အခန်း (၈၁၂)
Vol. 58 Ch. 812
အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း၏ နှစ်ပေါင်းများစွာစုစည်းထားသော ဂုဏ်သိက္ခာနှင့် နာမည်သည် ချက်ချင်းဖြစ်ပေါ်လာခြင်း မဟုတ်ပေ။
ထိုအရာများသည်လည်း စွမ်းအားတစ်ခု ဖြစ်သည်။
မမြင်ရသော်လည်း အသုံးဝင်သည့် ထိုစွမ်းအားများကို နည်းလမ်းနှစ်မျိုးဖြင့် ဖျက်ဆီးနိုင်သည်။
ပထမတစ်ခုသည် ဂိုဏ်းက ဂုဏ်ကျက်သရေကို စွန့်ပစ်ခြင်းပစ်သည်။
ဒုတိယတစ်ခုသည် တခြားလူများက ဂိုဏ်းကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
“ဟားဟား၊ ယွီလင်တာအိုဂိုဏ်းကတောင် ရွေးချယ်မှုလုပ်လိုက်ပြီဆိုရင် ငါတို့ရဲ့ အဆုံးမဲ့တာအိုဂိုဏ်းက ဘာဖြစ်လို့ ခေါင်းမာနေမှာလဲ”
တာအိုဘိုးဘေးချူယွမ်က ပေါ့ပါးစွာရယ်လိုက်ပြီး သက်တောင့်သက်သာဖြစ်သွားပုံရသည်။
သူက လူတိုင်းကိုကြည့်လိုက်ပြီး ခန်းဆောင်၏အပြင်ဘက်ကို ဆက်ကြည့်သည်။ သူက အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ဓားဘိုးဘေးမူယဲ့နဲ့ နောက်ကွယ်မှာရှိနေတဲ့ အင်အားစုတွေက တစ်ချိန်လုံး တိတ်ဆိတ်နေပေမဲ့ ငါတို့ရဲ့ခေါင်းပေါ်မှာ ရစ်ဝဲနေတဲ့ ဓားတစ်လက်လိုမျိုး ဖြစ်နေခဲ့တယ်”
“အထူးဖြင့် ဓားဘိုးဘေးမူယဲ့ပဲ။ သူ့ရဲ့ပါရမီက ပြိုင်ဘက်ကင်းပြီး လှုပ်ရှားမှုတွေကို မခန့်မှန်းနိုင်ဘူး။ သူက ကိုယ်ပိုင်စည်းမျဉ်းတွေကို သတ်မှတ်ထားတယ်”
“အဲဒီလိုလူမျိုးနဲ့ ရန်သူဖြစ်လာမယ်ဆိုရင် အမြဲတမ်း သတိထားနေရမယ်”
“ငါတို့ရဲ့ အဆုံးမဲ့တာအိုဂိုဏ်းက ဓားဘိုးဘေးမူယဲ့နဲ့ ရန်သူမဟုတ်ပေမဲ့ ယွီလင်တာအိုဂိုဏ်းနဲ့ ပူးပေါင်းပြီး ဓားစံအိမ်ကို ဆန့်ကျင်ခဲ့တယ်”
ထိုကိစ္စသည် ယခင်က အရေးမကြီးခဲ့ပေ။ ဓားစံအိမ်နှင့် ဟန်မူယဲ့သည် ဆက်သွယ်မှုတစ်ခု ရှိသော်လည်း တရားဝင်မဟုတ်ခဲ့ပေ။
သို့သော် ယခုအချိန်တွင် ပြောင်းလဲသွားခဲ့သည်။
ဟန်မူယဲ့က ဓားစံအိမ်၏ခေါင်းဆောင် ဖြစ်လာသည်။
ဓားစံအိမ်၏ ပြိုင်ဘက်အင်အားစုများသည် ဟန်မူယဲ့၏ရန်သူ ဖြစ်လာလိမ့်မည်။
ခန်းဆောင်ထဲတွင် ကျူးဝူနှင့် အကြီးအကဲများ၏မျက်နှာထားက လေးနက်နေကြသည်။
“အဲဒီလိုဆိုရင် ကျူးဝူက ငါ့ကို ကိုယ်စားပြုပြီး ဆေးတောင်ကြားကို ခမ်းခမ်းနားနား သွားရမယ်”
တာအိုဘိုးဘေးချူယွမ်က ရွှေရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ပေးသည်။
ထိုတံဆိပ်ပြားသည် ရွှေအလင်းနှင့်အတူ အဆုံးမဲ့တာအိုဂိုဏ်း၏ ထူးခြားသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။
“မင်းက ငါတို့ဂိုဏ်းကို ကိုယ်စားပြုပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ ပူးပေါင်းရမယ်”
ပူးပေါင်းမှုသည် ကြားကောင်းသော်လည်း အမှန်တကယ်တွင် အညံ့ခံခြင်း၊ မဟာမိတ်ဖွဲ့ရန် အသနားခံခြင်းသာ ဖြစ်သည်။
ခန်းဆောင်ထဲတွင် တီးတိုးသက်ပြင်းချသံကို ကြားနိုင်သည်။
ဟန်မူယဲ့၊ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၊ ဓားစံအိမ်နှင့် မည်သူမှ ရန်သူမဖြစ်ချင်ကြပေ။
ကျင့်ကြံခြင်းသည် မလွယ်ကူပေ။ သူတို့က ရရှိထားသော အရာရာတိုင်းကို တန်ဖိုးထားရမည်။
ကျူးဝူက ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် တံဆိပ်ပြားကို လက်ခံသည်။
သူကလည်း ဟန်မူယဲ့နှင့် ရန်သူမဖြစ်ချင်ပေ။
သူက တာအိုပြိုင်ပွဲနယ်မြေတွင် ဟန်မူယဲ့၏ခွန်အားကို မြင်ခဲ့ရသည်။ မဟာပုဂ္ဂိုလ်ကြီးများသည် ဤလောကမှ ထွက်ခွာသွားသောကြောင့် ဟန်မူယဲ့ကို မည်သူမှ မဖိနှိပ်နိုင်တော့ပေ။
ရန်သူယဲ့နှင့် ရန်သူဖြစ်သွားလျှင် အဆုံးသတ်ကောင်းမည်မဟုတ်ပေ။
အဆုံးမဲ့တာအိုဂိုဏ်းသည် ဆုံးဖြတ်ချက်ချခဲ့သည်။ သင်္ဘောပျံသုံးစင်းသည် အဆုံးမဲ့တာအိုဂိုဏ်းမှ ခမ်းနားစွာထွက်လာပြီး ဆေးတောင်ကြားသို့ သွားရောက်ခဲ့သည်။ ဓားဘိုးဘေးမူယဲ့နှင့် ပူးပေါင်းလိုက်သော အဆုံးမဲ့တာအိုဂိုဏ်း၏သတင်းသည် ကျင့်ကြံခြင်းလောကတွင် ပျံ့နှံ့လာခဲ့သည်။
ထိုသတင်းကို ရလိုက်သော အထက်ဘုံနှင့် အလယ်ဘုံမှ ဂိုဏ်းများသည် အံ့အားသင့်နေရန် အချိန်မရှိတော့ပေ။
သူတို့က ဂိုဏ်းကိုယ်စားပြုများကို ဆေးတောင်ကြားသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လွှတ်လိုက်ကြသည်။ အမျိုးမျိုးသော အင်အားစုများသည် ဆေးတောင်ကြားတွင် စုစည်းနေပြီး နောက်ကျသောလူများသည် နေရာစရာရမည် မဟုတ်ပေ။
ဟန်မူယဲ့က ဓားစံအိမ်၌ တည်ငြိမ်စွာရှိနေသောအချိန်တွင် ကျင့်ကြံခြင်းလောကတစ်ခုလုံးသည် ဆူပွက်နေသည်။
ရှေးတိမ်တိုက်စကြဝဠာမှ အင်အားစုများနှင့် ဆည်၏ ရှေးခေတ်အင်အားစုများသည် အထက်ဘုံ၏ ပြောင်းလဲမှုကို အာရုံစိုက်ထားကြသည်။
ထက်မြက်သောလူတချို့က ဆေးတောင်ကြားသို့ သွားရောက်ပြီး ပူးပေါင်းခဲ့ကြသည်။
သို့သော် ကျင့်ကြံခြင်းလောကတစ်ခုလုံးသည် အပေါ်ယံတွင် လှုပ်ရှားနေသော်လည်း နောက်ကွယ်တွင် တည်ငြိမ်အေးချမ်းနေသည်။
အပေါ်ယံတွင် အမျိုးမျိုးသော အင်အားစုများသည် ဘက်ရွေးပြီး ဓားစံအိမ်နှင့် တာအိုဂိုဏ်းများ၏ ယှဉ်ပြိုင်မှုသည် ပိုမိုပြင်းထန်လာသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် လက်ရှိအခြေအနေကြောင့် ကိုယ်ပိုင်ရွေးချယ်မှုပြုလုပ်ရန် တွန်းအားပေးခံလိုက်ရပြီး စစ်ပွဲကြီးပေါ်ပေါက်လာမည့်အချိန်ကို စိုးရိမ်စွာ စောင့်ဆိုင်းနေကြသည်။
ကျင့်ကြံခြင်းလောကတစ်ခုလုံး ဖရိုဖရဲဖြစ်သွားပြီး အရှုပ်အထွေးများကြားတွင် ပေါ်ထွက်လာရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသည့် ကျင့်ကြံသူများလည်း ရှိကြသည်။
တာအိုအင်အားစုနှင့် ဓားကျင့်ကြံသူများသည် ဆက်တိုက် ခွန်အားစုဆောင်းနေကြသည်။
ကျင့်ကြံခြင်းလောကတွင် ယွီလင်တာအိုဂိုဏ်း သို့မဟုတ် ဓားစံအိမ်နှင့် ပူးပေါင်းသွားသော အင်အားစုများ၏သတင်းကို နေ့စဉ်ကြားနေရသည်။
ထိုဖြစ်စဉ်ကြောင့် လူတချို့သည် ရုတ်တရက် ကြွယ်ဝလာကြသည်။
သွမ်ချန်ကျီက တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများကို တည်ဆောက်ပေးရန်အတွက် အမျိုးမျိုးသော ကမ္ဘာများသို့ ဖိတ်ခေါ်ခံလိုက်ရသည်။
သိုးငါးကောင်စံအိမ်၏ အမျိုးမျိုးသော ကောလဟာလများအရ ဓားစံအိမ်နှင့် တာအိုဂိုဏ်းများ တိုက်ပွဲဖြစ်လာလျှင် အနန္တကမ္ဘာဝင်္ကပါကို ပိတ်ထားလိမ့်မည်။
ခွန်အားကောင်းသော ဂိုဏ်းများသည် တိုက်ပွဲမဖြစ်ခင် တည်ငြိမ်နေဆဲအချိန်ကို အခွင့်ကောင်းယူ၍ တခြားကမ္ဘာများနှင့် ကူးသန်းရောင်းဝယ်မှု မပြတ်တောက်ရန် အမျိုးမျိုးသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများကို ဖြစ်နိုင်သမျှ တည်ဆောက်နေကြသည်။
ကျင့်ကြံခြင်းလောက၏ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စိတ်လှုပ်ရှားနေပြီး စစ်ပွဲတွင် ရှင်သန်နိုင်ရန် အသည်းအသန် လေ့ကျင့်နေကြသည်။
ကျင့်ကြ့ခြင်းလောကတစ်ခုလုံးအား သက်ရောက်နိုင်သော မဟာစစ်ပွဲတွင် မည်သူက အကောင်းအတိုင်း လွတ်မြောက်နိုင်မည်နည်း။
အဓိကအင်အားစုတစ်ခု မြင့်တက်လာခြင်းသည် သွေးစွန်းတိုက်ပွဲများကို ဖြစ်ပေါ်စေလိမ့်မည်။ နိမ့်ကျသွားသော အင်အားစုအဟောင်းများသည် အင်အားစုအသစ်၏ ခြေနင်းတုံးဖြစ်လာလိမ့်မည်။
အချိန်က အရာအားလုံးကို တိုက်စားသွားလိမ့်မည်ဟု မည်သူက ပြောနိုင်သနည်း။ အင်အားစုအဟောင်းများသည် အစွမ်းကုန်ထုတ်၍ တိုက်ခိုက်လာခဲ့လျှင် ပြန်လည်မွေးဖွားလာနိုင်သည်။
မုန်တိုင်းက ပိုမိုပြင်းထန်လိမ့်မည်။
....
ကျင့်ကြံခြင်းလောက၏ ဆူပွက်မှုများသည် ဆုံးဖြတ်ချက်ချမည့်လူများ၏ အသိစိတ်ကို မလှုပ်ရှားနိုင်ပေ။
ဥပမာအနေဖြင့် ယခုအချိန်တွင် ဟန်မူယဲ့သည် ယွီလင်တာအိုဂိုဏ်း၏ တောင်တန်းအနောက်ဘက်တွင်ရှိသော စံအိမ်၌ နတ်ဘုရားဘုရင်ယုကျန်း၊ နတ်ဘုရားဘုရင် ယုကျစ်တို့နှင့်အတူ လက်ဖက်ရည်သောက်ပြီး စကားပြောနေသည်။
တစ်ဖက်တွင် ဓားစံအိမ်၏ တာအိုဘိုးဘေးချီယု၊ သိုးငါးကောင်စံအိမ်၏ ဆိုင်ရှင်ကျန်းကျီယန်၊ အဆုံးမဲ့တာအိုဂိုဏ်း၏ တာအိုဘိုးဘေးချူယွမ်တို့ ရှိနေကြသည်။
“ဒီလက်ဖက်ရွက်ကို နတ်ဘုရားဧကရာဇ်က အင်မော်တယ်ကမ္ဘာကနေ ယူလာခဲ့တယ်။ လက်ဖက်ရွက်ကို ခူးဆွတ်ဖို့အတွက် ယုချွယ်တောင်ခြေမှာ နှစ်ပေါင်းငါးသောင်း စောင့်ဆိုင်းရတယ်”
နတ်ဘုရားဘုရင်ယုကျန်းက လက်ဖက်ရည်ကို တစ်ခွက်ပြီးတစ်ခွက် ငှဲ့ပေးနေပြီး စကားပြောလိုက်သည်။
လက်ဖက်ရည်သည် မြူခိုးအငွေ့အသက်ကို ထုတ်လွှတ်ပေးပြီး အလွန်ချောမွေ့ပုံပေါ်သည်။
ဟန်မူယဲ့နှင့် တာအိုဘိုးဘေးချီယုက တိတ်ဆိတ်စွာ အရသာခံကြည့်နေသည်။
လူတိုင်းက လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်သောအချိန်တွင် ယုကျန်းနှင့်ယုကျစ်က အကြည့်ချင်းဖလှယ်သည်။ သူတို့က ဘေးတွင်ရှိနေသောလူများကို ကြည့်လိုက်ပြီး အဆုံးတွင် ဟန်မူယဲ့ကို ကြည့်သည်။
“ဓားဘိုးဘေးမူယဲ့၊ ကျင့်ကြံခြင်းလောကရဲ့ လက်ရှိအခြေအနေကို ဘယ်လိုလုပ်သင့်ပါသလဲ။ ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးပါ”
နတ်ဘုရားဘုရင်ယုကျန်းနှင့် နတ်ဘုရားဘုရင် ယုကျစ်က မတ်တပ်ရပ်လိုက်ပြီး ဟန်မူယဲ့ကို ဦးညွတ်သည်။
“တကယ်လို့ ဓားဘိုးဘေးက နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ချင်ရင် တာအိုအင်အားစုက အရင်ဆုံး ကူညီပေးပါ့မယ်”
နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ခြင်း ....
ထိုစကားသည် ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် ပျံ့နှံ့နေသည်။
နေရာအနှံ့မှ ကျင့်ကြံသူများသည် မနေနိုင်ဘဲ တွေ့ဆုံပွဲများ၌ နတ်ဘုရားခုံရုံး၏အကြောင်းကို ဆွေးနွေးကြသည်။
နတ်ဘုရားခုံရုံး၏ အမျိုးမျိုးသော ရာထူးအဆင့်အတန်းများအား ပြောပြနိုင်သော လူများကို ဂုဏ်သရေရှိ ဧည်သည်တော်များအဖြစ် ဖိတ်ကြားကြလိမ့်မည်။
‘နတ်ဘုရားခုံရုံးက ဘယ်လိုမျိုးလဲ’
‘ကျင့်ကြံခြင်းလောကကို ဘယ်လိုအုပ်ချုပ်ခဲ့လဲ’
‘နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်မယ်ဆိုရင် ထောက်ခံရမလား၊ ဆန့်ကျင်ရမလား’
....
ထိုမေးခွန်းအတွက် ဆုံးဖြတ်ချက်များအားလုံးသည် ဤစံအိမ်လေးတွင် ရှိနေသည်။
အတိအကျ ပြောရလျှင် ဟန်မူယဲ့၏ လက်ထဲတွင် ရှိနေသည်။
သူက ခေါင်းညိတ်လိုက်လျှင် ယနေ့မှစ၍ နတ်ဘုရားခုံရုံးကို တည်ဆောက်ကြလိမ့်မည်။
တာအိုအင်အားစု၊ ဓားစံအိမ်၊ နတ်ဘုရားခုံရုံး၏ အရာရှိဟောင်းနှင့် မျိုးဆက်များအပြင် ရှေးတိမ်တိုက်စကြဝဠာ၏ အင်အားစုများကလည်း နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ရာတွင် ပါဝင်လာကြလိမ့်မည်။
တခြားလူများ၏အမြင်သည် အရေးမပါတော့ပေ။
စံအိမ်ထဲတွင် တာအိုဘိုးဘေးချီယု၊ ကျန်းကျီယန်နှင့် တခြားလူများက အငွေ့အသက်များကို ထိန်းချုပ်ထားပြီး ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
“ငါတို့က ဘာဖြစ်လို့ နတ်ဘုရားခုံရုံးကို ပြန်ပြီး တည်ဆောက်ရမှာလဲ”
ဟန်မူယဲ့က ဖြည်းဖြည်းချင်း ခေါင်းမော့ပြီး သူတို့ကို ကြည့်သည်။
နတ်ဘုရားခုံရုံးကို အဘယ်ကြောင့် တည်ဆောက်ရမည်နည်း။
နတ်ဘုရားခုံရုံး ရှိနေလျှင် လောကကို လွှမ်းမိုးနိုင်ပြီး ကျင့်ကြံခြင်းလောတွင် ပြောဆိုခွင့်ရှိသည့် တစ်ခုတည်းသောအင်အားစု ဖြစ်သွားလိမ့်မည်။
နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်လျှင် လောက၏ ကြွယ်ဝမှုနှင့် အရင်းအမြစ်များကို စုစည်းပြီး မရေမတွက်နိုင်သော လူများ၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်သည်။
နတ်ဘုရားခုံရုံးကို တည်ဆောက်လိုက်လျှင် ဆန့်ကျင်ဘက်အင်အားစုများသည် ဖြည်းဖြည်းချင်း ကျဆင်းသွားပြီး ခုခံရန် စွမ်းအားရှိတော့မည်မဟုတ်ပေ။
သူတို့အားလုံးသည် နတ်ဘုရားခုံရုံးကြောင့် ဖြစ်ပေါ်လာမည့် အဆုံးမရှိသော အကျိုးကျေးဇူးများကို နားလည်ထားကြသည်။
သူတို့၏ ဂိုဏ်းများသည် နတ်ဘုရားခုံရုံးသို့ အရင်ဆုံးဝင်ရောက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားစုများ ဖြစ်လာကြလိမ့်မည်။
သူတို့၏ဂိုဏ်းများသည် ပျောက်ကွယ်သွားနိုင်သော်လည်း သူတို့က အခွင့်အရေးများကို ပိုရလာကြလိမ့်မည်။
ကျင့်ကြံခြင်းသည် အခွင့်အရေးကို ရှာဖွေရန်အတွက်ပင် ဖြစ်သည်။ ကိုယ်ပိုင်စွမ်းအား တိုးတက်လာပြီး ထာဝရရှင်သန်ရန်နှင့် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားရန် ကြိုးစားရမည်။
သို့သော် ဟန်မူယဲ့၏ မေးခွန်းကြောင့် လူတိုင်းက တိတ်ဆိတ်သွားသည်။
ဟန်မူယဲ့က အဖြေကိုကြားချင်သောကြောင့် မေးလိုက်ခြင်းမဟုတ်ပေ။
သူက အဖြေမလိုပေ။
ကျင့်ကြံခြင်းလောကတွင် နတ်ဘုရားခုံရုံး၏ အကျိုးကျေးဇူးများကို အကောင်းဆုံးနားလည်သောလူသည် ဟန်မူယဲ့တစ်ယောက်သာ ရှိသည်။
သူက လူတိုင်း၏စိတ်ကို ရှင်းလင်းသွားစေချင်သောကြောင့် မေးလိုက်ခြင်းဖြစ်သည်။
“တကယ်လို့ နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်မယ်ဆိုရင် ကျင့်ကြံခြင်းလောကမှာ ပြောင်းလဲမှုတွေ ဖြစ်သွားလိမ့်မယ်”
“ဒါပေမဲ့ အဲဒီပြောင်းလဲမှုတွေက အကောင်းတွေချည်းပဲ ဖြစ်နေမှာမဟုတ်ဘူး”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။
သူ့မျက်လုံးများက နက်ရှိုင်းနေပြီး တီးတိုးပြောသည်။
“ရှေးခေတ်နတ်ဘုရားခုံရုံးက ကျင့်ကြံခြင်းလောကကို နှစ်သန်းချီအောင် ဖိနှိပ်ထားခဲ့တယ်။ ကျင့်ကြံခြင်းလောကတစ်ခုလုံးက တိုးတက်မလာဘဲ ဆယ်ဆလောက် ကျဆင်းသွားခဲ့တယ်”
“မဟာကျင့်ကြံသူကြီးတွေက အင်မော်တယ်ကမ္ဘာကို တက်လှမ်းသွားကြပြီး ကျင့်ကြံခြင်းလောကကြီးက ငြိမ်းချမ်းနေတယ်။ ကျင့်ကြံသူတွေက တွန်းအားမရှိတော့ဘဲ ဖြစ်နေကြတယ်”
ဟန်မူယဲ့ သူတို့ကိုကြည့်လိုက်သည်။
“နတ်ဘုရားခုံရုံးခေတ်မှာ အခွင့်အရေးကို တိုက်ခိုက်ပြီးယူရတာမဟုတ်ဘဲ နတ်ဘုရားခုံရုံးရဲ့ ကောင်းချီးပေးမှု ဖြစ်နေတယ်”
“အဲဒီလို ကျင့်ကြံခြင်းမျိုးက တကယ်သန်မာတဲ့လူတွေကို မွေးထုတ်မပေးနိုင်ဘူး”
ကျင့်ကြံခြင်းတွင် မတိုက်ခိုက်ဘဲ အရင်းအမြစ်များကို မည်သို့ ရနိုင်မည်နည်း။ ကျင့်ကြံခြင်းလမ်းစဉ်သည် ကြိုးစားမှုမရှိဘဲ မည်သို့ ချောမွေ့နိုင်မည်နည်း။
ကျင့်ကြံခြင်းသည် ကောင်းကင်၊ မြေကြီး၊ လောကနှင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြှောက်ပင့်ခြင်းဖြင့် ရရှိလာသော ဆုလာဘ်များသည် သန်မာသူကို မဖန်တီးနိုင်ပေ။
ဟန်မူယဲ့၏စကားကြောင့် စံအိမ်ထဲတွင်ရှိသော လူအားလုံး၏မျက်နှာထားသည် လေးနက်သွားသည်။
“အဲဒီလိုဆိုရင် ဓားဘိုးဘေးမူယဲ့က ဘယ်လိုလုပ်ချင်ပါသလဲ”
နတ်ဘုရားဘုရင်ယုကျန်းက ဟန်မူယဲ့ကို မော့ကြည့်သည်။
“တာအိုဂိုဏ်းနဲ့ ဓားဂိုဏ်းတွေရဲ့ရန်ပွဲက ငါ့အတွက် အကျိုးရှိနေသလိုပဲ”
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းခါသည်။
“ဒီအတိုင်း နှစ်တစ်ထောင်လောက် ဆက်ဖြစ်နေရင် ကျင့်ကြံခြင်းလောကမှာ ကျွမ်းကျင်သူတွေအများကြီး ပေါ်ထွက်လာကြလိမ့်မယ်”