← Chapters

ဘယ်သူပြုတ်ကျမလဲမသိနိုင်သောတွင်းနက်ကြီး

Vol. 83 Ch. 1165

ဘယ်သူပြုတ်ကျမလဲမသိနိုင်သောတွင်းနက်ကြီး

Vol. 83 Ch. 1165

အခန်း (၁၁၆၅) ဘယ်သူပြုတ်ကျမလဲမသိနိုင်သောတွင်းနက်ကြီး

ရွှယ်ချူးချင်စကားကိုကြားတော့ ရန်ကျောက်ကဲ သူမကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။

“အိုး ဟုတ်လား... အဲဒီ (၃)ယောက်က ဘယ်သူတွေလဲ”

ရန်တိကလည်း သူတို့ကို တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။

ရွှယ်ချူးချင်က လက် (၃)ချောင်းထောင်လိုက်ပြီး...

“ပထမတစ်ယောက်က... ‘တောင်ပိုင်းချန်စန်းဧကရာဇ်’”

သူမက ဆက်ပြောသည်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ... ငါတို့အဆက်အနွယ်က တောင်ပိုင်းချန်စန်းဧကရာဇ်ရဲ့ အဆက်အနွယ်ထဲက တစ်ခုပဲ”

‘တောင်ပိုင်းချန်စန်းဧကရာဇ်’ ကို ယွိချင်းဘုရင်ဟုလည်း လူသိများကြပြီး သူ၏ နာမည်ဂုဏ်ပုဒ်အပြည့်အစုံမှာ “မိုးကောင်းကင်ယွိချင်းဘုရင်ချန်စန်းဧကရာဇ် ထုန်ထျန်းယွမ်စန့်သူတော်စင်” ဟူ၍ ဖြစ်သည်။

ရွှယ်ချူးချင်က ဆက်ပြောပြသည်။

“ဒုတိယတစ်ယောက်က ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ လိုပဲ တာအိုဝါဒ ဧကရာဇ် (၄)ပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ မြောက်ပိုင်းကြယ်စင်ဧကရာဇ်ပဲ”

‘မြောက်ပိုင်းကြယ်စင်ဧကရာဇ်’ ၏ နာမည်ဂုဏ်ပုဒ်အပြည့်အစုံမှာ “မြောက်ပိုင်းကြယ်စင်အထက်ပိုင်းနန်းတော်‌ကောင်းကင်ဘုံအုပ်စိုးရှင်ဧကရာဇ်” ဟူ၍ ဖြစ်သည်။

ကျီဝေးဧကရာဇ် ၊ တောင်ပိုင်းချန်စန်းဧကရာဇ် ၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် မြေကမ္ဘာဘုရင်မတို့က တာအိုဝါဒ၏ အထွတ်ထိပ်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မဟာကပ်ဘေးကြီးမတိုင်ခင်က သူတို့ (၄)ယောက်ကို တာအိုဝါဒ၏ ဧကရာဇ် (၄)ပါးဟု ဂုဏ်ပြုခြင်း ခံရသည်။

“သမိုင်းကြောင်းနဲ့ ဝါစဉ်အရဆိုရင် တတိယပုဂ္ဂိုလ်က ပိုပြီးတော့ ရှေးကျတယ်လို့ ပြောလို့ရတယ်”

ရွှယ်ချူးချင်ကဆိုသည်။

“အဲဒီပုဂ္ဂိုလ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက စန့်ချင်အဆက်အနွယ်တွေ ဆင်းသက်လာရတဲ့ အကြောင်းရင်းခံဖြစ်တယ် ၊ သူက စန့်ချင်အဆက်အနွယ်တည်ထောင်သူ လင်ပေါင်ထျန်းကျွင်းရဲ့တပည့်ရင်း ‘ဝူတန့်မယ်တော်’ ပဲ”

တောင်ပိုင်းချန်စန်းဧကရာဇ်။

‌မြောက်ပိုင်းကြယ်စင်ဧကရာဇ်။

ဝူတန့်မယ်တော်။

ထို အထွတ်ထိပ်ကျင့်ကြံသူ (၃)ဦး၏ အမည်များကို ရန်ကျောက်ကဲနှင့်ရန်တိတို့ တိတ်တဆိတ်ရေရွတ်လိုက်မိကြပြီး သဲလွန်စအချို့ကို စဉ်းစားလိုက်မိကြသည်။

ရန်ကျောက်ကဲက...

“ဝူတန့်မယ်တော်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနောက်ကွယ်က ပုဂ္ဂိုလ်ဆိုတာ ထင်ရှားနေတာပဲ”

သူက ဆက်ပြောသည်။

“ကျန်တဲ့နှစ်ယောက်ကတော့... မုယောက်ကြယ်စင်ထက်ယံအရှင်သခင် ၊ နေဝန်းထက်ယံအရှင်သခင်နဲ့ လဝန်းထက်ယံအရှင်သခင်တို့ရဲ့ နောက်မှာရှိတဲ့ပုဂ္ဂိုလ်က တောင်ပိုင်းချန်စန်းဧကရာဇ်ပဲ မဟုတ်လား”

ရန်တိက...

“ဒါဖြင့် တိဟွမ်မြေကမ္ဘာဧကရာဇ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့ရဲ့ နောက်ကွယ်ကပုဂ္ဂိုလ်က မြောက်ပိုင်းကြယ်စင်ဧကရာဇ်ပေါ့...”

ရွှယ်ချူးချင်က...

“အမှန်ပဲ...”

သူမက ဆက်ပြောသည်။

“အဲဒီပုဂ္ဂိုလ်ကြီး (၃)ယောက်က ပြင်ပဗလာနယ်ထဲမှာ နေထိုင်ကြပေမယ့် အထက်ဘုံကမ္ဘာနဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ တည်ရှိမှုက သူတို့နဲ့ ခွဲခြားလို့မရဘူး”

ရန်ကျောက်ကဲနှင့်ရန်တိက နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ဤ ထိပ်တန်းတန်ခိုးစွမ်းအားရှင် (၃)ပါးက အထက်ဘုံကမ္ဘာ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာကဲ့သို့ အောက်ဘုံကမ္ဘာများကို တည်ငြိမ်အောင်ပြုလုပ်ပေးပြီး ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ဆိုသော အမည်နာမကို ပိတ်ဆို့ထားပေးသည်။

သူတို့က ပြင်ပဗလာနယ်ထဲတွင် လွင့်မျောနေပြီး တည်ရှိမှုအနေအထားက စဉ်ဆက်မပြတ် ပြောင်းလဲနေသည်။ ထို့ပြင် သူတို့က ငြိမ်သက်ခြင်းတစ်ဝက်အခြေအနေတွင်ရှိနေပြီး တည်ရှိမှုနှင့်ပုံရိပ်ယောင်ကြား အခြေအနေတွင် နေထိုင်ကြသည်ဖြစ်ရာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အနေဖြင့် သူတို့၏သဲလွန်စများကို ဖမ်းဆုပ်မိရန် ခဲယဉ်းပေလိမ့်မည်။

ထို့ပြင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဘုရားလောင်းနှင့်လည်း ရင်ဆိုင်နေရသေးသည်။

ထို့ကြောင့် အထက်ဘုံကမ္ဘာနှင့် အောက်ဘုံကမ္ဘာများစွာ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတို့က အန္တရယ်ကင်းစွာဖြင့် အကောင်းဆုံးအင်အားကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဤသည်က ပျက်ဆီးလွယ်သော မျှခြေတစ်ခုကို ဖွဲ့စည်းထားခြင်းသာ ဖြစ်၏။

အမတခုံရုံးက ဗုဒ္ဓဘာသာအားတိုက်ခိုက်ရန်အတွက် သူ၏အင်အားအများစုကို အသုံးပြုရန် ဆန္ဒရှိနေသည်။

မြောက်ပိုင်းကြယ်စင်ဧကရာဇ်က ရှေးရိုးဆန်သော ရပ်တည်ချက်ကို ဆုပ်ကိုင်ထားပြီး အမတခုံရုံး ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်တို့နှင့် ပဋိပက္ခမဖြစ်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းသည်။ သို့သော် သူကိုယ်တိုင်ကတော့ အထက်ဘုံကမ္ဘာတွင်နေထိုင်ခြင်းမရှိဘဲ ဘေးကင်းရာတစ်နေရာတွင်နေထိုင်ကာ အထက်ဘုံကမ္ဘာကို တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့၏လက်ထဲသို့ ထားရစ်ခဲ့သည်။

သို့ပေသိ ရွှယ်ချူးချင်ပြောသလိုပင် အထက်ဘုံကမ္ဘာ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ထို အထွတ်ထိပ်ပုဂ္ဂိုလ် (၃)ပါး၏ ဆက်ဆံရေးက ခွဲခြားရနိုင်သည့်ကိစ္စ မဟုတ်ပေ။

ရှေးယခင်အချိန်က...

မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့၏ နောက်ကွယ်မှ ပံ့ပိုးမှုဖြင့် ခွန်လွန်အထင်ကရ (၉)ပါးက “ကောင်းကင်ဖွင့်ကျမ်းစာ” ကို အတူတကွ လေ့လာကြည့်ရှုခဲ့ကြပြီး အထက်ဘုံကမ္ဘာကို တည်ထောင်ကာ လမ်းမှန်တာအိုဝါဒ ဘေးကင်းခိုင်ခံ့စေရန် တည်ဆောက်ခဲ့ကြသည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ တည်ထောင်ခြင်း၏နောက်ကွယ်တွင်တော့ ‘ဝူတန့်မယ်တော်’ ရှိနေခဲ့သည်။

ခွန်လွန်အထင်ကရ (၉)ပါးကြားတွင် သဘောထားကွဲလွဲခြင်းများ ဖြစ်ပေါ်လာသည်မှာလည်း တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့ကြားမှ ပြင်းထန်သော သဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာခြင်းသာပင်။

အဆုံးသတ်မှာတော့ တောင်ပိုင်းချန်စန်းဧကရာဇ်၏ ထောက်ပံ့ပေးမှုကိုရယူထားသော မုယောက်ကြယ်စင်ထက်ယံအရှင်သခင် ၊ နေဝန်းထက်ယံအရှင်သခင်နှင့် လဝန်းထက်ယံအရှင်သခင်တို့အုပ်စုက အထက်ဘုံကမ္ဘာမှ ထွက်ခွာသွားခဲ့ကြသည်။

ဤသည်က ရှောင်လွှဲမရသော ရလဒ်တစ်ခုသာပင်။

နောက်ဆုံးမှာတော့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် အမတခုံရုံးက တောင်ပိုင်းချန်စန်းဧကရာဇ် ဘက်ခြမ်းသို့ ပိုပြီးပြင်းပြင်းထန်ထန် ထိုးနှက်လာမည်မှာ သေချာသည်။

ရွှယ်ချူးချင်က သက်ပြင်းချရင်း...

“တကယ်တော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ငါတို့ထက်ထောင်ပိုပြီး အစွန်းရောက်သေးတယ်”

သူမက ဆက်ပြောသည်။

“ဒါကြောင့်လည်း နှစ်ပေါင်းများစွာအတွင်းမှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက အထွတ်ထိပ်တန်ခိုးစွမ်းအားရှင်အရေအတွက်ဟာ အထက်ဘုံကမ္ဘာထက် လျော့နည်းနေတာပေါ့ ၊ သူတို့ထဲကအများစုက အမတခုံရုံးနဲ့တိုက်ပွဲမှာ ကျဆုံးကုန်ကြတယ်လေ”

“သူတို့ရဲ့တည်ထောင်သူဘိုးဘေးဆိုရင် မကြာခဏဒဏ်ရာတွေရနေတာ ၊ ဘယ်တော့မှ ပြန်မကောင်းလာတော့မှာတောင် စိုးရိမ်မိတယ်”

ရန်ကျောက်ကဲက မေးစေ့ကိုပတ်သပ်ရင်း...

“ကျွန်တော် သိချင်တာတစ်ခုရှိတယ်...”

“အမတခုံရုံးနဲ့ ဗုဒ္ဓဘာသာက မတည့်ကြဘူး ၊ ပြီးတော့ သူတို့နှစ်ဖွဲ့လုံးက ယုံကြည်ခြင်းအလင်းရောင်အသုံးပြုပြီး ကျွန်တော်တို့ လမ်းမှန်တာအိုကျင့်ကြံသူတွေကို ယုံကြည်သူတွေအဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိကြတယ် ၊ ဒီတော့ သူတို့အနေနဲ့ အထက်ဘုံကမ္ဘာကို အလွတ်ပေးမယ်ဆိုရင်တောင်မှ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို သည်းမခံနိုင်လောက်ဘူး မဟုတ်လား”

ရန်ကျောက်ကဲ တံတိုင်း၏အခြားတစ်ဖက်သို့ အမှတ်မထင်ရောက်ရှိသွားစဉ်က ဗုဒ္ဓဘာသာကမ္ဘာပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသည်။

ဗုဒ္ဓဘာသာဆိုသည်က သေချာပေါက် အားကောင်းသည့် အင်အားစုကြီးတစ်ခု ဖြစ်သည်။

ဘုရားလောင်း၏ကာကွယ်ပေးမှုကြောင့် ဗုဒ္ဓဘာသာက အမတခုံရုံးနှင့် စန်းချင်း (၃)ပါး ရှေးရိုးလမ်းမှန်တာအိုထက် ပိုမိုသာလွန်သလို ပင်ကိုယ်အခြေခံအုတ်မြစ် ထိခိုက်ပျက်စီးခြင်းလည်း မရှိခဲ့ပေ။

ရွှယ်ချူးချင်က...

“ဗုဒ္ဓဘာသာနဲ့ အမတခုံရုံးအတွက်... ‘ကောင်းကင်ဘုံအရှင်’ (၃)ပါး ကာကွယ်ပေးနေတဲ့ လမ်းမှန်တာအိုဝါဒကို ဖျက်ဆီးပစ်ဖို့ဆိုတာ ပုရွက်ဆိတ်လေးကို လက်နဲ့ချေလိုက်သလိုမျိုး လွယ်ကူမှာတော့ မဟုတ်ဘူးလေ”

ရန်ကျောက်ကဲက လက်တစ်ဖက် ဝှေ့ယမ်းရင်း...

“ဒါပေမဲ့ ကျွန်တော်တို့ စန်းချင်း (၃)ပါး လမ်းမှန်တာအိုအဆက်အနွယ်တွေကို ကွဲပြားအောင်လုပ်ပြီး ယုံကြည်ခြင်းအလင်းရောင်နဲ့ တိုက်ခိုက်သိမ်းပိုက်လို့ရတာပဲလေ”

ရွှယ်ချူးချင်က ခေါင်းခါယမ်းရင်း...

“အဲဒီကိစ္စနောက်ကွယ်မှာ ငါတို့မသိတဲ့ တခြားအဓိပ္ပါယ်တွေ ရှိနိုင်သေးတယ် ၊ ဒါပေမဲ့ အဲဒါ ဘာတွေလဲဆိုတာ ငါလည်း မသိဘူး”

“ရေက မျှော်လင့်ထားတာထက် နက်ရှိုင်းနေတာပဲ......”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

သူ့စိတ်ထဲ အတွေးပေါင်းများစွာ လွင့်ပျံသွားပြီး အကြောင်းအရာအတော်များများကို တွေးတောလိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤကိစ္စအများစုက ထင်ကြေးပေးမှုများဖြစ်ပြီး အတည်မပြုနိုင်‌သေးလေရာ လောလောဆယ်တွင် မေ့ထားသင့်ပေသည်။

ရန်ကျောက်ကဲ သတိပြန်ဝင်လာပြီး ဖခင်ဖြစ်သူကို အရင်ကြည့်လိုက်ပြီးနောက် မိခင်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။

ထို့နောက် သူက လက်နှစ်ဖက်ကို ဖြန့်ကားရင်း...

“အခု အရေးကြီးဆုံးပြဿနာနှစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတယ်”

သူက ဆက်ပြောသည်။

“ပထမတစ်ချက်က... အထက်ဘုံကမ္ဘာမှာ ကျွန်တော်တို့ရဲ့ရင်ဆိုင်ရမယ့်ရန်သူက တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ပဲ... ၊ ဒါမှမဟုတ် မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကိုယ်တိုင်လည်း လှုပ်ရှားလာနိုင်တယ်”

“ဒုတိယအချက်က... ဒါကိုအခွင့်ကောင်းယူပြီး အမတခုံရုံးကလည်း လှုပ်ရှားလာနိုင်တယ်”

ရန်ကျောက်ကဲက သူ၏ခန္ဓာကိုယ်အား တစ်ချက်ပွတ်သပ်လိုက်ရင်း...

“အခြားတစ်ဖက်မှာ တောင်ပိုင်းချန်စန်းဧကရာဇ်က ထိုင်ပြီး ပွဲကြည့်နေနိုင်တယ်”

ရွှယ်ချူးချင်က...

“ဒါကတော့ ပြောရခက်တယ် ၊ အဲဒါက အမတခုံရုံးနဲ့ သုခဘုံကြားက လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေပေါ်မှာလည်း မူတည်တယ်”

ရန်ကျောက်ကဲက လက်ခုပ်တစ်ချက်တီးလိုက်ရင်း...

“ဒါဆိုရင်... ကျွန်တော်တို့ရှေ့က မြင်နိုင်တဲ့ကိစ္စကိုပဲ အခုလောလောဆယ် အာရုံစိုက်ကြတာပေါ့”

ရွှယ်ချူးချင်က...

“ဖန်းဝေ့အစီအရင်က အချိန်နဲ့အားစိုက်ထုတ်မှု အများကြီးပေးရတယ် ၊ ပြီးတော့ သဲလွန်စတွေလည်း ဖုံးကွယ်ထားနိုင်ဖို့လိုတယ် ၊ အရင်တုန်းက ဟိုပြေးဒီလွှားနဲ့နေခဲ့ရတော့ သေသေချာချာ အလုပ်မလုပ်နိုင်ခဲ့ဘူး”

သူမက ဆက်ပြောသည်။

“အခုတော့ ရှင်တို့သားအဖကျေးဇူးကြောင့် အထက်ဘုံကမ္ဘာမှာ လွတ်လွတ်လပ်လပ် သွားနိုင်ပြီဆိုတော့ ဒီ အစီအရင်ကို ခပ်မြန်မြန် တည်ဆောက်လို့ရပြီပေါ့”

ရန်တိက ဖြည်းညင်းစွာဖြင့်...

“အခု နေဝန်းထက်ယံအရှင်သခင်က တစ်ခုခုကြံစည်နေတာ သတိပြုမိပြီဆိုတော့... ငါတို့တွေ မူလအစီအစဉ်အတိုင်း ဆက်လုပ်ကြမှာလား”

ရွှယ်ချူးချင်က ခေါင်းညိတ်ရင်း...

“နေဝန်းထက်ယံအရှင်သခင်ရဲ့ ရန်သူနဲ့ ကျွန်မတို့ရဲ့ရန်သူက အတူတူပဲလေ ၊ ဒါကြောင့် တစ်ခရီးတည်းလျှောက်ကြတာက လောလောဆယ်မှာ ပြဿနာမရှိနိုင်ပါဘူး ၊ နောက်ပိုင်းဘာဆက်ဖြစ်မလဲဆိုတာပဲ အရေးကြီးတယ်”

ရန်တိက...

“ဒါဖြင့် မီးလျှံထက်ယံအရှင်သခင်ကို ဆက်သွယ်ကြည့်မယ် ၊ သူ ဘယ်လိုတုံ့ပြန်မလဲ စောင့်ကြည့်တာပေါ့”

ရန်ကျောက်ကဲက...

“အမေက ဒီမှာ မီးလျှံထက်ယံအရှင်သခင်ကို ဆက်သွယ်ဖို့ကြိုးစားပါ ၊ ကျွန်တော်က နက္ခတ်ဧကရာဇ်ကို သွားရှာမယ်”

ထိုအချိန် သူ့စိတ်ထဲ အသံတစ်သံကို ပြန်လည်ကြားယောင်လာသည်။

“ကောင်းဟန်ရဲ့အတွေးတွေက နားမလည်နိုင်လောက်အောင် ထူးဆန်းလွန်းတယ် ၊ သူ့ကိုနားလည်နိုင်ဖို့ဆိုတာ ခပ်ရှားရှားပဲ ၊ ဒါကြောင့် တချို့ကိစ္စတွေက မတော်တဆလို့ထင်ရပေမယ့် သူတို့က ရည်ရွယ်ချက်ရှိရှိလုပ်တာလည်း ဖြစ်နိုင်တယ်”

ပိုးသားဧကရာဇ်၏တာအိုနန်းတော်ဖြစ်သော အမုန်းတရားမဲ့တာအိုနန်းတော်တွင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဖြင့် ပထမဆုံးတွေ့ဆုံခဲ့စဉ် ထို အမတမှော်ဝင်ပစ္စည်းက ထိုစကားများကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရန်ကျောက်ကဲ မျက်ဝန်းများကို ကျဉ်းမြောင်းရင်း တွေးတောလိုက်သည်။

“ဒါက တကယ့်တွင်းနက်ကြီးတစ်ခုပဲ...”

“အဆုံးသတ်မှာ ဘယ်သူအထဲကိုပြုတ်ကျပြီး မြှုပ်နှံခံရမလဲ စောင့်ကြည့်ရုံပေါ့”

ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရွှယ်ချူးချင်ကို မေးလိုက်သည်။

“ဒါနဲ့ အမေ... ကိစ္စတစ်ခု ရှိသေးတယ်”

ရွှယ်ချူးချင်က...

“ဘာများလဲ...”

ရန်ကျောက်ကဲက တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်...

“မဟာကပ်ဘေးကြီး ဘာလို့ဖြစ်ခဲ့ရတာလဲဆိုတဲ့အကြောင်းရင်းကို အမေသိသလား...”

All Chapters