← Chapters

တာအိုဝါဒ၏ကောင်းကင်ဘုံအရှင် (ထျန်းကျွင်း)

Vol. 83 Ch. 1164

တာအိုဝါဒ၏ကောင်းကင်ဘုံအရှင် (ထျန်းကျွင်း)

Vol. 83 Ch. 1164

အခန်း (၁၁၆၄) တာအိုဝါဒ၏ကောင်းကင်ဘုံအရှင် (ထျန်းကျွင်း)

“နေဝန်းထက်ယံအရှင်သခင် ‘ကောင်းဟန်’...”

ထိုအမည်ကိုတွေးမိတော့ ရန်ကျောက်ကဲစိတ်ထဲ အတော်လေး ဘဝင်မကျ ဖြစ်သွားသည်။

သူက တစ်စုံတစ်ယောက်၏ အကြံအစည်ထဲတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေသည်လား သံသယဝင်စ ပြုလာသည်။

ထို တစ်စုံတစ်ယောက်က သူ့ကို ပစ်မှတ်ထားခြင်းမျိုးမဟုတ်နိုင်သော်လည်း ထိုသူ၏ အကြံအစည်တစ်ခုလုံးတွင် သူက အသုံးချခံ အစိတ်အပိုင်းတစ်ခု ဖြစ်လာနေသည်လား။

ရန်တိသည်လည်း မျက်မှောင်ကြုံ့လိုက်၏။

သို့သော် ခဏမျှစဉ်းစားပြီးနောက် သူက ရုတ်တရက် ရယ်မောလိုက်ရင်း...

“ကိစ္စတော့ မရှိပါဘူး ၊ လူတိုင်းကိုယ်လုပ်ချင်ရာလုပ်နိုင်တာပဲလေ ၊ အဓိကက အဆုံးသတ်မှာ ဘယ်သူက ရယ်မောနိုင်မလဲဆိုတဲ့အပေါ် မူတည်ပါတယ်”

သူက ဆက်ပြောသည်။

“သူက မီးလျှံထက်ယံအရှင်သခင်ကို ဒီကိစ္စထဲဆွဲထည့်ဖို့အတွက် အမေ့လက်ကို အငှားသုံးချင်တာပဲ ၊ ဒီအတွက် အကြောင်းပြချက်လည်း သေချာပေါက် ရှိရမယ် ၊ အခု ပြဿနာကိုသိရပြီဆိုတော့ ဖြေရှင်းဖို့အတွက် စဉ်းစားလို့ရနိုင်ပါသေးတယ်”

ရွှယ်ချူးချင်က ဖြည်းညင်းစွာဖြင့်...

“တွေးကြည့်ရင်တော့... ဒီလိုဖြစ်တာဟာ အရင်တုန်းက အထက်ဘုံကမ္ဘာရဲ့ အကွဲအပြဲတွေနဲ့ သက်ဆိုင်မယ်ထင်တယ်”

မုယောက်ကြယ်စင်ထက်ယံအရှင်သခင်၏ အဆက်အနွယ်က တပည့်တစ်ယောက်ချင်းစီသာ မွေးခဲ့သည်ဖြစ်ရာ ဆက်ခံမှုအပိုင်းတွင် အခြေအနေ ဆိုးရွားသည်။ ထို့ကြောင့် ထုန်းမင်ဧကရာဇ်က သူ၏တပည့်အား သူသိသမျှ အရာအားလုံး သင်ကြားပေးထားခဲ့သည်။

သို့မှသာ ဆရာဖြစ်သူ ရုတ်တရက် တိမ်းပါးသွားခဲ့ပါက သတင်းအချက်အလက်များ ပျောက်ကွယ်မသွားဘဲ လက်ဆင့်ကမ်း ကျန်ရှိနေပေလိမ့်မည်။

ထို့ကြောင့် ရွှယ်ချူးချင်က အခြားသူများမသိသော လျှို့ဝှက်ချက်များစွာကို သိရှိလေသည်။

ရွှယ်ချူးချင်က ဆက်ပြောပြသည်။

“အထက်ဘုံကမ္ဘာရဲ့ ကနဦးအချိန်ကာလက သွေးရောင်လွှမ်းတဲ့ အမှောင်ခေတ်လို့ ဆိုနိုင်တယ် ၊ အလှည့်အပြောင်းတွေ အများကြီးဖြစ်ပေါ်လာပြီး နောက်ဆုံးမှ အခြေအနေတွေ တဖြည်းဖြည်း တည်ငြိမ်လာခဲ့တာ”

“ဒါပေမဲ့ အထက်ဘုံကမ္ဘာကိုအုပ်ချုပ်တဲ့ အာဏာရှိသူတွေကြားမှာလည်း သဘောထားကွဲလွဲမှုတွေရှိလာခဲ့တယ် ၊ သဘောထားကွဲလွဲမှုတွေကတစ်ဆင့် အချင်းချင်း ညှိနှိုင်းမရတဲ့ အနေအထားအထိ ဖြစ်လာခဲ့တယ်”

“တချို့လူတွေက ထွက်ခွာသွားကြပြီး တချို့က ကျန်ရစ်ခဲ့ကြတယ် ၊ နောက်ပိုင်းမှ အထက်ဘုံကမ္ဘာ ယခု အခြေအနေထိရောက်အောင် ထူထောင်ခဲ့ကြတယ်”

ပြောနေရင်း ရွှယ်ချူးချင်က တစ်ချက်မျှ တုံ့ဆိုင်းသွားသည်။

သူမ တုံ့ဆိုင်းသွားရသည့်အကြောင်းရင်းကိုသိတော့ ရန်ကျောက်ကဲက တစ်ချက်ပြုံးရင်း...

“ဗုဒ္ဓဘာသာ ၊ အမတခုံရုံးနဲ့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် အကြောင်းတွေကို ကျွန်တော် သိထားပြီးသားပါ”

ထိုစကားကြားတော့ ရွှယ်ချူးချင် မျက်နှာပျက်သွားပြီး...

“မင်းက လူသားအထွတ်ထိပ်အဆင့်ကိုမရောက်သေးဘူးလေ ကျောက်ကဲ”

ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း...

“စိတ်မပူပါနဲ့ ၊ ကျွန်တော် အဆင်ပြေပါတယ် ၊ အမေ့မှာ မြစ်ဝါပန်းချီကားတစ်ဝက်ရှိသလို ကျွန်တော့်မှာလည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်”

သူက ဆက်ပြောသည်။

“ယိုးမင်ဧကရာဇ်ရဲ့ ယိုးမင်ဂမ္ဘီရစက်ဝန်းက ပြီးပြည့်စုံခြင်းမရှိသေးပေမယ့် ကျွန်တော်အဲဒါကို သေသေချာချာ လေ့လာပြီးတဲ့နောက်မှာ ‘ပြိုင်ဘက်ကင်းအဆုံးမဲ့’ ဆိုတဲ့ အယူအဆကို နားလည်လာခဲ့တယ် ၊ ဒါကြောင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဆိုတဲ့နာမည်က ကျွန်တော့်စိတ်ထဲကို ဝင်ရောက်အမြစ်တွယ်နိုင်ခြင်း မရှိဘူး”

ထိုစကားကြားတော့ ရွှယ်ချူးချင် စိတ်သက်သာရာရသွားဟန်ရှိသည့်တိုင် အနည်းငယ်တော့ စိုးရိမ်နေဆဲပင်။

ရန်ကျောက်ကဲက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“အမေ အထက်ဘုံကမ္ဘာအကြောင်း ဆက်ပြောပါလား...”

ရွှယ်ချူးချင်က ရန်ကျောက်ကဲကို လေးနက်စွာတစ်ချက်ကြည့်ရင်း ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။

“မင်း အားလုံးသိပြီးသားဆိုရင်တော့ လျှို့ဝှက်ထားစရာ မလိုတော့ပါဘူး”

ထို့နောက် သူမက ဖြည်းညင်းစွာဖြင့် ဆက်ပြောသည်။

“လောကမှာ ထိုက်ချင်အဆက်အနွယ်ဆိုတာက ရှားပါးလွန်းတယ် ၊ အထက်ဘုံကမ္ဘာမှာ ထွက်ပေါ်လာတဲ့ ခွန်လွန်အထင်ကရ (၉)ပါးဆိုတာ အားလုံးက ယွိချင်အဆက်အနွယ်တွေချည်းပါပဲ”

“ဒါပေမဲ့ သူတို့ကြားမှာ အကွဲအပြဲတွေရှိလာပြီး ပဋိပက္ခတွေဖြစ်လာကြတယ် ၊ အဆုံးသတ်မှာတော့ လုံးဝ သဘောထားမညီညွတ်တော့ဘဲ လမ်းခွဲတဲ့အထိ ဖြစ်လာတယ်”

“အဲဒီနောက်မှာတော့ အုပ်စု (၃)ခု ကွဲသွားတယ်...”

“ပထမအုပ်စုက လမ်းမှန်တာအိုဝါဒကို အရင်ကအတိုင်း တိုးတက်ဖွံ့ဖြိုးတဲ့အခြေအနေရောက်ရှိလာဖို့ အခြေအနေတည်တည်ငြိမ်ငြိမ်နဲ့ တိတ်တဆိတ် အခွင့်အလမ်းစောင့်မျှော်ချင်ကြတယ်”

“ဒုတိယအုပ်စုကတော့ တိုက်ပွဲဝင်ဖို့ အင်အားစုဆောင်းပြီး ပြင်ဆင်ထားချင်တယ် ၊ တိုက်ခိုက်ဖို့အတွက် ယုံကြည်ကြတယ် ၊ တိုက်ခိုက်ရင်းနဲ့ပဲ အမတခုံရုံး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသွားအောင် လုပ်ချင်ကြတယ်”

“တတိယ အုပ်စုကတော့ ကြားနေဝါဒ အုပ်စုပါပဲ”

ရွှယ်ချူးချင်က ဆက်ရှင်းပြသည်။

“တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့က ပထမအုပ်စုထဲမှာ ပါဝင်တယ် ၊ နက္ခတ်ဧကရာဇ်ကတော့ ကြားနေဝါဒကျင့်သုံးတဲ့သူပဲ”

“ဒုတိယအုပ်စုထဲမှာတော့  နေဝန်းထက်ယံအရှင်သခင် ၊ လဝန်းထက်ယံအရှင်သခင်နဲ့ ငါတို့အဆက်အနွယ်ရဲ့ တည်ထောင်သူဆရာဘွားဘွားဖြစ်တဲ့ မုယောက်ကြယ်စင်ထက်ယံအရှင်သခင်တို့ ပါဝင်တယ်”

“ငါ့ရဲ့ယောက္ခမဖြစ်တဲ့ ရွှေစင်ထက်ယံအရှင်သခင်နဲ့ ရာဟုကြယ်ထက်ယံအရှင်သခင်တို့က စောစောစီးစီး ဆုံးပါးသွားကြတဲ့အတွက် ထည့်ပြောစရာ မလိုတော့ဘူး ၊ ဒါပေမဲ့ မီးလျှံထက်ယံအရှင်သခင်ကလည်း ကြားနေဝါဒ ကျင့်သုံးခဲ့တယ်”

ရွှယ်ချူးချင်က ခဏနားပြီးမှ ဆက်ပြောသည်။

“ဆရာဘွားဘွားပြောပြတဲ့စကားအရတော့... မီးလျှံထက်ယံအရှင်သခင်က ကြားနေဝါဒရယ်လို့တောင် မဟုတ်ဘူး ၊ သူ့မှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြတ်သားတဲ့ရပ်တည်ချက်ရယ်လို့ မရှိခဲ့ဘူး”

ရန်ကျောက်ကဲက ရွှယ်ချူးချင်ကို ကြည့်ရင်း...

“ခဏလေး အမေ... မုယောက်ကြယ်စင်ထက်ယံအရှင်သခင်က ဒုတိယအုပ်စုကဆိုရင် အမေ့ရဲ့ ဆရာဘွားဘွားဖြစ်တဲ့ ထုန်းမင်ဧကရာဇ်က...”

ရွှယ်ချူးချင်က...

“ငါတို့တွေ အဲဒီကိစ္စကို ဖုံးကွယ်ထားခဲ့ကြတာပေါ့ ၊ ဟုတ်တယ်... ဒီ အထက်ဘုံကမ္ဘာမှာ ငါတို့တွေ သိုသိုသိပ်သိပ်ပဲ လှုပ်ရှားခဲ့ကြတာ”

ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားပြီး...

“အင်း... တကယ့်ကို သိုသိုသိပ်သိပ် လုပ်ခဲ့တာပဲ ၊ ယိုးမင်ဧကရာဇ်လည်း ဒီကိစ္စထဲ ဆွဲသွင်းခံခဲ့ရတယ် မဟုတ်လား”

ရွှယ်ချူးချင်က တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်...

“ယိုးမင်ဧကရာဇ်ရဲ့လုပ်ရပ်က ဘယ်တော့မှ မမေ့ပျောက်နိုင်တဲ့ လုပ်ရပ်ပါပဲ ၊ သူက ဖြောင့်မတ်မှန်ကန်မှုအတွက် အသက်ကိုတောင် စတေးခဲ့တယ် ၊ ဒါကို ငါတို့ လမ်းမှန်တာအိုကျင့်ကြံသူတွေအားလုံး မှတ်သားထားသင့်တယ်”

ရန်ကျောက်ကဲက ချက်ချင်းပင် လေသံကိုပြင်လိုက်သည်။

“ဒါဆို ကောလဟလတွေက အမှန်ပဲပေါ့ ၊ ဒါဖြင့် ကောင်းကင်အမြုတေကျောက်တုံးက ဘယ်လိုအခန်းကဏ္ဍက ပါဝင်တာလဲ”

ရွှယ်ချူးချင်က ဖြည်းညင်းစွာဖြင့်...

“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်သာ ကောင်းကင်အမြုတေကျောက်တုံးကို အပြည့်အဝ ရရှိသွားမယ်ဆိုရင် ငါတို့ လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူအားလုံးကို သူ့ရဲ့ ရတနာအလင်းတန်းနဲ့ ပြောင်းလဲပစ်နိုင်စွမ်း ရှိလာလိမ့်မယ် ၊ နတ်ဘုရားအဆင့်ကျင့်ကြံသူတွေတောင်မှာ သူ့နာမည်ကိုကြားတာနဲ့ ရတနာအလင်းရောင်ထဲမှာ ဝိညာဉ်တွေ ပိတ်လှောင်ခံရလိမ့်မယ် ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ဆန္ဒရှိတာနဲ့ ငါတို့အားလုံး သူ့ကို ယုံကြည်သူတွေအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိသွားလိမ့်မယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲက မျက်ခုံးကိုလက်ဖြင့်ပွတ်သပ်ရင်း စိတ်ထဲတွင် အတွေးပေါင်းများစွာ ပြည့်နက်သွားသည်။

“ကောင်းကင်အမြုတေကျောက်တုံး” နှင့်ပတ်သက်ပြီး သူ့တွင် မည်သည့်သတင်းအချက်အလက်မှ မရှိခဲ့ပေ။

ဤပစ္စည်းက မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက်ပိုင်းမှ ထွက်ပေါ်လာသည့် ပစ္စည်းတစ်ခုလား ၊ သို့မဟုတ် ထိုပစ္စည်း၏ မူလအစသည်ပင် လျှို့ဝှက်လွန်းသဖြင့် ရန်ကျောက်ကဲ မသိရှိနိုင်ခြင်းလား။

ရန်ကျောက်ကဲက...

“ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစက အခု ဘယ်မှာလဲ ၊ အမေ့လက်ထဲမှာ ရှိနေတာလား”

ရွှယ်ချူးချင်က ခေါင်းခါယမ်းရင်း...

“အရင်ကတော့ရှိတယ် ၊ အခု မရှိတော့ဘူး”

ထို့နောက် သူက ပတ်ဝန်းကျင်မိုးမြေတစ်ခုလုံးအား တစ်ချက်ဝေ့ကြည့်လိုက်ပြီး...

“အခု အဲဒါက နေရာတိုင်းမှာ ပျံ့နှံ့နေပြီ...”

ထိုစကားကြားတော့ ရန်ကျောက်ကဲနှင့် ရန်တိတို့ သဘောပေါက်သွားပြီး ပြိုင်တူရေရွတ်လိုက်ကြသည်။

“ဂိုဏ်းတူညီမလေး စစ်ခုန်ချင်းနဲ့ တခြားသူတွေက တကယ်တော့...”

“တူမလေး စစ်ခုန်ချင်းနဲ့ တခြားသူတွေက တကယ်တော့”

ရွှယ်ချူးချင်က ခေါင်းညိတ်ရင်း...

“ကြည့်ရတာ သူတို့ထဲက ကလေးတစ်ယောက်က ဝါဒတောင်ကိုရောက်သွားပုံပဲ ၊ မင်းတို့တွေ သူ့လိုလူမျိုးတွေ တစ်ယောက်ထက်မက ကြုံတွေ့ဖူးတယ် မဟုတ်လား”

သူမက ဆက်ပြောသည်။

“အမှန်ပဲ... မင်းတို့ ခန့်မှန်းတာ မှန်ပါတယ်”

ရန်တိက ဖြည်းညင်းစွာဖြင့်...

“ဒါဆိုရင် ယိုးမင်ဧကရာဇ်ရဲ့လုပ်ဆောင်ချက်ကြောင့် အထက်ဘုံကမ္ဘာက အကျိုးအမြတ်ရခဲ့တာပေါ့”

ရွှယ်ချူးချင်က သက်ပြင်းချရင်း...

“တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ တခြားသူတွေလည်း ဒါကို သတိပြုမိကြပါတယ်...”

သူမက ဆက်ပြောသည်။

“ဒါပေမဲ့ သူတို့က ပွင့်ပွင့်လင်းလင်း ဝန်မခံရဲကြဘူး ၊ ယိုးမင်ဧကရာဇ်နဲ့ ဆရာဘွားဘွားအတွက် အချိန်က တရားမျှတမှု ရှာဖွေပေးလိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ”

ရန်တိက လေးနက်သည့်အသံဖြင့်...

“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့ မူလဇာစ်မြစ်က ဘာများလဲ ၊ တာအိုဝါဒမှာ ဒီလိုပုဂ္ဂိုလ်က ဘယ်တုန်းက ပေါ်လာတာလဲ”

ရွှယ်ချူးချင်က ဖြည်းညင်းစွာ ခေါင်းခါယမ်းရင်း...

“သူက ဘယ်ကရောက်လာတာလဲဆိုတာ ဘယ်သူမှ မသိဘူး ၊ ဒါပေမဲ့ တာအိုဝါဒရဲ့ ကောင်းကင်ဘုံအရှင် (ထျန်းကျွင်း) တွေထဲက တစ်ပါးပါးက အသွင်ပြောင်းထားတယ်ဆိုတာ သေချာတယ်”

သူမက ဆက်ပြောသည်။

“မဟုတ်ရင်... ကောင်းကင်အမြုတေကျောက်တုံး အပြည့်အစုံရှိရင်တောင်မှ ငါတို့ လမ်းမှန်တာအိုကျင့်ကြံသူတွေကို သူ့ရဲ့ ရတနာအလင်းရောင်နဲ့ သက်ရောက်မှုရှိအောင် လုပ်နိုင်မှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ရင်း...

“ကောင်းကင်ဘုံအရှင်... ဟုတ်လား”

“ကောင်းကင်ဘုံအရှင်” (ထျန်းကျွင်း) ဆိုသည့် အမည်နာမမှာ ကျင့်ကြံခြင်းအဆင့်မဟုတ်ဘဲ ဂုဏ်ပုဒ်နာမည်တစ်ခု ဖြစ်သည်။

စန်းချင်းအဆက်အနွယ်၏ တည်ထောင်သူ ဘိုးဘေး (၃)ပါးကိုလည်း “ကောင်းကင်ဘုံအရှင်” (ထျန်းကျွင်း) များဟု သတ်မှတ်ကြသည်။ သို့သော် သူတို့၏အဆင့်အတန်းက အလွန်မြင့်မားသည်ဖြစ်ရာ အခြားသော “ကောင်းကင်ဘုံအရှင်” (ထျန်းကျွင်း) ဘွဲ့ခံများဖြစ်သော သောပေါင်ထျန်းကျွင်း ၊ ကွမ်းချန်ထျန်းကျွင်း တို့နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

“ကောင်းကင်ဘုံအရှင်” (ထျန်းကျွင်း) ဆိုသော ဘွဲ့အမည်အောက်တွင် ရှိကြသော်လည်း ကွဲပြားကြသည် အမှန်ပင်။

ဒဏ္ဍာရီဆန်သော တာအိုဆရာ “လုယာ” ၊ ကျန့်ယွမ်ကျီနတ်မင်းကြီးနှင့် တာအိုဝါဒ၏ဧကရာဇ် (၄)ပါး စသည့်ပုဂ္ဂိုလ်များမှာ အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားကြသည့်တိုင် “ကောင်းကင်ဘုံအရှင်” (ထျန်းကျွင်း) ဆိုသော ဘွဲ့အမည်ကို မခံယူခဲ့ကြပေ။

ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တိုင်းကို ‘ကောင်းကင်ဘုံအရှင်’ (ထျန်းကျွင်း) ဟု ခေါ်ဆိုလေ့ မရှိကြပေ။

သို့သော် “ကောင်းကင်ဘုံအရှင်” (ထျန်းကျွင်း) ဟု ဘွဲ့အမည် ရရှိထားသူတိုင်းက အလွန်အမင်း ထူးခြားသူများ ဖြစ်ကြသည်။

ရန်ကျောက်ကဲက...

“သူက ဘုရားလောင်းနဲ့တောင် ထိပ်တိုက်ရင်ဆိုင်ဝံ့တဲ့သူဆိုတော့ သူ့ရဲ့ မူလကျင့်ကြံခြင်းအဆင့်ကနေ နောက်ထပ်ခြေတစ်လှမ်း တက်လှမ်းပြီးပြီလို့ ဆိုလိုတာများလား”

“ဒါပေမဲ့ သူ ကျင့်ကြံခြင်းအဆင့်တက်သွားမယ်ဆိုရင်... ဆိုလိုတာက...”

သူက ခန္ဓာကိုယ်ကို တစ်ချက်ပွတ်သပ်လိုက်ရင်း...

“မဟာကပ်ဘေးကြီးက လွတ်မြောက်ခဲ့တဲ့ အထွတ်ထိပ်အဆင့် တာအိုကျင့်ကြံသူတွေ ဘယ်လောက်များများရှိမလဲ မပြောနိုင်ဘူး ၊ ဒါပေမဲ့ သူက ‘ကောင်းကင်ဘုံအရှင်’ (ထျန်းကျွင်း) ဘွဲ့ခံတစ်ယောက်ဆိုရင် လူနည်းစုထဲကတစ်ယောက်ပဲ ဖြစ်ရမယ်”

ရွှယ်ချူးချင်က...

“ဒါပေမဲ့ မဟာကပ်ဘေးကြီးကလွတ်မြောက်ခဲ့တဲ့ အထွတ်ထိပ်အဆင့်တာအိုကျင့်ကြံသူတွေက ဘယ်နေရာကို ရောက်သွားမှန်း ဘယ်သူမှမသိဘူး ၊ ဒါကြောင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဘယ်သူလဲဆိုတာ ဖော်ထုတ်ဖို့ ခက်ခဲလွန်းတယ်”

သူမက ဆက်ပြောသည်။

“ဒါပေမဲ့ မဟာကပ်ဘေးကြီးပြီးတဲ့နောက်မှာ သေချာပေါက် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ပုဂ္ဂိုလ် (၃)ယောက်ရှိတာကိုတော့ ငါ သတိပြုမိတယ်”

All Chapters