ဝမ်းနည်းဝမ်းသာ
Vol. 83 Ch. 1166
အခန်း (၁၁၆၆) ဝမ်းနည်းဝမ်းသာ
ရွှယ်ချူးချင်က...
“အဲဒီကိစ္စတော့ ငါလည်း သိပ်မသိဘူး”
သူမက ဆက်ပြောသည်။
“ငါသိတဲ့ သတင်းအချက်အလက်တွေက အကန့်အသတ်ရှိတယ် ၊ အားလုံးက ဆရာ သက်ရှိထင်ရှားရှိစဉ်က ပြောပြသွားခဲ့တာ ၊ ဆရာကလည်း ဆရာဘွားဘွားနဲ့ တည်ထောင်သူဆရာဘွားဘွားဆီက ဒါတွေကို သိခဲ့ရတ”"
“ပြီးတော့ မဟာကပ်ဘေးကြီးကို မျက်မြင်ကြုံတွေ့ခဲ့တဲ့သူဆိုတာကလည်း ခပ်ရှားရှားရယ် ၊ ငါ့အထင်တော့... အဲဒါက ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်နေမယ်ထင်တယ် ၊ မဟာကပ်ဘေးကြီးမတိုင်ခင်တုန်းက ဗုဒ္ဓဘာသာနဲ့ တာအိုဝါဒကြားက အားပြိုင်မှုရဲ့ ရလဒ်ဖြစ်နိုင်တယ်”
“အတိအကျပြောရင် တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့က ဒီအကြောင်းကို ပိုပြီးသိနိုင်တယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
မဟာကပ်ဘေးကြီးမတိုင်ခင်တစ်ရက်တွင် ကောင်းကင်ဘုံနန်းတော်ထက်သို့ ကျရောက်လာသည့် ဧရာမလက်ကြီးက သူ့စိတ်အာရုံထဲ တစ်ဖန်ပြန်ပေါ်လာသည်။
သို့သော် သူ့စိတ်ထဲ ကိစ္စတစ်ခုဝင်လာသဖြင့် ရန်ကျောက်ကဲက ဆက်လက်မေးမြန်းလိုက်သည်။
“အမေ့မှာ မြစ်ဝါပန်းချီကားတစ်ဝက် ရှိတယ် မဟုတ်လား ၊ ငရဲကိုးထပ် နက်ရှိုင်းရာကိုရောက်သွားတဲ့သူတွေကို အဲဒီ ပန်းချီကားတစ်ဝက်နဲ့ ခြေရာခံနိုင်မလား”
ရွှယ်ချူးချင်က...
“အဲဒီကိစ္စကတော့ ခက်ခဲလိမ့်မယ် ၊ ဘာလို့လဲဆိုတော့ ငရဲကိုးထပ်က ငါတို့လူသားကမ္ဘာနဲ့ မတူဘူးလေ”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့ အခြေအနေအပေါ်လည်း မူတည်တယ် ၊ လူတစ်ယောက်က နတ်ဆိုးဝင်မခံရသေးဘူးဆိုရင်... ကျင့်ကြံခြင်းအဆင့်လည်း နိမ့်တယ်ဆိုရင် သဲလွန်စရှာတွေ့နိုင်ပါတယ်”
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းအကြောင်း ပြောပြလိုက်သည့်အခါ ရွှယ်ချူးချင် အတော်လေး အံ့သြသွားသည်။
“ရာဟုကြယ်ထက်ယံအရှင်သခင် ဟုတ်လား... တကယ့်ကို မျှော်လင့်မထားမိဘူး”
ထို့နောက် သူမက ရန်ကျောက်ကဲကို ပိုပြီရှုတ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
သားအမိနှစ်ယောက်မတွေ့သည်မှာ နှစ်ပေါင်းကြာပြီဖြစ်ပြီး ပြန်လည်ဆုံတွေ့ပြန်တော့ သားဖြစ်သူက အိမ်ထောင်ပင်ပြုတော့မည် ဖြစ်သည်။
သို့သော် သူမက ခေါင်းတစ်ချက်ခါယမ်းရင်း စိတ်ခံစားချက်များကို ဖယ်ရှားလိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့်...
“ရာဟုကြယ်ထက်ယံအရှင်သခင်ရဲ့ ယန္တရားဆိုရင်တော့ သဲလွန်စလိုက်ဖို့ ခက်လိမ့်မယ်”
ရွှယ်ချူးချင်၏ ဘယ်ဘက်မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက်လင်းလက်သွားပြီး မြစ်ဝါပန်းချီကားတစ်ချပ် တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။
အချိန်ခဏကြာပြီးမှ သူမက ဆက်ပြောသည်။
“ယုံကြည်ရတဲ့ သဲလွန်စမရှိရင် ငါလည်း ဘာမှမတတ်နိုင်ဘူး ၊ အဲဒီနေရာက ငရဲကိုးထပ်ဖြစ်နေလို့ပဲ”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
ဖန်းယွင်ရှန်းကိုရှာဖွေရန်က တောင်းဆိုချက်များလွန်းသည်ဟု ဆိုနိုင်သော်လည်း သူ့အနေဖြင့် လက်လျှော့ရန် ဆန္ဒမရှိသေးပေ။
ရွှယ်ချူးချင်က ရန်ကျောက်ကဲကို စိုးရိမ်တကြီး ကြည့်နေမိသည်။
ဖန်းယွင်ရှန်းအကြောင်း သူမ သိပ်မသိသော်လည်း ရာဟုကြယ်ထက်ယံအရှင်သခင် ‘ကျန်းရွှင်ဟွား’ နှင့်ပတ်သက်သော ကောလဟလများကိုတော့ သူမ အတော်လေး ကြားဖူးထားသည်။
ထိုသို့သောလူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့် ဖန်းယွင်ရှန်းအတွက် အခွင့်အရေးရှိရန် အလွန်ပင် မျှော်လင့်ချက် နည်းပါးသည်။
ရန်ကျောက်ကဲက တစ်ချက်ပြုံးရင်း...
“ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ဘယ်အချိန် တံခါးပိတ်ကျင့်ကြံရာက ထွက်လာမလဲ မသိဘူး ၊ ပြီးတော့... တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ဆရာဦးလေး’ယွဲ့’ ဘယ်သူက အထက်ဘုံကမ္ဘာကို အရင်ပြန်လာမလဲဆိုတာလည်း မသိနိုင်ဘူး”
သူက ဆက်ပြောသည်။
“အခုချိန် အဝေးကြီးစဉ်းစားစရာ မလိုသေးပါဘူး ၊ လက်ရှိကိစ္စကိုပဲ အာရုံစိုက်ရမယ်”
“ကျွန်တော် ထျန်းကျိခန်းမက ကိစ္စလေးတွေလုပ်ပြီးရင် နက္ခတ်ဧကရာဇ်ကို ရှာဖွေဖို့အတွက် မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်ကို ခရီးထွက်မယ်”
“အဖေက အမေ့ကိုအဖော်ပြုပြီး ဖန်းဝေ့အစီအရင် ပြီးမြောက်အောင်တည်ဆောက်ဖို့ ကူညီလိုက်ပါ ၊ ဒီလို ကြီးမားတဲ့အစီအရင်တစ်ခု တည်ဆောက်ဖို့က အများကြီးကြိုးစားရမှာဖြစ်သလို အဖေနဲ့အမေ ရှားရှားပါးပါးပြန်ဆုံတဲ့အချိန် နှစ်ယောက်တည်းကမ္ဘာ လုပ်လို့ရတာပေါ့”
ရန်ကျောက်ကဲက စ နောက် လိုက်သော်လည်း ရန်တိနှင့် ရွှယ်ချူးချင်က မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။
သူတို့နှစ်ယောက် ပြန်လည်ဆုံတွေ့ကြသော်လည်း ရန်ကျောက်ကဲ၏ချစ်သူ ဖန်းယွင်ရှန်းက မည်သည့်နေရာရောက်နေကြောင်း မသိရှိရပေ။
ယခုအချိန်တွင် ရန်ကျောက်ကဲကို နှစ်သိမ့်ပေးခြင်းက ဝမ်းနည်းမှုကိုသာ ပိုပြီးဖြစ်ပေါ်စေနိုင်သည်။
ရွှယ်ချူးချင်က သိမ်မွေ့သည့်လေသံဖြင့်...
“အခု အခြေအနေတွေက မအေးချမ်းဘူး ၊ အရေးကြီးတဲ့ကိစ္စကို အရင်လုပ်ပါ ၊ မြောက်ပိုင်းကိုသွားတဲ့ခရီးမှာ အစစအရာရာ သတိထားပါ ၊ နောက်မှ ငါတို့တွေ ပြန်ဆုံကြတာပေါ့”
ရန်ကျောက်ကဲက ပြုံးရင်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ပါ...”
ရန်တိက ခပ်သဲ့သဲ့တစ်ချက်ရယ်ရင်း...
“တာအိုဆရာ’ထျန်းယိ’ သေဆုံးသွားတော့ ငါတို့အဆက်အနွယ်က အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ကို သိမ်းပိုက်လိုက်သလို ဖြစ်သွားတယ် ၊ ဒီတော့ ငါတို့ဝါဒတောင်လည်း တာအိုဝါဒရဲ့ အရှေ့ပိုင်းတောင်ထွတ်ဆိုတဲ့ အမည်နာမနဲ့ လိုက်ဖက်ညီသွားတာပေါ့”
ရန်တိက နဂိုကတည်းကပင် မာနကြီးပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ကိုယ်ရည်ကိုယ်သွေး ပိုင်ဆိုင်သူ ဖြစ်သည်။
ယခု ရွှယ်ချူးချင်နှင့် ပြန်လည်ဆုံစည်းရပြီဖြစ်ရာ သူ၏ စိုးရိမ်ပူပန်မှုများ လွန်မြောက်သွားပြီး ထက်မြက်မှုက ပိုပြီးထင်ရှားလာသည်။
ရန်ကျောက်ကဲက လက်ခုပ်တစ်ချက်တီးရင်း ဝမ်းသာအားရထောက်ခံလိုက်သည်။
“အမှန်ပဲ... ဒါ သိပ်ကောင်းတဲ့အချက်ပဲ”
တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့၏ ဖိအားများရှိနေသည့်ကြားမှပင် ရန်ကျောက်ကဲနှင့် ရန်တိတို့၏ မာနနှင့် လွှမ်းမိုးနိုင်စွမ်းမြင့်မားမှုက ပိုမိုပြင်းထန်လာသည်။
ရန်တိက...
“နက္ခတ်ဧကရာဇ်ကိုဆက်သွယ်တာပဲဖြစ်ဖြစ် ၊ မီးလျှံထက်ယံအရှင်သခင်ကို ဆက်သွယ်တာပဲဖြစ်ဖြစ် ဒါတွေက ဗျူဟာအရလုပ်ရတာတွေပါပဲ”
သူက ဆက်ပြောသည်။
“တကယ်တော့ တခြားသူကိုမျှော်လင့်တာထက် ကိုယ်တိုင်တိုးတက်အောင်လုပ်တာက ပထမဦးစားပေးအချက်ပဲ ၊ ကျောက်ကဲ... မင်းက ကိစ္စရပ်တွေကို ကောင်းကောင်းကိုင်တွယ်နိုင်တဲ့သူပါ ၊ ငါ ထပ်ပြီးမှာစရာ မရှိတော့ပါဘူး”
“မင်းအမေပြောသလိုပဲ... ကိုယ့်ကိုယ်ကိုယ်သာ အန္တရယ်ကင်းကောင် ဂရုစိုက်ပါ”
ရန်ကျောက်ကဲက ပြုံးရင်း...
“တခြားသူတွေကိုအားကိုးတာထက် ကိုယ့်အားကိုယ်ကိုးတာအကောင်းဆုံးပဲ ၊ ဒါကို ကျွန်တော် နားလည်ပြီးသားပါ”
သူသာ လိုအပ်သည့်ပစ္စည်းများစုဆောင်းပြီး လမ်းကြောင်းခုနစ်သွယ်ယန္တရားကို မပြုလုပ်ခဲ့ပါက ရန်တိ၏ကျင့်ကြံခြင်းအဆင့်က နှစ်အနည်းငယ်အတွင်း ဤမျှ မြန်မြန်ဆန်ဆန် အဆင့်မြင့်တက်သွားမည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ယနေ့ကိစ္စသည်လည်း အခြေအနေကွဲပြားသွားပေလိမ့်မည်။
မြေကမ္ဘာထိပ်တန်းအရှင်သခင်တို့အုပ်စုက ရန်ကျောက်ကဲနှင့် ရန်တိ မသိရှိအောင် ဖုံးကွယ်ထားပြီး ရွှယ်ချူးချင်ကို တိတ်တဆိတ် သတ်ဖြတ်လိုခဲ့သည်။
သို့သော် ‘ရန်’ အိမ်တော်မှ သားအဖသည်လည်း ရွှယ်ချူးချင်၏ လှုပ်ရှားမှုများကို အာရုံစိုက်နေသည်ဖြစ်ရာ ဝမ်ကျန်းတို့အုပ်စုအနေဖြင့် လျှို့ဝှက်စွာလှုပ်ရှားရန် ခက်ခဲသည်။
ပြီးတော့ ရွှယ်ချူးချင်ကို ရှာဖွေရန်မှာလည်း လွယ်ကူသည်မဟုတ်လေရာ အခြေအနေက သေချာပေါက် အုံးအုံးကြွက်ကြွက် ဖြစ်လာနိုင်သည်။
ထို့ကြောင့် ဝမ်ကျန်းချန်က ရန်ကျောက်ကဲတို့သားအဖက အာရုံလွှဲရန် အကူအညီပေးသူများထံ ဆက်သွယ်ခဲ့သည်။
အမှန်တော့ ဝမ်ကျန်းချန်အနေဖြင့် လူအင်အားအမြောက်အမြားဖြင့် ထျန်းကျိခန်းမကို ဝိုင်းထားလိုက်ခြင်းက ယခုထက်ပိုကောင်းသည့် အကြံအစည် ဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းအားဖြင့် ရန်တိရော နျဲ့ကျင်းရှန်ပါ ထျန်းကျိခန်းမကို အာရုံစိုက်သွားမည်ဖြစ်ပြီး အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားပေမည်။
ထျန်းကျိခန်းမကို ဝိုင်းတိုက်ရခြင်းအကြောင်းရင်းကိုပေးပါဆိုလျှင် ထိုခန်းမကြောင့် ကျောက်စိမ်းကျောက်ဆောင် ဂုဏ်သတင်းကြီးမားလာမှုနှင့် လွှမ်းမိုးနိုင်စွမ်းမြင့်မားလာမှုအပေါ် ချီလင်ကမ်းပါးက မကျေမနပ်ဖြစ်၌ ဤသို့တိုက်ခိုက်ရသည်ဟု အကြောင်းပြချက် ပေးနိုင်သည်။
ထိုသို့ဆိုလျှင် ရွှယ်ချူးချင်ကို ဖမ်းဆီးရန် တာဝန်ယူထားသည့် တာအိုဆရာ’ထျန်းယိ’ အတွက်လည်း အကာအကွယ်ပေးပြီးသား ဖြစ်မည်ပင်။
သို့သော် သူတို့က ထိုသို့သောအကြံအစည်ကို အသုံးမပြုဘဲ ရန်ကျောက်ကဲနှင့် ရန်တိကို အာရုံလွှဲရန် ကြိုးစားခဲ့သည်။
သူတို့အုပ်စုတွင် ချင်းယွမ်ဧကရာဇ်က နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကိုရယူရန် မရည်ရွယ်ပါက ကျူတောပင်လယ်ဒေသသို့ သွားရောက်မည် မဟုတ်ပေ။
သူက ရန်ကျောက်ကဲတို့သားအဖအား ရန်ငြိုးထားသည်မှန်သော်လည်း နှောင်းပိုင်းမြေကမ္ဘာကျမ်းစာက သူ့အတွက် ရန်ငြိုးထက်ပိုပြီး တန်ဖိုးထားရမည့်အရာ ဖြစ်သည်။
နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို မရရှိလျှင် ရွှယ်ချူးချင်၏ကိစ္စသည်လည်း သူ့အတွက် အရေးပါမည် မဟုတ်ပေ။
ပြီးတော့ သူနှင့် ရန်ကျောက်ကဲကြားမှ ရန်ငြိုးဖွဲ့ခြင်းက ကိုယ်ကျိုးထက်ပိုပြီး ဦးစားပေးရမည့်အဆင့်သို့ ရောက်ရှိခြင်း မရှိသေးပေ။
ချင်းယွမ်ဧကရာဇ်အနေဖြင့် အဆုံးစွန်သောအကျိုးအမြတ်ကို လိုလားတောင့်တနေပြီး ထိုအရာသည်လည်း သူ၏ အဓိကစိုးရိမ်ပူပန်မှုပင် ဖြစ်သည်။
ချင်းယွမ်ဧကရာဇ်သာ ကျူတောပင်လယ်ဒေသသို့သွားရောက်ရန် သဘောမတူပါက ဝမ်ကျန်းချန်အနေဖြင့် ရန်ကျောက်ကဲတို့အုပ်စုကို လူစုခွဲပြီး သီးခြားစီ စစ်ဆင်ရေးစတင်ရန် မဖြစ်နိုင်ပေ။
သို့သော် ထိုသို့ သီးခြားစီ အာရုံလွှဲရန်ကြိုးစားမှုကြောင့်သာ ရန်ကျောက်ကဲက မူမမှန်သည့်အချက်များကို ရိပ်မိသွားပြီး ဝမ်ကျန်းချန်၏ရည်ရွယ်ချက်အား သိရှိသွားခြင်း ဖြစ်၏။
သို့ပေသိ ရန်ကျောက်ကဲ ရိပ်မိသွားသည့်တိုင် ဝမ်ကျန်းချန်က သူတို့ဘက်မှ အောင်မြင်မှုရရှိမည်ဟု မှတ်ယူထားဆဲ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော မိန်းမပျိုဧကရာဇ်နှင့် အဖြူရောင်ပိုးသားဧကရာဇ်တို့ လှုပ်ရှားမလာနိုင်စေရန် သူတို့ဘက်မှ တားဆီးထားနိုင်သောကြောင့်သာပင်။
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က ကြားနေဝါဒကျင့်သုံးသူ ဖြစ်သဖြင့် ထည့်သွင်းစဉ်းစားစရာ မိုပေ။
ချင်းယွမ်ဧကရာဇ်က ကျူတောပင်လယ်ဒေသသို့သွားရောက်ပြီး အနက်ရောင်ပိုးသားဧကရာဇ်က ထျန်းကျိခန်းမကို တိုက်ခိုက်ခဲ့သည်။
ထို့ပြင် ဝမ်ကျန်းချန်တွင် ယင်ယန်တောင်နှင့်မြစ်ရေကားချပ်ရှိနေသလို ချန်ချန်းဟွာသည်လည်း အရံအင်အားအဖြစ် အချိန်မရွေးလှုပ်ရှားနိုင်စွမ်း ရှိသည်။
ဝမ်ကျန်းချန်က ကျောက်စိမ်းကျောက်ဆောင်မှ မူလဖွင့်လှစ်ဓားကိုတားဆီးရန်ပင် လူတစ်ယောက်အား အသုံးချခဲ့သေးသည် မဟုတ်ပါလား။
ရန်ကျောက်ကဲက သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ ရန်တိက သိုင်းသူတော်စင် နဝမအဆင့်ဆိုပါက ဝမ်ကျန်းချန်၏အစိအစဉ်က ဖြစ်နိုင်ချေ ရှိသေးသည်။
ရန်ကျောက်ကဲနှင့် ရန်တိုတို့၏ ကျင့်ကြံခြင်းအဆင့်တက်ခြင်း လျှင်မြန်သည်ကို ဝမ်ကျန်းချန် ထည့်သွင်းစဉ်းစားခဲ့သည် အမှန်ပင်။
သို့သော် ရန်ကျောက်ကဲက ကာလရှည်ကြာပျောက်ဆုံးနေသော ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည့် လမ်းကြောင်းခုနစ်သွယ်ယန္တရားကို ပြန်လည်ပြုလုပ်နိုင်ခဲ့သည်ဖြစ်ရာ အခြေအနေများက ရန်သူများ မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။
ထို့ကြောင့် ရန်ကျောက်ကဲတို့သားအဖ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခဲ့ပြီး လူတိုင်းမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
ထိုသို့ဖြင့် အချိန်ကြာမြင့်စွာ ခွဲခွာခဲ့ကြရသော ရန်ကျောက်ကဲတို့ မိသားစု (၃)ယောက် ပျော်ရွှင်စွာဖြင့် ပြန်လည်ဆုံစည်းနိုင်ခဲ့ကြသည်။
သို့သော် ဝမ်ကျန်းချန် ၊ အနက်ရောင်ပိုးသားဧကရာဇ် ၊ ချင်းယွမ်ဧကရာဇ်နှင့် ချန်ချန်းဟွာတို့အတွက်တော့ ကြေကွဲစရာ ဖြစ်ခဲ့ရသည်။
ရန်ကျောက်ကဲက ရွှယ်ချူးချင်ကိုကြည့်ကာ ပြုံးလျှက် ဆိုသည်။
“ရှောင်အိုက်က အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်က ယွမ်ကျိုးမြို့တော်မှာ ရှိနေတယ် ၊ အမေပြန်လာတာကိုသိရင် သူ အရမ်းပျော်နေမှာပဲ”
“ပြီးတော့ မျောလွင့်ဝိညာည်ကမ္ဘာက ဒေါ်လေး’ယွင်’ ကလည်း အမေ့ကို အရမ်းသတိရနေတာ”
ရန်ကျောက်ကဲပြောလိုက်သည့် ဒေါ်လေး’ယွင်’ ဆိုသူမှာ မျောလွင့်ဝိညာဉ်ကမ္ဘာမှ ရွှယ်ချူးချင်၏ အစေခံ ‘စူးယွင်’ ကို ပြောခြင်း ဖြစ်သည်။
ထိုစကားများကိုကြားတော့ ရွှယ်ချူးချင်မျက်ဝန်းများ နူးညံ့သွားပြီး...
“ငါတို့ ဒီမှာ အခြေချပြီးရင် ယွင်အာကို သွားကြည့်ရမယ် ၊ သူက အရမ်းခင်မင်စရာကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်သလို ငါတို့ဆက်ဆံရေးကိုလည်း အရမ်းအလေးထားတယ်”
သူမက ဆက်ပြောသည်။
“ရှောင်အိုက်ကတော့ အထက်ဘုံကမ္ဘာမှာ ရှိနေတယ်ဆိုတော့... သူနဲ့ တွေ့ရဖို့ အဆင်ပြေတယ်လေ”