျောက်နံရံသည် ဓားစံအိမ်၏ ရတနာတစ်ခု ဖြစ်သည်။ ဟန်မူယဲ့ကြောင့်သာ မဟုတ်လျှင် ဓားစံအိမ်က ကျောက်နံရံကို ထုတ်ပြမည်မဟုတ်ပေ။

ယနေ့တွင် ဓားစံအိမ်က ဟန်မူယဲ့ကို ဆွဲဆောင်ရန်အတွက် အမျိုးမျိုးသော ကျောက်သားဓားအမှတ်အသားနှင့် အမွေအနှစ်များကို လမ်းတစ်လျှောက်တွင် ပြသထားသည်။

အနည်းဆုံး ဟန်မူယဲ့၏နောက်တွင် ပါလာသော ဓားကျင့်ကြံသူများသည် ဓားစံအိမ်ကို လေးစားသွားကြသည်။

ဓားတာအို၏ တော်ဝင်နယ်မြေဖြစ်သော ဓားစံအိမ်၏ ဂုဏ်သတင်းသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သည်။

ဟွမ်ကျစ်ဟူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အစိမ်းရောင်ကျောက်နံရံကို စိုက်ကြည့်နေသည်။

သူမက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်မထားသော်လည်း အဖြူရောင်ဓားရှည်ကို သယ်ဆောင်ပြီး ဆံပင်ကို မြှောက်စည်းထားသောကြောင့် အလွန်ရဲရင့်နေပုံပေါ်သည်။

ဓားစံအိမ်၏ တပည့်များသည် သူမကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

ဟန်မူယဲ့၏ မွေးစားသမီးသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ဓားကျင့်ကြံသူစစ်တပ်၏ ခေါင်းဆောင်ဖြစ်သည်။ ထို့အပြင် သူမက ကောင်းကင်နင်းခြေ မိစ္ဆာသူတော်စင်၏ တစ်ဦးတည်းသောသမီးဖြစ်ပြီး အလွန်ပါရမီကောင်းသည်။

ဟွမ်ကျစ်ဟူက မျိုးဆက်သစ်တစ်ယောက် ဖြစ်သော်လည်း လူအများစုသည် သူမကို အထင်မသေးရဲကြပေ။

သူမသည် နေရာတွင်ရပ်နေပြီး ဓားအလင်းများက ဖြည်းဖြည်းချင်းစုစည်းလာကြသည်။

ပတ်ဝန်းကျင်တွင် လွင့်မျောနေသော ဓားအလင်းများသည် ဓားချည်မျှင်များအဖြစ် ပြောင်းလဲသွားပြီး သူမကို ရစ်ပတ်နေကြသည်။

အသက်ရှူကြိမ် ဆယ်ခါအကြာတွင် ဓားအလင်းဆယ့်နှစ်ခုသည် ဟွမ်ကျစ်ဟူ၏ ပတ်ဝန်းကျင်တွင် ပေါ်လာကြသည်။

ဓားအလင်းဆယ့်နှစ်ခုသည် သူမ၏ အကန့်အသတ် ဖြစ်သည်။

ဓားအလင်းများသည် ပျောက်ကွယ်သွားကြပြီး ဟွမ်ကျစ်ဟူက နောင်တရနေသောမျက်နှာထားဖြင့် ခေါင်းခါလိုက်ပြီး ဟန်မူယဲ့ကို ဦးညွတ်သည်။

“မွေးစားအဖေ၊ သမီးက ဓားအလင်းဆယ့်နှစ်ခုကိုပဲ နားလည်နိုင်ခဲ့တယ်”

သူမ၏စကားကို ကြားလိုက်ရသောအခါတွင် တာအိုဘိုးဘေးချီယုနှင့် ဓားစံအိမ်မှ တပည့်များ၏ မျက်နှာထားက ရှုံ့တွသွားကြသည်။

‘ဓားအလင်းဆယ့်နှစ်ခုကိုပဲ နားလည်နိုင်တာလား’

လွန်ခဲ့သော နှစ်ပေါင်းသုံးသိန်းတွင် တစ်ခါတည်း အများဆုံးနားလည်နိုင်သော ဓားအလင်းသည် မည်မျှဖြစ်သနည်း။

ရှစ်ခုသာ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်သိန်းတွင် ဓားစံအိမ်၏ ပါရမီရှင်ဖြစ်သော နတ်ဘုရားဘုရင်တုကုန်းရှန့်သည် ဓားစံအိမ်ကို အထွတ်အထိပ်သို့ရောက်အောင် ဦးဆောင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက ဓားအလင်းရှစ်ခုကို တစ်ခါတည်း နားလည်ခဲ့သည်။

“မိန်းကလေးကျစ်ဟူရဲ့ ဓားတာအိုပါရမီက တကယ်ရှားပါးတာပဲ”

တာအိုဘိုးဘေးချီယုက မျှော်လင့်နေသောမျက်နှာထားဖြင့် ညင်သာစွာသက်ပြင်းချသည်။

သူက ဟွမ်ကျစ်ဟူကို ဓားစံအိမ်တွင် လေ့ကျင့်စေရန်အတွက် လွယ်ကူစွာ မတောင်းဆိုနိုင်ပေ။

ဟွမ်ကျစ်ဟူ၏နောက်ခံနှင့် သူမထိန်းချုပ်ထားသော စွမ်းအားသည် အလွန်အရေးပါသည်။

အကယ်၍ ဟွမ်ကျစ်ဟူက ဓားစံအိမ်၏တပည့်တစ်ယောက် ဖြစ်လာခဲ့လျှင် ဓားစံအိမ်အတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်နေလိမ့်မည်။

ဓားစံအိမ်၏ တခြားလူများက ဟွမ်ကျစ်ဟူကို ကြည့်လိုက်ကြသည်။

ဟွမ်ကျစ်ဟူက ဓားစံအိမ်သို့ ဝင်ရောက်ရန်အတွက် စကားပြောလိမ့်မည်ဟု သူတို့က မျှော်လင့်နေကြသည်။

“အကြီးအကဲက ကျွန်မကို ချီးကျူးလွန်းနေပါပြီ။ ဓားတာအိုနဲ့ ပတ်သတ်လာရင် လောကမှာ ဘယ်သူကများ ကျွန်မရဲ့မွေးစားအဖေကို ယှဉ်နိုင်မှာလဲ”

ကံဆိုးစွာဖြင့် ဟွမ်ကျစ်ဟူက ချီယု၏ရည်ရွယ်ချက်ကို နားလည်မှုလွဲသွားပုံပေါ်သည်။ သူမက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ပြီး မောက်မာသောလေသံဖြင့် ပြောသည်။

ဓားတာအိုနှင့်ပတ်သတ်လာလျှင် ဟန်မူယဲ့သည် ပြိုင်ဘက်ကင်းသည်။

ထိုအရာသည် အမှန်ပင်ဖြစ်သည်။

ဟွမ်ကျစ်ဟူ၏စကားကို လူတိုင်းက ယုံကြည်ကြသည်။

ဟန်မူယဲ့က ဓမ္မစင်မြင့်၏ နံပတ်တစ်ပုဂ္ဂိုလ် ဖြစ်သည်။

လူတိုင်းက မျှော်လင့်နေသော မျက်နှာထားဖြင့် ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ကြသည်။

ဓမ္မစင်မြင့်တွင် ဟန်မူယဲ့၏ လှုပ်ရှားမှုကို လူတိုင်းက မမြင်လိုက်ရပေ။

‘ဒီနေ့မှာ ဟန်မူယဲ့ရဲ့ စွမ်းရည်ကို မြင်နိုင်ဖို့ အခွင့်အရေးရှိလား’

တာအိုဘိုးဘေးချီယုနှင့် ဓားစံအိမ်၏ အကြီးအကဲသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ဓားဘိုးဘေးမူယဲ့ ....”

တာအိုဘိုးဘေးချီယု စကားမပြောနိုင်ခင် ဓားအလင်း ၃၂ခုသည် ဟန်မူယဲ့ကို လွှမ်းခြုံထားသည်။

‘ဓားအလင်း ၃၂ခုကို တစ်ခါတည်း နားလည်နိုင်တယ်။ လောကမှာ ဒီလိုပါရမီရှင်မျိုး ရှိနေသေးတာလား’

အစိမ်းရောင်ကျောက်နံရံ၏ရှေ့တွင် အရာအားလုံးသည် ချက်ချင်းတိတ်ဆိတ်သွားသည်။ ဓားအလင်း ၂၃ခုကသာ ညင်သာစွာ လှုပ်ရှားနေကြသည်။

ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများဖြင့် ဓားအလင်း ၃၂ခုကို ကြည့်သည်။ သူ့အကြည့်က အချိန်မြစ်ကို ကျော်ဖြတ်၍ ဓားအလင်းအား ချန်ထားခဲ့သော ဘိုးဘေးနှင့် ဆုံတွေ့နေပုံပေါ်သည်။

“ဒီဓားအလင်းတွေက နှစ်ပေါင်းသုံးသိန်းကြာတဲ့အထိ ဆက်ရှိနေတုန်းပဲ။ တကယ်လေးစားမိပါတယ်”

ဟန်မူယဲ့က ညင်သာစွာပြောလိုက်ပြီး ဓားအလင်းများကို ထုတ်လွှတ်၍ ကျောက်နံရံနှင့် ရင်ဆိုင်သည်။

“ခလွမ် ....”

ဓားအလင်း ၃၂ခုသည် ကျောက်နံရံဆီသို့ ပြေးဝင်သွားပြီး ထွင်းထုထားသော ဓားအလင်း ၃၂ခုနှင့် တိုက်ခိုက်လိုက်သည်။

‘ဓားဘိုးဘေးမူယဲ့က နှစ်ပေါင်းသုံးသိန်းရဲ့ ဓားကျင့်ကြံသူကို စိန်ခေါ်နေတာလား’

‘ဒါက မောက်မာတာလား။ ဒါမှမဟုတ် ယုံကြည်ချက်လွန်ကဲနေတာလား’

ဓားစံအိမ်မှ တပည့်များ၏ မျက်နှာထားသည် ရှုပ်ထွေးနေပြီး ဓားအလင်း ၃၂စုံ၏ တိုက်ခိုက်မှုကို စောင့်ကြည့်နေကြသည်။

တာအိုဘိုးဘေးချီယုက တစ်ကိုယ်လုံး တုန်ခါနေပြီး အလွန်ကြောက်စရာကောင်းသောအရာနှင့် ကြုံတွေ့လိုက်သကဲ့သို့ ဓားအငွေ့အသက်ကို ထုတ်ဖော်၍ ဓားအလင်းများကို စိုက်ကြည့်နေသည်။

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒီဓားအလင်းတွေက ....”

သူက သွယ်ယှက်နေသောဓားအလင်းများကို မယုံကြည်နိုင်စွာ ကြည့်သည်။

“ဒီဓားအလင်းတွေက အချိန်ကို ကျော်ဖြတ်သွားပြီ”

ဟန်မူယဲ့၏ ဓားအလင်း ၃၂ခုသည် နှစ်ပေါင်းသုံးသိန်းအကွာသို့ ရောက်သွားပြီး ထိုခေတ်၏ ဓားကျွမ်းကျင်သူနှင့် တိုက်ခိုက်နေသည်။

ထိုတိုက်ပွဲသည် ဓားစံအိမ်၏သခင်ဟောင်း ချန်ရစ်ခဲ့သော ဓားအလင်းများနှင့် တိုက်ခိုက်နေခြင်းမဟုတ်ဘဲ အချိန်မြစ်ကို ကျော်ဖြတ်၍ ကိုယ်ပိုင်ဓားစွမ်းအားကို အသုံးပြုပြီး ရှေးခေတ်၏ အသန်မာဆုံးဓားကျင့်ကြံသူနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဓားဘိုးဘေးမူယဲ့၏ ဓားကျင့်ကြံခြင်းသည် ကြောက်မက်ဖွယ်ကောင်းသောအဆင့်သို့ ရောက်နေသည်။

တာအိုဘိုးဘေးချီယုက တင်းကျပ်စွာလက်သီးဆုပ်ထားပြီး ဓားအလင်းများ၏တိုက်ပွဲကို ဆက်ကြည့်နေသည်။

ဟန်မူယဲ့က လွန်ခဲ့သော နှစ်ပေါင်းသုံးသိန်း၏ ဓားစံအိမ်သခင်ဟောင်းနှင့် တိုက်ခိုက်နေသည်။ မည်သူက အနိုင်ရမည်နည်း။

“ဝီ”

ဓားအလင်းသည် တုန်ခါနေသည်။ အပြာရောင်ကျောက်နံရံတွင်ရှိသော ဓားအလင်း ၃၂စုံသည် တစ်ခါတည်း ပျက်စီးသွားကြသည်။

ဓားစံအိမ်၏တပည့်များက ပါးစပ်အဟောင်းသားဖြစ်နေပြီး မျက်နှာထားများ ရှုပ်ထွေးနေကြသည်။ သို့သော် သူတို့က အသက်မရှူရဲကြပေ။

‘ငါတို့ဂိုဏ်းရဲ့ ရတနာက ဒီလိုမျိုးပဲ ပျက်စီးသွားတာလား’

သူတို့၏ကျင့်ကြံဆင့်က မမြင့်မားသေးပေ။ သူတို့၏ အမြင်အာရုံကလည်း မလုံလောက်ပေ။ ထို့ကြောင့် သူတို့က ထိုဓားအလင်းတိုက်ပွဲ၏ အရေးပါမှုကို မမြင်နိုင်ကြပေ။

ချီယု၏ နှလုံးသွေးကြောများသည် ပြတ်တောက်လုနီးပါး တင်းမာနေသည်။

ဟန်မူယဲ့၏ ဓားအလင်းသည် နှစ်ပေါင်းသုံးသိန်းကို ကျော်ဖြတ်၍ ဓားစံအိမ်၏သခင်ဟောင်းနှင့် ယှဉ်ပြိုင်ပြီး သရေကျသွားခဲ့သည်။

“ဝီ”

ဓားအလင်းသည် တုန်ခါနေသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး အချိန်နှင့်တည်နေရာကို ကျော်ဖြတ်၍ ခရမ်းဖျော့ရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ဦးကို ကြည့်သည်။

“လူငယ်လေး၊ မင်းလိုတပည့်တစ်ယောက် ရှိနေတဲ့အတွက် ငါတို့ဓားစံအိမ်က တိုးတက်နေမှာပဲ”

တာအိုတန်ခိုးရှင်က အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

သူက လက်မြှောက်လိုက်သောအခါတွင် ဓားအလင်း ၉၉ခုသည် ဝင်ရိုးစွန်းအလင်းတန်းများကဲ့သို့ လှုပ်ရှားနေပြီး ပေါက်ကွဲသွားကြသည်။

“ဒီဓားချက်က‌ရော ဘယ်လိုနေလဲ”

တာအိုတန်ခိုးရှင်က ညင်သာစွာမေးသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ထိုဓားချက်သည် ဓားအလင်း ၃၂ခုထက် အဆပေါင်းများစွာ သန်မာသည်။

ထိုဓားအလင်းများသည် တာအိုတန်ခိုးရှင်၏ အစစ်အမှန်အမွေအနှစ် ဖြစ်သည်။

“ငါက စုရှင်းဟယ်ပဲ။ အင်မော်တယ်ကမ္ဘာမှာ ငါတို့ တွေ့နိုင်မယ်လို့ မျှော်လင့်တယ်”

တာအိုတန်ခိုးရှင်က ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။ ပုံရိပ်များအားလုံးသည် ပျောက်ကွယ်သွားကြသည်။

ဟန်မူယဲ့၏ မျက်လုံးထဲတွင်ရှိသော အလင်းရောင်သည်လည်း မှိန်ဖျော့သွားသည်။

သူက ခေါင်းခါသည်။ ပျက်စီးသွားသော ဓားအလင်း ၃၂ခုသည် ကျောက်နံရံတွင် ပြန်လည်စုစည်းလာကြသည်။

သူက ကျောက်နံရံတွင် စွမ်းအားများကို ချန်ထားခဲ့ပြီး ဓားအလင်း ၃၂ခုကို ပိုမိုသိပ်သည်းလာစေသည်။

ဟန်မူယဲ့က နှစ်ပေါင်းသုံးသိန်းကို ကျော်ဖြတ်၍ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားပြီဖြစ်သော ဓားစံအိမ်၏သခင်ဟောင်းနှင့် တိုက်ခိုက်ခဲ့သည်။

ဓားစံအိမ်၏ သခင်ဟောင်းသည် ရှေးခေတ်ကျွမ်းကျင်သူတစ်ယောက် ဖြစ်သင့်သည်။ သူ၏ နည်းလမ်းများသည် အလွန်ထူးခြားသည်။

ပိုမိုသိပ်သည်းသော ဓားအလင်းများသည် ကျောက်နံရံတွင် ဆက်ရှိနေကြသည်။ ထို့ကြောင့် ဓားစံအိမ်၏ တပည့်များက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

တာအိုဘိုးဘေးချီယုက ဟန်မူယဲ့ကို လှည့်ကြည့်ပြီး အသာအယာ ဦးညွတ်သည်။

သူက တခြားလူများထက် ပိုမြင်နိုင်သည်။

တခြားလူများက ဓားအလင်း ၃၂စုံကိုသာ မြင်ရသော်လည်း သူက စကြဝဠာကဲ့သို့ ခမ်းနားလှသော ဓားအလင်း ၉၉ခုကို မြင်လိုက်ရသည်။

ဓားဘိုးဘေးမူယဲ့သည် လွန်ခဲ့သော နှစ်ပေါင်းသုံးသိန်းမှ ဓားသခင်၏ အမွေအနှစ်ကို ရရှိခဲ့သည်။

All Chapters